စဉ့်ကူးမင်း ခေါင်းလောင်းတော်

ဝီကီပီးဒီးယား မှ
စဉ့်ကူးမင်း ခေါင်းလောင်းတော်

ရန်ကုန်မြို့ရွှေတိဂုံ စေတီတော်‎ ရာဟုထောင့်၌ရှိသော ခေါင်းလောင်းသည် စဉ့်ကူးမင်း ခေါင်းလောင်းဟု အမည်တွင်သည်။ ယခုလက်ရှိအရ ရွှေတိဂုံရှိ ခေါင်းလောင်းများထဲတွင် စဉ့်ကူးမင်းခေါင်းလောင်းသည် သက်တမ်းအရှည်ဆုံး ခေါင်းလောင်းဖြစ်သည်။

သမိုင်းစဉ်[ပြင်ဆင်ရန်]

ထိုခေါင်းလောင်းကြီးသည် မူလက ဆင်ဖြူရှင်မင်းလှူဒါန်းရန် သွန်းလုပ်သော ခေါင်းလောင်းကြီး ဖြစ်သည်။ ဆင်ဖြူရှင်မင်းသည် ကုန်းဘောင်မင်းဆက်၏ တတိယမြောက်မင်းဖြစ်ပြီး အလောင်းဘုရား၏ ဒုတိယသားတော်လည်း ဖြစ်သည်။ ဆင်ဖြူရှင်သည် ၁၁၃၆-ခုနှစ်၊ တပေါင်းလတွင် ရွှေတိဂုံစေတီတော်၌ ထီးတစ်ခု တင်လှူခဲ့သည်။ ထိုစဉ် အဆိုပါ ခေါင်းလောင်းကြီးကို သွန်းလုပ်လှူဒါန်းရန် ပန်းတဉ်းဝန် ပညာဒေဝကို တာဝန်ပေးခဲ့သည်။ ၁၇၇၈-ခုနှစ်၌ သွန်းလုပ်ခဲ့၏။ သွန်းလုပ်ဆဲ ၁၀၃၈-ခုနှစ်တွင် ဆင်ဖြူရှင် နတ်ရွာစံခဲ့သည်။

ဆင်ဖြူရှင်၏ အရိုက်အရာကို အိမ်ရှေ့မင်းဖြစ်သူ သားတော် စဉ့်ကူးမင်းက ဆက်ခံသည်။ စဉ့်ကူးမင်းသည် အဆိုပါ ခေါင်းလောင်းကြီးကို ဆက်လက်သွန်းလုပ်စေသည်။ ၁၁၄၀-ပြည့်နှစ်တွင် ပြီးစီးသည်။ စဉ့်ကူးမင်း ကြွမလာနိုင်၍ စဉ့်ကူးမင်းကိုယ်စား ပန်းတဉ်းဝန် ပညာဒေဝကပင် မြန်မာသက္ကရာဇ် ၁၁၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၁ -ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ အလွန်သာယာသော အသံမြည်သောကြောင့် "မဟာဂဏ္ဍ"ဟူ၍ ဘွဲ့အမည်ပေးခဲ့သည်။ ဤခေါင်းလောင်းကြီး လှူဒါန်းပြီးနောက် သုံးနှစ်အကြာ စဉ့်ကူးမင်း နန်းကျခဲ့သည်။ [၁]

အချိုးအစား[ပြင်ဆင်ရန်]

စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿာရှိသည်။ တန်ချိန်အားဖြင့် ၂၄-တန်ခန့်လေးသည်။ ပေါင်းကိုင်းမှ ခေါင်းလောင်းနှုတ်ခမ်းအထိ ၁၁-ပေခွဲရှည်သည်။ ကြေးသားအထူမှ တစ်ပေထုရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းဝ ၆-ပေနှင့် ၈-လက်မ ကျယ်လေသည်။

အင်္ဂလိပ်တို့နှင့် စဉ့်ကူးမင်းခေါင်းလောင်း[ပြင်ဆင်ရန်]

ပထမအင်္ဂလိပ်မြန်မာစစ် (ခရစ်နှစ် ၁၈၂၄-၂၆)တွင် အင်္ဂလိပ်တပ်တို့သည် ရွှေတိဂုံကုန်းတော်ကို တက်ရောက်သိမ်းပိုက်မိကြသည်။ ထိုအခါ မိမိတို့နိုင်ငံသို့ စဉ့်ကူးမင်း ခေါင်းလောင်းကြီးကို အောင်ပွဲရ အထိမ်းအမှတ်အဖြစ် ယူဆောင်သွားရန် ဖြုတ်ယူကြသည်။ လူအင်အားများစွာဖြင့် ခက်ခက်ခဲခဲပင် ကုန်းတော်ပေါ်မှ မြစ်ဆိပ်သို့ ယူဆောင်ကြသည်။ ထို့နောက် မြစ်ဆိပ်မှ သင်္ဘောပေါ်သို့ တင်ကြသည်။ ထိုစဉ် တိမ်းချော်ကာ ခေါင်းလောင်းကြီးသည် လှိုင်မြစ်အတွင်းသို့ ကျသွားလေသည်။ အင်္ဂလိပ်တို့ဘက်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဦးဆောင်ကာ အမျိုးမျိုးကြိုးစားဆယ်ယူကြသည်။ မရ။ နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။

ဤတွင် မြန်မာများက အင်္ဂလိပ်အာဏာပိုင်များအား ခေါင်းလောင်းကြီးကို မိမိတို့ ကြိုးစားဆယ်ယူမည်။ အကယ်၍ ဆယ်ယူရရှိပါက မိမိတို့ကို ပြန်ပေးမည်လော၊ ရွှေတိဂုံ ရင်ပြင်တော်ပေါ်ရှိ မူလနေရာတွင် ပြန်ထားခွင့် ပြုမည်လော ဟူ၍ ဆိုလာကြသည်။ အင်္ဂလိပ်တို့က မိမိတို့ ဆယ်မရနိုင်သည်ကို မြန်မာတို့ ဆယ်ရနိုင်မည်လော၊ မည်သည့်နည်းနှင့်မျှ ဆယ်မရနိုင်ဟူ၍ တွက်ဆကာ အကြည်အသာပင် ခွင့်ပြုလိုက်သည်။

၁၈၂၄-ခုနှစ်တွင် မြန်မာတို့ ပြန်လည်ဆယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်ပေသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. မင်းယုဝေ၊ စဉ့်ကူးမင်းခေါင်းလောင်း၊ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၅၊ ဇွန်လ

ကိုဩဒိနိတ်: 16°47′54″N 96°8′58″E / 16.79833°N 96.14944°E / 16.79833; 96.14944