စကြာဒေဝီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စကြာဒေဝီ
Statute of Chief queen Stakyar Dewi.jpg
မန္တ​​လေးနန်းတွင်းရှိနန်းမ​တော်၏ရုပ်တု
မြန်မာပြည်၏မိဖုရား​ခေါင်ကြီး
နန်းသက်၂၆ မတ် ၁၈၅၃-၁၂ နိုဝင်ဘာ ၁၈၇၆
ရှေ့မင်းဆက်သီရိတိလောကမဟာ ရတနာဒေဝီ
Successorသီရိသုရနာ မဂင်္လာ ဒေဝီ
မွေးဖွား၁၈၁၃
အင်းဝမြို့
ကွယ်လွန်၁၂ နိုဝင်ဘာ၊ ၁၈၇၆(1876-11-12)
မန္တလေး
ထာဝရ အိပ်စက်ရာ နေရာနန်းတွင်း​တော်ဝင်အုတ်ဂူများ
အိမ်ထောင်ဖက်မင်းတုန်းမင်း
သားသမီးများ​မွေးဖွားခြင်းမရှိ
အမည် အပြည့်အစုံ
သီရိပဝရမဟာရာဇိန္ဒာ ရတနာဒေဝီ
စံအိမ်ကုန်းဘောင်ခေတ်
ခမည်းတော်သာယာဝတီမင်း
မယ်တော်ကျပင်းမိဖုရား
ကိုးကွယ်မှုဗုဒ္ဓဘာသာ

စကြာဒေဝီသည် ပဉ္စမသင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်း၏ တောင်ညာစံ မိဖုရားခေါင်ကြီး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

စကြာဒေဝီသည် ခမည်းတော် သာယာဝတီမင်းနှင့် မယ်တော် ကျပင်းမိဖုရားတို့မှ ၁၈၁၃-ခုနှစ် အင်းဝမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း(၇)ယောက်ရှိခဲ့ပြီး (၅)ဦးကွယ်လွန်သဖြင့် (၂) ဦးကျန်သည့်အနက် ပုဂံမင်းသည် မောင်ဖြစ်သည်။ စကြာဒေဝီသည် ငယ်စဉ်ကတည်းကပင် ကျမ်းကန် ဗေဒင်ပညာရပ်များစွာ လေ့လာလိုက်စားပြီး ပညာ၊ ဥစ္စာ၊ သီလ၊ သမာဓိနှင့်ပြည့်စုံကာ အလွန်ထက်မြက်သူ ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည်လှပြီး အသားညိုကာ မျက်လုံးမျက်ဖန် အလွန်လှပကာ မျက်နှာမှာထည်ပြီး ကျက်သရေရှိလှသဖြင့် ခမည်းတော်က တပင်တိုင်မင်းသမီးအဖြစ် ပေးအပ်ခဲ့သည်။ တပင်တိုင်မင်းသမီးဆိုသည်မှာ ရုပ်ရည်၊ အရပ်မောင်း၊ ပညာ၊ စိတ်နေစိတ်ထား၊ မျိုးရိုးတွင် ပြိုင်ဘက်ကင်းသည့်သူသာ ရရှိပြီး နောင်တက်မည့် ဘုရင်အတွက် သီးသန့် လျာထားသော မိဖုရားခေါင်လောင်း ဖြစ်သည့်အပြင် မင်းသမီးအတွက် သီးသန့်နန်းဆောင်တစ်ဆောင် ထားပေးရသည်။

စကြာဒေဝီသည် ပညာရှိသလောက် စိတ်သဘောထား ပြည့်ဝကာ အရာရာကို အကောင်းမြင်တတ်သောစိတ်ရှိသူ ဖြစ်သည်။ ထို့ကြောင့် ခမည်းတော်က ရာဇဝတ်သားအသက် အလှူခံခွင့်ကိုပေးရာ မင်းတုန်းမင်းလက်ထက်ထိ ရရှိခဲ့သည်။ စကြာဒေဝီသည် ဘကြီးတော်၊ မြဝတီမင်းကြီးဦးစ၊ ဆင်ဖြူမရှင်၊ ယောအတွင်းဝန် ဘိုးလှိုင်၊ လှိုင်ထိပ်ခေါင်တင် တို့အပါအဝင် လူ(၁၅)ဦး၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်။ ထိုအထဲတွင် ယောအတွင်းဝန်ဦးဘိုးလှိုင်ကို ကယ်ခဲ့သည်မှာ များစွာ အကျိုးပြုခဲ့သည်။ ခမည်းတော်သည် နောင်တော် ဘကြီးတော်ကို ကွပ်မျက်ရန်အပြုတွင် "အဖနှင့်တူသော နောင်တော်ကိုသတ်လျှင် ပိတုဃာတကံကြီး ထိုက်ကာ အဇာသသတ်ကဲ့သို့ ရာဇဝင်ရိုင်းဖွယ်ရှိသည်" ဟုတားသဖြင့် မသတ်ဘဲနေရာ မိမိ၏ဦးရီးတော် ဘကြီးတော်ကို ကယ်တင်နိုင်ခဲ့သည်။ မယ်နု၊ စကြာမင်းသားတို့ကို မကယ်နိုင်ခဲ့သည်မှာ နိုင်ငံတော်ပုန်ကန်မှုကြောင့် ဖြစ်သည်။ ခမည်းတော် အင်းဝမှ အမရပူရသို့ ပြောင်းပြီး မြို့သစ်တည်ကာ (၁၈၄၀) ရာဇဘိသေကမုဒ္ဓါဘိသိက်ခံ အခမ်းနားတွင် သမီးတော်က အခါတော်ပေးသည့်အတိုင်း ခမည်းတော်က လိုက်နာ ဆောင်ရွက်သည်။ မုဒ္ဓါဘိသိက်ဆိုသည်မှာ သာမှန်ဘိသိက်နှင်မတူ မြို့သစ်နန်းသစ်တည်သော မင်းသာ မုဒ္ဓါဘိသိက် ခံရသည်။ ရှေးမဟာသမ္မတမင်းလက် လက်တွင်ပေါ်ပေါက်ခဲ့သည်။ ရာဇဝင်လာအရ အသိတရားရှိသော လူတစ်စုသည် မနုဟူသော သုခမိန်ကို မဟာသမ္မတမင်းတင်မြောက်သည်။ ဘိသိက်သွန်းရာတွင်(၁) မင်းမျိုး ၊ (၂) ပုဏ္ဏား (၃) သူကြွယ် ဤ(၃)မျိုး ကိုယ်စားလှယ်များ ပါဝင်ရသည်။ အုပ်ချုပ်ရေး ၊ လုံခြုံရေးတာဝန် ယူရသည်ဖြစ်၍ ၁၀ ပုံ ၁ပုံကို ဘုရင်အားပေးကာ အပြန်လှန်ကြည့်ရှု့ခြင်း ပဋိဉာဉ် ခံဝန်ကတိထားပြီး ဘိသိက်သွန်းရသည်။

မောင်တော်ပုဂံမင်း နန်းတက်သောအခါ တိုင်းရေးပြည်ရေး ကိုလျစ်လျူရှုကာ ကြက်ပွဲ ၊ လက်ဝှေ့ပွဲ၊ ထန်းရည်သောက်၊ အပျော်ပါးကိုသာ လိုက်လုပ်သဖြင့် တိုင်းပြည် အခြေနေတနေ့တခြား ယိမ်းယိုင်လာသည်။ အင်္ဂလိပ်တို့က အခွင့်ကောင်းယူကာ ဒုတိယစစ် ကျူးကျော်သဖြင့် နိုင်ငံ ၃ပုံ ၂ ပုံ ခန့်သိမ်းယူကာ မြန်မာနိုင်ငံကို အထက်မြန်မာ၊ အောက်မြန်မာ (၂) ပိုင်းခွဲလိုက်သည်။ ဤအခြေနေသာဆက်သွားနေလျှင် ပြည်သူတို့ အတိဒုက္ခ ရောက်ရတော့မည် ဖြစ်သည်။ ပုဂံ ကိုယ်တိုင်လည်း မိမိပြိုင်ဘက်များဟောင်းများဖြစ်သော မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ကို သုတ်သင်ရန် ကြိုးစားသည်ကို ကနောင်မင်းသား၏သမီး စမ္ပာယ်နဂိုမင်းသမီးက သတင်းပေးသည်။ (ကနောင်မင်းသားအကြောင်း ဖော်ပြပါဦးမည်) မင်းတုန်းမင်းသားသည် သူနှင့်မေတ္တာမျှနေပြီဖြစ်သော စကြာဒေဝီထံသွားရောက်အကြံတောင်းခံရာ စကြာဒေဝီက ပုဂံသည် မင်းဆက်ပြတ်နေပြီဖြစ်၍ ရွှေဘိုသို့ထွက်ကာ အောင်မြေနင်းပြီး ကြံလျှင် အောင်နိုင်မည်ဟု ဗေဒင်ကိန်းခန်း ဆန်းစစ်ကာ လမ်းညွှန်မှုပေးခဲ့သည်။ ထိုအရေးတော်အတွက် ငဘိုးလှိုင်သည် မိမိအလွန်လေးစားရ ပါသော မွေးစားမိခင် စကြာဒေဝီ၏ တိုက်တွန်းချက်ကြောင့် သင်္ကန်းဝတ်နေရာမှလူထွက်ပြီး လိုက်သွားရာ ဝါးရင်းတုတ်ရွာတွင် ကနောင်နှင့် မင်းတုန်းမင်းတို့နှင့် ဆုံလေသည်။ ရွှေဘိုမြို့ဝန်သည် လူကြိုက်နည်းနေသဖြင့် ထိုမြို့ကိုတိုက်လျှင် အလွယ်တကူ ရနိုင်သည်ဟု လျှောက်လေသည်။ ကနောင်မင်းသားသည် တောင်ပြုန်းမင်းညီနောင် နတ်ကွန်းသို့သွားကာ ကောင်းစားလျှင်မမေ့ပါဟု ကတိပြုသည်။ မင်းတုန်းမင်း နန်းတက်ပြီး တောင်ပြုံးပွဲကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပသည်။ မင်းတုန်းမင်း သည်ရွှေဘိုမှနေ၍ (၁၈၅၃) ဇန်နဝါရီလတွင် ကနောင်မင်းသား၏တပ်များက တိုက်ပွဲဝင်ရာ အနိုင်ရလာသည်။အမရပူရကို ဝိုင်းနိုင်ခဲ့သည်။ နောက်ဆုံး မကွေးမင်းကြီး ဦးကြာဥက ပုဂံဘက်တော်သားများ အညံ့ခံရန် တိုက်တွန်းရာမှ (၁၈၅၃) ဇွန်လတွင် အမရပူရကို (၅)အတွင်း အလွယ်အောင်နိုင်ခဲ့သည်။

မိဖုရားခေါင်ဖြစ်ခြင်း[ပြင်ဆင်ရန်]

မင်းတုန်းမင်းသည် သက်တော် (၄၀) စကြာဒေဝီကို ရွှေဘိုသို့ပင့်ကာ တောင်ညာစံ အဂ္ဂမဟေသီအဖြစ် တင်မြောက်ကာ ရာဇဘိသေကမုဒ္ဓါဘိသိက် ခံယူပွဲတွင် စကြာဒေဝီအား "သီရိပဝရ မဟာရဇိန္ဒာဓိပတိ ရတနာဒေဝီ" ဘွဲ့တော်ကို ချီးမြင့်ခဲ့သည်။ ကနောင်မင်းသားကို လှိုင်ထိပ်ခေါင်တင်နှင့် ထိမ်းမြားကာ အိမ်ရှေ့မင်းအရာ အပ်နှင်းခဲ့သည်။ စကြာဒေဝီသည် မင်းတုန်းမင်းထက် (၂)နှစ်ကြီးသဖြင့် အမတော်ဟုခေါ်သည်။ မင်းဖြစ်ပြီး (၂) နှစ်ကြာမှ အမရပူရသို့ပြန်လာသည်။

အောက်မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလိပ်ဝန်ရှင်တော်မင်းကြီး Sir Arthur Phayre သည် (၁၈၅၅) တွင် စကြာဒေဝီအားလေးစားသဖြင့် မှန်ပြောင်းတစ်လက်၊ မြေပုံစာအုပ်နှင့် နက္ခတ်ကျမ်းများ လက်ဆောင် ပေးခဲ့သည်။ စကြာဒေဝီအား ပညာတတ်အမျိုးသမီး Blue Stocking ဟုလည်း တင်စားခေါ်ခဲ့သည်။ စကြာဒေဝီသည် ဘီးဆံပတ်ဆံထုံး ၊ မဟူရာနားကပ်ကိုသာ ဝတ်ဆင်ကာ အဝါရောင် ချည်ထည်များကိုသာ နစ်သက် ပြီး ရိုးရိုးယဉ်ယဉ် နေရသည်ကို နစ်သက်သဖြင့် မင်းတုန်းမင်းမှာ နှလုံးသားခိုက် မြတ်နိုးလှသည်။ သူမ၏ဘဝတစ်လျှောက် ပညာတတ်ခြင်း ၊ သမာဓိရှိခြင်း ၊ ရုပ်ရည်ဥပဓိ ကောင်းမွန်ခြင်းတို့ကြောင့် ခမည်းတော် ၊မောင်တော်နှင့် ကြင်ယာတော် မင်း (၃)ဆက်စလုံး ရှိန်ခြင်း၊ လေးစားခြင်း ၊ နှစ်သက်ခြင်း ခံရသဖြင့် မြှောက်စားခြင်း များစွာ ရရှိခဲ့သည်။

(၁၈၆၆)တွင် ပဒိန်းမင်းသား ထကြွသည်။ အင်အားကြီးစွာဖြင့် မန္တလေးကို ဝိုင်းရန်ကြိုးစားသည်။ မင်းတုန်းမင်းက စကြာဒေဝီကို ထီးနန်းစွန့်ရမလားဟု အကြံတောင်းခံသော် သိက္ခာကျ၊ နန်းကျကိန်းမမြင်ဟု စိတ်ဓာတ်မြင့်တင်ပေးခဲ့သည်။ သုံးဆယ်မင်းသားကို အင်းဝ၊ မက္ခရာကို ပလိပ်နှင့် ညောင်ရမ်းမင်းသားကို စစ်ကိုင်းသို့ ချီတက်စေသည်။ ပထမတွင် ပဒိန်းမင်းသားက အနိုင်ရသော်လည်း နောက်ပိုင်းတွင် ရှုံးနိမ့်သွားသည်။ စကြာဒေဝီသည် မင်းတုန်းမင်းအတွက် နှမ်းသစ်အစ်မှဆီဖြင့် အမြဲဆံတော်ရှင်း ပေးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

(၁၈၇၆)တွင် စကြာဒေဝီ နေမကောင်းဖြစ်လာသည်။ မင်းတုန်းမင်း အစွန်းကုန်ကုသသော်လည်း မရသဖြင့် ကံကုန်လေသည်။ စကြာဒေဝီလွန်သော် သူမကိုလေးစားလွန်းသဖြင့် သူမနန်းဆောင် အား မည်သူမျှ အဝင်မခံတော့သလို သူ့ဆံတော်ကိုလည်း မည်သူမျှ ရှင်းခွင့်မပြုဘဲ ထားရှိသည်။ အလွန်တရာ ကြေကွဲလွန်းသဖြင့် မင်းတုန်းမင်းသည် ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ကာ စကြာဒေဝီအုတ်ဂူအနီးတွင် နေထိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်သောမိဖုရား စကြာဒေဝီ – သုခုမအလင်းတန်းများ
  2. မန္တလေးနှစ် (၁၅၀)ပြည့်
  3. ညိုမြ. ကုန်းဘောင်ရှာပုံတော် 
  4. ရတနာပုံနိဒါန်း
  5. ကုန်းဘောင်ခေတ်က အထက်မြက်ဆုံး မိဖုရား (သို့) စကြာဒေဝီ