မဟာနော်ရထာ

ဝီကီပီးဒီးယား မှ

မဟာနော်ရထာသည် ကုန်းဘောင်ခေတ် တွင် ထင်ရှားသော ဗိုလ်ချုပ်ကြီးဖြစ်၍ အလောင်းဘုရားနောင်တော်ကြီးဆင်ဖြူရှင်မင်း လက်ထက်တော်များတွင် အမှုတော်ထမ်းရွက်လေသည်။

မဟာနော်ရထာသည် အလောင်းဘုရား လက်ထက်တွင် မင်းလှသီရိဟူသော ဘွဲ့နှင့် ကြည်းဘက်၊ ရေဘက်တွင် အမှု တော်ထမ်းရွက်ခဲ့သူ ဖြစ်ပေသည်။ အလောင်းဘုရားသည် ပြည်မြို့ကို တိုက်ခိုက်သောအခါ ရေကြောင်း တပ်တစ်တပ်ကို ကွပ်ကဲပါဝင်ခဲ့၏။ ပဲခူး၊ ဒလတိုက်ပွဲတွင်ကား ကြည်းတပ်ကို အုပ်ချုပ်ရလေသည်။

အလောင်းဘုရား လွန်သည်နောက် နောင်တော်ကြီးမင်း လက်ထက်တွင် ဇင်းမယ် ထောင်ထားသည်ကို မင်းလှသီရိသည် စစ်သူကြီး အဘယဂါမဏိနှင့်အတူ နှိမ်နင်းရန် ချီတက်ရသည်။ ဆင်ဖြူရှင်မင်း နန်းတက်သောအခါ နောင်တော်ကြီးမင်း လက်ထက်က ဇင်းမယ် ၅၇ ခရိုင်အား အောင်မြင်စွာ နှိမ်နင်း ခဲ့သည်ကို နှစ်ထောင်း အားရရှိတော်မူ၍ မင်းလှသီရိကို မဟာနော်ရထာဘွဲ့ပေးအပ်ချီးမြှင့်လေသည်။

ဆင်ဖြူရှင်မင်းလက်ထက် ခရစ် ၁၇၆၄ ခုနှစ်မှ ၁၇၆၇ ခုနှစ်တိုင် ဖြစ်ပွားသော ယိုးဒယား - မြန်မာ စစ်ပွဲတွင် မဟာနော်ရထာသည် ဗိုလ်ချုပ်အဖြစ် ပါဝင်ဆင်နွှဲ ခဲ့သည်။ မဟာနော်ရထာသည် စစ်သည်ရဲမက်ပေါင်း ၂ သောင်း နှင့်အတူ ထားဝယ်ကြောင်း ချီရ၏။ မဟာနော်ရထာ၏ တပ် များကို ယိုးဒယားတို့ဆီးကြိုတုက်ခိုက်ကြ၏။ နောင်တပူရီ အနီး၌ စခန်းချထားသော မြန်မာတပ်များအား ယိုးဒယားတို့ သည် ဗြိတိသျှ သင်္ဘောတစ်စင်း အကူအညီဖြင့် အမြောက် အမြားနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် မဟာ နော်ရထာ၏တပ်များကို ဟန့်တားခြင်းငှာ မစွမ်းပေ။ သို့ဖြင့် မဟာနော်ရထာ၏ တပ်များသည် ယိုးဒယားနိုင်ငံ အယုဓျာ မြို့တော်အပြင်ဝယ် ကျိုင်းတုံကြောင်းချီ နေမျိုးသီဟပတေ့ တပ်များ နှင့် ပေါင်းဆုံမိလေတော့သည်။ ယိုးဒယားဘုရင်သည်အယုဓျာ မြို့ကို အခိုင်အခံ့ ဆို့ပိတ်၍ ခုခံ၏။ မြန်မာတပ်များသည် မဟာနော်ရထာနှင့် သီဟပတေ့၏ စီမံအုပ်ချုပ်မှုအောက်တွင် အယုဓျာမြို့ကို ဝိုင်းရံထားကြလေသည်။ ယင်းသို့မဟာ နော်ရထာနှင့် သီဟပတေ့၏ တပ်များ ဝိုင်းရံထားသည်မှာ တစ်ဆယ့်လေးလတိုင်ဖြစ်၏။ ဝိုင်းရံနေစဉ်ပင် မိုးကျလာသည်။

မြန်မာတပ်တို့သည် ကုန်းမြင့်ပိုင်း၌ လည်းကောင်း၊ လှေများ ပေါ်၌ လည်းကောင်း နေကြရ၏။ အဖျားအနာရောဂါများ ထူပြောလာသည်။ မဟာနော်ရထာသည်လည်း ဖျားနာကာ သေဆုံးရလေသည်။ ဗိုလ်ချုပ်မဟာနော်ရထာ၏ အလောင်းကို ခမ်းနားကြီးကျယ်စွာ မြှုပ်နှံသင်္ဂြိုဟ်ကြလေသည်။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)