မြဝတီမင်းကြီး ဦးစ

ဝီကီပီးဒီးယား မှ
(မြဝတီ ဝန်ကြီး ဦးစ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

မြဝတီမင်းကြီးဦးစ[ပြင်ဆင်ရန်]

(၁၁၂၈-၁၂၁၅) မြဝတီမင်းကြီး ဦးစသည် ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားသော စာပေနှင့် ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

ဘဝဖြစ်စဉ်[ပြင်ဆင်ရန်]

နှလုံးရည်ဘက်တွင်သာမက လက်ရုံးရည်ဘက်တွင်လည်း အထူးထူးချွန်လှသော နောင် “မြဝတီမင်းကြီး” တွင်မည့် ဦးစသည် ဆင်ဖြူရှင်မင်းတရားကြီး နန်းစံ ၃-နှစ် သက္ကရာဇ် ၁၁၂၈-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် အင်္ဂါနေ့တွင် စစ်ကိုင်းမြို့ အနောက်မိချောင်းတက်ချောင်း(မိချောင်းတော်ရွာ)၌ ဖွားမြင်ခဲ့သည်။ အဖမှာ အလုံမြို့ မြောက်လက် မောက်တက်ရွာသား မြင်းစီးကြီးသား ဦးပေါက်ကျော်ဖြစ်၍ အမိမှာ သက္ကရာဇ် ၉၉၂-ခုနှစ်တွင် နန်းတက်တော်မူသော သာလွန်မင်းတရားကြီးလက်ထက် အမတ်ကြီးဗညားကျန်းတော၏မြေး ရှင်ငြိမ်းသာ(ဒေါ်ငြိမ်းသာ) ဖြစ်သည်။

ဦးစ အသက် ၆-နှစ်အရွယ်သို့ရောက်သောအခါ အဖဖြစ်သူသေဆုံးသည်။ နောက် အသက် ၁၁-နှစ်အရွယ်လောက်တွင် အင်းဝမြို့မဲထီးရွာ မဲထီးဆရာတော် ဦးပရမကျောင်းတွင် သာမဏေအဖြစ်နှင့် စာပေသင်ကြား၍ တတ်မြောက်လျှင် လူထွက်ကာ စစ်ကိုင်းမြို့ ပန်းထိမ်ဝန်ဟောင်း ဦးညွှန့်၏သမီး မအေးနှင့်သင့်မြတ်သည်။ ထိုစဉ် ပန်းထိမ်အလုပ်၊ရွှေကျောက်ရောင်းဝယ်ရေး အလုပ်စသည်တို့ကို လုပ်ကိုင်နေလေသည်။ ထိုစဉ်ကပင်လျှင်လည်း အပျော်အပါး အတီးအမှုတ်အရာတွင် ဝါသနာထုံသောကြောင့် ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်း အမှုထမ်း ဆိုင်းဆရာကြီး ဦးတရုပ်ထံ၌ ကြေးဝိုင်းတီးခဲ့သည်။ ဦးစ အသက် ၁၉-နှစ်အရွယ်တွင် မယားမအေးသေဆုံး၍ အမရပူရမြို့သို့ပြောင်းရွှေ့ကာ အိမ်ရှေ့နန်းစံ ရွှေတောင်မင်း၏ အိမ်ရှေ့သံတော်ဆင့် လက်ျာပျံချီထံတွင် ရေးမှတ်သည့်ဘက်မှ အမှုထမ်း၍နေလေသည်။ ထိုအချိန်အခါမှစ၍ ဦးစသည် စာပေနယ်ဘက်သို့ နွှယ်ယှက်ကူးပြောင်းပြီဟု ယူဆရန်ရှိပေသည်။ ထိုစဉ်အတွင်း သက္ကရာဇ် ၁၁၀၅-ခုနှစ်တွင် တန်တားဦးရွာလျှင် ဖွားရာဇာတိရှိသော “ရွှေဘုံနိဒါန်း” ဆရာ “ဇေယျသင်္ခယာ” ဘွဲ့ခံ အိမ်ရှေ့အတွင်းဝန် သည် အိမ်ရှေ့နန်းစံ ရွှေတောင်မင်း အထံတော်သို့ဦးစ၏ အရည်အသွားကို လျှောက်ထားတင်ဆက်သည်တွင် ဦးစသည် အိမ်ရှေ့တော်သို့ရောက်ရသည်။

ထိုအတွင်းဦးစသည် ကြိုးများ ဘွဲ့များကိုလည်းရေးသားစ ပြုလာသည်။ ယိုးဒယားဘာသာနှင့်ရှိသော “အီနောင်ဇာတ်” ကိုလည်း မြန်မာဘာသာပြန်၍ တီးကွက်၊မှုတ်ကွက် ဇာတ်သီချင်းများနှင့်တကွ ရေးသားပြီးစီးသည်။ ထိုအခါ ဦးစ၏ ဉာဏ်ရည်သည် အိမ်ရှေ့အိမ်တော်နှင့် အတွင်းတော်တို့တွင်မျှမကပဲ တနိုင်ငံလုံး ကျော်စော ထင်ရှားသွားလေသည်။ သို့နှင့် “အီနောင်ဇာတ်”ကို ရေးသားပြီးစီး၍ မရှေးမနောင်း၌ပင်လျှင် အိမ်ရှေ့ဘဏ္ဍာစာရေး ခန့်တော်မူခြင်းခံရပြီးလျှင် အပါးတော်တွင် စေသုံးထမ်းရွက်ရလေသည်။ သက္ကရာဇ် ၁၁၇၀-ပြည့်နှစ်ဦးတွင် သားတော်အိမ်ရှေ့မင်း နတ်ရွာစံလေသည်။ ထိုအခါ ဘဝရှင် ဗဒုံမင်းတရားကြီးသည် မြေးတော် စစ်ကိုင်းမင်းကို အိမ်ရှေ့နှင်းတော်မူသည်တွင် ဦးစကို အိမ်ရှေ့သံတော်ဆင့် အရာနှင့် “ပြည်လုံးယူ-လှေမှူး” ခန့်တော်မူလေသည်။ နောက် အိမ်ရှေ့အတွင်းဝန် ခန့်တော်မူပြန်၍ “နေမျိုးဇေယျသူရ” ဘွဲ့ဖြင့်လည်း တိုးတက်ချီးမြှင့်ခြင်းခံရပြန်လေသည်။ ဤတွင် အမှတ်အသားများ၌ “နေမျိုးဇေယျသူရ” ဘွဲ့ကို သက္ကရာဇ် ၁၁၇၅-ခုနှစ်တွင် ကသည်း-မျည်းတဲပြည် မဟာရာဇာ ထောင်ထားသည့်အရေးတော်ကို နှိပ်နွံ၊ပြီးပြေ အောင်မြင်၍ ပြန်လာသော အခါကျမှ ဦးစအား “နေမျိုးဇေယျသူရ” ဘွဲ့ဖြင့်ချီးမြှင့်သည်ဆိုသည်။ သို့ရာတွင် ရာဇဝင် အစောင်စောင်နှင့် တိုက်ဆိုင်ကြည့်ရှုပြန်သောအခါ ထို ကသည်း-မျည်းတဲအရေးတွင် ဦးစပါသည်ကားမှန်သည်။ သို့ရာတွင် ထိုစဉ်ကပင်လျှင် “နေမျိုးဇေယျသူရ” ဘွဲ့ကို ရရှိပြီးဖြစ်၍ “အိမ်ရှေ့အတွင်းဝန်-နေမျိုးဇေယျသူရ” အဖြစ်နှင့် “တပ်ကြီး ၃-တပ်၊မြင်း၁၅၀၊ စစ်သည်သူရဲ ၁၅၀၀” ကို အုပ်ချုပ်ကွပ်ကဲ၍ တမူးကြောင်းရှေ့က ချီတက်တိုက်ခိုက်ကြောင်းတွေ့ရသည်။ ဤသည်ကားဦးစ၏ ပထမစစ်ပွဲဖြစ်လေသည်။

သက္ကရာဇ် ၁၁၈၁-ခုနှစ် နယုန်လအတွင်း ဘိုးတော် ဗဒုံမင်းတရားကြီးနတ်ရွာစံ၍ မြေးတော်အိမ်ရှေ့ မင်းနန်းတက်တော်မူလေသည်။ ထိုအခါ အိမ်ရှေ့အတွင်းဝန် “နေမျိုးဇေယျသူရ” ဘွဲ့ခံဦးစကို ကျေးဇူး သစ္စာစောင့်သိသူ အဖြစ်နှင့် “ငွေသပြာ တထောင့်ငါးရာ အဖိုးများစွာထိုက်သော လက်စွပ်တကွင်း” ကိုပေးသနားတော်မူ၍ အတွင်းဝန်အရာ ခန့်ထား ချီးမြှင့်တော်မူလေသည်။ ထိုနှစ် တန်ဆောင်မုန်းလအတွင်း ဘဝရှင် မင်းတရားကြီးသည် ထီးဆောင်းမင်္ဂလာ မဟာဥကင်သ ဖွင့်တော်မူလေသည်။ “သီရိပဝရ သုဓမ္မ မဟာရာဇာဓိရာဇာ” ဟူသော တံဆိပ်-နာမံတော်ကိုလည်းခံယူတော်မူ လေသည်။ ထိုအခါ “လက်ဝဲတော် တော်နေရာနေ အတွင်းဝန် နေမျိုးဇေယျသူရကို “သီရိမဟာဇေယျသူရ”ဘွဲ့ ဖြင့် ထပ်ဆင့်ချီးမြှင့်တော်မူပြန်သည်။ သက္ကရာဇ် ၁၁၈၅-ခုနှစ်တွင် ဦးစသည် မိမိ၏ လက်ရုံးရည်အစွမ်းကို ထင်ရှားစေနိုင်ပြန်သည့် အမှုအခင်းတစ်ခု ထပ်မံပေါ်ပေါက်လာလေသည်။ ထိုအမှုအခင်းမှာ အခြားမဟုတ်။ လက်နက်နိုင်ငံတော်ဖြစ်သော ဓညဝတီ ရခိုင်ပြည်နယ် ရှင်မဖြူကျွန်းတွင် စစ်တကောင်း-ကုလားတို့က အလံစိုက်မှုမှစ၍ အင်္ဂလိပ်နှင့် မြန်မာတို့ ပထမအကြိမ် စစ်မက်ဖြစ်ပွားရခြင်း အကြောင်းဖြစ်ပေသည်။ “ရှင်မဖြူကျွန်း” အရေးပေါ်ပေါက်လျှင် ပေါ်ပေါက်ချင်း အလုံဝန်ကြီး မင်းကြီး-မဟာဗန္ဓုလအား “သတိုး“ ဘွဲ့တပ်၍ ပေးတော်မူပြီးလျှင် ဓညဝတီကြောင်း ကွပ်ကဲ အုပ်ချုပ် ချီတက်စေတော်မူ၏။ ထိုအခါ ဦးစအားလည်း “မင်းကြီးမဟာသူရ” ဘွဲ့နှင့် လက်ဝဲ-စစ်ကဲခန့်၍ ရှေ့ဦးချီနှင့်တော်မူစေသည်။


( တင်နိုင်တိုး၏ ကုန်းဘောင်နွယ် စာပေမျိုးဆက် စာအုပ်တွင် ပွဲစားကြီး ဦးဖြိုး၊ ဒေါ်သာလိတို့၏ သမီး ခင်စောနှင့် စုံဖက်ရာ သားတစ်ဦး၊ သမီးနှစ်ဦး ဖွားမြင်သည်ဟု ပါရှိသည်။ သား ဦးမောင်ကလေးသည် ကင်းဝန်ဦးကြွယ်ဝ၏ သမီး ဒေါ်ခင်ငြိမ်းနှင့် စုံဖက်ကာ သားမောင်မြကြီး၊ သမီးခင်နှင်းဦးနှင့် သား မောင်မြသီး(ခေါ်) ငှက်တွင်းဆရာတော် လောင်းလျာတို့ကို ဖွားမြင်ခဲ့သည်။ မြဝတီမင်းကြီး၏ နှမအရင်း ဒေါ်လုံမမှာမူ Mr.White ဆိုသူ နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ကျကာ သမီး မဖြူကို ဖွားမြင်ခဲ့၏။ မဖြူသည် ဦးစံကိုင်နှင့် လက်ဆက်ကာ သမီး ခင်ဦးဇွန်းကို ဖွားမြင်ပါသည်။ )

သက္ကရာဇ် ၁၁၈၆-ခုနှစ် ကဆုန်လအတွင်း တပ်ဦးချုပ် အတွင်းဝန် မင်းကြီးမဟာသီဟသူရသည် ရှေ့ချီ-သောင်းတပ်မှူးအဖြစ်နှင့်ပင် အင်္ဂလိပ်တို့နှင့် ရှေးဦးစွာ “ဂေါတော့ပလ္လင်” တွင် ဆိုင်ပြိုင် တိုက်ခိုက်ရလေ သည်။ အင်္ဂလိပ်တို့ မရပ် မခံနိုင် ကိုယ်လွတ်ထွက်ပြေးကြရ၏။ ထိုတွင် တစ်ရက်ရပ်ဆိုင်းပြီး တပ်ဦးချုပ် အတွင်းဝန်မင်းကြီး မဟာသီဟသူရပင် ရှေးဦးချီတက်၍ ပန်းဝါသို့ ဆိုက်ရောက်ပြန်လျှင် ဒုတိယအကြိမ် အင်္ဂလိပ်တို့နှင့် ဆိုင်ပြိုင်တိုက်ခိုက်ရပြန်ရာ အင်္ဂလိပ်တို့မခံနိုင်၍ ထွက်ပြေးရပြန်သည်။ အကြီးပြုသူ အင်္ဂလိပ်ဗိုလ်နှင့် စစ်ဗာရီကုလား အများလည်းသေဆုံးသည်။ သုံ့ပန်းအများနှင့် လက်နက်-သေနတ် အများကိုလည်းရလိုက်၏။ ထိုပန်းဝါ-အောင်တပ်တွင် “မင်းကြီး မဟာသီဟသူရ” ဘွဲ့ခံဦးစသည် အဖြီးအခိုင် တပ်တည်လုပ်၍ အောင်ပွဲသဘင်ခံလေသည်။ အမိန့်တော်မြတ်အတိုင်းလည်း ၄-လမျှရပ်တန့်နေ၏။ နောက် ရွှေဖဝါးတော်အောက်သို့ ပြန်လည်ဆိုက်ရောက်လျှင် “ဝန်ကြီး” ခန့်ထားခြင်း ခံရ၍ တိုင်းရေး ပြည်မှုများကို ကြည့်ရှု စီရင်ရလေသည်။ သို့ရာတွင် မြန်မာတို့က ရခိုင်ပွဲဦး၌ ဦးစ၏ လက်ရုံးရည် နှလုံးရည်ဖြင့် အနိုင်ရလိုက်ငြားသော်လည်း ကံမကောင်း အကြောင်းမလှ၍ နောက်ဆုံး “ရန္တပို” အရပ်၌ စာချုပ် ချုပ်ဆိုပြီးလျှင် အရှုံးနှင့် နိဂုံးချုပ်လိုက်ရလေသည်။

ဘကြီးတော်မင်းတရားလက်ထက် နောက်ပိုင်းခေတ်ကာလနှင့်သာယာဝတီမင်း လက်ထက် ရှေ့ဦး-ခေတ်ကာလတွင် တိုင်းပြည်ကြီး တဖြည်းဖြည်း လှုပ်ရှားလာရပုံ၊ ထိုသို့ တိုင်းပြည် လှုပ်ရှားခိုက် ဝန်ကြီး “မဟာသီဟသူရ” ဘွဲ့ခံဦးစအား ကြမ္မာဂြိုဟ်ဆိုးက မည်မျှ အငြိုးကြီးခဲ့ပုံတို့မှာ အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။ ထိုအထူး စိတ်ဝင်စားဖွယ် ကောင်းလှသော အကြောင်းအရာ အဖြစ်အပျက်တို့ကို အထူးစိတ်ဝင်စားဖွယ်ရာပင် ရေးသားထားရှိသည့် သက္ကရာဇ် ၁၉၄၇-ခုနှစ်ထုတ် “ရှုမဝ မဂ္ဂဇင်း” အတွဲ-၁၊ အမှတ်-၄ လာ ဆရာဇေယျ၏ “ထောင်တွင်းကသီချင်းသံ” ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြလိုက်ပါအံ့။ ထိုမှစ၍ ဘကြီးတော်ဘုရားသည် တိုင်းရေး ပြည်မှုတို့ကို တဖြည်းဖြည်း လျစ်လျူရှုတော်မူ၍ နိုင်ငံတော် အုပ်ချုပ်ရေးအာဏာများသည် မိဖုရားခေါင်ကြီး နန်းမတော်-မယ်နုနှင့် မောင်တော် စလင်းမင်းသားကြီး မောင်အိုတို့ လက်သို့ အထင်အရှား ရောက်သွားရာ ဘကြီးတော်ဘုရားကို လက်ကိုင်ထားသော စလင်း-မင်းသားကြီး မောင်အိုတို့လူစုက တစ်ဖက် ညီတော် သာယာဝတီမင်းသားကတစ်ဖက် အာဏာလုပွဲ ဖြစ်ရာမှ စလင်းမင်းသားကြီးမောင်အိုတို့ အကြံအောင်တော့မလိုလို ရှိနေခိုက်တွင် ညီတော်သာယာဝတီမင်းသားသည် နေပြည်တော် အင်းဝမှ ရွှေဘိုမြို့သို့ထွက်၍ ခုခံရာတိုင်းပြည်လူထုအင်အားသည် သာယာဝတီမင်းဘက်သို့ ညွှတ်သည်ဖြစ်သောကြောင့် မျက်နှာချင်းဆိုင်လေရာ အရေးရှုံးနိမ့်၍ နောက်ဆုံးတွင် ဘကြီးတော်ဘုရားနန်းမှဆင်း၍ သာယာဝတီမင်းအားနန်းလွှဲရလေသည်။

ထိုအခါ သာယာဝတီမင်းသားက ငါတို့ညီတော် နောင်တော်သည် အချင်းချင်းအမျက်မရှိ။နောင်တော် သည်လည်း ငါ့အား သားတော်တမျှ ချစ်မြတ်နိုးတော်မူသည်။ ငါသည်နောင်တော်အား ခမည်းတော်ကဲ့သို့ အမှတ်ထားသည်။ နောင်တော်၏ကျေးဇူးကို ငါသည် ဘဝဆက်တိုင်း ဆက်ဆပ်၍မကုန်နိုင်။ သို့ပါလျက် နန်းမတော်-မယ်နု၊မင်းသားကြီးမောင်အို တို့သည် ငါ့နောင်တော်၏ ကျေးဇူးသစ္စာတော်ကိုမထောက်။ ငါတို့ညီတော် နောင်တော် အကြားတွင် လည်ဆယ် လုပ်ကြံကြခြင်းဖြစ်သည်။ “ဝန်ကြီးငစ” နှင့် အပေါင်းပါမှူးမတ်တို့သည်လည်း ငါတို့ကျေးဇူးသစ္စာတော်ကို ထောက်မြှော်သင့်ပါလျက် မထောက် မထားရန် သူကိုအားပေးပြုသည်။ သင်းတို့တစုကို ငါသတ်ထိုက်ပြီ။ သို့သော်ငါသည် ဘုရားဆုကိုပန်သည်ဖြစ်သော ကြောင့် ကြီးလှစွာသော သည်းခံခြင်းကိုပြုမည်။ သင်းတို့တစုအား ထောင်တွင်သာ အကျဉ်းထားပါတော့- ဟု အမိန့်တော်ချမှတ်တော်မူ၍ ဝန်ကြီးဦးစမှာ ကိုယ့်အရှင်၏ ကျေးဇူးသစ္စာတော်ကို စောင့်သိလျက် လက်ရုံးရည် နှလုံးရည်ဖြင့် ဦးလည်မသုန် ထမ်းရွက်ခဲ့၍ နိုင်ငံတော်တွင် အမြင့်ဆုံးဖြစ်သော လွှတ်တော်ဝန်ကြီးအရာနှင့် “မဟာ” ဘွဲ့ကို ခံယူရသော်လည်း နိုင်ငံရေးအလှည့်မသင့် သဖြင့် ကြီးစွာသော ပုန်ကန်မှု ရာဇဝတ်တော်ကြီး သင့်၍ သူခိုး-ဒမြတို့နှင့် အတူထောင်တွင် အကျဉ်းကျခံနေရလေသည်။

ဤသို့ သာယာဝတီမင်းက အကြောင်းကြောင်းကို ထောက်ထား၍ အသက်ဆုံးရှုံးစေ စီရင်သင့်လျက်မစီရင်မပဲ ထောင်တွင်သာထားရာ မင်းသားကြီးမောင်အိုတို့အပေါင်းပါလူတသိုက်သည် လက်မလျော့သေးပဲ ဘကြီးတော်ဘုရားကို ပြန်၍နန်းတင်မည်ဟူသော အကြံဖြင့် ထောင်တွင်းမှပင်စီစဉ်၍ သက္ကရာဇ် ၁၂၀၁-ခုနှစ် တပေါင်းလတွင် စလင်း-မင်းသား၏လူများဖြစ်သော ရွှေထား-မင်းသား အခေါ်ခံ ငဝင်းငယ်၊ ဗိုလ်ငခန်းကျော်၊ဗိုလ်ငရွှေမောင်တို့က ခေါင်းဆောင်၍ လူတထောင့်ငါးရာနှင့် မတ္တရာ-ကျော်စဉ်က စ၍ သူပုန်ထစေလေသည်။ သို့သော် ထိုအကြံလည်း အထမမြောက်၍ ဝန်ကြီး-ဦးစနှင့် အတူ အမရပူရမြို့တွင်ချုပ်ထားသော စလင်းမင်းသားကြီး မောင်အို၊ မယား၊သမီး၊ အတွင်းဝန်-ငပါရောက်၊ မြို့လတ်ဝန်-ငရေး၊သံတော်ဆင့် ငရွှေသာ၊ ပုခန်း-ငရံမင်း၊ စာရေးကြီး ငပျို၊တောင်ငူဝန်-ငကူး၊ အဆောင်မြဲ-ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂-ခုနှစ် ကဆုန်လဆန်း ၁၂-ရက်နေ့တွင် အပြစ်နှင့် အညီ ကွပ်မျက်လေသည်။

အကယ်၍ ထိုအချိန်၌ ဝန်ကြီးဦးစသည် မူလချုပ်နှောင်ထားရင်းအတိုင်း အမရပူရထောင်တွင် မင်း သားကြီးမောင်အိုတို့နှင့် အတူရှိပါမူ ကွပ်မျက်ရာတွင် ဧကန်ပါပြီးဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့ ယခုဆောင်းပါး အစတွင် တင်ပြခဲ့သော “ကုန်းဘောင်နေမင်း၊ဖုန်းရောင်ဝေရှင်း၊ တောင်ဒီပါထိန်ထိန်လင်း” အစချီသော မဟာဂီတ-ပတ်ပျိုးသံကိုလည်း ကြားကြရမည် မဟုတ်ချေ။သို့သော် ဦးစ၏ကံကား မကုန်သေး။ ပါးကွက်-လက်မရွံ့တို့လက်တွင် အသက်ဆုံးရှုံးရမည့် ကံဇာတာမပါသူဖြစ်သောကြောင့် အမှုဖြစ်ပွားသည့် အချိန်တွင် ဦးစသည် ထောင်ထဲ၌ မရှိတော့ချေ။ မရှိပုံကားဤသို့တည်း၊ စလင်းမင်းသားကြီးနှင့် အပေါင်းပါတို့ကို မကွပ်မျက်မီ ခြောက်လခန့်လောက် သက္ကရာဇ် ၁၂၀၁-ခုနှစ် သီတင်းကျွတ် လပြည့်ကျော် ၁၃-ရက်နေ့ “သူရိယာဝံသာဘိ သီရိပဝရာလင်္ကာရ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု” သာသနာပြု သဲအင်းဆရာတော်ကြီးပြန်လွန်တော်မူရာ အသျှင်မိဖုရားခေါင်ကြီး ကိုယ်တော်တိုင် အလောင်းတော်ကို ဖူးမြော်ရန်စီစဉ်လေသည်။ ထိုအခါ ထုံးစံရှိသည့် အတိုင်း ထွက်တော်မူမည့် လမ်းစဉ်တလျှောက်ကို အကျဉ်းထောင်မှ ထောင်သားတို့သည် ထွက်၍ လမ်းချောအောင် ဖို့လုပ် ပြုပြင်ကြရလေသည်။ လမ်းပြင်သော အကျဉ်းသမားများတွင် ဝန်ကြီးဟောင်း ဦးစလည်းပါဝင် လေသည်။ ထို့နောက် ချိန်းချက်သည့်နေ့တွင် အသျှင်မိဖုရားခေါင်ကြီးဘုရားနှင့် သမီးတော်-စုဘုရားကြီးတို့ ထွက်တော်မူလာရာ ဦးစတို့လမ်းဖို့နေရာသို့ ရောက်သည်တွင် သမီးတော်စုဘုရားကြီးသည် လမ်းဘေးတွင် ပေါက်ပြားတလက်နှင့် တဖားဖားလမ်းဖို့နေသော ဦးစကို မြင်သဖြင့် ရပ်တန့်စေပြီးလျှင် “ဟိုဘက်နားက လမ်းဖို့နေတာ စစ မဟုတ်လား။ ခေါ်စမ်းပါ ခေါ်စမ်းပါ”ဆို၍ အပါးတော်မြဲများကလည်း ဦးစကို သွားရောက်ခေါ်ငင်ရလေသည်။ (သားတော် သမီးတော်များက ဦးစ အား “စစ” ခေါ်ခြင်းဖြင့် ဦးစ အားမည်မျှ ချစ်ခင်ရင်း ရှိကြသည်ကို သိနိုင်ပေသည်။)

ဦးစလည်း သမီးတော်စုဘုရားကြီးရှေ့တော်သို့ရောက်လျှင် မြေပေါ်တွင် ပြားပြားဝပ်လျက် “ကျွန်တော်မျိုးကြီးမှာ အမျက်တော်ရှိသဖြင့် ရာဇဝတ်တော်ပန်းကို ပန်ဆင်နေခဲ့ရသည်မှာ နှစ်နှစ်ကျော်ရှိပါပြီ။ ထောင်တွင်း၌ အကျဉ်းခံသည်မှာ ဒုက္ခကြီးလှကြောင်း” လျှောက်ထားရာ သမီးတော် စုဘုရားကြီးလည်း သနားလှသဖြင့် “စစ က ဖုန်းတော်ဖွဲ့တပုဒ်ရေးပြီး ငရွှေသာကို ပေးလိုက်ပါ။ အခွင့်တော်သာလျှင် ခမည်းတော်အား ကူညီလျှောက်ထားပေးပါမည်” ဟု ကတိပေး၍ မှာကြားခဲ့လေသည်။ ဦးစလည်း ထိုနေ့ည ထောင်သို့ပြန်ရောက်သည်နှင့် တပြိုင်နက် ဖုန်းတော်ဖွဲ့ကိုရေးသားလေသည်။ ဤသို့စီကုံးရေးသားပြီးနောက် သမီးတော်-စုဘုရားကြီး မှာထားခဲ့သည့်အတိုင်း ထောင်အဝှန်းတို့လက် မှတဆင့် ရုပ်သေး-မင်းသားကိုင် “ငရွှေသာ”ကို အပ်လိုက်ရာ ၁၂၀၁-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၃-ရက်နေ့ အနောက်စမုတ်တော် ရုပ်သေးပွဲတွင် သာယာဝတီမင်းနှင့် မိဘုရား သားတော် သမီးတော်တို့ စုံညီ ရှုစားတော်မူခိုက် ဦးရွှေသာက သံနေသံထားနှင့် ဆိုလေသည်။ ထူးခြားလှသောကြောင့် သာယာဝတီမင်းက ဘယ်သူဖွဲ့ဆိုသလဲ အမေးတော်ရှိရာ အနီးတွင် အသင့်စောင့်နေသော သမီးတော် စုဘုရားကြီးက ထောင်မှာ အကျဉ်းထားသော ဝန်ကြီးဟောင်း ငစ ဖွဲ့ဆိုပါသည်။ ယခုလည်း ထောင်တွင် နှစ်နှစ်ကျော်၍ ဒုက္ခရောက်လှပါ ပြီ၊ နှမြောဘို့ကောင်းပါသည် စသည်ဖြင့် လျှောက်ထားသည်တွင် သာယာဝတီမင်းသည် ပညာကို မြတ်နိုး သည်ကတကြောင်း၊ ချစ်လှစွာသော သမီးတော်က လျှောက်ထား တောင်းပန်သည်က တကြောင်းကြောင့် “လွတ်ပါစေ” ဟု အမိန့်တော်ရှိသဖြင့် ညတွင်းချင်းပင် အကျဉ်းမှ လွတ်ရလေသည်။

မြဝတီဝန်ကြီးဟုတွင်ပုံ[ပြင်ဆင်ရန်]

ဘကြီးတော်ဘုရားက ဦးစ၏ ထမ်းရည် ရွက်ရည်အလျောက် “မြဝတီမြို့”စား အသနားတော်မြတ် ခံရခြင်းပင်ဖြစ်ပေ၏။ ထို့ကြောင့်လည်း “မြဝတီဝန်ကြီး-ဦးစ” ဟု ယခုတိုင် ကျော်စော ထင်ရှားလျက်ရှိသည်။ သို့ရာတွင် ရာဇဝင်ကြီးများ၌လည်း မည်သည့်ခုနှစ် သက္ကရာဇ်တွင် မြဝတီမြို့စား အသနားတော်မြတ်ခံရ ကြောင်းနှင့် မပါမရှိ။ အတ္ထုပ္ပတ္တိနှင့် ဆိုင်ရာ အမှတ်အသားများ၌လည်း မလာမရှိ။ ပထမ မြန်မာ-အင်္ဂလိပ်စစ်ပွဲကြီး ငြိမ်းအေးပြီးသည့်နောက် အင်းဝရွှေမြို့တော်သို့ လာရောက် နေထိုင်ကြသော အင်္ဂလိပ်လူမျိုးအရာရှိများအနက် အင်းဝ-ရွှေမြို့တော်တွင် ခုနစ် နှစ်ခန့်မျှ နေထိုင်၍ အမှုတော် ထမ်းရွက်သွားရသူ ကာနယ်ဘားနေး၏ အမှတ်အသား တခုတည်းတွင်သာ ဦးစအား မြဝတီဝန်ကြီး ခန့်ထား သူကောင်းပြုတော်မူကြောင်း တွေ့ရသည်။ ကာနယ်-ဘားနေးကား မြဝတီဝန်ကြီး ဦးစနှင့်လည်း အလွန်ခင်မင် ရင်းနှီးသူ တယောက်ဖြစ်သည့်အလျောက် သူ့မှတ်ချက် စာတမ်းအရ ဦးစသည် မြဝတီဝန်ကြီးအဖြစ်ကို (အင်္ဂလိပ်) သက္ကရာဇ် ၁၈၃၀-ပြည့်နှစ်၊ (မြန်မာ) သက္ကရာဇ် ၁၁၉၂-ခုနှစ်တွင် ခံယူရရှိခြင်းပင်ဖြစ်သည်။

မြဝတီမင်းကြီး၏စိတ်နေသဘောထား[ပြင်ဆင်ရန်]

မြဝတီမင်းကြီး ဦးစ၏ စိတ်နေသဘောထား ပညာဗဟုသုတများအကြောင်းနှင့်ပတ်သက်၍လည်း ကာနယ်ဘားနေး၏ မှတ်ချက် စာတမ်းကိုပင် ကိုးကားသင့်သေးသည်ထင်ပါသည်။ “သက္ကရာဇ် ၁၈၃၀၊ဇွန်လ ၃၀-ရက်နေ့။ ။ ကျွန်ုပ်သည် မြန်မာမှူးမတ်များနှင့် ထမင်းစားပွဲ တည်ခင်းကျင်းပသည်။ ကျွန်ုပ်သည် အားလုံးသော မှူးမတ်များနှင့် သင့်မြတ်ခဲ့သည်။ မောင်စက ကျွန်ုပ်အား ခေါ်၍ မြစ်တဖက်ကမ်းကို လက်ညှိုးထိုးပြပြီးလျှင် ယခုအခါ ပျက်စီး ယိုယွင်းလျက်နေသော နေရာသည် တခါတုန်းက လူနေ အိမ်ခြေများစွာနှင့် စည်ကားသော နေရာဖြစ်ကြောင်း၊ ဤကဲ့သို့ ပျက်စီးယိုယွင်းရခြင်းမှာ မကြာခင်က တိုက်ခိုက်ရသော စစ်ပွဲကြောင့်ဖြစ်ကြောင်း၊ နောင်အခါတွင် ဆင်းရဲသား ကျွန်တော်မျိုးများအား သနားသဖြင့် စစ်ပွဲမဖြစ်လိုကြောင်း၊ မဖြစ်သင့်ကြောင်းများကိုပြောဆိုသည်။ မောင်စသည် အလွန်စိတ်နေ သဘောထားကြီးမားသောသူဖြစ်သည်။ မောင်စသည် နာဂရီ ဘာသာကိုရေးတတ်၍ ဟိန္ဒူစတန်နီ စကားကိုလည်း အတန်ငယ်ပြောတတ်သည်။ ၎င်းနောက် ကျွန်ုပ်အား ခရစ်ယန်ဘုရားရှိခိုးဆုတောင်းသီချင်းမှ နှစ်ပိုဒ် သုံးပိုဒ်လောက် ကိုသီဆို၍ ပြသည်။ ကျွန်ုပ်မှာ အလွန်အံ့ဩမိသည်။ သူသည် စာဖြူခရစ်ယာန်များထံမှ ထိုသီချင်းကို သင်ယူထားဟန်တူသည်။ မောင်စသည် ကသည်းလူမျိုးတို့၏ စကားကိုလည်း အနည်းငယ် တတ်ကျွမ်းသေးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ထို့နောက်တွင်မူကား မြဝတီမင်းကြီး ဦးစအား သာယာဝတီမင်း လက်ထက်တွင် ထပ်မံ သူကောင်းပြုသည်ဟု မကြားရတော့ချေ။ မင်းမှုထမ်း အလုပ်မှ လွတ်ကင်း၍ ဆင်းရဲသားအဖြစ် အေးအေးပင် နေသည်ဟု ထင်ဖွယ်ရှိပေသည်။ ပုဂံမင်း လက်ထက်တွင် မြင်းမူရွာကို စားရသည်ဟူ၍ ၎င်း၊ မင်းတုန်းမင်း အထွတ်အမြတ်သို့ ရောက်စတွင် ဝန်ကြီး-ဦးစအား အမှုတော် ထမ်းနိုင်ပါမည်လော-ဟုအမေးတော်ရှိရာ ထမ်းနိုင်ပါကြောင်းလျှောက်ထား၍ ထမ်းရွက်ရကြောင်း အမှတ်အသားများ ရှိပေသည်။ ၎င်းမင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၂၁၅-ခုနှစ် ဝါခေါင်လဆန်း ၁-ရက်နေ့တွင် ထီးသုံး နန်းသုံး မြန်မာ့ယဉ်ကျေးမှု ကဗျာဂီတများကို ဖန်တီးခဲ့သော မြဝတီမင်းကြီးသည် အနိစ္စရောက်လေသည်။

ရေးဖွဲ့ခဲ့သမျှ[ပြင်ဆင်ရန်]

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

- သုတ၊မောင်။စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ဇွဲပုံနှိပ်တိုက်၊ ၁၉၆၈။