ပန်းထိမ်းမင်းသား အရေးအခင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပန်းထိမ်းမင်းသားသည် အိမ်ရှေ့စံ ကနောင်မင်းသားနှင့် ကိုယ်လုပ်တော် ရှင်ကျေး မှ မွေးဖွားသော သားတော်ကြီးဖြစ်သည်။ မောင်နှမ ငါးဦးရှိသည်။

  1. ပန်းထိမ်း မင်းသား (ငယ်မည်=မောင်ညို)
  2. တောင်ညို မင်းသမီး (မြင်ကွန်းမင်းသား၏ မိဖုရား)
  3. ရန်အောင်မြင် မင်းသမီး
  4. စမ္ပယ်နဂိုရ် မင်းသမီး (ကနောင်မင်းသား၏ အချစ်ဆုံးသမီးတော်)
  5. တိုင်တား မင်းသားတို့ ဖြစ်သည်။

မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းကြောင့် အိမ်ရှေ့စံ ကနောင်မင်းသား ကံတော်ကုန်သည့်နေ့မှာပင် အိမ်ရှေ့အတွင်းဝန် ဦးသင်၏ မြှောက်ပေးမှုကြောင့် ပန်းတိမ်းမင်းသားနှင့် နောက်လိုက်မင်းသားများသည် ရွှေဘို(ရတနာသိင်္ဃ)သို့ ထွက်ခွာသွားကြသည်။ ပန်းတိမ်းမင်းသားသည် ရွှေဘိုမသွားမီ ရတနာပုံရွှေမြို့တော်၏ အနောက်မြောက်ရှိ ကနောင်မင်းသား တည်သောစက်ရုံများသို့သွားရောက်ပြီး ညီတော်ကြေးမြင့်မင်းသား၊ တိုင်တားမင်းသား၊တောင်ပုံမင်းသားတို့ကို စောင့်စား၍ စက်ရုံရှိ အလုပ်သမားများကို စည်းရုံးလေသည်။ နောက်လိုက်နောက်ပါများနှင့် မတ္တရာမှတဆင့် ရွှေဘို(ရတနာသိင်္ဃ)သို့ ထွက်ခွာလေသည်။ ရွှေဘိုမှနေ၍ လက်နက်အင်အား၊ လူအင်အားစုကာ မင်းတုန်းမင်းတရားကြီးအား ပုန်ကန်ရန် ကြံစည်ခြင်းကို ပန်းထိမ်းမင်းသား အရေးအခင်းဟု ခေါ်ဆိုသည်။ ကနောင်မင်းသား၏ သားတော်များ ဖြစ်ကြသော ပန်းတိမ်းမင်းသားနှင့် အတူ ကြေးမြင့်မင်းသား၊ တိုင်တားမင်းသား၊ တောင်ဆင်းမင်းသား၊ တောင်ပုံမင်းသား၊ ရွာသာမင်းသား၊ တူရွင်းတိုင်မင်းသားတို့ ပါဝင်ကြသည်။ ပန်းတိမ်းမင်းသား ရွှေဘိုသို့ထွက်ခွာသွားသောအခါ ကျန်ရှိနေသော မယ်တော်နှင့် ညီမတော်မင်းသမီးများအား နေပြည်တော်မှာ ထိန်းသိမ်းခံကြရသည်။ [၁]

အကြောင်းရင်း[ပြင်ဆင်ရန်]

  • အိမ်ရှေ့စံ ကနောင်မင်းသား လုပ်ကြံခံရခြင်းသည် မင်းတုန်းမင်းက မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့အား မြှောက်ပင့်အားပေးမှုဟု ယူဆခြင်း။
  • မြင်ကွန်း မြင်းခုန်တိုင် အရေးတွင် မင်းတုန်းမင်း၏ အကြံအစည်ပါသည်ဟု ယူဆခြင်း။
  • မင်းတုန်းမင်းသည် ကနောင်မင်းအား အိမ်ရှေ့စံ အပ်နှင်းခဲ့သည်။ ကနောင်မင်းသား ဘုရင်ဖြစ်လျှင် သားတော် ပန်းတိမ်းမင်းသားက နန်းလျာဖြစ်လာ၍ အရိုက်အရာကို ဆက်ခံနိုင်မည်။ ယခုသော် ကနောင်ကျဆုံးပြီးနောက် နန်းလျာအဖြစ် ပန်းတိမ်မင်းသား ဆက်ခံနိုင်ခွင့် မရှိတော့ခြင်း။ ထိုအကြောင်းများကြောင့် ပန်းတိမ်းမင်းသားသည် မင်းတုန်းမင်းတရားကြီးအား ပုန်ကန်တော်လှန်ကြခြင်း ဖြစ်သည်။

ရွှေဘိုသို့ သွားခြင်း[ပြင်ဆင်ရန်]

ပန်းတိမ်းမင်းသား ရွှေဘိုနယ်သို့ သွားရခြင်းမှာ-

  • ရွှေဘိုနယ်သည် အလောင်းဘုရားလက်ထက်က အောင်မြေဖြစ်ခဲ့ခြင်း။
  • ရွှေဘိုနယ်သည် ဖခင်ကနောင်မင်းသားကြီး စားရသောနယ်ဖြစ်ခြင်း၊ မိမိအား ထောက်ခံအားပေးကူညီမည့်သူ ပေါများခြင်း။
  • ပုဂံမင်းလက်ထက်တွင် မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့က ရွှေဘိုသို့သွားကာ အင်အားစု၍ ပုန်ကန်တော်လှန်ခြင်းတို့ကြောင့် ဖြစ်သည်။

ပန်းတိမ်းမင်းသား၏ တပ်မတော်သည် ရွှေဘို၌ လူအင်အား လက်နက်အင်အား တစ်နေ့တစ်ခြား တိုးတက်များပြားလျှက်ရှိနေသည်။ နေပြည်တော်ရှိ မင်းတုန်းမင်း၏ ဘုရင့်တပ်မတော်သည် မြင်ကွန်း မြင်းခုန်တိုင် အရေးတော်ပုံတွင် အထိနာခဲ့သဖြင့် အင်အားလျော့ပါးလျှက်ရှိသည်။ မင်းတုန်းမင်းတရားကြီးအနေဖြင့် ပန်းတိမ်းမင်းသားအပေါ် ညှာတာထောက်ထားသော စိတ်ရှိကြောင်း၊ အချိန်မီ ရတနာပုံနေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာပါက အပြစ်အမျိုးမျိုးကို ခွင့်လွှတ်၍ နေမြဲအရာကို ပြန်လည်ချီးမြှင့်မည်ဟု သံတမန်စေလွှတ်၍ အကြောင်းကြားသည်။ ပန်းတိမ်းမင်းသားနှင့် အပေါင်းပါများက မင်းတုန်းမင်း၏ သံတမန်ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်။ ပန်းတိမ်းမင်းသားအနေဖြင့် ရတနာပုံ မြို့တော်သို့ ချီတက်တိုက်ခိုက်လျှင် မုချအောင်မြင်မည်ဟု ထင်ထားသည်။ မင်းသားသည် အချိန်အခါကို အခွင့်ကောင်းယူကာ သူပုန်တပ်မတော်ကြီးကို ဦးစီး၍ နေပြည်တော်သို့ တစ်ရှိန်ထိုး ချီတက်ခဲ့လေသည်။

မင်းတုန်းမင်းအနေဖြင့် သူပုန်တပ်ကို ရင်ဆိုင်နှိမ်နှင်းရန် စိတ်ဓာတ်အင်အား များစွာလျော့ပါးလျှက်ရှိနေသည်။ ပန်းတိမ်းမင်းသားကို ထီးနန်းလွှဲပေးရန် ဆန္ဒရှိသည်ဟု သတင်းထွက်လာသည်။ ထိုအခါ မိဖုရားများက မင်းတုန်းမင်း၏ အကြံကို လက်မခံနိုင်ပေ။ ပုန်ကန်လာသော မင်းသားကို ထိထိရောက်ရောက်ကွက်မျက်နှိမ်နှင်းရန် ရှိကြောင်း အကြံပေးကြသည်။ ထို့ကြောင့် မင်းတုန်းမင်းသည် ခုခံနှိမ်နှင်းရန် ဆုံးဖြတ်လိုက်လေသည်။ သူပုန်တပ်မတော်ကို နှိမ်နှင်းရန် သားတော်မင်းသားများနှင့် စည်းဝေးဆုံးဖြတ်လေသည်။ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားနှင့် သုံးဆယ်မင်းသားတို့ကို ဘုရင့်တပ်မတော်ကို ဦးစီး၍ တိုက်ခိုက်စေသည်။

တိုက်ပွဲတွင် ဘုရင့် တပ်မတော်က ရွပ်ရွပ်ချွန်ချွန် ခုခံတိုက်ခိုက်ကြသည့်အတွက် ရေရှည်စစ်ကို ဆင်နွဲလာသောအခါ ပန်းတိမ်းမင်းသား တပ်များသည် မခံနိုင်ဖြစ်လာသည်။ လက်နက်ခဲယမ်း မီးကျောက်အင်အား တဖြည်းဖြည်း နည်းပါးလာသဖြင့် ဘုရင့်တပ်မတော်ကို ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း သိလာသည်။ ထို့ကြောင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ကာ ကျောက်မြောင်းသို့ ဆုတ်ခွာခဲ့လေသည်။ ညောင်ရမ်းမင်းသား ဦးစီးသော ဘုရင့်တပ်မတော်က ကျောက်မြောင်းအထိ လိုက်လှန်တိုက်ခိုက်လေသည်။ ပန်းတိမ်းမင်းသား၊ ညီတော် တိုင်တားမင်းသားနှင့် အပေါင်းပါများသည် ကျောက်မြောင်းတွင် အဖမ်းခံရပြီး နေပြည်တော်တွင် အကျဉ်းချထားခံရသည်။

ကွက်မျက်ခြင်း[ပြင်ဆင်ရန်]

အကျဉ်းချထား ခံရစဉ် ပန်းတိမ်းကိုယ်တော်လေးနှင့် မင်းသားငယ်များက ထောင်ထဲမှနေ၍ နှမတော် ရန်အောင်မြင် မင်းသမီးနှင့် ပူးပေါင်း၍ နောက်ထပ်ပုန်ကန်ရန် ကြံစည်သည်ဟု အတွင်းတော် ဝန်ကြီးများက စွပ်စွဲလေသည်။ ထို့ကြောင့် လွှတ်တော်က စီရင်ချက်ချကာ သူပုန်မင်းသား အားလုံး ကွက်မျက်စေသည်။

ကွက်မျက်မည်ဆဲဆဲတွင် မင်းတုန်းမင်းဆီ သတင်းရောက်သွားသည်။ မင်းတုန်းမင်းတရားကြီး အနေဖြင့် သူ့အမှားများကို သူသိပြီး မင်းသားများအပေါ် မရက်စက်နိုင် ဖြစ်ခဲ့ကာ အားလုံးလွှတ်ရန် အမိန်ပေးလိုက်လေသည်။ သို့သော် အမိန့်ရသောအချိန်၌ ပန်းတိမ်းမင်းသားအား ကွက်မျက်ပြီးဖြစ်နေသည်။ တိုင်တားမင်းသားနှင့် အခြားမင်းသားများ အသက်ချမ်းသာရာ ရကြလေသည်။ [၂]


ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း
  2. တက္ကသိုလ်စိန်တင်၏ ငွေဓားဗိုလ်