ရွှေမော်ဓောဘုရား(ပဲခူး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရွှေမော်ဓော စေတီတော်ကြီးမှာ ရှေးအကျဆုံးသော စေတီတော်ဖြစ်သည်။

ရွှေမော်ဓောဘုရား
ကျာ်မုဟ်တ
Shwemawdaw Pagoda, Bago.jpg
ရွှေမော်ဓောဘုရား(ပဲခူး) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေမော်ဓောဘုရား(ပဲခူး)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ ပဲခူးမြို့
ကိုဩဒိနိတ် 17°20′13″N 96°29′49″E / 17.3368744°N 96.496954°E / 17.3368744; 96.496954ကိုဩဒိနိတ်: 17°20′13″N 96°29′49″E / 17.3368744°N 96.496954°E / 17.3368744; 96.496954
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံ မြန်မာနိုင်ငံ
ဗိသုကာ
ပြီးစီး ၁၀ ရာစု

ရွှေမော်ဓောဘုရား([ʃwè mɔ̀dɔ́ pʰəjá]; မွန်: ကျာ်မုဟ်တ [tɕaɪʔmṵtú])သည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဝေါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမောဓောဘုရားသည် ပဲခူး(မွန်ဘာသာဖြင့် ဗဂေါ)မြို့၏ ကျက်သရေဆောင်၊ ပဲခူးနယ်တစ်ဝိုက်တွင် အထင်ရှားဆုံး သာသနိက အဆောက်အအုံ တစ်ခုဖြစ်သည်။ ထိုဘုရားသည် ပဲခူးဒေသ၏ ဘာသာရေး သက်တမ်းတစ်လျှောက်တွင် အဓိကကျသော သာသနိကအမွေနှစ်ဖြစ်ပေသည်။

မူရင်းဘုရားသမိုင်း[ပြင်ဆင်ရန်]

၁၇၉၉ ခုနှစ်က ရွှေမော်ဓောဘုရား

ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆင်တူသည်။ ကုန်သည်ညီနောင်နှစ်ဦး(တဖုဿ နှင့် ဘလိက မဟုတ်ပါ။)က မြတ်စွာဘုရားထံမှ ဆံတော်နှစ်ဆူပင့်ဆောင်လာပြီး ပဲခူးဒေသမှာ စေတီတည်ထား ဌာပနာခဲ့ကြပါသည်။ ဘုရားသမိုင်းသည် အမျိုးမျိုးကွဲပြားနေပေခဲ့သော်လည်း အများအားဖြင့် ဘိုးတော်ဘုရားလက်ထက် (၁၇၈၂-၁၈၁၉)ခုနှစ်(၁၆-၁၇ရာစု) ကို အခြေခံထားပါသည်။ ကုန်သည်ညီနောင်နှစ်ဦးသည် မဟာသလနှင့် စူဠသလ (Maha-sala and Cula-sala)ဟု ဖော်ပြထားသည်။

မူရင်း သမိုင်းရာဇဝင်(Foundation myth)မှာ ဟင်္သာကုန်းဘက်ကိုထိုးဆင်းသွားသော အရှေ့ဘက်စောင်းတန်းမှာ တည်ရှိခဲ့သည့် မွန်နှင့် ပါဠိ ကျောက်စာတွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် ၁၅ ရာစုက တစ်ချိန်တည်းရေးထိုးခဲ့ပါသည်။ Donald M. Stadtner မှ သူ့၏စာတမ်းတွင် ” The earliest myth associated with the Shwemawdaw stems from completely different sources than the current legend. Our sole surviving evidence comes inthe form of two 15th-century inscriptions, one in Mon and the other in Pali,both located along the eastern stairway leading to the promontory of the Hintha Kone.” ရေးခဲ့ပါသည်။ မွန်ကျောက်စာမှာ ဂဝမ္ပတိက ကုသိနာရုံ(Kusinagara)မှ ဗုဒ္ဓအံတော်(tooth relic)တစ်ဆူကို သထုံပြည်သို့ ပင့်ဆောင်လာခဲ့ပါသည်။ ထို အံတော်ဟာ အလိုအလျောက် ၃၃ ဆူပွားလာခဲ့ပြီး သထုံဘုရင်သည် ထိုအံတော်များဖြင့် ဌာပနာပြီး စေတီ ၃၃ ဆူ တည်ခဲ့သည်။ နောက်ပိုင်းမှာ အံတော် ၃၃ ဆူကို နေရာဌာနအသီးသီးကို ပြောင်းရွှေ့ တည်ထားကိုးကွယ်ကြသည်ဟု မွန် နှင့် ပါဠိ ကျောက်စာ နှစ်ခုလုံးမှာ ဆိုထားပါသည်။ ထို ၃၃ ဆူထဲမှ တစ်ဆူသည် Madhavaဟု ပါဠိကျောက်စာမှာ ဖော်ပြထားပါသည်။ Mudhava ဟု ကလျာဏီကျောက်စာမှာ တွေ့ရှိရသည်။ နောက်ပိုင်းမှာMau Tau(မုဟ်တ´) မွန်ဘာသာဖြင့်ခေါ်ဆိုလာကြသည်။ ထိုမှတဆင့် မွန်ခရိုနစ်ကယ်(Mon chronicle) မှာ “Mohtau Pagoda” or “Muhtau Pagoda” ဟု ရေးသားဖော်ပြရာမှ ရွှေမောဓေါလို့ အမည်တွင်လာခဲ့သည်။

၁၉၃၀ ခုနှစ် မှ ရွှေမော်ဓော စေတီတော်

မွန်လူမျိုးတွေ တည်ထားကိုးကွယ်ခဲ့သော စေတီတော်များအထဲမှ ရွှေတိဂုံစေတီတော်၊ ရွှေမောဓောစေတီတော်နှင့် ကျိုက်လမိုင်း(လမိုင်းဘုရား)တို့သည် အခြားစေတီတော်တို့ထက် ထူးခြားထင်ရှားပါသည်။ ထိုစေတီ ၃ ဆူသည် အခြေခံအားဖြင့် ပုံစံတူညီကြသည်။ သို့သော် မတူညီသည့်အချက်ကား ရွှေတိဂုံစေတီသည် ထိုစေတီ သုံးဆူ တွင် သပ္ပါယ်ဆုံး၊ ရွှေမောဓောစေတီသည် အမြင့်ဆုံး၊ ကျိုက်လမိုင်းသည် ထုအကြီးဆုံးဖြစ်သည်။ ရွှေမောဓောစေတီကို မွန်ဘာသာဖြင့် ကျာ်မုဟ်တ´(ကျိုက်မုတူး)ဟုခေါ်ဆိုကြခြင်းမှာ ရှေးအခါက မွန်အဖိုးကြီးများသည် ဆေးတံကို သောက်ကြသည်။ အဖိုးကြီး တစ်ယောက်သည် ဉာဏ်တော်မြင့်သော စေတီတော်၏ စိန်ဖူးတော်ကို ဖူးမြော်ရန် မော့ပြီးကြည့်သောအခါ ဆေးတံမှ ကျလာသောမီးပွားက သူ၏ နှာခေါင်းကို ထိပြီး ပူသောကြောင့် ကျာ်မုဟ်တ´(ကျိုက်-ဘုရား+ မုဟ်-နှာခေါင်း+တ´-လောင်သည်)ဟု ယနေ့ထိ အချို့သောမွန်လူမျိုးများက ခေါ်ဆိုနေကြဆဲပင်ဖြစ်သည်။ [၁]

တည်သည့်နှစ်[ပြင်ဆင်ရန်]

ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟု၎င်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟု၎င်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု ၎င်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယကာ ဓမ္မစေတီမင်းတို့ ၈၂၄ ခုနှစ်တွင် ထိုးခဲ့သော မော်ဓောသမိုင်း ပါဠိကျောက်စာအရမူ သထုံမင်း စူဠသီရိမာသောကသည် သာသနာနှစ် ၂၃၇ ခုလောက်တွင် ဘုရားရှင်၏ သွားတော်ဓာတ်ကို ဌာပနာကာ ရွှေမော်ဓော ဂန္ဓကုဋိတိုက်ကို ရှေးဦးစွာတည်ကြောင်း ထင်ရှားသည်။


ထိုတိုက်စေတီကို မဝေါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။ ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ် မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥေယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆၀၈၊ ၆၉၇၊ ရ၇၅၊ ၈၄၃၊ ၉၃၁၊ ၁၀၀၄၊ ၁၀၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈၀၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃၀၊ ၁၆၀၃၊ ၁၇၀၅၊ ၁၈၁၃၊ ၁၈၃၀၊ ၁၈၉၂ ခုနှစ်များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ မင်းအဆက်ဆက်တို့ ပြန်လည်တင်ပေးရလေသည်။ သက္ကရာဇ် ရ၅၈ ခုနှစ်တွင် နောက် ၂၃ ကြိမ်မြောက် ပြိုပြန်လေသည်။

ရွှေမော်ဓောဘုရား သမိုင်း[ပြင်ဆင်ရန်]

မော်ဓောသမိုင်း ပါဠိကျောက်စာ၌ ပါရှိသည့် ရွှေမော်ဓောဘုရားသမိုင်း- မြတ်စွာဘုရားသခင်သည် ဝါတော် ရှစ်ဝါအရ အဉ္စနခုနှစ် ၁၁၁-ခုတွင် မိတ္ထီလာပြည်သို့ ကြွတော်မူ၏။ ဘုရားသခင်နှင့် အတူပါလာသော အရှင်ဂဝမ္ပတိ မဟာထေရ်သည် မိတ္ထီလာပြည်မှ ဖယ်ခွာခဲ့၍ သထုံပြည့်ရှင် မဟာသိရိမာသောကမင်းထံ ကြွရောက်ပြီးလျှင် တရားစကားဖြင့် ဆုံးမကံမြစ်၏။ သိရိမာသောကမင်းသည် တရားတော်ကို နာကြားရသောအခါ တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသည့် ဘုရားသခင်အား ဖူးမြင်လိုသည့် ဆန္ဒဖြစ်၍ ဂဝမ္ပတိမထေရ်အား ဘုရားသခင်ကို ပင့်ပေးရန် တောင်းပန်လေသည်။ ဂဝမ္ပတိမထေရ်သည် မိတ္ထီလာပြည်သို့ ပြန်၍ ဘုရားသခင်အား အလုံးစုံ လျှောက်ကြားသောအခါ ဘုရားသခင်သည် ရဟန္တာနှစ်သောင်းနှင့်အတူ သထုံပြည် မဟာသီရိမာသောကမင်းထံ ကြွလာကာ တရားရေအေး တိုက်ကျွေးတော်မူလေသည်။ ကြွလာပြီးနောက် ခုနစ်ရက်လွန်မြောက်၍ သထုံပြည်မှ ပြန်ကြွတော်မူမည်ရှိသော် တရားနာလျက်ရှိသော ရသေ့ခြောက်ပါးက ဘုရားသခင်ကိုယ်စား ကော်ရော်ဖွယ်ရာ ထားခဲ့ရန် တောင်းပန်ကြသောအခါ ဘုရားသခင်က ဆံတော်ခြောက်ဆူကို ပေးတော်မူလေသည်။ မဟာသိရိမာသောကမင်းကလည်း ကိုးကွယ်ဖွယ်ရာဆံတော်မြတ်ကို တောင်းသည်အခါ ဘုရားသခင်က ဆံတော်ဓာတ်ကို မပေးဘဲ၊ မလ္လာမင်း၏ အင်ကြင်းတော်တွင် ပရိနိဗ္ဗာန်ပြုသည့်အခါ စန္ဒကူးထင်းပုံထက်၍ တင်၍ ဖုတ်ကြည်းကြကုန်လတ္တံ့။ ထိုအခါ ငါ၏ အဓိဋ္ဌာန်ဖြင့် ၃၃ ချောင်းသော သွားတော်ဓာတ်ကို စန္ဒကူး ထင်းပုံထက်မှ ထုတ်၍ ဂဝမ္ပတိရဟန်းသည် ဆောင်ခဲ့လတ္တံ့။ ထိုဓာတ်ကို သင်မင်းကြီး ကော်ရော်ကြရကုန်လတ္တံ့ဟု မိန့်တော်မူလေသည်။


ဘုရားသခင် ပရိနိဗ္ဗာန်စံ၍ စန္ဒကူးထင်းပုံထက်တင်ကာ ဖုတ်ကြည်းသောအခါ အဓိဋ္ဌာန်တော်ကြောင့် သွားတော်ဓာတ်ကို ဂဝမ္မတိမထေရ်သည် ပင့်ဆောင်၍ သထုံပြည်ရှင် မဟာသိရိမာ သောကမင်းအား ပေးလေသည်။ မင်းကြီးသည် ၃၃ ဆူသော သွားတော်ဓာတ်ကို ၃၃ ဆူသော ကျောက်စေတီငယ်ပြုစေ၍ ကိုးကွယ်လေသည်။ မဟာသိရိမာသောကမင်း လွန်သော် နှစ်ပေါင်း ၅ဝ ခန့်လောက်သာ ထိုကျောက်စေတီများကို ကော်ရော်သူများ ရှိ၍ နောက်အနှစ် ၂ဝဝ ခန့် ပစ်ပယ်ထားခြင်း ခံရသဖြင့် စေတီများသည် တောအတိ ဖုံးလွှမ်းသွားလေသည်။ သာသနာနှစ် ၂၃၆ ခုတွင် သထုံပြည်သို့ သာသနာပြုကြွလာကြသော အရှင်သောဏနှင့် ဥတ္တရမထေရ်နှစ်ပါး၏ ထုတ်ဖော်ချက်အရ သထုံပြည်ရှင် စူဠသိရိမာသောကမင်းသည် ၃၃ ဆူသော ကျောက်စေတီငယ် တို့မှ ၃၃ ဆူသော သွားတော်ဓာတ်တို့ကို ထုတ်၍ နေပြည်တော်မှ အရှေ့မြောက်မျက်နှာ၌ မဝေးလွန်းမနီးလွန်းသော နေရာတွင် ၃၃ ခုသော ရွှေတိုက်တို့ကို ပြုစေ၍ ၃၃ ဆူသော သွားတော်ဓာတ်တို့ကို ရွှေကြုတ်တို့၌ ထည့်ကာ ရွှေအိုး ၃၃ လုံးဖြင့် ပိတ်၍ ရွှေတိုက်သွင်း၍ ပူဇော်သည်။ ထို့နောက် စူဠသိရိမာ သောကမင်းသည် ဤသို့ အဓိဋ္ဌာန် ပြု၏။ ဤဓာတ်တော်တို့သည် ဘုရားသခင်၏ ဓာတ်တော်တို့ အမှန်စင်စစ် ဖြစ်ငြားအံ့၊ ထိုဓာတ်တော် တို့သည် သတ္တဝါတို့၏ စီးပွားချမ်းသာအလို့ငှာ ထိုက်သည့်အရပ်၌ ရွှေအိုးနှင့်တကွ တည်စေကုန်သတည်း။ယင်းသို့ အဓိဋ္ဌာန်ပြုပြီးသည်၏ အခြားမဲ့၌ သွားတော်ဓာတ် ၃၃ ဆူသည် ရွှေအိုးနှင့်တကွ ရွှေတိုက်၌ ကွယ်၍ ထိုထိုအရပ်တို့၌ တည်ကြကုန်၏။

  1. ဟံသာဝတီမြို့၏ အနောက် မျက်နှာ၌ တည်သော စေတီကို ရှေးသူဟောင်းတို့သည် မဝေစေတီ၊ တစ်နည်း မော်ဓောဟု ခေါ်ဝေါ်ကြသည်။ နောက်လူတို့မူကား ထိုအတူ မဆိုမူ၍ မဟ်တဝ်ဟု ခေါ်ဝေါ်ကြကုန်၏။
  2. သထုံမြို့ဟောင်းမှ ကေလာသစေတီ၊
  3. သထုံမြို့သစ်မှ ရွှေစာရံစေတီ၊
  4. ဇုတ်သုတ်မြို့မှ ဇုတ်သုတ်စေတီ၊
  5. ယပ်မားမြို့မှ ကျိုက်ယပ်မား
  6. စစ်တောင်းမြို့မှ ကျိုက်ကလံဗန်၊
  7. ဘီးလင်းနယ် စရစ်မြို့မှ ကျိုက်စရစ်၊
  8. သလွန်မြို့မှ ကျိုက်သလွန်၊
  9. သူရဲမြို့မှ ကျိုက်သူရဲ၊
  10. ကျောက်မော်မြို့မှ ကျိုက်တလင်၊
  11. ကျောက်ပြာမြို့မှ ကျိုက်ဗောထွတ်၊
  12. ကောလိယမြို့မှ ကျိုက်မုခလ၊
  13. မောရဉ္စယမြို့မှ ကျိုက်မုပွန်၊
  14. ဒင်မဲမြို့မှ ကျိုက်ခွက်၊
  15. အခရိန်မြို့မှ ကျိုက်နုတ်၊
  16. ကမော့နွတ်မြို့မှ ကျိုက်မုခိုင်၊
  17. ဇုတ်ကနုတ်မြို့မှ ကျိုက်ဇုတ်ကနုတ်၊
  18. မော်လမြိုင်မြို့မှ ကျိုက်သံလန်၊
  19. ဘီလူးကျွန်း ခမောင်နတ်မြို့မှ ကျိုက်မူးနန်း၊
  20. ဇာသပြင်မြို့မှ ကျိုက်ပိုင်ကြု၊
  21. မုတ္တမမြို့မှ ကျိုက်တမော(မြသိန်းတန်ဘုရား)၊
  22. ကျိုက်ငေါ်မြို့မှ ကျိုက်ငေါ်၊
  23. ကျိုက်ကာမြို့မှ ကျိုက်ကာ၊
  24. ကျိုက်ရိုမြို့မှ ကျိက်ရို၊
  25. တင်စီမြို့မှ ကျိုက်တင်စီ၊
  26. မုပ္ပလင်မြို့မှ ကျိုက်သလုံ၊
  27. ဘီးလင်းမြို့မှ သောဏုတ္တရ၊
  28. မိုးညက်မြို့မှ ကျိုက်မိုးညက်၊
  29. မိုနိုင်မြို့မှ ကျိုက်မိုးနိုင်၊
  30. ကျိုက်ထိုမြို့မှ ကျိုက်ထို၊
  31. မုက္ကဒူးမြို့မှ ကျိုက်ကဒူး၊
  32. ကျိုက်ကော်မြို့မှ ကျိုက်ကော်၊
  33. ရွှေဂွန်းမြို့မှ လေခလစ် စသောစေတီများသည် ကျန်သွားတော် ၃၂ ဆူတည်သော ဘုရားများဖြစ်ကြသည်။


မဝေါမြို့သို့ ဘုရားသခင်၏သွားတော်ဓာတ်တစ်ဆူ ရောက်သွားသည်ကို စူဠသိရိမာသောကမင်း သိလတ်သော် အနုမမည်သော အမတ်အား လွှတ်၍ တိုက်စေတီတစ်ဆူ တည်စေသည်။ အနုမအမတ်သည် သွားတော်ဓာတ်တည်ရာရွှေအိုးကို ဆင်ပေါ်၌ တင်၍ တိုက်စေတီတည်ထိုက်သော အရပ်တွင် ဆင်ဝပ်ပါစေသတည်းဟု အဓိဋ္ဌာန်ပြုကာ ဆင်ကို လွှတ်သော် ထိုဆင်သည် ဟင်္သာကုန်းတန်းမှ ဆင်း၍ အနောက်ဘက် မြင်းသီတကုန်းသို့ တက်ပြီးလျှင် ဝပ်လေ၏။ ထိုကုန်းကို ညှိပြီးလျှင် အမြင့်ရှစ် တောင်၊ အလျားအတောင် ၅ဝ၊ အနံ ၂၅ တောင်ရှိသော ခုံတုံးကို အုတ်ရင်ပြင်ပေါ်၌ တင်ပြီးမှ ယင်းအပေါ်၌ အလျား အတောင် ၄ဝ၊ အနံအတောင် ၂ဝ၊ အမြင့် ရှစ်တောင်ရှိသော တိုက်စေတီကို ပြသာဒ်နှင့်တကွ ပြု၏။ ပလ္လင်၌ ဘီလူးရုပ်ထုထားသော ဘီလူးရန်နိုင် ဗုဒ္ဓရုပ်ပွားကိုလည်း သွားတော်ဓာတ် ထည့်ရာ ရွှေအိုးနှင့်အတူ တိုက်စေတီတွင်ထား၍ ပူဇော်သည်။ ထိုတိုက်စေတီကို မဝေါစေတီဟု သမုတ်ပြီးသော် သာသနာနှစ် ၂၃၈ ခုနှစ်တွင် ရေစက်ချ လှူဒါန်းသည်။


ယင်းသို့ တည်ပြီးနောက် မော်ဓောစေတီသည် ငလျင် အကြိမ်ကြိမ်မိ၍ ပြိုကျရာ အကြိမ်ကြိမ် ပြန်တည်ခဲ့ရသည်။ ရှင်ဥယျဓမ္မ၏ ရွှေမော်ဓောသမိုင်းနှင့် သထုံရာဇဝင်အဆိုအရ သာသနာနှစ် ၃၄၇၊ ၄၅၄၊ ၅၃၂၊ ၅၆၆၊ ၆ဝ၈၊ ၆၉၇၊ ၇၇၅၊ ၈၄၃၊ ၉၃၁၊ ၁ဝဝ၄၊ ၁ဝ၇၁၊ ၁၁၅၉၊ ၁၁၉၆၊ ၁၂၈ဝ၊ ၁၃၅၇၊ ၁၄၁၉၊ ၁၅၃ဝ၊ ၁၆ဝ၃၊ ၁၇ဝ၅၊ ၁၈၁၃၊ ၁၈၃ဝ၊ ၁၈၉၂ ခုနှစ် များတွင် ၂၂ ကြိမ်တိုင်တိုင် ငလျင်ကြောင့် မော်ဓောတိုက်စေတီ ပြိုလေရာ၊ မင်းအဆက်ဆက်တို့ ပြန်လည်တည်ပေးရလေသည်။ သာသနာနှစ် ၁၈၉၂ ခုတွင် လှုပ်သော ငလျင်ကြီးကြောင့် မြင်းသီတကုန်းပေါ်ရှိ မော်ဓောတိုက်စေတီ အပါအဝင် စေတီ ၁၆ ဆူတို့သည် ပြုပြင်၍မရအောင် ပျက်စီးခဲရာ၊ ဟံသာဝတီ ပြည့်ရှင် ဗညားဦးသည် သာသနာနှစ် ၁၈၉၄ ခုတွင် မြင်းသီတ ကုန်း ဘုရား ၁၆ ဆူမှ ဓာတ်တော်ရုပ်ပွားတော်များကို တစ်ခု မကျန် ထုတ်နုတ်ပြီးလျှင် ပျက်ပြိုနေသော စေတီများ၏အကြား တွင် မြေဖြည့်၍ ပထမရင်ပြင်ရင်တော်မှ ကိုးတောင်အမြင့်၌ ရင်ပြင်သစ်ခင်းပြီးလျှင် အလယ်တွင် တစ်ဆူတည်းသော သင်တိုင်းစေတီကို တည်လေသည်။ ဘုရားသခင်၏ သွားတော် ဓာတ်နှင့် ရုပ်ပွားစေတီအဟောင်းအသစ်များကို ဌာပနာလျက် မော်ဓောစေတီဟု အမည်ဟောင်းအတိုင်း ပြန်လည်သမုတ် တော်မူသည်။ စေတီ၏ဉာဏ်တော် ၅၅ တောင်မြင့်လေသည်။ တိုက်စေတီ ဘဝက ၂၇ တောင်သာ မြင့်၏။ သာသနာနှစ် ၁၈၉၆ ခု သက္ကရာဇ် ၇၁၄ ခုနှစ်တွင် ရွှေချ ထီးတင်သည်။ သက္ကရာဇ် ၇၅၈ ခုနှစ်တွင် ငလျင်ကြောင့် ၂၃ ကြိမ် မြောက် မော်ဓောစေတီပြိုပြန်လေသည်။ ထိုအခါ ရာဇာဓိရာဇ် ဘုရင်သည် ခမည်းတော် ဗညားဦး၏ ၅၅ တောင်မြင့်သော မော်ဓောစေတီကို ငယ်သေးသည်ဟု တစ်ဆူလုံးပယ်၍ အတောင် ၇ဝ မြင့်သော စေတီအသစ်ကို တည်သည်။ သက္ကရာဇ် ၇၅၉ ခုနှစ် နတ်တော် လဆန်း ၅ ရက်နေ့တွင် မော်ဓောရှင်အသစ် အုတ်ရိုးတည် ရွှေချထီးတင်သော ကိစ္စများ ပြီးမြောက်သည်။ မော်ဓောစေတီသစ် ပန်းတင်ခုံများ၌ သက်စေ့ စေတီရံ ၄၈ ဆူ တည်တော်မူသည်။ ရှေးဌာပနာများကို ဌာပနာ အသစ်များနှင့်တကွ ပြန်၍ သွင်းတော်မူလေသည်။ ၈၁၄ ခုနှစ်တွင် ရှင်စောပုနန်းတက်သည်။ ၈၁၉ ခုနှစ် တွင် မော်ဓောစေတီသည် ခေါင်းလောင်းပုံအဆုံး ထိ ငလျင် ကြောင့် ၂၄ ကြိမ်မြောက် ပြိုပျက်လေသည်။ စေတီပျက်ကို ပထမ ပစ္စယာအရင်းထိ ပယ်လိုက်ပြီးလျှင် ကျန်ပန်းတင်ခုံများ ကို ဖြို၍ အမြင့်အတောင် ၁၅ဝ ရှိသော မော်ဓောစေတီသစ်ကို သားမက်တော် ဓမ္မစေတီမင်းနှင့် သက္ကရာဇ် ၈၂ဝ တွင် ပြန် တည်ရာ ၈၂၄ ခုနှစ်၌ အောင်မြင်ပြီးစီးသည်။ ဘီလူးရန်နိုင် ဗုဒ္ဓရုပ်ပွားကို ပျက်စီးမည်စိုး၍ မြောက်ဘက်ပန်းတင်ခုံအတွင်း သွင်းကာ ဌာပနာတော်မူသည်။ ထိုရုပ်ပွားရှိရာကို သိစေရန် ခေါင်းလောင်းပုံထိပ် မြောက်အရပ်တည့်တည့် ပန်းဆွဲတွင် ဘီလူးရုပ်ထည့်၍ သွင်းစေသည်။ သီဟိုဠ်မှ ဘုရားဆံတော် တစ်ဆူကိုလည်း မော်ဓောစေတီအရှေ့တောင်မှ ဖောက်၍ ထည့်ကာ ဌာပနာသည်ဟု ဓမ္မစေတီအတ္ထုပ္ပတ္တိ၌ ဆိုသည်။ ထိုခေတ်တွင် ရွှေမော်ဓောစေတီသည် မြန်မာတစ်ပြည်လုံးတွင် ဉာဏ်တော် အမြင့်ဆုံး သင်တိုင်းစေတီ ဖြစ်လာလေသည်။ သက္ကရာဇ် ၉၂၆ ခုနှစ် သီတင်းကျွတ်လဆန်း ၂ ရက်နေ့ တွင် ငလျင်ကြီးစွာ လှုပ်ပြန်ရာ မော်ဓောစေတီသည် ဟင်းရံဖူး အရင်းနားထိ ပြိုလေသည်။ ယင်းလဆန်း ၃ ရက်နေ့တွင် လှုပ် ပြန်ရာ လည်ပေါ်မှသည် အောက်ဆုံးဖောင်းရစ်အထိ ပြိုပြန် သည်။ ယင်းလဆန်း ၄ ရက်နေ့တွင် ငလျင်လှုပ်ပြန်ရာ ခေါင်း လောင်းပုံ နှစ်ခြမ်းကွဲ၍ အရှေ့တောင်နှ့င် အရှေ့မြောက်ဘက်သို့ ပြိုကျလေသည်။ ဤကား ၂၅ ကြိမ်မြောက် မော်ဓောစေတီ ပြိုခြင်း ဖြစ်သည်။ ဤကား ၂၅ ကြိမ်မြောက် မော်ဓောစေတီ ပြိုခြင်း ဖြစ်သည်။ ယင်းသို့ ပြိုလေသည်ကို ဘုရင့်နောင်မင်း တရားကြီးသည် ဗညားအိန္ဒ၊ ဗညားပရံ၊ တရဖျား၊ တာနေန္တ ဘယသင်္ကြံတို့ကို ရွှေမော်ဓောစေတီပြင်ရန် ခန့်တော်မူသည်။ ဓမ္မစေတီမင်း၏ စေတီဟောင်း ပုံတော်အတိုင်း ဉာဏ်တော် အတောင် ၁၅ဝ ပင် ပြန်လည်တည်စေသည်။ ပန်းတင်ခုံတွင် သာ ၁၄ တောင် ဖွင့်တည်စေ သည်။ ၉၂၇ ခုနှစ် ဒုတိယ ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် စတင်တည်သည်။ကောင်းမှု တော် မဟာစေတီအရှေ့ မနုရာမာချောင်းနား အုတ်ဖိုများမှ အုတ်ကို မော်ဓောဘုရားတိုင်အောင် လမ်းတဖက်တချက် လူများနေ၍ လက်ဆင့်ကမ်းရသည်။ မင်းတရားကြီးသည် ရွှေ ထည့်စရာ စားတော်ခေါ်သော အဆောင်အယောင် မင်းခမ်း မင်းနားတို့ကို ဖျက်၍ ရွှေကိုယ်လေးတော် ၅၃ ပိသာ လှူတော် မူသည်။ သားတော်သိင်္ဃဒတ္တကိုယ်လေး ရွှေ ၂ဝ ပိသာ ရွှေမော် ဓောဘုရားတွင် ရွှေထည့်စရာ လှူတော်မူသည်။ သက်တော်စေ့ စေတီရံ ၅၂ ဆူလည်း လုပ်တော်မူသည်။ ရင်ပြင်တော်ကို ဓမ္မ စေတီမင်းရင်ပြင်အထက် တစ်ပေနှစ်လက်မ မြှင့်တင်သည်။ မဟာရံတံတိုင်းလည်း ဆောက်တော်မူသည်။ ၉၂၉ ခုနှစ် နယုန် လပြည့်ကျော် ၂ ရက်နေ့တွင် မော်ဓောစေတီနှင့်တကွ စေတီရံ ၅၂ ဆူကို ထီးများတင်တော်မူသည်။ ဆင်တော်မူသော မကိုဋ် တော်ကိုလည်း မော်ဓောရှင်အား လှူတော်မူသည်။


၉၃၂ ခုနှစ် ကဆုန်လတွင် မော်ဓောစေတီ၏ ဟင်းရံဖူး ငလျင်ကြောင့် ၂၆ ကြိမ်မြောက် ပြိုခဲ့သည်ကို သီတင်းကျွတ် လပြည့်ကျော် ၂ ရက်နေ့ ပြန်လုပ်ရသည်။ ယင်းနှစ် တန်ခူး လပြည့်နေ့တွင် အလုံးစုံပြီး၍ ထီးသစ်တင်တော်မူသည်။ ၉၄၄ ခုနှစ် သီတင်းကျွတ်လတွင် ငလျင်ကြီးလှုပ်သောကြောင့် မော်ဓောစေတီ ၂၇ ကြိမ်မြောက် ပြိုပြန်သည်။ ခေါင်းလောင်းပုံ အထိ ပျက်စီးသည်ကို ဘုရင့်နောင်သားတော်ကြီး နန္ဒဘုရင်က တဖြည်းဖြည်း ပြန်တည်ရာ ၉၅ဝ ပြည့်နှစ် ဝါဆိုလဆန်း ၁၁ ရက်နေ့တွင် ထီးတော်အသစ်တင်နိုင်တော်မူသည်။ ၉၆ဝ ပြည့် နှစ်တွင် ဟံသာဝတီနေပြည်တော်ကို ရခိုင်မင်းတပ်များက မီး တိုက်ရာ တစ်မြို့လုံး မီးဟုန်းဟုန်းတောက်ကာ မောဓောစေတီ ကို မှိုင်းစွဲလေသဖြင့် စေတီတော်၏ ရွှေသင်္ကန်းရောင်သည် အိုးမည်းသုတ်ထားသကဲ့သို့ မတင့်မတယ်ဖြစ်ရလေသည်။ သို့ရာ တွင် နိုင်ငံတော်အတွင်း စစ်မက်အရေးရှုပ်ထွေးနေသဖြင့် စေတီ တော်အား မပြုပြင်နိုင်ဘဲရှိခဲ့ရာ၊ ၉၅ ခုနှစ် တပေါင်းလတွင်မှ အနောက်ဖက်လွန်မင်းက ကိုယ်လုံးပြည့် ရွှေသင်္ကန်း ကပ်တော် မူသဖြင့် ၁၅ နှစ်တိုင် ညှိုးနွမ်းခဲ့သော မော်ဓောရှင်သည် ရွှေ ရောင်တဝင်းဝင်းနှင့် တင့်တယ်တော်မူလာလေသည်။ ၉၉၅ ခုနှစ်တွင် သာလွန်မင်းတရားကြီးက တစ်ဖန် ဖိနပ်တော်မှ ဟင်းရံဖူးအဆုံး ရွှေချတော်မူပြန်သည်။


သက္ကရာဇ် ၁ဝဝ၆ ခုနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် ငလျင်ကြီး ပြင်းစွာလှုပ်၍ ရွှေမော်ဓောစေတီ ၂၈ ကြိမ်မြောက် ပြိုပျက်ရပြန်သည်။ ဒုတိယဖောင်းရစ်ထိ ပြိုလေသည်ကို သာလွန်မင်းတရားကြီးပင် ပြန်လည် တည်ဆောက်၍ ထီးတော်အသစ် တင်လှူတော်မူသည်။


သက္ကရာဇ် ၁၁၃ဝ ပြည့်နှစ် ပြာသိုလပြည့်ကျော် ၅ ရက် နေ့တွင် ဆင်ဖြူရှင် မြေဒူးမင်းလက်ထက် ငလျင်ကြီးစွာ လှုပ်၍ မော်ဓောရှင် သပိတ်မှောက်တိုင်အောင် ၂၉ ကြိမ်မြောက် ပြိုပျက်ပြန်သည်။ ဆင်ဖြူရှင် မင်းသည် မော်ဓောရှင်ကို မပြင်နိုင်မီ နတ်ရွာစံလေသည်။ စဉ့်ကူးမင်းလည်း စေတီပြင်ရန် အထ မမြောက်ဘဲ ဘိုးတော်ဘုရားလက်ထက်ကျမှ ပြုပြင်ဖြစ်သည်။ ၁၁၄၈ ခုနှစ်တွင် မော်ဓောရှင်ကို စတင်ပြုပြင်ရာ ၁၁၅၁ ၁၁၅၁ ခုနှစ်တွင် ထီးတော်အောင်မြင်စွာ တင်ပြီးသည်။ စေတီတော် အမြင့် ၁၉၈ တောင် နှစ်မိုက်၊ ထီငှက်မြတ်နား ရောင် လျှံထိပ်ထိ အမြင့် ၂၂၃ တောင်နှစ်မိုက် ဖြစ်သည်။ စေတီတော်ကြီး၌ ဌာပနာတိုက်ပေါင်း ၁၄၅ တိုက် ပြုသည်။ ရွှေသွန်းဆင်းတု ၃၆ ဆူ၊ ရွှေခတ်ဆင်းတု ၁၆၈၊ ငွေသွန်းဆင်းတု ၃၅၄၁၊ ငွေခတ်ဆင်းတု ၃၇၅၁၊ ခဲဆင်းတု ၁၉၃၆၁၊ နံ့သာဆင်းတု ၃ဝ၊ ကျောက်ဆင်းတု ၈၃၂၉၊ မြေဆင်းတု ၁၅၇၊ ဖန်ဆင်းတု ခုနစ်၊ ပန်းပေါင်းဆင်းတု နှစ်၊ ဆင်စွယ်ဆင်းတု ၁၄၊ ပယင်းဆင်းတု ၁ဝ၆၊ မြဆင်းတု တစ်၊ မိုးကြိုးဆင်းတု နှစ်၊ သစ်ဆင်းတု ၃၄၊ ကရမက်ဆင်းတု ခြောက်၊ ပြဒါးသေဆင်းတု ခြောက်၊ ကြေး ဆင်းတု ၁၉၈၃၊ ကျောက်စိမ်းဆင်းတု ကိုး၊ ရွှေအုတ်ချပ် ၂၅၊ ငွေအုတ်ချပ် ၂၅၊ ဖန်အုတ်ချပ် ၁ဝ၊ ခဲအုတ်ချပ် ၅၆၂၊ ကြေးအုတ် ၄၃၆၊ အင်္ဂတေအုတ် ၈၂၉၊ သန္တာ ၃၇ လုံး၊ ရာဇူကျောက် ၇၁၉ လုံး၊ ရွှေလက်စွပ် ၅၂ ကွင်း၊ ငွေလက်စွပ် ၃၂၄ ကွင်း၊ ဘုရားနှင့် ရဟန္တာ ဓာတ်တော် ၁၁၂၄၁ ဆူတို့ကို ဌာပနာသည်။ ရင်ပြင်တော်ကို နှစ်ပေလေးလက်မ မြှင့်၍ ခင်းသည်။ ဘိုးတော်မင်းတရား၏ ရင်ပြင်သည် စေတီတော်၏ ပဉ္စမရင်ပြင် ဖြစ်သည်။ ရင်ပြင်ပေါ်၌ ပရိဘောဂတိုက်နှင့် ပဋ္ဌာန်း စရပ်သာထားရာ ရင်ပြင်တော် ကျယ်ပြန့်ရှင်းလင်းသည်။


မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် စေတီ တော်ကို စောင့်ရှောက်လှူဒါန်းမည့် မင်းများ မရှိတော့သော် လည်း ပြည်သူပြည်သား ရှင်လူအများက တတ်အားသမျှ လှူဒါန်းပူဇော်ခဲ့သည်။ ၁၂၃၇ ခုနှစ်တွင် ပဲခူးမြို့စစ်ကဲ ဦးမောင်ကလေး ခေါင်းဆောင်၍ ငှက်မြတ်နားအသစ်တင်ပွဲ ကျင်းပခဲ့ သည်။ ၁၂၄၄ ခုနှစ်တွင် ဘိုးတော်ဘုရား၏ ထီးကို ချ၍ ကန္တာရဝတီစော်ဘွားကြီး စဝ်လဖော် သခင်နှင့် သခင်မ နှစ်ပါး တို့၏ ထီးတော်သစ်ကို တင်လှူခဲ့ကြသည်။ ၁၂၇၄ ခုနှစ် တပို့တွဲလဆုတ် ၁၄ ရက်နေ့တွင် မြေငလျင်ကြီး လှုပ်ပြန်ရာ အကြိမ် ၃ဝ မြောက် မော်ဓောရှင် ပျက်ရပြန်သည်။ ထီးတော် သံတိုင်ကျိုး၍ ငှက်မြတ်နားနှင့် စိန်ဖူး သည် ပထမကြေးဝိုင်း သို့ရောက်အောင် ဈာန်သက်မြေခခဲ့လေသည်။ ၁၂၇၆ ခုနှစ် ဦးတန်ခူး လပြည့်ကျော် ၈ ရက်နေ့တွင် တိုင်းသူပြည်သား ရှင်လူအများ၏ ကောင်းမှု ငှက်မြတ်နား စိန်ဖူးတော်အသစ်ကို မော်ဓောရှင်အား တင်လှူကြသည်။


၁၂၇၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် တစ်ဖန် ငလျင်ကြီးစွာ လှုပ်ပြန်ရာ မော်ဓောရှင်၏ တတိယဖောင်းရစ်မှ အထက်ပိုင်းသည် အရှေ့အရပ် ရင်ပြင်ပေါ်သို့ ၃၁ ကြိမ်မြောက် ပြိုပျက်ကျခဲ့သည်။ ၁၂၈၅ ခုနှစ်တွင် ပြည်သူပြည်သား ရှင်လူ အများတို့ စုပေါင်းဆောင်ရွက်မှုကြောင့် ဘိုးတော်မင်းတရား၏ စေတီအချိုးအတိုင်း တတိယဖောင်းရစ်မှ ပြန်တည်လာပြီးလျှင် ငှက်ပျောဖူးကျမှ လေးတောင်တိုး တည်လိုက် သောကြောင့် ၂ဝ၂ တောင် နှစ်မိုက်မြင့်သော မော်ဓောရှင်အသစ် အောင်မြင် စွာ တည်ဆောက်ပြီးခဲ့သည်။


၁၂၉၂ ခုနှစ် ကဆုန်လဆန်း ၉ ရက်နေ့တွင် ငလျင်ကြီး စွာ လှုပ်ပြန်ရာ ၃၂ ကြိမ်မြောက် မော်ဓောရှင် ပြိုပျက်ရပြန် သည်။ စေတီတော်၏ အရှေ့တောင်ထောင့် ရင်ပြင်ပေါ်သို့ ခေါင်းလောင်းပုံတစ်ခြမ်းထိအောင် ပြိုပျက်ခဲ့ရာ ထိုနှစ်မှစ၍ မော်ဓောရှင် ပြန်တည်ရေးအတွက် ဘုရားဘဏ္ဍာတော်ထိန်း ဂေါပကလူကြီးများအား ထုတ်ခဲ့သော်လည်း အကြောင်းအမျိုး မျိုးကြောင့် မအောင်မြင်ခဲ့ချေ။။ ဒုတိယကမ္ဘာစစ်ကာလ ၁၃ဝ၄ ခုနှစ်မှ ၁၃ဝ၇ ခုနှစ်အတွင်း ရွှေမော်ဓောစေတီကို ဖြစ်သလို ပြန်လည်တည်မည်ဟု သဏ္ဍာတော်ထိန်းလူကြီး ၁၉ ဦးနှင့် မြို့မိမြို့ဖ ရှင်လူအပေါင်း ဆုံးဖြတ်ကြပြီးလျှင် စေတီတော်ကြီ၏ အင်္ဂါရပ်မျက်နှာမှ စ၍ အုတ်ရိုးစီခဲ့ကြသည်။ သို့သော် ဗိလတ်မြေ ရှားပါးလှသောကြောင့် တည်ဆောက်ရေးလုပ်ငန်း မတွင်ကျယ်ချေ။ ၁၃ဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံကို ဂျပန်လက်မှ ဗြိတိသျ ပြန်အသိမ်းတွင် တည်ဆောက်ရေး ခေတ္တ ရပ်ဆိုင်းထားရသည်။

၁၃ဝ၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်နေ့တွင် မြန်မာ နိုင်ငံ လွတ်လပ်ရေးရပြီးနောက် ထိုနှစ် တပို့တွဲလဆန်း ၁၄ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက် ကိုယ်တိုင် ရွှေမော်ဓောစေတီ ပြန်လည်တည်ဆောက်ရန် ပန္နက်သဲ ချပေးသည်။ သို့ရာတွင် အကြောင်းမညီညွတ်သဖြင့် သုံးနှစ်ကျော်မျှ လုပ်ငန်းအကောင်အထည်မပေါ် ဖြစ်ခဲ့ရသည်။ ထိုနောက် ၁၃၁၃ ခုနှစ် ဦးတန်ခူး လဆန်း ၁၄ ရက်နေ့တွင် စေတီတော်သစ် အုတ်မြစ်ကို ရင်ပြင်တော် အနောက်မျက်နှာ အရုဏ်ခံတံဆောင်း၏ တောင်ဘက်အနီး၌ ထိုစဉ်က ဝန်ကြီး ချုပ် ဦးနု ချပေးလေသည်။ ၁၃၁၃ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက်နေ့မှစ၍ သံရိုးကျောက်ကျစ် အင်္ဂတေကို ရင်ပြင်တော်အောက် ၁၃ ပေခွဲထိ အနက်တူး၍ ချသည်။ စေတီ တော်၏ ဌာပနာများကို စံနစ်တကျ တူးဖော်ကာ ပြတိုက် ထူထောင်၍ စုဆောင်းပြသထားသည်။ ၁၃၁၅ ခုနှစ် နတ်တော် လပြည့်ကျော် ၉ ရက်နေ့တွင် စေတီတော် သံထည်အုတ်ထည် အပြီးတိုင် အောင်မြင်သည်။ ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ ကျောက်၊ ဆင်စွယ်၊ သစ်သား ဗုဒ္ဓရုပ်ပွား အသစ်အဟောင်းပေါင်း ၂ဝဝဝဝ ကျော်ကို ခေါင်းလောင်းပုံအတွင်း ဌာပနာသွင်သည်။ ၁၃၁၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၈ ရက်နေ့မှစ၍ ရွှေချ ငွေ ထီးတော် ငါးဘုံနှင့် ရွှေရေစိမ် ငွေဆည်းလည်း လုံးရေ ၁၂ဝ ကို စက်ရထားပျံနှင့် လေးရက်တိုင်တိုင် တင်သည်။ နှောင်း တန်ခူးလဆန်း ၁၂ ရက်နေ့တွင် ရွှေကွပ် ငွေဆတ်သွားဖူးကို တင်၍ လဆန်း ၁၃ ရက်နေ့တွင် ငှက်မြတ်နားနှင့် စိန်ဖူးကို အောင်မြင်စွာ တင်ပြီးသည်။ ထီးတော်မှစ၍ စိန်ဖူးတင် အခမ်း အနားကို ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးဘဦး အမှူးရှိသော ဝန်ကြီးများက ကြီးမှူးဆောင်ရွက်ကြသည်။ ဤ ၃၃ ကြိမ်မြောက် အသစ်ပြန်လည် တည်ဆောက်သော မြန်မာ့ လွတ်လပ်ရေးခေတ် ရွှေမော်ဓောစေတီသည် ဉာဏ်တော် ၃၇၃ ပေ ကိုးလက်မ မြင့်လေသည်။


ရွှေမော်ဓော ဘုရားသည် ငလျင်လှုပ်သော မြေကြောပေါ်တွင် တည်ခဲ့သဖြင့် ၃၂ ကြိမ်တိုင်တိုင် ပြိုပျက်ခဲ့သောကြောင့် မြန်မာ့လွတ်လပ်ရေးခေတ် ရွှေမော်ဓော ပြန်လည်တည်ဆောက်ရေးအဖွဲ့က ငလျင်ဒဏ်မခံနိုင်သော အုတ်ရိုးသတ်သတ်စေတီမျိုးကို မတည်ဘဲ သံရိုးခံကျောက်ကျစ်အင်္ဂတေနှင့် အုတ်ရိုးဖက်စပ်၍ တည်ခဲ့သည်။

ရွှေမော်ဓော စေတီတော်ကို မင်းအဆက်ဆက်တို့သည် အထူးအမြတ် လေးစားကိုးကွယ်ခဲ့ကြသည်။ ဟံသာဝတီ ဗညားဦး၏ သားတော်ဗညားနွဲ့သည် ရာဇာဓိရာဇ်ဘွဲ့နှင့် ဘိသိက်ခံပြီးနောက် မော်ဓောရှင်သို့ တက်၍ ခမည်းတော်၏အမွေဖြစ်သော မကိုဋ်ကို ဘီလူးရန်နိုင် ဗုဒ္ဓရုပ်ပွားမှတစ်ဆင့် မော်ဓောရှင်သို့ လှူသည်။ စစ်ချီစစ်တက် ပြုမည့်အခါလည်း မော်ဓောဘုရား၌ ရှိခိုးဆုတောင်းသည်။ တောင်ငူဘုရင် တပင်ရွှေထီးသည် မြန်မာတစ်နိုင်ငံလုံးကို စည်းရုံးခြင်းမပြုမီ ဇေယသတ္တရုမြင်းကို စီး၍ မြင်းတပ်ရဲဘော် ၃ဝဝ နှင့် ရွှေမော်ဓောသို့ တောင်ငူမှလာပြီးလျှင် ဘီလူးရန်နိုင် ရုပ်ပွားဌာပနာသော မြောက်အရပ် အရုဏ်ခံ တန်ဆောင်းတွင် နားထွင်းမင်္ဂလာ ပြုသည်။ စစ်ရေး နိုင်ငံရေး၌သာမဟုတ်၊ မော်ဓောရှင်သည် အချစ်ရေးအတွက်လည်း တိုင်တည် ဖွဲ့နွဲ့ခံခဲ့ရသည်။ ဘုရင့်နောင်၏ တူတော် ပဉ္စသီဟက ဘုရင့်နောင်သမီးတော် စိုးမင်းမြတ်လှအားပေးသော နဝဒေးကြီး စပ်ဆိုသည့် ဟံသာဝတီ ရွှေမော်ဓောသို့ ပဉ္စသီဟတိုင်ရတု၊ နတ်ရှင်နောင်က ရာဇဓာတုကလျာအား ပေးသော မော်ဓောရှင်တိုင်ရတုတို့ကား ထင်ရှားရှိနေသည်။

ရွှေမော်ဓော ဘုရားပွဲတော်ကို နှစ်စဉ်တန်ခူးလတွင် ကျင်းပြုလုပ်ရာ အထူးပင် စည်းကားသည်။ [၂]

အထင်ကရနေရာ[ပြင်ဆင်ရန်]

ကမ္ဗောဇသာဒီနန်းတော်

လိပ်ပြာကန်

ကိုးကား[ပြင်ဆင်ရန်]

  1. THE LOST LEGEND OF THE SHWEMAWDAW, PAGODA [Donald M. Stadtner (Walnut Creek, California, USA)] ; From the paper of conference Discovery of Ramanya Desa: History, Identity, Culture, Language and Performing Arts
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁ စာမျက်နှာ ၄၅ဝ – ၄၅၅

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]