ဆင်ဖြူရှင်မင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဆင်ဖြူရှင်
မြန်မာဘုရင်
မြေဒူးမင်းသား
နန်းသက် ၂၈ နိုဝင်ဘာ ၁၇၆၃ – ၁၀ ဇွန် ၁၇၇၆[၁]
နန်းတက်ချိန် ၁၆ မေ ၁၇၆၄
ရှေ့မင်းဆက် နောင်တော်ကြီးမင်း
Successor စဉ့်ကူးမင်း
မွေးဖွား (1736-09-12)၁၂ စက်တင်ဘာ၊ ၁၇၃၆
မုဆိုးဘို
ကွယ်လွန် ၁၀ ဇွန်၊ ၁၇၇၆(1776-06-10) (အသက် ၃၉)
အင်းဝ
ထာဝရ အိပ်စက်ရာ နေရာ အင်းဝ
ကြင်ရာတော် မယ်လှ
စုစုပေါင်း မိဖုရား ၁၅ ဦး
သားသမီးများ သားတော် ၂၀၊ သမီးတော် ၂၀
အမည် အပြည့်အစုံ
မောင်ရွ
သီရိသူရိယဓမ္မမဟာဓမ္မရာဇရာဇဓိပတိ
စံအိမ် ကုန်းဘောင်
ခမည်းတော် အလောင်းဘုရား
မယ်တော် ခင်ယွန်းစံ
ကိုးကွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ

ဆင်ဖြူရှင်မင်း (မြန်မာ ၁ဝ၉၈-၁၁၃၈) သည် မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက်တွင် တတိယမြောက်မင်းဖြစ်၍ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဒုတိယသားတော်ဖြစ်လေသည်။ သက္ကရာဇ် ၁ဝ၉၈ ခုနှစ် ဝါခေါင်လဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်၏။ ငယ်မည်မှာ မောင်ရွဖြစ်၍၊ မြေဒူးမင်းဟုလည်းတွင်သည်။


နောင်အခါ မကွေးမြို့မှ ဆင်ဖြူတော်ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ ကိုခံယူသည်။ ဆင်ဖြူရှင်မင်းဟူသော ဘွဲ့အမည်ဖြင့်သာ နိုင်ငံသမိုင်းတွင် ထင်ရှား၏။ သို့သော် ဘွဲ့တံဆိပ်နာမံတော်ကား သီရိပဝရသုဓမ္မမဟာရာဇာဇီန္ဒာဓိပတိတည်း။ သက္ကရာဇ် ၁၁၂၅ ခုနှစ်(ခရစ် ၁၇၆၃ ခုနှစ်)၌ အလောင်းမင်း တရားကြီး၏ ပထမသားတော် နောင်တော်ကြီးမင်းလွန်သဖြင့် ဒုတိယသားတော် မြေဒူးမင်း ထီးနန်းဆက်ခံသည်။ ပထမတွင် ရွှေဘို၌ နှစ်နှစ်မျှ စံနေတော်မူပြီးနောက် အင်းဝ၌ မြို့နန်းအသစ်တည်ထောင် ပြောင်းရွေ့စံတော်မူသည်။ အင်းဝမြို့ကို ရွေးချယ်ခြင်းမှာ အောင်မြေအဖြစ် ယုံကြည်သောကြောင့် တစ်ကြောင်း၊ ရွှေဘိုမြို့သည် ကုန်းခေါင်ခေါင်တွင် တည်ရှိသဖြင့် ကူးသန်းသွားလာမှု မလွယ်ကူဘဲ၊ အင်းဝမြို့ကား လယ်တွင်းကိုးခရိုင်ဖြစ်သော ကျောက်ဆည်နယ်နှင့် အဆက်အသွယ်လွယ်ကူနီးစပ်ခြင်း၊ ဧရာဝတီနှင့် မြစ်ငယ်မြစ်ဆုံရာတွင် တည်ရှိသဖြင့် ရေလမ်းခရီးအားဖြင့် အသွားအလာ လွယ်ကူခြင်းတို့ကြောင့်တစ်ကြောင်း ဖြစ်ဟန်တူပေသည်။ ဖခမည်းတော်အလောင်းမင်းတရားကြီး၏ "ငါ၏သားတော်များသည် ကြီးစဉ်ငယ်လိုက် (အစဉ်အလိုက်) ထီးနန်းသိမ်းပိုက်စိုးစံကြရမည်။" ဟုသော မိန့်မှာချက်ရှိသော်လည်း နောင်တော်ကြီးနတ်ရွာစံပြီးနောက် ဆင်ဖြူရှင်နန်းတက်လာသောအခါ ညီတော်အမြင့်မင်းသားကို အိမ်ရှေ့အရာ၌ထားရမည်ဖြစ်သော်လည်း လစ်လျူရှုကာ သားတော် စဉ့်ကူးမင်းကိုသာ အိမ်ရှေ့မင်းအဖြစ် သက်မှတ်ကြေငြာခဲ့သည်။ သားတော်ကိုသာ နန်းတက်စေခဲ့သည်။ ယေဘုယျကြည့်လျှင် ဖခင်၏စကားကို ပယ်ရှားခဲ့သည်ဟု နားလည်နိုင်သော်လည်း များစွာသော ရှေးမြန်မာဘုရင်မင်းမြတ်တို့နတ်ရွာစံလျှင် သားတော်တစ်ဦးဦးကိုသာလျှင် အိမ်ရှေ့မင်းအဖြစ် သက်မှတ်ပြီး ထီးနန်းကိုလည်း ဆက်ခံစေခဲ့သော အစဉ်အလာကို နမူနာယူပြီး ဆင်ဖြူရှင်မင်းလည်း ညီတော်အမြင့်မင်းကို ထီးနန်းမလွှဲအပ်ပဲ သားတော်ကိုသာ ထီးနန်းဆက်ခံစေသည်ဟု ပညာရှင်တစ်ချို့က သုံးသပ်ခဲ့သည်။ [၂]

ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက် မင်းသားဘဝကပင် စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်လာခဲ့သူ ဖြစ်သည့် အလျောက် စစ်ရေးတွင် စိတ်ဝင်စားဟန်ရှိ၏။ ဆင်ဖြူရှင်မင်း လက်ထက်တွင် မြန်မာသမိုင်း၌ ထူးခြားသော စစ်ပွဲများကို တွေ့ရသည်။ ဆင်ဖြူရှင်မင်းနန်းတက်၍ မကြာမီပင် ဇင်းမယ်ကို အောင်တော်မူ၏။ ၁၁၂၆ ခုနှစ်တွင် မဏိပူရကသည်းပြည်သို့ ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်ရာ အောင်မြင်လေသည်။ မဏိပူရကသည်းပြည်မှ သုံ့ပန်းအများ သိမ်းရုံးခေါ်ဆောင်ခဲ့၏။ ယင်းသို့ မဏိပူရကသည်းများအား ခေါ်ဆောင်လာခဲ့ခြင်းမှာ ဆင်ဖြူရှင်မင်း၏ မြို့တော်သစ် အင်းဝမြို့တွင် လူနေအိမ်ခြေ တိုးပွားရန်ဆန္ဒရှိ၍ ခေါ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလေသည်။

ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက်က အောင်တော်မမူသော ယိုးဒယားကို ချီတက် တိုက်ခိုက်စေ၏။ သက္ကရာဇ် ၁၁၂၅ ခုနှစ် (ခရစ် ၁၇၆၄ ခုနှစ်) တစ်ပေါင်းလတွင် တပ်ပေါင်း ၂၈ တပ်ကို နေမျိုးသီဟပတေ့ အုပ်ချုပ်စေလျက် ဇင်းမယ်ကြောင်းချီစေသည်။ သက္ကရာဇ် ၁၁၂၆ ခုနှစ် နတ်တော်လတွင် မဟာနော်ရထာကို ဗိုလ်ချုပ်ခန့်၍ တပ်ပေါင်း ၃ဝ ကို ထားဝယ်ကြောင်းချီစေ၏။ ထိုတပ်အသီးသီးသည် ချီတက် တိုက်ခိုက်လာခဲ့ရာ၊ ၄ နှစ်အကြာတွင် အယုဒ္ဓယမြို့ ပြင်တွင် တပ်ကြီးနှစ်တပ်ပေါင်းမိကာ အယုဒ္ဓယမြို့ကို ၁၄ လ တိုင်တိုင် ဝန်းရံထားခဲ့လေသည်။ သက္ကရာဇ် ၁၁၂၉ ခုနှစ် တန်ခူးလဆန်း ၁၁ ရက် (ခရစ် ၁၇၆၇ ခုနှစ်၊ မတ်လ ၂၈ ရက်) နေ့တွင် အယုဒ္ဓယမြို့ကို အောင်မြင်၏။ ယိုးဒယားမင်းလည်း မြို့အပျက်တွင် လက်နက်ထိမှန်၍ ကျဆုံးလေသည်။


ယိုးဒယားကို အလိုပြည့်ပြီးသော်၊ မြန်မာနိုင်ငံသို့ တရုတ်တပ်များ တိုက်ခိုက်လာသည့်အတွက် ဆင်ဖြူရှင်မင်းသည် ယိုးဒယားပြည်ရှိ မြန်မာတပ်များကို ပြန်လည်ခေါ်ယူခဲ့ရ၏။ ယင်းသို့ တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက်တိုက်ခိုက်လာခြင်းမှာ

  1. နယ်ခြားအရေး ရှုပ်ထွေးခြင်း၊
  2. တရုတ်ကုန်သည်တို့နှင့် မြန်မာတို့ ဆက်ဆံရေး အဆင်မပြေခြင်းနှင့်
  3. သိန္နီ၊ ဗန်းမော်စသည့် နယ်စပ်စော်ဘွားတို့က တရုတ်တို့ကို ချီပင့်ခြင်း တည်းဟူသော အကြောင်း ၃ ရပ်ကြောင့်ဟု ဆိုလေသည်။

ပထမ တရုတ်-မြန်မာ စစ်ပွဲ[ပြင်ဆင်ရန်]

ပထမအကြိမ် တရုတ်စစ်သည်တို့သည် ကောင်းတုံမြို့ကို အထပ်ထပ်ဝန်းရံ လုပ်ကြံလာ၏။ ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်းသည် လက်ဝဲဝင်းမှူး နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေသည်။ ကောင်းတုံမြို့တွင်းကလည်း ထွက်တိုက်သည်နှင့် တရုတ်တို့မခံနိုင် ဆုတ်ခွါပြေးရလေသည်။ ထိုစစ်ပွဲတွင် တရုတ်တို့ဖက်မှ စစ်သည်ငါးသောင်း၊ မြင်းတစ်သောင်းဖြင့်ချီတက်လာရာ၊ တရုတ်စစ်သည် တစ်သောင်း ကျဆုံးခဲ့ရသည်ဟု ဆိုသည်။ ယင်းသို့ မရှုမလှ ဆုံးရှုံးခဲ့ရာ တရုတ် ဥတည်ဘွားမင်း ( မန်ချူးဧကရာဇ် ချင်းလုံ အေဒီ ၁၇၃၆ - ၁၇၉၆ ) ညီ စစ်သူကြီး စူတာလောရဲသည် အရှက်ရကာ မိမိကိုယ်ကို အဆုံးစီရင် သွားရှာလေသည်။


ဒုတိယ တရုတ်-မြန်မာ စစ်ပွဲ[ပြင်ဆင်ရန်]

ထို့နောက်တွင် နောင်တရုတ်အရေးကို မြော်တင်း၍ ဗလမင်းထင်ကို ကောင်းတုံသို့စေလွှတ်ကာ အခိုင်အလုံနေစေသည်။ သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်စစ် သည် နှစ်သိန်းငါးသောင်း၊ မြင်းသည် နှစ်သောင်း ငါးထောင်ဖြင့် ဗန်းမော်ကြောင်း ချီလာပြန်၏။ ဆင်ဖြူရှင်မင်းကြားလျှင် နေမျိုးစည်သူကို ရေကြောင်းမှ ဗန်းမော်သို့ ချီတက် တိုက်ခိုက်စေ၍ မဟာစည်သူကို ဧရာဝတီမြစ်၏ အနောက်ဘက်မှ မိုးကောင်း၊ မိုးညှင်းကြောင်း ချီစေသည်။ ကောင်းတုံတွင် ရှိနေသော ဗလမင်းထင်၏ တပ်ကိုလည်း အင်အားဖြည့်ပေးလေသည်။ တရုတ်တပ်များသည် ကောင်းတုံမြို့ကို ဝန်းရံတိုက်ခိုက်သော်လည်း ဗလမင်းထင်၏ အစီအမံကောင်းသဖြင့် မြို့ပြခိုင်လုံ သောကြောင့် မအောင်မြင်ချေ။ ထိုအချိန်တွင် နေမျိုးစည်သူ၏ စစ်ကူများရောက်လာ၏။ သို့ဖြစ်၍ ၃ ရက်အတွင်း တရုတ်တပ်များ ဆုတ်ခွာသွားရလေသည်။


တတိယ တရုတ်-မြန်မာ စစ်ပွဲ[ပြင်ဆင်ရန်]

နောက်တစ်နှစ်ဖြစ်သော သက္ကရာဇ် ၁၁၂၉ ခုနှစ်တွင် တရုတ်တပ်တို့ တတိယအကြိမ် ချီလာပြန်၏။ ထိုအကြိမ်တွင် တရုတ်ဧကရာဇ်ဘုရင်၏ သားမက်တော် မြင်းခုံရဲ(မင်းဂျူအီ) ကိုယ်တိုင်အုပ်ချုပ်လျက် မြင်းသည် သုံးသောင်း၊ ခြေသည် သုံးသိန်းဖြင့် ချီလာသည်။ တရုတ်တို့သည် သိန္နီမြို့ကိုတိုက်ခိုက်သိမ်းယူပြီးလျှင် ရိက္ခာထောက် အဆက်အလက်များနှင့်တကွ အခိုင်အမာပြုကာ သီပေါသို့စစ်တစ်ကြောင်း၊ ဗန်းမော်သို့ စစ်တစ်ကြောင်း ချီတက်တိုက်ခိုက်၏။ ထိုအခါ မဟာစည်သူ၏ တပ်သည် သီပေါကြောင်းချီလာသော တရုတ်တို့ကို ဆီးကြို တိုက်ခိုက်ရသည်။ မဟာသီဟသူရတပ်သည် တရုတ်တို့၏ ရိက္ခာထောက်တပ်များကို နောက်ကလှည့်တိုက်ရန် ဘော်ကြိုကြောင်းချီရသည်။ ဗန်းမော်ကြောင်း ချီသောတရုတ်တပ်တို့ကို လက်ဝဲဝင်းမှူးတပ်က ဆီးကြို တိုက်ခိုက်ရလေသည်။ မဟာစည်သူ၏ တပ်မှာမခံနိုင်၍ မြန်မာတပ်တော်များမှာ ကတိမ်းကပါး ကစီကရင်ရှိလေသည်။ မဟာစည်သူ၏ တပ်ကို အောင် မြင်လာခဲ့သော မြင်းခုံရဲသည် ဆက်လက်ချီတက်လာခဲ့ရာ၊ မေမြိုဒေသကို ဖြတ်ကျော်ပြီးနောက် မေမြို့နှင့် ၈ မိုင်ကွာ အင်းဝမှ မိုင် ၃ဝ ခန့်သာဝေးသော ဆင်ခေါင်းသို့ တပ်ဦး ရောက်လာခဲ့၏။ မြန်မာတို့ဖက်မှ မဟာသီဟသူရတို့တပ်သည် တရုတ်တို့၏ ရိက္ခာထောက် နောက်တပ်များကို တိုက်ခိုက် ပြီးနောက် လားရှိုးနှင့် သံလွင်မြစ်ပေါ်ရှိ ကွန်းလုံကူးတို့ဆိပ်ကို ချီတက် သိမ်းယူလိုက်ရာ တရုတ်ပြည်မှ ရိက္ခာထောက်တပ်များ မပေါက်ရောက်နိုင်ရှိလေသည်။ ထို့နောက် လက်ဝဲဝင်းမှူးတို့ တပ်နှင့် ပူးပေါင်းမိ၍ သိန္နီရှိ တရုတ်တပ်မကြီးကို တိုက်ခိုက်ရာ၊ တရုတ်တို့ ငတ်မွတ်လှသည်နှင့် ကောင်းစွာ မခံနိုင်ဘဲ တပ်လုံးပျက်ကာ ဆုတ်ခွာထွက်ပြေးလေသည်။ မြစ်ငယ်ကြောင်းချီ၍ ဆင်းခေါင်းသို့ရောက်နေသော မြင်းခုံရဲ၏ တပ်တို့ကိုလည်း မဟာစည်သူတပ်က ထပ်မံတိုက်ခိုက်ပြန်ရာ၊ တရုတ်တို့ ရိက္ခာပြတ်နေချိန် ဖြစ်သည့်အတွက် တပ်ပျက်ကာ ဆုတ်ခွာရသည်။ စစ်ဝိုင်းခံနေရချိန်၌ မြင်းခုံရဲသည် ကျစ်ဆံမြီးကို တရုတ် ဧကရာဇ်ဘုရင်ထံသို့ ဖြတ်၍ပို့ရန် မှာကြားလျက် မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားလေသည်။ မဟာစည်သူတပ်နှင့် မဟာသီဟသူတပ်တို့မှာ ပူးပေါင်းမိသွားကာ တရုတ်တို့ကို ထပ်မံ လိုက်တိုက်ပြန်ရာ တရုတ်တို့သည် တရုတ်ပြည် တိုင်အောင် ဆုတ်ခွာကြရလေသည်။ ဗန်းမော်ကြောင်းချီလာ၍ ဗန်းမော်မြို့ကို အထပ်ထပ်ဝန်းရံ လုပ်ကြံခဲ့သော်လည်း ဗလမင်းထင် အကွပ်အညှပ်နာ၍ မရနိုင်ရှိခဲ့သော တရုတ်တို့တပ်လည်း သီပေါ ကြောင်းချီ တပ်ကြီးပျက်ကြောင်းကြားလျှင် အရံဖြုတ်ကာ ထွက်ပြေးသွားလေသည်။

စတုတ္ထ တရုတ်-မြန်မာ စစ်ပွဲ[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ်တွင် တရုတ်တို့စတုတ္ထအကြိမ် လာပြန်၏။ ထိုအကြိမ်တွင် တရုတ်တို့သည် ခြေသည် ငါးသိန်းငါးသောင်းဖြင့်ချီလာကာ ဗန်းမော်မြို့ကို တိုက်ခိုက်သိမ်းပိုက် လိုက်လေသည်။ ထိုမှတစ်ဆင့် ကောင်းတုံမြို့အရှေ့ ၁၂ မိုင် အကွာ ရွှေညောင်ပင်အရပ်တွင် ခံတပ်အခိုင်အလုံဆောက်၍ ရပ်တည်နေ၏။ ဗန်းမော်ကို ချီခဲ့စဉ်က မြစ်ညာတွင်ထားခဲ့သော တရုတ်တပ်များကလည်း လှေသမ္ဗန်လုပ်ကာ ရေကြောင်းချီလာသည်။ ကောင်းတုံမြို့ကို တရုတ်တို့ ရေကြောင်း ကြည်းကြောင်းဖြင့် အထပ်ထပ်ဝန်းရံ လုပ်ကြံသော်လည်း၊ ဗလမင်းထင် အစီအမံအကွပ်အကဲ ကောင်း၍မရချေ။ အင်းဝမှ နေမျိုးသီဟသူရ၊ မဟာသီဟသူရ၊ လက်ဝဲဝင်းမှူးတို့ ချီတက်စေ၏။ တရုတ်တို့သည် ကောင်းတုံကို မသိမ်းပိုက်နိုင်ဘဲ သက္ကရာဇ် ၁၃၁၁ ခုနှစ်လောက်တွင် ရွှေညောင်ပင်ခံတပ်ကို လက်လွှတ်လိုက်ရလေသည်။ သို့အတွက် စစ်ပြေငြိမ်းရန် တရုတ်တို့ စကားကမ်းလှမ်းလာ၏။ အခြားစစ်ဗိုလ်များက သဘောမတူသော်လည်း၊ ဗိုလ်ချုပ် မဟာသီဟသူရသည် ရှေ့ရေးကို မြှော်တွေးလျက် ဘုရင်အမိန့်ကိုပင် မခံယူတော့ဘဲ စစ်ပြေငြိမ်းရေးကို ကောင်းတုံစာချုပ်ဖြင့် လက်ခံလိုက်လေသည်။ (ဝန်ကြီး ဗိုလ်ချုပ် မဟာသီဟသူရနှင့် ဆင်ဖြူရှင်မင်း (မြေဒူးမင်း) သည် ခမည်းခမက် တော်စပ်သည့်အပြင် မယားညီအစ်ကိုလည်း တော်စပ်သည်။)

ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်းသည် အမျက်တော်ရှကာ ရရှိခဲ့သော လက်ဆောင်ပဏ္ဏာတို့ကို ဗိုလ်မှူးတပ်မှူးတို့၏ ဇနီးများအား ရွက်စေလျက် ၃ ရက်တိုင်တိုင် နေလှန်းသည်ဟု ဆိုလေသည်။ ထိုကြောင့်လည်း မြန်မာစစ်သည်တော်တို့သည် နေပြည်တော်သို့ မပြန်ကြဘဲ၊ မဏိပူရ ကသည်းပြည်တွင် ပုန်ကန်ခြားနားသည်ကို သွားရောက်နိမ်နင်း၍ လက်ဆောင်ပဏ္ဏာများကို ဆောင်ကြဉ်းပြီးမှ ပြန်ခဲ့ကြလေသည်။ ယင်းသို့ နှစ်စဉ် ဆက်ကာဆက်ကာ တရုတ်တို့ လေးကြိမ်တိုင်တိုင် စစ်သည်အင်အား မြောက်များစွာဖြင့် တိုက်ခိုက်လာသည်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်မှာ ဆင်ဖြူရှင် မင်းလက်ထက် ထူးခြားချက်တစ်ရပ်ဟု ဆိုရပေမည်။


ဆင်ဖြူရှင်မင်းလက်ထက်တွင် အတွင်းဝန် ဝဏ္ဏဓမ္မကျော်ထင်သည် -

  1. မနုသာရဓမ္မသတ်ကျမ်းသစ်ပါဌ် နိဿယ၊
  2. မနုဝဏ္ဏနာဓမ္မသတ်ကျမ်းပါဌ်နိဿယ၊
  3. ဝိနိစ္ဆယ ပကာသ နီကျမ်းပါဌ်နိဿယတို့ကို ပြုစုခဲ့သည်။

မြန်မာစာပေလောကတွင် ထင်ရှားလျက်ရှိသော မဲဇာတောင်ခြေနှင့် ဝေရွှန်းစန္ဒာရတုများသည် ဆင်ဖြူရှင်မင်းလက်ထက်တွင် ထွက်ပေါ်လာခဲ့သည့် ရတုများ ဖြစ်ပေသည်။ ယင်းသို့ ထူးခြားသောစာပေများ ထွက်ပေါ်လာခြင်းဖြင့် ဆင်ဖြူရှင် မင်းလက်ထက်တွင် စာပေရေးရာကိုလည်း အားပေးချီးမြောက်ခဲ့ကြောင်း ထင်ရှား၏။


ဆင်ဖြူရှင်မင်းသည် ယင်းသို့ စစ်ရေး၊ စာပေရေး၌သာ အားပေးချီးမြှောက်ခဲ့သည်မဟုတ်၊ သာသနာရေး၌လည်း အားပေးချီးမြှောက်ခဲ့ပေသည်။ ပုဂံရွှေစည်းခုံဘုရားကို ထီးတော်တင်ကာ ရွှေပိန်းချတော်မူသည်။ မွန်တို့ပုန်ကန်သည်ကို နှိမ်နင်းရင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်အား ယနေ့တွေ့မြင်ရသော ဉာဏ်တော် ၃၂၇ ပေအထိ တိုးမြှင့်တည်ထား၍ ကိုယ်အလေးချိန် ၁၂ စတုံ ၃ပေါင်ရှိသော ရွှေများချလျက် ထီးတော်တင်ခဲ့သည်။ အပြန်တွင်လည်း ပြည်ရွှေဆံတော်စေတီကို ဝင်ရောက်ဖူးမြော်လျက် ဖိုးဦး တောင်စေတီကို ထပ်မံ တည်တော်မူသည်။


ဆင်ဖြူရှင်မင်းသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လ ပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။ ဆင်ဖြူရှင်မင်း ကား ရဲရင့်တည်ကြည်ခြင်း၊ စစ်မက်လိုလားခြင်း၊ ယောက်ျားမြတ်တို့ ရုပ်လက္ခဏာနှင့် ပြည့်စုံခြင်းတို့ကြောင့် အလောင်းမင်းတရားကြီး၏သား တော်ပီသပေသည်ဟု ပြည်သူတို့ပြောဆိုကြသည်။ ရတနာသုံးပါး၌ယုံကြည်၊ ပညာရှိတို့ကို ချစ်ကြည်၊ ပညာရှိတို့၏ စကားကိုနာယူ၊ မိမိလည်း ပညာရှိတော်မူသည်။ အမှုထမ်းကျွန်တော်မျိုးတို့ကို အထိုက်အလျှောက် ချီးမြှင့်ပြုစုတတ်၊ လူရည်လူသွားကို သိ၍ ရွေးချယ်ခန့်ထားတတ်သောကြောင့် ခန့်ထားခိုင်းစေသမျှ အောင်မြင်သည်များ၏။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Buyers, King Hsinbyushin
  2. (၁၉၉၇ ခုနှစ်၊ မတ်လ) ညိုမြ - ကုန်းဘောင်ရှာပုံတော်, ဒုတိယအကြိမ်, ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်, စာမျက်နှာ ၉၄. 
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

2. ဝိဇ္ဇာဘွဲ့ရ ရဲထွဋ်လှ ၊ သမိုင်းနိဒါနအကျဉ်း ၊ စာမျက်နှာ ၁၄၉