ဘော်ကြိုဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဘော်ကြိုဘုရား
ဘော်ကြိုမုဋ္ဌောစေတီတော်
Bawgyo Pagoda, Hsipaw.jpg
ဘော်ကြိုဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဘော်ကြိုဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ် 22°35′02.28″N 97°14′03.64″E / 22.5839667°N 97.2343444°E / 22.5839667; 97.2343444ကိုဩဒိနိတ်: 22°35′02.28″N 97°14′03.64″E / 22.5839667°N 97.2343444°E / 22.5839667; 97.2343444
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
Municipality သီပေါမြို့နယ်
ပြည်နယ် ရှမ်းပြည်နယ်
နိုင်ငံ မြန်မာနိုင်ငံ

ရှေးကမွေတော်ဟူ၍၎င်း၊၊ မုဋ္ဌောဟူ၍၎င်း ခေါ်ဆိုပြီးလျှင် ယခု ဘော်ကြိုဘုရားဟု ခေါ်တွင်နေသော စေတီသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်သီပေါမြို့နယ်တွင် ပါဝင်သော ဘော်ကြိုရွာကြီး(ဘော်ကြိုရွာဟောင်း)၌ တည်ရှိသည်။ ဘော်ကြိုရွာသည် သီပေါနှင့် ကျောက်မဲအကြားတွင် ရှိ၍၊ မန္တလေး-လားရှိုး မီးရထားလမ်းနှင့် မော်တော်ကားလမ်းသည် ဘော်ကြိုရွာကြီးကို ဖြတ်သန်းသွားသည်။ မီးရထားလမ်းအားဖြင့် ၁၄ မိုင်ခန့် ကွာဝေး၍ ဘော်ကြိုဘုရားပွဲတော်အခါတွင် သွားရေးလာရေး အဆင်ပြေပေသည်။ ဘော်ကြိုစေတီသည် ဘော်ကြိုရွာ၏ အနောက်ဘက်တွင် တည်ရှိသည်။

မြန်မာနိုင်ငံတွင် ထင်ပေါ်ကျော်ကြားသည့် တန်ခိုးကြီး ဘုရားများအနက် ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဋ္ဌောစေတီတော်လည်း အပါအဝင်ဖြစ်သည်။ စေတီတော်မုခ်ရှိ ဆင်းတုတော်များ၏ ဘွဲ့တော်အမည်များမှာ -

  • အရှေ့ဘက်မုခ်တွင် ရတနာမာရ်အောင်၊
  • တောင်ဘက်မုခ်တွင် ရတနာဉာဏ်အောင်၊
  • အနောက်ဘက်မုခ်တွင် ရတနာဈာန်အောင်၊
  • မြောက်ဘက်မုခ်တွင် ရတနာရန်အောင် ဟု ဘွဲ့အမည် ရှိပါသည်။ ဆင်းတုတော်များ၏ ဉာဏ်တော်အတိုင်းအတာ အဖြစ် ၃'မှ ၄'ခွဲခန့် ရှိပြီး ရုပ်ပွားတော်များ၏ အောက်ခြေတွင် မြန်မာသက္ကရာဇ် (၅၃၆)ခုနှစ်ဟူ၍ ကမ္ပည်းရေးထိုးထားသဖြင့် ပုဂံခေတ်လက်ရာ ဆင်းတုတော်များ ဖြစ်ကြောင်း သိရသည်။

မုခ်လေးဘက်တွင် စံပါယ်တော်မူသည့် ထိုင်တော်မူ ဆင်းတုတော်များ၏ ဒါယကာမှာ ဂြီတြိဘုဝနာဒိတျာ ပဝရ ဓမ္မရာဇာ ဘွဲ့ခံ ပုဂံပြည့်ရှင် နရပတိစည်သူမင်း (အေဒီ - ၁၁၆၅-၁၂၁၁) ပင် ဖြစ်သည်။ မင်းကြီးသည် စကား (၉)ပိုင်းမှ ဘုရားရုပ်ပွား ဆင်းတုတော် (၁၂)ဆူကို ထုလုပ်၍ လှူဒါန်းမှု ပြုရာတွင် ဤ ဘော်ကြိုမုဋ္ဌော ဆင်းတုတော် (၄)ဆူလည်း အပါအဝင် ဖြစ်သည်။ သမိုင်းမှတ်တမ်းအရ ကျန်ဆင်းတုတော် (၈)ဆူ တည်ရှိရာ ဒေသများမှာ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာတွင် တစ်ဆူ၊ သိန္နီမြို့နယ်၊ ဟိုမိန်းရွာတွင် တစ်ဆူ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမံစံမြို့နယ်၊ ကျိုင်းလင်းရွာတွင် တစ်ဆူနှင့် မိုင်ကိုင်မြို့တွင် တစ်ဆူ ဖြစ်ကြောင်း သိရသည်။ [၁]


သမိုင်း[ပြင်ဆင်ရန်]

စေတီ၏ သမိုင်းအဆိုမှာ သီရိဓမ္မာသောက မင်းတရားကြီး လက်ထက် ကိုးတိုင်းကိုးဌာနသို့ ဗုဒ္ဓသာသနာ ပျံ့နှံ့စေရန် သာသနာပြုစေလွှတ်ရာ ထိုအရပ်ဒေသသို့လည်း သာသနာပြု မထေရ်တစ်ပါး ရောက်ရှိလာသည်။ ထိုမထေရ်သည် ဂေါတမဘုရား အလောင်း ဝက်မင်း ဖြစ်စဉ်က ကျက်စားပျော်ပါးခဲ့ရာ ဖြစ်သော ဝက်လူးအိုင်နေရာ၊ နမ္မတူမြစ်ကမ်းဘေးတွင် သရီယ ဓာတ်တော် မွေတော်များကို ဌာပနာ၍ စေတီတော် တည်ထားပြီးသော် မုဋ္ဌောစေတီဟု ဘွဲ့တော်သခဲ့သည်ဟု ဆိုလေသည်။ အထက်တွင် ဆိုခဲ့သော မုဋ္ဌောစေတီကို ဘော်ကြိုရွာအနီး၌ တည်ရှိသဖြင့် နောင်အခါ ဘော်ကြိုဘုရားဟုလည်း ခေါ်တွင်လာသည်။ ပြုပြင်မွမ်းမံခြင်းကိုလည်းအထပ်ထပ်ပြုခဲ့ကြသည်။ မုဋ္ဌိသဒ္ဒါမှာ လက်တစ်ဆုပ် သုံးပေဟု ပါဠိအဘိဓာန်က ဖွင့်ဆိုသဖြင့် ဉာဏ်တော် သုံးပေခန့်ရှိ ဆင်းတုတော်များ ဌာပနာထားသည့် စေတီတော်ဟု မှတ်ယူနိုင်ပါသည်။ ထိုဒေသခံ ရှမ်းလူမျိုးများ အဆိုအရ စေတီတော်တည်ထားသည့်နေရာသည် ဘုရားလောင်းနုစဉ်ဘဝ ဝက်ဖြူမင်း ဖြစ်စဉ်က နေထိုင်ကျက်စားခဲ့ရာနေရာ၌ တည်ထားသည်ဟု ယုံကြည်ကြသည်။


စင်စစ် ဘော်ကြိုဘုရားဟု ခေါ်ဝေါ်ထိုက်သော စေတီမှာ ရှင်မွန်လှ၊ သို့မဟုတ် စောမွန်လှစေတီသာလျှင် ဖြစ်သည်ဟု ဆိုကြသည်။ ထိုစေတီသည် မုဋ္ဌောစေတီအနီး၌ပင် ရှိသည်။ စောမွန်လှ စေတီသည် စောမွန်လှနှင့် စပ်လျဉ်း၍ တည်ထားခဲ့သော စေတီ ဖြစ်ပေသည်။ အချို့လူတို့၏ အယူအဆမှာ ဘော်ကြိုသည် ပေါ့ကြို ဟူသော ရှမ်းစကားမှ ရွေ့လျောလာခြင်းဖြစ် သည်။ ကြို သည် ကြိုဆိုသည်ကို ဆိုလိုရာ၊ အဘကြိုဆိုသောနေရာဟု ဆိုလိုသည်။ ယင်းသို့ခေါ်ဆိုရသော အကြောင်းရင်းကား ဤသို့တည်း။


ကောဇာ သက္ကရာဇ် ၄ဝဝ ခန့်က ပုဂံပြည့်ရှင် အနော်ရထာမင်းသည် မိုင်းမောပြည်သူ မိဖုရားစောမွန်လှ (ဝါ) ရှင်မွန်လှအား အချို့မောင်းမမိဿံတို့၏ ကုန်းချောချက်ကြောင့် မိဖုရားအရာမှချ၍ မိုင်းမောပြည်သို့ပြန်ပို့သည်။ ထိုအခါ စောမွန်လှ၏ ခမည်းတော် မိုင်းမော စော်ဘွားကြီးသည် မုဋ္ဌောစေတီအနီး၊ ယခုဆားတွင်းရှိသော နေရာမှ သမီးတော်အား လာ၍ကြိုသဖြင့် ထိုနေရာကို ပေါ့ကြို ဟု နောင်အခါ ခေါ်တွင်ခဲ့ကြသည်ဟု ဆိုသည်။ ထိုနေရာတွင် စောမွန်လှသည် ရင်ကွဲနာကျ၍ ကွယ်လွန်သွားလေရာ၊ ခမည်းတော်သည် သမီးတော်အား ရည်စူး၍၊ နမ္မတူမြစ်ကမ်းနဖူး၌ပင် ရုပ်ပွားတော်၊ ဆင်းတုတော်နှင့် သရီယဓာတ်တော်များကို ဌာပနာ၍ စေတီတစ်ဆူ တည်ထားရာ ထိုစေတီကို စောမွန်လှ (ဝါ) ရှင်မွန်လှစေတီဟု ခေါ်ဝေါ်ခဲ့ကြသည်။ စော်ဘွားကြီးသည် အနီးအနား၌လည်း ရွာတည်ပေးခဲ့ရာ၊ စော်ဘွားကြီးက သမီးတော်အား အကြိုလာသော အရပ်ဖြစ်သဖြင့် နောင် အခါ ပေါ့ကြိုရွာဟု ခေါ်ဝေါ်ခဲ့ကြရာမှ ကာလရှည်ကြာသော် ဘော်ကြိုရွာဟု ဖြစ်လာလေသည်။


ရှင်မွန်လှစေတီသည် ဆိုခဲ့သည့်အတိုင်း ဘော်ကြိုရွာ အမည်တွင်ခဲ့သည် အကြောင်းရင်းနှင့် ဆက်စပ်နေသဖြင့် အချို့က ဘော်ကြိုဘုရားဟုသာ၍ ခေါ်သင့်သည်ဟု ဆိုကြခြင်းဖြစ်သည်။ ထိုစေတီသည် ကာလကြာမြင့်သဖြင့်ပျက်စီးယိုယွင်းခဲ့ရာ ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။ သို့သော် ၁၃၂၂ ခုနှစ် ပြာသိုလအတွင်းမှစ၍ မြိုနယ်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ အရာခံများ၊ ရဲ၊ တပ်မတော်နှင့် လူထုတို့တွဲဘက်၍ ပြုပြင်ခဲ့ကြရာ ၁၃၂၃ ခုနှစ်၊ သီတင်းကျွတ်လတွင် ပြီးစီးအောင်မြင်၍ ပွဲလမ်းသဘင် ခြိမ့်⁠ခြိမ့်သဲသဲ ကျင်းပခဲ့လေသည်။

ပြုပြင်ထိန်းသိမ်းခြင်း[ပြင်ဆင်ရန်]

ပထမအကြိမ်အဖြစ် သက္ကရာဇ် (၁၂၉၀ မှ ၁၃၀၀) ပြည့်နှစ်အတွင်း သီပေါစော်ဘွားကြီး စောအုံကြာသည် မန္တလေးတောင် ရသေ့ကြီး ဦးခန္တီနှင့် ပူးပေါင်း၍ မူလစေတီတော်အား ရှေးမူလက်ရာမပျက် ထိန်းသိမ်းခဲ့သည်။ ၎င်းအပြင် ဒုတိယကမ္ဘာစစ်အတွင်း စေတီတော်သည် စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးခဲ့သည်။

ဒုတိယအကြိမ်၊ ခရစ်နှစ် ၁၉၆၇-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၂၈-ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် သီပေါနယ်သူနယ်သားများ၊ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ အုတ်ပြသာဒ် စေတီတော်ကို ထီးတော်တင်လှူခဲ့ကြောင်း သိရသည်။ ပြသာဒ်စေတီတော်၏ အခြေမှ စိန်ဖူးတော်အထိ ဉာဏ်တော် ၁၀၀ ပေ ရှိသည်။ ပရဝုဏ်အတွင်း မြောက်ဘက်အာရုဏ်ခံ တန်စောင်းအနီး စကားပင်ကြီးမှာ ထီးထီးမားမား တည်ရှိနေသည်။ မဟာရံတံတိုင်းပေါ်တွင် တည်ထားသော စေတီငယ်များက တင့်တယ်သော အသရေကို ဆောင်သည်။

ပွဲတော်[ပြင်ဆင်ရန်]

ဘော်ကြိုဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၇)ရက်မှ လပြည့်ကျော် (၁)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ စေတီငယ်တစ်ဆူပင် ဖြစ်လင့်ကစား ရှမ်းပြည်နယ် ဘုရားပွဲများအနက် အကြီးကျယ်ဆုံး အစည်ကားဆုံးဖြစ်၍ မြန်မာနိုင်ငံအရပ်ရပ်၌ ဘော်ကြို ဘုရားပွဲတော်သည် လူသိများပြား ထင်ရှားလှသည်။ ထိုဘုရားပွဲတော်အခါတွင် ရှမ်းပြည်နယ် အရပ်ရပ်မှသာမက၊ မြန်မာပြည်မမှာ ဘုရားဖူးများ၊ ဈေးသည်ကုန်သည်များလည်း လာရောက်ကြ၍ ဘုရားပွဲတော် ဈေးစည်းကားလှသည်။ ပွဲတော်သို့လာရောက်ကြသော ပရိတ်သတ်ဦးရေသည် ၅ သောင်းကျော်ခန့်မျှပင် ရှိတတ်သည်။ အထင်ကရ တန်ခိုးကြီးစေတီမဟုတ်ဘဲ၊ ထိုမျှကြီးကျယ် စည်ကားရသည်မှာ ဘော်ကြိုဘုရားပွဲတော်တွင်၊ ယခင်က ဆိုင်ရာအာဏာပိုင်များသည် လောင်းကစားပွဲများကို အကြီးအကျယ် ကျင်းပနိုင်ရန် ခွင့်ပြုထားခဲ့သောကြောင့်ဖြစ်သည်။ ဘုရားပွဲတော် ကျင်းပသည့် ရက်သတ္တပတ်အတွင်း ဘုရားပွဲသွားများ စရိတ်သက်သာစွာဖြင့် သွားလာနိုင်စေရန် အစိုးရက မီးရထားခနှုန်းများကိုလည်း လျှော့ပေးရသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးမုံ သတင်းစာ၊ မန္တလေး စာမျက်နှာ(၂)၊ ဇန်နဝါရီလ(၁၂)၂၀၁၉
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)