စိမ်းညက်ညီမဘုရား

စိမ်းညက်ညီမဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ စိမ်းညက်ညီအစ်မ ဘုရားများတွင် စိမ်းညက်အစ်မဘုရားသည် လိုဏ်ဂူဘုရားဖြစ်ပြီး ထိုဘုရား အနီးရှိ ညီမ ဘုရားသည်ကား စေတီဖြစ်လေသည်။ ဘုရားနှစ်ဆူစလုံး အုတ်တံတိုင်းတစ်ခုအတွင်းမှာ တည်ရှိသည်။
၁၁ ရာစုက မစိမ်းခက် အမည်ရသည့် သူဌေးသမီးတစ်ဦး တည်ထားကိုးကွယ်ကြောင်း အစဉ်အလာဆိုခဲ့ကြသည်။ သို့သော် ဗိသုကာလက်ရာမူ ၁၃ ရာစုလက်ရာ ဖြစ်တန်ရာသည်ဟု ဆိုကြလေသည်။ စိမ်းညက်၏အစ်မ သည် စိမ်းညက် ဖြစ်သည်။ ဘုရားတည်ရာတွင် မဟာရံတံတိုင်း နှစ်ထပ်ခတ်မိ၍ ဘုရင်က ညီအစ်မနှစ်ဦးကို ကွပ်မျက်ခဲ့သည်။[၁]
ဗိသုကာလက်ရာများ
[ပြင်ဆင်ရန်]စိမ်းညက်ညီမဘုရားသည် ထူးခြားသော စေတီဖြစ်သည်။ အောက်ခြေလေးထောင့်ဖြစ်၍ ပစ္စယာသုံးဆင့်ခပ်မြင့်မြင့် ရှိသည်။ ထိုအပေါ်၌ ခေါင်းလောင်းပုံစေတီ ရှိသည်။ အထက်သပိတ်မှောက်နှင့် ခါးပတ်၌ ဘီလူးပန်းဆွဲ အင်္ဂတေပန်း လက်ရာများရှိသည်။ ခေါင်းလောင်းပုံတွင် လေးမျက်နှာ၌ မုခ်ကပ်ငယ်လေးခုအတွင်း ဓမ္မစကြမုဒြာ ဆင်းတုငယ်များ ရှိသည်။ ခေါင်းလောင်းပုံအထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ် အဆင့်အဆင့် တက်သွားသည်။ ပစ္စယာ ထောင့်များတွင် ကလသာအိုးသဏ္ဌာန် ထောင့်စေတီများ ရှိသည်။ ဒုတိယပစ္စယာမှ ထောင့်စေတီများ၌ ခြင်္သေ့ရုပ်များဖြင့် တန်ဆာဆင်ထားသည်။ ဤပုထိုးစေတီလက်ရာသည် ထူးခြားသော လက်ရာဖြစ်သည်။ [၂]