ဥက္ကလာဦးစေတီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဥက္ကလာဦးစေတီ
ဥက္ကလာဦးစေတီဘုရားတကာ ဆန်စက်ပိုင်ရှင် ဦးဘဦး

၂၀၁၃၊ စက်တင်ဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် 'အဘအောင်မင်းခေါင်ကြီး၏ ကုသိုလ်တော် သာသနာ့အလင်းရောင် ဥက္ကလာဦးစေတီ' ဟူသော ခေါင်းစဉ်ဖြင့် စေတီကြီး၏ သမိုင်းကြောင်းကို ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ရေးဖွဲ့လိုက်သော ဆရာရွှေစိုး၏ ဘာသာရေးဆောင်းပါးကို ဖတ်လိုက်သောအခါ ကျွန်မ၏ အစ်ကိုကြီးဖြစ်သူ ဦးမောင်မောင်သန်း (စာရေးဆရာ မိုးနတ်သျှင်) ပြောပြခဲ့သည့်အကြောင်းအချက်များကို သတိရမိလိုက်ပါသည်။

ဥက္ကလာဦးစေတီသမိုင်း[ပြင်ဆင်ရန်]

ဥက္ကလာဦးဘုရားအကြောင်းကို ပြောပြစဉ်က ဟုတ်ကဲ့၊ ဟုတ်ကဲ့ဟု ခေါင်းညိတ်နားထောင်ခဲ့သော်လည်း ပြန်လည်စဉ်းစားကြည့်ရာတွင် လုံးစေ့ပတ်စေ့မမှတ်မိတော့ပါ။ လက်ရှိတောင်ဥက္ကလာပမြို့ မြို့ဦးစေတီမဟုတ်ပါ။ ယခုဖော်ပြသည့် ဥက္ကလာဦးစေတီမှာ ၁၉၅၂ ခုနှစ်တွင် တည်ထားကိုးကွယ်သော စေတီဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့နေထိုင်ရာ သမ္မတကမ်းခြေ ဒလမြို့နယ်မှ လှေဖြင့် ဗိုလ်တထောင် သမ္ဗာန်ဆိပ်ကမ်းသို့ကူးပြီး အစ်ကိုကြီးနေထိုင်ရာ ကျောက်မြောင်းသို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရပါသည်။ တိုက်ဆိုင်မှုတစ်ခုမှာ အဓိဋ္ဌာန်ရှင် ဒေါ်တင်တင်ဦးဆိုသည့် သူတော်စင်နှင့် ကျွန်မအမည်မှာ တူနေပါသည်။ ယခင်က ကျောက်မြောင်းတွင် နေထိုင်ခဲ့ပြီး အ.ထ.က(၄)တာမွေတွင် နှစ်ပေါင်း (၃၀) ခန့် အထက်တန်းပြ ဆရာမအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် သက်ပြည့်ပင်စင်ခံစားခဲ့ပါသည်။

အစ်ကိုကြီးအား ဥက္ကလာဦးစေတီအကြောင်း သူရဇ္ဇမဂ္ဂဇင်းမှာပါလာကြောင်းပြောပြရာ ဝမ်းသာစွာဖြင့် သူ့ကိုယ်တွေ့များ၊ မိဘများပြောကြားချက်များကို ရှင်းပြပါသည်။ ဤနေရာတွင် စာရေးသူ ရွှေစိုး၏ ဆောင်းပါးတွင် ပါဝင်သည့်အချက်အချို့ကို ထပ်ဆင့်ဖော်ပြလိုပါသည်။

တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သည့် အဘအောင်မင်းခေါင်လို ပုဂ္ဂိုလ်မျိုးက တစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်အားလုံးနီးပါးမျှ ယုံကြည်ကိုးကွယ်ပူဇော်သည့် ဥက္ကာလာဦးစေတီမျိုးကို ဓာတ်သဘော ဓာတ်အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်မရှိဘဲ တည်ထားမည်မဟုတ်ပါ။ ထိုစေတီတော်နှင့် ပတ်သက်၍ အစအဆုံးဖြစ်စေ၊ တစ်စွန်းတစ်စဖြစ်စေ၊ ကိုယ်ပိုင်ဉာဏ်စွမ်းအား၊ လုပ်အားစသည်ဖြင့် ပါဝင်ဖူးသူများဖြစ်စေ သူရဇ္ဇမဂ္ဂဇင်းကြီးမှတစ်ဆင့် မှတ်တမ်းတင်စေလိုသော ဆန္ဒဖြင့် ဖိတ်မန္တကပြုထားပါသည်။ ထို့ကြောင့် ကျွန်မအနေဖြင့် ထိုစေတီကြီးကို ၁၉၅၂ ခုနှစ်တွင် မြေနေရာရှာသည့်အချိန် အတူပါဝင်ခဲ့သော အစ်ကိုကြီး၏ပြောပြချက်များကို ဖော်ပြလိုက်ပါသည်။ ဆောင်းပါးတွင်ပါဝင်သော အဘအပ်ကြီးကို ကျွန်မ (၇) နှစ် သမီးအရွယ်က သိခဲ့ပါသည်။ ကျွန်မတို့မိသားစုက အဘအပ်ကြီးဟုခေါ်ခဲ့သည်။ အဘပွားကိုလည်း ငယ်စဉ်က ထိုအမည်ကိုကြားဖူးပါသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ ခုနှစ်ခန့်က အယူအဆမတူညီကြသူများအဖွဲ့များဖွဲ့ပြီး အစိုးရကို ဆန့်ကျင်နေကြသည့်အချိန်ကာလရှိခဲ့ပါသည်။

အဘဘိုးမင်းခေါင်၏ပုပ္ပားတောင်သို့ဖိတ်ခေါ်ခြင်း[ပြင်ဆင်ရန်]

တစ်နေ့သောနေ့လယ်အချိန်ခန့်တွင် ကျွန်မဖေဖေ ဦးဘဦး ဟင်္သာတဆန်စက်များပိုင်ရှင်)၊ မိခင်ကြီး ဒေါ်တင်လှ (ပေါင်းတည်၊ ဇီးကုန်း၊ နတ်တလင်း ဆန်စက်များပိုင်ရှင်) (ပန်းကန်စက်ဦးသော်၏ညီမအရင်း) နှင့် ကျွန်မတို့မောင်နှမ (၉) ယောက်နေထိုင်ရာ ကရိလမ်း (ယခုဗိုလ်မြတ်ထွန်းလမ်း) အမှတ် (၂၈၁/၂၈၃) ရန်ကုန်နေအိမ်သို့ ဖေဖေ၏မိတ်ဆွေများ ရောက်လာကြပါသည်။ ခါတိုင်းလို အလည်သက်သက်မဟုတ်ပါ။ အဘဘိုးမင်းခေါင်ကမှာလိုက်သည့်အတွက် ပုပ္ပားသို့ သွားရန် လာခေါ်ကြခြင်း ဖြစ်ပါသည်။ ပုပ္ပားသို့သွားကြမည့်အဖွဲ့မှာ -

  • ပထမံ ဦးစိန်ခန့်၊
  • ပန်းဆိုးတန်း မြို့မဓာတ်ပုံတိုက်ပိုင်ရှင် ဦးမောင်မောင်ကြီး၊
  • ဘနှစ်အင်ဆန်းဘလောက်တိုက်မှ ဦးဘနှစ်၊
  • အရီးမှီ (ယောဂီဝတ်)
  • ဖခင်ဦးဘဦး အပါအဝင် (၅) ဦး ဖြစ်ပါသည်။

ခေါ်သို့သာသွားရမည်။ ပြည်တွင်းရေးမငြိမ်သက်မှုကြောင့် ခက်ခက်ခဲခဲသွားရမည့်ခရီးဖြစ်ကြောင်း အားလုံးသဘောပေါက်ကြပါသည်။ အမျိုးသမီးဆို၍ အရီးမှီတစ်ယောက်သာပါပါသည်။ သို့နှင့် သွားမည့်လမ်းခရီးစဉ်ကို စဉ်းစားကြည့်ရာတွင် ပေါင်းတည်မြို့အထိသာ ရထားစီးနိုင်ပြီး ပြည်မြို့သို့ ကားဖြင့် သွားရမည် ဖြစ်ပါသည်။ ခရီးသွားအုပ်စုသည် ပြည်မြို့သို့ရောက်ပြီး ရေနံချောင်းကို လှေစင်းလုံးငှားသွားရပါသည်။ ပြည်မြို့မှစ၍ ခရီးလမ်းတစ်လျှောက်လုံးနီးပါး ရောင်စုံသူပုန်များက ခြေကုပ်ယူထားကြသည်။ ခရီးစဉ်တစ်လျှောက်တွင် ဖေဖေတို့အဖွဲ့သည် အားလုံး ယောဂီဝတ်ဖြင့်သာသွားခဲ့ကြောင်း အစ်ကိုကြီးက ထပ်မံပြောပြပါသည်။ အဘဦးစိန်ခန့်က ခေါင်းဆောင်ပြီး ခေါ်သွားရာ အဘသည် အသက်ငါးဆယ်ကျော်ခန့်ဖြစ်ပြီး ဖခင်ဦးဘဦးမှာ အသက် (၄၀) ပတ်ဝန်းကျင်ခန့်သာရှိပါသည်။

လှေဖြင့် ခရီးသွားရာတွင် အချို့သောနေရာမှာ သူပုန်များက လှေကို ကမ်းကပ်ခိုင်းတတ်ပါသည်။ "ဘယ်ကိုသွားမလို့လဲ" ဟုမေးရာ "ပုပ္ပားကိုဘုရားဖူးသွားမလို့ပါ"ဟုဖြေရပါသည်။ "ဒီလိုဆိုရင် ကျုပ်တို့ကို ရန်ပုံငွေလေးထည့်သွားပါဦး" ဟု ဆိုသော် အလှူငွေထည့်ပြီး ခရီးဆက်လက်ထွက်ခဲ့ရပါသည်။ ကျောက်ပန်းတောင်မြို့ကိုရောက်အောင် ဘတ်(စ်)ကားကြုံရာနှင့်သွားရပြီး ပုပ္ပားတောင်ကလပ်ခြေရင်းသို့ နွားလှည်းဖြင့် ဆက်သွားရပါသည်။ ရောက်ပါပြီ။ ပုပ္ပားတောင်ကလပ်ရှိ အဘ၏ဓာတ်ခန်းသို့ ရောက်ပါပြီ။

ဖေဖေတို့အဖွဲ့သည် အဘဘိုးမင်းခေါင် ၏ ဓာတ်ခန်းပေါ်သို့ ကျောက်လှေကားထစ်လေးများဖြင့် တက်လိုက်သောအခါ အခန်းထဲရှိ ကွပ်ပျစ်ကြီးပေါ်မှာ အဘကို လဲလျောင်းနေသည့် အနေအထားဖြင့် တွေ့ရပါသည်။ ဓာတ်ခန်းမှာ ပေငါးဆယ်ပတ်လည်ခန့် ကျယ်ဝန်းပြီး သမံတလင်းခင်းထားပါသည်။ နံရံမှာ ပျဉ်ကာပြီး အမိုးမှာ သွပ်မိုး ဖြစ်ပါသည်။ ဘေးပတ်ဝန်းကျင်မှာ လှပသော အဝါရောင်ပွင့်သည့်အပင်များ၊ စံကားဝါပင်ကြီးများဖြင့် အလွန်သာယာအေးချမ်းသည့်နေရာဖြစ်ပါသည်။ ခေါင်းရင်းဘက်မှာ ဘုရားကျောင်းဆောင်ရှိပြီး ရေအိုးစင်တစ်ခုလည်း ရှိပါသည်။ ဝတ်စားထားပုံမှာ ပင်နီတိုက်ပုံအပါးတစ်ထည်သာ ဝတ်ထားပါသည်။ စွပ်ကျယ်မပါပါ။ ပလေကပ်လုံချည်အဖြူမှာ အပြာရောင်အကွက်ကျဲကျဲပုဆိုးဝတ်ထားပါသည်။

ဖေဖေတို့ ဝတ်ပြုပြီးသောအခါ အဘက 'သိကြားမြေးအဘိုး၊ သိကြားသားအဖ' ဟု ထပ်ကာထပ်ကာ ရေရွတ်နေပါသည်။ အောက်ပိုင်းရှိ တည်းခိုမည့်ဇရပ်ကိုရောက်သော် ဖေဖေက ဦးစိန်ခန့်ကို အဓိပ္ပာယ်ရှင်းပြရန် မေးပါ၏။ ဦးစိန်ခန့်က ဦးဘဦးသည် 'တစ်ဘဝမှာ ဥက္ကလာပမင်းကြီးရဲ့သား မင်းနန္ဒာ ဘဝဖြစ်ခဲ့တယ်လို့ဆိုချင်တာပါ' ဟု ဖြေပါ၏။ အဘဘိုးမင်းခေါင်မှာ တစ်ဘဝက ဥက္ကလာပမင်းကြီးဖြစ်ခဲ့ဖူးကြောင်း ရှင်းပြပါသည်။

ဘုရားတစ်ဆူတည်ရန် ဦးဘဦးအား တာဝန်ပေးခြင်း[ပြင်ဆင်ရန်]

တည်းခိုဇရပ်မှာ ခဏနားပြီး အဘဆီသို့ ပြန်သွားကြသည်။ အဘက မှာကြားရသည့်ကိစ္စကို ရှင်းပြကာ တာဝန်လည်းပေးလိုက်ပါသည်။ "မောင်ဘဦး အမှူးပြုပြီး ဘုရားတစ်ဆူတည်ရမယ်။ အဲဒီဘုရားဘွဲ့တော်ကိုလည်း ဥက္ကလာဦးလို့ခေါ်ရမယ်။ ရည်ရွယ်ချက်ကတော့ (၇) ရက်သားသမီးများ အသက်ကယ်ဖို့ ကပ်ကျော်နိုင်ဖို့ ဖြစ်တယ်" ဟု မိန့်ပါသည်။ အဘဘိုးမင်းခေါင်သည် ရွှေတိဂုံဘုရားဒကာ ဥက္ကလာပမင်းကြီးဖြစ်သည့်ဘဝတွင် ဦးဘဦးသည် ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာမင်းသားဖြစ်ခဲ့သည်။ ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ ဇာတ်လမ်းနှင့်စပ်လျဉ်း၍ မြန်မာပြည်သူများ ရင်းနှီးသိကျွမ်းပြီးသားဖြစ်သည်။

ဦးစိန်ခန့်နှင့် ဖေဖေတို့အဖွဲ့မှာ စဉ်းစားစရာဖြစ်လာပေပြီ။ လွယ်တော့လွယ်သည့်ကိစ္စမဟုတ်ပါ။ အဘက ဆက်လက် မိန့်ကြားပါသည်။ "မင်းတို့ ရန်ကုန်ရောက်ရင် ဘောက်ထော်ဘက်မှာ မြေရှာပါ။ ပြီးတော့ ဟောဒီယွန်းအုပ်ကိုလည်း ငုံပြီး ဌာပနာလိုက်ပါ" ဟုဆိုကာ ယွန်းအုပ်တစ်ခုကိုယူ၍ ဖေဖေတို့ကို လှမ်းပေးလိုက်သည်။

ယွန်းအုပ်မှာ ယောဂီရောင်ဖြစ်ပြီး အရွယ်အစားမှာ ယောက်ျားလက်တစ်ဖက်စာကျယ်၍ အမြင့်နှစ်ပေခွဲခန့်ရှိပါသည်။ (ခန့်မှန်းချက်ဖြစ်ပါသည်။) ခေတ်ကာလ မငြိမ်သက်သည့်အချိန်မှာ ဆွမ်းအုပ်တစ်ခုဖြင့် ရန်ကုန်ပြန်ရမည့်ကိစ္စမှာ အမှန်မလွယ်ကူပါ။ ထို့ကြောင့် ဖေဖေက မနော (စိတ်ထဲက) ဖြင့် အဘကိုလျှောက်တင်လိုက်သည်။ "သားတို့ အပြန်ခရီးမှာလည်း တိုက်ပွဲတွေရှိနိုင်ပါတယ်။ ဘယ်လို့ပြန်ရမလဲ အဘ"
အံ့ဩစရာတစ်ခုကိုကြုံတွေ့လိုက်ရသည်။ မနောဖြင့်လျှောက်ထားသည်ကို အဘက နှုတ်ဖြင့် ပြန်ဖြေပါသည်။

  • "ဂွေးချို ဂွေးချို ချိုသထက်ချို
  • ကြောက်တတ်ရင် ထန်းလက်ကာထား
  • ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ ဘေးအန္တရာယ်မရှိ
  • ရေနံချောင်းက ဖေကံကောင်း
  • ဂျိန်းဂျိန်းကုတ်ကုတ် ဂျိန်းဂျိန်းကုတ်ကုတ်
  • အင်္ဂလန်ကို ရောက်သွားရော"

ထုံးစံအတိုင်း ဦးစိန်ခန့်ကို မေးရာ လာသည့်လမ်းအတိုင်း ပြန်ဖို့မိန့်ကြောင်း ရှင်းပြပါသည်။

ပြန်ခါနီးအချိန်တွင် အဘက ထပ်မံမိန့်ကြားသည်မှာ ဘုရားတည်ရာတွင် ဖေဖေက ဦးဆောင်ပြီး ကျန်သောအပိုင်းမှာ (၇) ရက်သားသမီးများ အလှူဖြစ်ပါစေဟု မိန့်ပါသည်။ ယွန်းအုပ်နှင့်အတူ တစ်မိုက်ခန့်အရှည်ရှိပြီး လက်ညှိုးအရွယ်အထူရှိသည့် တစ်ဖက်ချွန်ပန္နက်လေးများကိုပါ အဘက ထည့်ပေးလိုက်ပါသည်။ အဲဒီပန္နက်များ၏အရင်းပိုင်းတွင် စ-ဓ-ဗ-ဝ များကို အဘကိုယ်တိုင်ရေးပေးပါသည်။ သင်္ကန်းတစ်စုံလည်းပေးလိုက်ပါသည်။

ပုပ္ပားပြန်အဖွဲ့ ဂွေးချိုသို့သွားရောက်သည့်အချိန်မှာ ည (၇) နာရီခန့်ရှိပါပြီ။ အဝေးမှ သေနတ်သံ၊ စိန်ပြောင်းသံများကို ကြားနေရသည်။ ထမင်းဆိုင်တစ်ဆိုင်ကို တွေ့ရ၍ ဝင်လိုက်ရာ ပိုင်ရှင်များက အထုပ်အပိုးကိုယ်စီနှင့် ခရီးထွက်မည့်ပုံပေါ်နေသည်။ အနီးအနားရှိလူများလည်း အထုပ်အပိုးကိုယ်စီ၊ လှည်းကိုယ်စီဖြင့် ဘေးလွတ်မည်ထင်သည့်နေရာများသို့ သွားလာရန်ပြင်ဆင်နေကြပါသည်။ ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးကြီးက ဖေဖေတို့အဖွဲ့ကို မြင်သောအခါ - "ကျွန်မတို့တောကိုသွားကြတော့မလို့ပါ။ ထမင်း၊ ဟင်းတွေလည်း ကိုယ်တိုင်ခူးခပ်ပြီးသုံးဆောင်ကြပါ။ တကယ်လို့ ကျွန်မတို့နဲ့ လိုက်မယ်ဆိုရင်လည်း လိုက်ခဲ့ပါ" ဟု ဖိတ်ခေါ်ပါသည်။

ဖေဖေတို့ကကြောက်တော့ ကြောက်သည်။ သို့ရာတွင် အဘမှာ လိုက်သည့်ခရီးစဉ်မဟုတ်သဖြင့် ဂွေးချိုထမင်းဆိုင်မှာပင် နေခဲ့ကြပါသည်။ ညမိုးချုပ်သောအခါ တိုက်ပွဲမှာ ပစ်ခတ်သံများက ပိုမိုကျယ်လောင်လာသည်။ အားလုံး ကြောက်စိတ်ကြောင့် မအိပ်နိုင်ကြပါ။ ယွန်းအုပ်ကို စားပွဲတစ်လုံးပေါ်တင်ပြီးထိုင်နေကြသည်။ ဂါထာများလည်းရွတ်၊ အဘကိုလည်း တမ်းတရင်းနေကြရသည်။ အချို့ကျည်ဆန်များ အမိုးကို လာထိရာ အမိုးအကာများ လွင့်ထွက်ကုန်သည်။ ဦးစိန်ခန့်က - "ဦးဘဦး၊ ဘိုးတော်မှာလိုက်တယ်မဟုတ်လား။ 'ကြောက်တတ်ရင် ထန်းလက်ကာထား' ဆိုတာလေ။ အခုထမင်းဆိုင်ကလည်း ထန်းလက်နဲ့ဓနိကာထားတယ်။ မတိုက်ဆိုင်ဘူးလား" ဟု ပြောပါသည်။ ထိုအချိန်မှာ မိုးက သဲသဲမဲမဲရွာချလိုက်ရာ နှစ်ဖက်စလုံးမှ တိုက်ခိုက်မှုများ ရပ်ဆိုင်းသွားပါသည်။ ဘာသံမှ မကြားရတော့ပါ။

မိုးလင်းသောအခါ ကားသံကြား၍ ဖေဖေတို့ တဲထဲမှ ထွက်ကြည့်ကြသည်။ ချက်ပလက်ခေါင်းတိုကားတစ်စင်း ဆိုင်ရှေ့သို့လာရပ်ပြီး ကားသမားနှင့် နောက်လိုက်များ ဆင်းလာကြ၏။ ကားသမားက - "ဆရာကြီးတို့၊ ကျွန်တော်တို့က ရေနံချောင်းကို ဆက်သွားမလို့ပါ။ ဒီမှာထမင်းလာစားတာပါ" ဟု ပြောသည်။ ဖေဖေတို့က အကျိုးအကြောင်းရှင်းပြရာ - "ဒီလိုဆိုရင် ရေနံချောင်းအထိ လမ်းကြုံလိုက်ခဲ့ပါလား" ဆိုသဖြင့် ရေနံချောင်းမြို့သို့ ရောက်ခဲ့ရပြန်ပါသည်။ ထိုမှတစ်ဆင့် ပြည်မြို့သို့ရောက်သော် ပြည် - ရန်ကုန် ရထားလမ်းအတိုင်း လမ်းလျှောက်လာကြ၏။ ထိုမှတစ်ဖန် ကြုံရာကားစီးမည်ဖြစ်၏။ ဖေဖေက မာဖလာတဘက်လေးကို စလွယ်သိုင်းပြီး အဝတ်ထည့်သည့်သားရေအိတ်ကို တွဲချည်ကာ လမ်းလျှောက်လာသည်။ ယွန်းအုပ်ကိုတော့ တစ်ယောက်တစ်လှည့်စီပိုက်လာကြ၏။

"ဆရာကြီးတို့ ခဏနေပါဦး။ ကျွန်တော်တို့ ဗိုလ်ကြီးက တွေ့ချင်လို့ပါတဲ့" အနောက်မှအသံကြား၍ လှည့်ကြည့်ကြရာ သောင်းကျန်းသူတစ်ဦးကို မြင်လိုက်ရ၏။ သူတို့နယ်မြေဖြစ်၍ ကြောက်သော်လည်းလိုက်သွားရသည်။ မလှမ်းမကန်းရှိ ဗိုလ်တဲတစ်ခု၏ ခြံဝသို့ရောက်သောအခါ ရဲဘော်ဖြူဗိုလ်ကွန်းဇော်ကို တွေ့လိုက်ရသည်။ ယခင်တစ်ချိန်က ဖခင်ဦးဘဦးသည် ဗိုလ်ကွန်းဇော်၏အသက်ကို ကယ်တင်ဖူးသည်ဟု သိရပါသည်။ လက်ဖက်ရည်များ၊ မုန့်များဖြင့် ဧည့်ခံပြီး အပြန် ကားဂိတ်ကို သူ့လူများအား ပို့ခိုင်းလိုက်ပါသည်။

ဥက္ကလာဦးစေတီတည်ရန်ဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

သို့နှင့် ရန်ကုန်မြို့သို့ ရောက်ရှိကြပါသည်။ ကရိလမ်း ယခု (ဗိုလ်မြတ်ထွန်းလမ်း) နေအိမ် (ယခု အ.ထ.က(၃)ဗိုလ်တထောင်) တိုက်ကျောင်းနှင့် ကပ်လျက် အိမ်သို့ရောက်သောအခါ ယွန်းအုပ်ကို ဘုရားကျောင်းဆောင်မှာတင်ပြီး ဝတ်ရွတ်အဖွဲ့များဖြင့် ပရိတ်များ၊ ပဋ္ဌာန်းများ နေ့စဉ်ရွတ်ကြပါသည်။ ဤအပိုင်းသည် ဥက္ကလာဦးစေတီတည်ရန်အတွက် ပထမပိုင်းတာဝန်ပြီးပါပြီ။ ဒုတိယတာဝန်မှာ မြေနေရာရှာရန်ကိစ္စပါ။ 'ဘောက်ထော်မှာရှာ' ဆိုသည့်အတိုင်း ဘောက်ထော်ဘက်မှာ စုံစမ်းရပါမည်။ ယင်းအချိန်ကာလ တောင်ဥက္ကလာပမြို့ မပေါ်သေးပါ။ သာဓုခြံလည်း မပေါ်သေးပါ။ တောင်ဥက္ကလာပမြို့မှာ ၁၉၅၉ ခုနှစ်တွင်မှ မြို့သစ်ပေါ်ပေါက်ခဲ့ပါသည်။ ကျွန်မက အစ်ကိုကြီးကို မေးခွန်းတစ်ခုမေးလိုက်မိပါသည်။ "ဘောက်ထော်ဆိုတာ လူအများသိတဲ့ စစ်မှတ်တမ်းရုံးအနားကနေရာလား" ဟုမေးရာ အစ်ကိုကြီးက -"မဟုတ်ဘူး၊ အခုမှတ်တမ်းရုံးရှိတဲ့နေရာက စာရေးတန်းဘောက်ထော်ဖြစ်တယ်။ ဥက္ကလာဦးရှိတဲ့ဘက်က နတ်စင်ဘောက်ထော်ဖြစ်တယ်" ဟု ဖြေပါသည်။

မယ်တော်ကြီး၏ စေတီမြေနေရာလှူဒါန်းခြင်း[ပြင်ဆင်ရန်]

မြေနေရာရှာသည့်အခါ ဖေဖေ၏ ကား RC - ၇၂၇၂ နီညိုရောင် ဆလွန်းကားဖြင့် သွားပါသည်။ ကားနံပါတ်ကို ဖော်ပြခြင်းမှာ ထူးခြားမှုတစ်ခုကို တင်ပြလို၍ ဖြစ်ပါသည်။

ဖေဖေ ဦးဘဦးနှင့် အစ်ကိုကြီး၊ ကျန်သော အစ်ကိုသုံးယောက် လိုက်ပါသွားကြရာ ထိုခရီးစဉ်အား အစ်ကိုကြီးက ကောင်းစွာ မှတ်မိနေခြင်း ဖြစ်ပါသည်။ ကားမောင်းသူမှာ အိန္ဒိယလူမျိုးဖြစ်ပြီး ကားကိုအလွန်သန့်အောင်ထားတတ်သူတစ်ဦး ဖြစ်ပါသည်။ ရွှေသွားလေးများတပ်ထားသောကြောင့် ရယ်လိုက်လျှင် သွားများကိုသာ မြင်ရတော့သည်။ အလွန်သဘောကောင်းသူ ဖြစ်သော်လည်း ဘောက်ထော်သို့ခရီးမှာ လမ်း၌ ရွှံ့ဗွက်လမ်းများလှသဖြင့် ကားကို ရွှံ့စဉ်ရာတွင် ကားသမား သိပ်ကြိုက်ဟန်မဟူပါ။

ယခု သာဓုရုပ်ရှင်ခြံ (သင်္ဃန်းကျွန်းမြို့နယ်) အကျော်တွင် ဘယ်ဘက်ကို မောင်းခိုင်းပါသည်။ ထို့နောက် လက်ယာဘက်သို့ဆက်လက်မောင်းသွားရာ ကျယ်ဝန်းလှသည့် သီဟိုဠ်ခြံကြီးရှေ့ ရောက်သွားတော့သည်။ ကားသွား၍ မရတော့သဖြင့် လမ်းလျှောက်သွားကြရာ မလှမ်းမကမ်းမှာ ပျဉ်ခင်းသွပ်မိုးအိမ်တစ်လုံးကို တွေ့လိုက်ကြသည်။ အိမ်ပေါ်မှ အသက်ငါးဆယ်ကျော် အသားဖြူဖြူ၊ မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးကောင်းသည့် ယောဂီအမျိုးသမီး ထိုအိမ်ထဲမှ ဆင်းလာ၏။ "ဆရာကြီးတို့ ဘာကိစ္စအတွက်လာပါသလဲ" "ဘုရားတည်ဖို့မြေလာကြည့်တာပါ၊ ဝယ်ပါ့မယ်" ဟု ဖေဖေက ဖြေသည်။

ထိုအမျိုးသမီးကြီးက အိမ်ပေါ်သို့ခေါ်ပြီး ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံပါသည်။ "ကျွန်မကို ဒီခြံတစ်ဝိုက်ကလူတွေက မယ်တော်ကြီးလို့ ခေါ်ပါတယ်။ ဒီခြံမြေတွေကိုလည်း ကျွန်မပိုင်ပါတယ်။ အခု ဆရာကြီးတို့တည်မယ့် ဘုရားဘွဲ့တော်က ဥက္ကလာဦး မဟုတ်လား။ စီးလာတဲ့ကားက RC - ၇၂၇၂ မဟုတ်လား" ဖေဖေတို့ အံ့ဩသင့်သွားကြ၏။ ဘုရားတည်မည်ဟုသာ ပြောရသေးသည်။ ကားကိုလည်း လှမ်းကြည့်၍ မြင်နိုင်သည် မဟုတ်ပါ။

"အံ့ဩသွားသလား။ ညက အဘဘိုးမင်းခေါင်နဲ့ အဘဘိုးဘိုးအောင်တို့ လာပြောသွားတယ်" "မယ်တော်ကြီး၊ အခုဆယ်တောင်ပြည့်စေတီမြေနေရာကိုလည်း မယ်တော်ကြီး လှူပြီးပြီ။ အခု ဥက္ကလာဦးဘုရားအတွက် လှူပါဦးလို့ မိန့်သွားကြပါတယ်။ ကျွန်မလှူပါ့မယ်။ ဦးဘဦးဆိုတာ ဘယ်သူပါလဲ" ဟုမေးရာ ဖေဖေကို ဦးစိန်ခန့်က ညွှန်ပြပါသည်။ အဘတို့ပြောသွားမည် ထင်ပါသည်။

မြေနေရာ လျှောက်ကြည့်သောအခါ မလှမ်းမကမ်း၌ အဘဘိုးမင်းခေါင် ညွှန်ကြားချက်အရ အဖေကြီး ဦးအောင်ချမ်းသာ အမှူးပြုသော ဆယ်တောင်ပြည့်ဘုရား တည်လက်စကို လှမ်းမြင်ရပါသည်။ မြန်မာနှစ် ၁၃၀၉ ခုနှစ်ဟု ကျောက်စာတွင် ရေးထိုးထားပါသည်။ အေဝမ်းရုပ်ရှင်အဖွဲ့မှ ဦးတင်နွယ်နှင့် အေဝမ်းဦးတင်မောင်တို့ ဦးစီး တည်ထားကြောင်း သိရပါသည်။ သို့နှင့် ယခုလက်ရှိ ဘုရားအကျယ်အဝန်းကို မယ်တော်ကြီးလှူလိုက်ပါသည်။ အဘ၏ညွှန်ကြားချက်အတိုင်း သတ္တဝါများ ကပ်ကျော်နိုင်ရန် (၇) ရက်သားသမီးများ အလှူပါဝင်စေပါသည်။

စေတီတော်၏ပုံသဏ္ဌာန်နှင့် အဘဘိုးမင်းခေါင်၏ယွန်းအုပ်ကို ဌာပနာခြင်း[ပြင်ဆင်ရန်]

စေတီတော်၏ ပုံတော်မှာ မဟာဗောဓိစေတီပုံစံမျိုး ဖြစ်ပါသည်။ လေးမျက်နှာရှိပြီး နှစ်ကျိပ်ရှစ်ဆူကျောင်းဆင်းတုတော်များမှာ အမြင့်တစ်ပေခန့်ရှိပြီး တင်ပျဉ်ခွေပုံဖြစ်ပါသည်။ ကျောက်သားကို ထွင်းထားပြီး အပြင်မှ မှန်များ ကာရံထားပါသည်။ အေဝမ်းရုပ်ရှင်အဖွဲ့ ဘုရားဒါယကာများကလည်း ဥက္ကလာဦးစေတီတည်ရာတွင် လာရောက် ကူညီဆောင်ရွက်အားပေးခဲ့ကြပါသည်။ အနေကဇာတင်သောနေ့တွင် (၇) ရက်သားသမီး အလှူရှင်များအပြင် ဖေဖေတို့နှင့်ရင်းနှီးသော မိတ်ဆွေကြီးများဖြစ်ကြသည့် အတွင်းဝန်ချုပ် အိုင်စီအက် ဦးကာစီနှင့် ဇနီး၊ ဝန်ကြီးဟောင်း ဟင်္သာတဦးမြ၊ ဝန်ကြီးသခင်တင်မောင်၊ စုံထောက်မင်းကြီး ဦးလှတောနှင့် ဇနီးဒေါ်မာရီလှတော စသည့် ပုဂ္ဂိုလ်များကလည်း လာရောက် ကုသိုလ်ယူကြပါသည်။ အဘဘိုးမင်းခေါင် လွှဲအပ်လိုက်သည့် ယွန်းအုပ်ကိုမူ ယခုဖူးမြင်ရသည့်အတိုင်း ထိပ်ဆုံးတွင် ငုံပြီး ဌာပနာလိုက်ပါသည်။[၁]

ယခုအခါ သင်္ကန်းကျွန်းမြို့နယ်၊ (အ.ထ.က(၂)သင်္ကန်းကျွန်းအနီး)၊ ပြည်သာယာလမ်း၊ ဥက္ကလာဦးစေတီလမ်းတွင် ထိုဥက္ကလာဦးစေတီကို တွေ့မြင်နိုင်ပါသည်။ ဘုရားမြေနေရာအား မယ်တော်ကြီး ဒေါ်လှမေ မှ လှူ ဒါန်းခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ) တင်တင်ဦး(ပေါင်းတည်) ရေးသားသော မူလ ဥက္ကလာဦးစေတီအကြောင်း သိကောင်းစရာများ ဆောင်းပါး, အတွဲ (၁၄) အမှတ် (၂), သူရဇ္ဇမဂ္ဂဇင်း, ၂၇၂ -၂၇၅.