ကျိုက်သံလန်စေတီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျိုက်သလ္လံ
ကျာ်သေမ်လီု
Kyaik Sanlan 2 - panoramio.jpg
အချက်အလက်များ
ဘာသာရေး နှီးနွယ်မှု ဗုဒ္ဓဘာသာ
Municipality မော်လမြိုင်မြို့
ပြည်နယ် မွန်ပြည်နယ်
နိုင်ငံ မြန်မာနိုင်ငံ

ကျိုက်သလ္လံစေတီတော် (မွန်: ကျာ်သေမ်လီု) သည် မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့တွင် အကြီးဆုံးစေတီတော် ဖြစ်၍ မြို့၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိသည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

ကျိုက်သလ္လံစေတီတော်၏ မွန်အမည်မှာ ကျာ်သေမ်လီု ဖြစ်သည်။ မြန်မာလို အသံထွက်မှာ ကျိုက်ဆီမ်းလန် ဟူ၍ ဖြစ်သည်။ ကျာ် ၏ အဓိပ္ပာယ်မှာ ဘုရား၊ သေမ် ၏ အဓိပ္ပာယ်မှာ ရှမ်း ၊ လီု ၏ အဓိပ္ပာယ်မှာ ပျက်ဆီးခြင်း၊ ထွက်ပြေးခြင်း ဖြစ်သည်။ မွန်လူမျိုးများသည် ထိုင်းလူမျိုးများကို ရှမ်းဟု ခေါ်ကြသည်။ သို့ဖြစ်သောကြောင့် ကျာ်သေမ်လီု ဆိုသည်မှာ ရှမ်းလူမျိုးများကို ထွက်ပြေးစေနိုင်သော၊ ပျက်ဆီးစေနိုင်သော ဘုရားဟု အဓိပ္ပာယ်ရသည်။

ဘုရားသမိုင်း[ပြင်ဆင်ရန်]

မြန်မာ့သမိုင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ညီနောင်နှစ်ပါးသည် ဘုရင်အဖြစ်ကို ရရှိရန်အတွက် စေတီတစ်ဆူကို အပြိုင်တည်ခဲ့ကြရသည်။ ကျိုက်သလ္လံ စေတီတော်သမိုင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။

ရှေးယခင်က မွန် နှင့် ရှမ်းလူမျိုးများသည် မကြာခဏ စစ်မက်ဖြစ်ပွားခဲ့ကြသည်။ မွန်များက ရှမ်းဒေသကို စစ်မက်ပြုလိုက်၊ ရှမ်းများက မွန်ဒေသကို စစ်မက်ပြုလိုက်နှင့် အချိန်ကာလများစွာ စစ်ပွဲများဖြစ်ပွားခဲ့ကြသည်။ ထိုဒေသနှစ်ခုလုံးသည်လည်း စစ်ပွဲများကြောင့် ပျက်ဆီးခဲ့ရသည်။ တနေ့တွင် ရှမ်းများသည် မွန်ဒေသကို စစ်မက်ပြုရန်အတွက် ချီတက်လာကြသည်။ မွန်ဘုရင်သည် ပညာရှိသုခမိန်အမတ်များကို ခေါ်၍ ရှမ်းများအား မည်ကဲ့သို့ ပြန်လည်တိုက်ခိုက်သင့်ပုံကို ဆွေးနွေးတိုင်ပင်သည်။ ထို့နောက် ရှမ်းဘုရင်ထံသို့ သံအဖွဲ့အား စေလွှတ်ပြီး စစ်မက်ပြုခြင်းဖြင့် ဒေသနှစ်ခုလုံး ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်၍ အကျိုးမရှိကြောင်း၊ ပညာရှိနည်းဖြင့်သာ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ထို ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ ရှုံးနိမ့်သူက အနိုင်ရရှိသူ၏ဒေသကို မည်သည့်အခါမှျ ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီမှုရရှိခဲ့သည်။ ထိုပညာရှိနည်းမှာ - တစ်နေ့တည်းနှင့် ဘုရားတစ်ဆူကို မွန်လူမျိုးနှင့် ရှမ်းလူမျိုးတို့ အပြိုင်တည်ရမည် ဖြစ်သည်။ အရင်ဆုံးပြီးအောင်တည်နိုင်သူသည် အနိုင်ရရှိမည် ဖြစ်သည်။ ဤသို့ဖြင့် ကုန်းမြင့်တစ်ခု(ယခု ကျိုက်သလ္လံဘုရား ကုန်းတော်) ပေါ်တွင် မွန် နှင့် ရှမ်းတို့ စေတီအပြိုင်တည်ခဲ့ကြသည်။ မွန်လူမျိုးတို့က စေတီအမြန်ပြီးစီးရေးအတွက် ဝါးများဖြင့် စေတီတည်ကြသည်။ တစ်နေ့တည်းနှင့် တည်ပြီးသော ထိုစေတီကို ထုံးသင်္ကန်း ကပ်လှူလိုက်သောအခါ အလွန်ပင် ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတို့သည် စေတီတော်ကို အုတ်၊ သဲ၊ ကျောက် တို့ဖြင့် တည်ဆောက်သောကြောင့် တစ်နေ့တည်းနှင့် မပြီးပေ။ ထို့ကြောင့် ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ မွန်တို့က အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းတို့သည်လည်း မွန်ဒေသကို မည်သည့်အခါမှျ လာရောက်ကျူးကျော်ခြင်း မပြုတော့ပေ။

ဤစေတီတော်ကြီး၏ တန်ခိုးတော်ကြောင့် မွန်ဒေသသည်လည်း စစ်မက်မဖြစ်ပွားတော့ဘဲ တိုးတက်စည်ပင်လာခဲ့သည်ဟု ပါးစပ်ရာဇဝင်သမိုင်းအဖြစ် တည်ရှိနေပါတော့သည်။

ဤစေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက်ရှိသည်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို့မှ မွန်ဘုရင်မွတ်ပိရာဇာမင်းသည် သထုံပြည်မှသွားတော် ဓာတ်တစ်ဆူ ရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဘူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း၊ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်။ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်။ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သလ္လံ ဖြစ်လာသည်။ ရှေးအခါက ထိုစေတီတည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် 'သံလင်'ဟု သမုတ်ခဲ့သည်။

အခြားအဆိုတစ်ရပ်မှာ ရှေးအခါက ရှမ်းစစ်သည်နှင့် မြန်မာစစ်သည်များ သံလွင်မြစ် အရှေ့ဖက်ကမ်းတွင် စစ်ဦးချင်းဆိုင်ကြပြီးနောက် သတိတရားရရှိကြပြီးလျှင် စစ်တိုက်ကြမည့်အစား စေတီတစ်ဆူစီတည်ကြ၍ ရှေးဦးစွာ ပြီးစီးသည့်ဖက်မှ အနိုင်ယူကြစတမ်းဟု ကတိပြုကြလေသည်။ရှမ်းစစ်သည်တို့က အုတ်များဖြင့် တည်ရန် ပြင်ဆင်နေဆဲ၊ မြန်မာစစ်သည်တို့က ခြင်းကြားဖြင့်တည်၍ စေတီအတု ရှေးဦးစွာ ပြီးမြောက်နှင့်သောကြောင့် ထိုစေတီကို ရှမ်းတို့မြင်သဖြင့် အကယ်ထင်မှတ်ကာ အရှုံးပေး ဆုတ်ခွာသွားလေသည်။ ထိုသို့ ရှမ်းများလန်ပြေးသည်ကို အကြောင်းပြု၍ တည်စောစေတီတော်ကို 'ကျိုက်ရှမ်းလန်'ဟု ခေါ်ကြောင်း၊နောင်ကာလ ရွေ့လျောသဖြင့် 'ကျိုက်သလ္လံ'ခေါ်ကြောင်းနှင့်လည်း အဆိုရှိသည်။

စေတီတော်သမိုင်းအရ မွတ်ပိရာဇာမင်း တည်စဉ်က စေတီဖိနပ်တော် အတောင် ၄ဝ၊ ဉာဏ်တော် ၅၅ တောင် ရှိလေသည်။ ဝါရီရူးမင်း အပါအဝင် နောက်မင်းအဆက်ဆက်တို့ ထပ်မံပြုပြင်ကြသေးသည်။[၁] ထို့နောက် မြန်မာသက္ကရာဇ် ၁၁၂၅ (ခရစ်နှစ် ၁၇၆၄ ) ခု ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယားသို့ ထားဝယ်ကြောင်းချီတက်ခဲ့သော ဗိုလ်ချုပ်မဟာနော်ရထာကတစ်ကြိမ်၊ ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ အတွင်းက စစ်သူကြီးမဟာဗန္ဓုလ၏ လက်ရုံးတစ်ဆူဖြစ် သော စကြာဝန်ကြီးက တစ်ကြိမ်၊ ပြုပြင်ခဲ့ကြသည်။ သို့သော် ထို ၂ ကြိမ်စလုံး၌ ထီးတင်၍မပြီးမီ မော်လမြိုင်မြို့ကြီး ပျက်စီးခဲ့ကြောင်းနှင့် ကျိုက်သလ္လံဘုရား ကျောက်စာတွင် ဖော်ပြထားသည်။

ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲ အပြီး ဗြိတိသျှ လက်အောက်သို့ မော်လမြိုင်မြို့ ကျရောက်ခဲ့ပြီးနောက် မြန်မာသက္ကရာဇ် ၁၁၈၉ (ခရစ်နှစ် ၁၈၂၈)ခုနှစ်တွင် မွန်လူမျိုးစစ်ကဲကြီး မောင်ထော်လေး နှင့် ဦးသီလဗုဒ္ဓိ ဆရာတော်တို့ ကြီးမှူးရှေ့ဆောင်၍ ကျိုက်သလ္လံစေတီတော်ကို ပြုပြင်တည်ဆောက်ပြန်ရာ ၁၁၉၃ ခုနှစ် ပြာသိုလတွင် ထီးတော်တင်ခဲ့လေသည်။ ထိုသို့ ပြုပြင်ခဲ့ကြောင်းများကို ကျောက်စာ ရေးထိုးထားခဲ့သည်။ ထိုကျောက်စာမှာ 'ကျိုက်သန်လန်ကျောက်စာ'လည်း ခေါ် 'စစ်ကဲဦးထော်လေး ကျောက်စာ'ဟု ထင်ရှားသည်။

မြန်မာသက္ကရာဇ် ၁၂၄ဝ (ခရစ်နှစ် ၁၈၇၈) ပြည့်နှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သင်္ဂဇာဆရာတော် သည် ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ စုန်ဆင်းကြွလာတော်မူ၍ ကျိုက်သံလန်စေတီတော် တောင်ဘက် မန်ကျည်းတောကျောင်းတိုက်၌ သီတင်းသုံး ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ် (ခရစ်နှစ် ၁၈၈၇) တွင် သင်္ဂဇာဆရာတော်ဘုရားသည်ဝါတော် ၅၂ သက်တော် ၇၂တွင် မန်ကျည်းတော ကျောင်းတိုက်၌ပင်ပျံလွန်တော်မူသည်။ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကြောင်းအရာ ကျောက်စာကိုလည်းထိုအခါက မော်လမြိုင် မြို့တွင် ဖွဲ့စည်းလျက်ရှိသော သမာနောဝါဒအသင်းသားတို့က စရိတ်ကြေးငွေ စိုက်ထုတ်ကာ ဝဇီရာရာမ ဆရာတော်ကိုယ်တိုင် ကြပ်မကြည့်ရှုတော်မူလျက် မြန်မာသက္ကရာဇ် ၁၂၅၁ခုနှစ်ဝါဆိုလဆန်း ၁၅ ရက်နေ့၌ ကျိုက်သံလန် စေတီတော်၏ တံတိုင်းအတွင်းဝယ် ကျောက်သလင်းကို ထု၍ပြုစုရေးသားစိုက်ထူထားသည်။

ယခုအခါ ကျိုက်သလ္လံစေတီတော်၏ ဉာဏ်တော်မှာ ပေ ၁၅ဝ ရှိ၍ ဖိနပ်တော် အဝန်းမှာ ပေ ၄၅ဝ ရှိသည်။ စေတီရံ ပေါင်း ၃၄ ဆူ ရှိပေသည်။ မြန်မာသက္ကရာဇ် ၁၃ဝ၇ (ခရစ်နှစ် ၁၉၄၅) ခုနှစ်က ကျိုက်သလ္လံစေတီကုန်းတော် သုံးပုံတစ်ပုံခန့် ပြိုကျပျက်စီးခဲ့ရာ မြို့သူမြို့သားများက ကျိုက်သလ္လံရင်ပြင်တော် ပြုပြင်ရေးအဖွဲ့ ဖွဲ့ကာ ထပ်မံပြင်ဆင်ခဲ့သည်။ [၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Bird, G W (1897). Wanderings in Burma. p. 204.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  3. True Asia Myanmar Travels & Tours: Yangon Travel Agency in Myanmar