ကိုလိုနီခေတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ကိုလိုနီခေတ်သည် ဗြိတိသျှတို့ မြန်မာနိုင်ငံကို စစ်သုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံကို အုပ်ချုပ်သောခေတ် ဖြစ်သည်။

  1. ပထမ အင်္ဂလိပ် - မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်၊ မတ်လတွင် စတင်ဖြစ်ပွားခဲ့သည်။ ခရစ်နှစ် ၁၈၂၆-ခု၊ ဖေဖော်ဝါရီလ (၂၄) ရက်တွင် ရန္တပိုစာချုပ် ချုပ်ဆိုကာ ရခိုင်နှင့် တနင်္သာရီတို့ကို ဗြိတိသျှတို့ထံ ပေးလိုက်ရသည်။
  2. ခရစ်နှစ် ၁၈၅၂-ခု၊ ဧပြီလတွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ် စတင်ဖြစ်ပွားသည်။ ဒီဇင်ဘာလတွင် ပဲခူးနှင့် မုတ္တမဒေသအား ဗြိတိသျှတို့ သိမ်းပိုက်ကြောင်း ကြေငြာသည်။
  3. ခရစ်နှစ် ၁၈၈၅-ခု၊ ဒီဇင်ဘာလတွင် တတိယ အင်္ဂလိပ် - မြန်မာစစ် စတင်ဖြစ်ပွားပြီး ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် ကိုလိုနီခေတ်ကို-

  • ခရစ်နှစ် ၁၈၂၆-ခုနှစ်မှ ၁၈၅၂-ခုနှစ်ထိ
  • ခရစ်နှစ် ၁၈၅၂-ခုနှစ်မှ ၁၈၈၅-ခုနှစ်ထိ
  • ခရစ်နှစ် ၁၈၈၅-ခုနှစ်မှ ၁၉၄၇-ခုနှစ်ထိ အပိုင်းသုံးပိုင်း ခွဲခြားနိုင်ပေသည်။[၁]

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်တွင် အလောင်းဘုရားနှင့် ဆင်ဖြူရှင်မင်းတို့သည် ကျယ်ဝန်း၍ အင်အား တောင့်တင်းသော တတိယ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ကြသည်။ ဘကြီးတော်မင်း လက်ထက်တွင် ဗြိတိသျှများသည် အိန္ဒိယတိုက်ငယ်ကိုနယ်ချဲ့၍ သိမ်းပိုက်ပြီးဖြစ်ရာ နယ်စပ်ဒေသများတွင် မြန်မာတို့ နှင့် ထိတွေ့လာရပြီ ဖြစ်သည်။ သို့နှင့် ၁၈၂၁ ခုနှစ် အာသံအရေးအခင်းတွင် မြန်မာများနှင့် ဗြိတိသျှတို့ သည် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရသည်။ ထိုစဉ်က မဏိပူရပြည်အာသံပြည်နှင့် အက္ကပတ်ပြည်တို့ သည် မြန်မာနိုင်ငံတော်၏လက်အောက်ခံ လက်နက် နိုင်ငံများဖြစ်ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောနယ်များ ဖြစ်သည်။

၁၈၁၆ ခုနှစ်တွင်တစ်ကြိမ်၊ ၁၈၁၈ ခုနှစ်တွင် တစ်ကြိမ် အာသံတွင် ထောင်ထားပုန်ကန်မှုများ ဖြစ် ပေါ်ခဲ့ရာ မြန်မာတပ်များက ငြိမ်ဝပ်ပိပြားရေးအတွက် တိုက်ခိုက်နှိမ်နင်း ပေးခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာတို့ နန်းတင်ပေးခဲ့သော စန္ဒရကန္တရှိန်ကို လက်နက်များရောင်းချခဲ့သည်သာမက ကုလားစစ်ပါရီ များကို စေလွှတ်ပေးခြင်းဖြင့် ကိုယ်ထိလက်ရောက် ကူညီခဲ့သည်။ မင်းကြီးမဟာဗန္ဓုလသည် အမရပူရမြို့တော်မှ အာသံပြည် ဇူရဟတ်မြို့အထိ မိုင်ပေါင်း ၁၁၀၀ မျှ ချီတက်၍ သူပုန်များကို နှိမ်နင်းတိုက်ခိုက်ခဲ့ရသည်။ စန္ဒရကန္တရှိန် သည် ကုလားစစ်ပါရီများအပါအဝင် စစ်သည်အင်အား သုံးသောင်းကျော်ဖြင့် ခုခံခဲ့သည်။ မဟာဗန္ဓုလ၏ တပ်အင်အားမှာ ဂျိန်ဖော့ရဲမက်တော် ၁၀၀၀ အပါအဝင် စစ်သည် ၅၀၀၀ သာ ပါဝင်သော်လည်း အာသံအရေးအခင်းတွင် စန္ဒရကန္တ ရှိန်၏တပ်ကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။

မြန်မာဘုရင်အား ပုန်ကန်ထကြွသည့် ရခိုင်မှ ချင်းပြန်နှင့် နောက်လိုက်များ ဘင်္ဂလားနယ်ထဲသို့ ထွက်ပြေးခိုလှုံသည်ကစ၍ မြန်မာတပ်များနှင့် ဗြိတိသျှ တို့ မကြာခဏ အချင်းများလာကြရသည်။ ဗြိတိသျှတို့သည် ချင်းပြန်နှင့် နောက်လိုက်များအား ဘင်္ဂလားနယ်ထဲတွင် ခိုလှုံခွင့်ပေး၍ ကူညီထောက်ပံ့နေကြသည်ဟု မြန်မာတို့က မကြာခဏ စွပ်စွဲသည်။ ရှင်မဖြူကျွန်းကို ဗြိတိသျှတို့က ယင်းတို့၏ပိုင်နက်အဖြစ် တပ်စွဲလာခဲ့သောအခါတွင်ကား မြန်မာတပ်များသည် နယ်စပ်ကိုဖြတ်ကျော်၍ တိုက်ခိုက်တော့သည်။ မြန်မာတပ်များသည် ၁၈၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် နယ်စပ်ကို ဖြတ်ကျော်ကြခြင်း ဖြစ်သည်။ ဗြိတိသျှတို့အနေနှင့်ကား စစ်ဖြစ်ရန် အကြောင်းပြချက်များ လုံလောက်သွားပြီဖြစ်သော ကြောင့် ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် စစ်ဖြစ်ပွား ပြီဖြစ်ကြောင်း ကြေညာလိုက်တော့သည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပထမ အင်္ဂလိပ် - မြန်မာစစ်

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် ၁၈၂၄ ခုနှစ် မှ ၁၈၂၆ ခုနှစ်အထိ နှစ်နှစ်တာကာလမျှ ကြာမြင့်ခဲ့သော ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲပင် ဖြစ်သည်။ ထိုစစ်ပွဲကြီးတွင် အင်္ဂလိပ်တို့သည် ခေတ်မီရေနွေးငွေ့ အင်ဂျင်သုံး မီးသင်္ဘောများ၊ အမြောက်များ၊ သေနတ် များကို အသုံးပြု၍ စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားသည့် စစ်သား ၄၀၀၀၀ ကျော်ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ မြန်မာတို့သည် အမြဲတမ်း တပ်မတော်ကို ကြိုတင်ဖွဲ့စည်းလေ့ကျင့်ထားလေ့မရှိဘဲ အရေးကြုံမှသာ နယ်မြေအလိုက် အချိုးကျ စစ်သားစုဆောင်းသည့် စနစ်ကိုသာ အသုံးပြုလျက်ရှိရာ မြန်မာတပ်သားများသည် သေချာကျနစွာ ဖွဲ့စည်းလေ့ကျင့်ထားသော စစ်သည်တော်များ မဟုတ်ကြပေ။ သို့သော် မြန်မာတို့ သည် ပန်းဝါ(ရာမူး)တိုက်ပွဲတွင် အင်္ဂလိပ်တို့အား အနိုင်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်ကုန်တိုက်ပွဲ၊ ဓနုဖြူ တိုက်ပွဲ၊ဝက်ထီးကန်တိုက်ပွဲစသော တိုက်ပွဲကြီးများတွင် ကျူးကျော်သူနယ်ချဲ့တို့အား သတ္တိပြောင်မြောက်စွာ ခုခံတိုက်ခိုက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ စစ်သား ၁၅၀၀၀ ကျော် ကျဆုံးခဲ့ရသကဲ့သို့ မြန်မာတပ်သားများမှာလည်း မရေမတွက် နိုင်အောင်ပင် သေကျေပျက်စီးခဲ့ကြရသည်။ မဏိပူရ နှင့် အာသံနယ်ကို မြန်မာတို့ လက်လွှတ်လိုက်ရသလို ရခိုင်ကမ်းမြောင်ဒေသနှင့် တနင်္သာရီကမ်းမြောင်ဒေသကို အင်္ဂလိပ်တို့လက်သို့ ပေးအပ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးတစ်စိတ်တစ်ဒေသ ဆုံးရှုံးသွားရသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒုတိယအင်္ဂလိပ်မြန်မာစစ်

အင်္ဂလိပ်အစိုးရသည် ၁၈၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ရခိုင်မြို့တော်ကို မြောက်ဦးမှ စစ်ရေးအရ အချက်အချာကျသည့် စစ်တွေသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၈၂၇ ခုနှစ်၊ ၁၈၂၉ ခုနှစ်၊ ၁၈၃၁ ခုနှစ်၊ ၁၈၃၆ ခုနှစ်နှင့် ၁၈၅၃ ခုနှစ်တို့တွင် ရခိုင်တိုင်း၌ လက်နက်ကိုင်ပုန်ကန်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း အင်္ဂလိပ်တို့သည် နှိမ်နင်းနိုင်ခဲ့ကြသည်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် အင်္ဂလိပ် စစ်သင်္ဘောများ ပင်လယ်ဝသို့ ရောက်လာကြသည်။ ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်တွင် ရန်ကုန်မြို့ကို ခေတ်မီအမြောက်ကြီးများ၏ ပစ်ကူဖြင့် စတင်တိုက်ခိုက်ကြသည်။ မြန်မာတပ်များသည် နှစ်ရက်တိုင်တိုင် အသက်ပေါင်းများစွာ စတေး၍ ရန်ကုန်မြို့ကို ခုခံကာကွယ်ပြီးနောက် ဧပြီလ ၁၄ ရက်တွင် ဆုတ်ခွာသွားကြရသည်။ သို့နှင့် တစ်နှစ်ခွဲကျော်ကြာမြင့်သော ကမ္ဘာ့သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲ စတင်ရပြန်သည်။ သို့သော် ထိုစစ်ပွဲတွင်လည်း မြန်မာများရှုံးပြီး အောက် မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ် လက်အောက်သို့ ကျဆင်းခဲ့ရပြန်သည်။

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - တတိယ အင်္ဂလိပ် - မြန်မာစစ်

အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲသည် ပထမစစ်ပွဲနှင့် ဒုတိယစစ်ပွဲကာလများကဲ့သို့ မကြာမြင့်ခဲ့ပေ။ အိန္ဒိယ ဘုရင်ခံချုပ်လော့ဒပ်ဖရင် (Lord Dufferin) သည် ၁၈၈၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် နောက်ဆုံးပိတ် ရာဇသံပေးပြီးနောက် မြန်မာတို့ နန်းတွင်း၌ စစ်ဖြစ်ရေး၊ စစ်မဖြစ်ရေး အငြင်းပွား နေစဉ် အလစ်အငိုက်ယူ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ရာ စစ်ပွဲမှာ နှစ်လခန့်သာကြာမြင့်ခဲ့သည်။ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် လော့ဒပ်ဖရင်က "ဗမာပြည်ကို ဗြိတိသျှပိုင် အင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီ"ဟု ကြေညာခဲ့သည်။

ခရစ်နှစ် ၁၈၂၆-ခုနှစ်မှ ၁၈၅၂-ခုနှစ်ထိ[ပြင်​ဆင်​ရန်​]

ခရစ်နှစ် ၁၈၅၂-ခုနှစ်မှ ၁၈၈၅-ခုနှစ်ထိ[ပြင်​ဆင်​ရန်​]

ခရစ်နှစ် ၁၈၈၅-ခုနှစ်မှ ၁၉၄၇-ခုနှစ်ထိ[ပြင်​ဆင်​ရန်​]

ဆက်စပ်ဖတ်ရှုရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ထွန်းအောင်ကျော်၏ မြန်မာနိုင်ငံမြေခွန်သမိုင်း