စူဠာမဏိဘုရား

ဝီကီပီးဒီးယား မှ
စူဠာမဏိပုထိုးတော်ကြီး
  • စေတီပုထိုးအမှတ်=၄၇၈/၃၆၄−ကo

စူဠာမဏိဘုရားသည် ပုဂံရှိ ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သည်။ ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၁၈၃ တွင် နရပတိစည်သူမင်း (အေဒီ ၁၁၇၄-၁၂၁၁) တည်ခဲ့သည်။

ဘွဲ့အမည်တော်[ပြင်ဆင်ရန်]

စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ် ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ ရာစုက ရေးထိုးထားသည့် မင်စာတွင် ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။

စူဠာမဏိ ဘုရားကျောက်စာအရ နရပတိစည်သူမင်းသည် ၂ဝ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား ထို တောက်ပသော အရာသည် မီးလော ဟုမေးမြန်းရာ မှူးမတ်တို့က မီး ဟု လျှောက်တင်ခဲ့သည်။ နရပတိစည်သူမင်းသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမျှဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀ဝ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဉ့်ကွင်းများကို လေ့လာနိုင်သည်။[၁]

ဘုရားလောင်းသိဒ္ဓတ္ထမင်းသား တောထွက်ပြီးနောက် ရဟန်းဘောင်သို့ ဝင်သောအခါ ဆံတော်ပယ်၍ ကောင်းကင်သို့ ပစ်တင်တော်မူခဲ့လေသည်။ ဆံတော်သည် တာဝတိံသာနတ်ပြည်သို့ ရောက်သွားရာ ဆံတော်ကို ဌာပနာ၍ ဘုရားတည်ကြကုန်၏။ ထိုဘုရားသည် စူဠာမဏိဘုရား ဖြစ်လေသည်။ နရပတိစည်သူသည် ထိုဘုရား၏ ဘွဲ့အမည်ကိုယူ၍ သူ၏ ကုသိုလ်တော်ကို တည်ခဲ့သည်ဟုလည်း ဆိုကြသည်။ မှန်နန်းရာဇဝင်တော်ကြီးတွင် "ပြည်သူလူတကာတို့ စီးပွားကို ဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ်အလို့ငှာ၊ လိုဏ်နှစ်ဆင့် ရှိသော ကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူဠာမဏိဟူသော အမည်ကို သမုတ်တော်မူ၏" ဟုလည်း တွေ့ရသည်။[၂]

ဗိသုကာလက်ရာများ[ပြင်ဆင်ရန်]

စူဠာမဏိလိုဏ်ဂူသည် နှစ်ထပ်လိုဏ် ဖြစ်ပြီး ပန္နက်အခြေခံမှာ စတုရန်းပုံဖြစ်၏။ လေးမျက်နှာတင် အာရုံခံမုခ်များရှိပြီး အရှေ့ဘက်မျက်နှာ အာရုံခံမုခ်သည် အခြားမုခ်များထက်ပို၍ ရှေ့ဘက်သို့ စွန်းထွက်ကာ အလျားရှည်သည်။ အပေါ်ထပ်လိုဏ်ဂူသည် အောက်ထပ်လိုဏ်ဂူကို အောက်ခံပြု တည်ဆောက်ထားခြင်း ဖြစ်သည်။ လိုဏ်ဂူတို့၏ အမြင့်သည် အောက်နှင့်အထက် ညီတူဖြစ်သည်။ လိုဏ်နှစ်ခုစလုံးတွင် ပစ္စယာများ အတိုးအဆုတ်ပြု ဆောက်ထားသည်။ ထောင့်ကွေ့များ၌လည်း ပုထိုးငယ်များ၊ မုခ်စုလစ် အင်္ဂတေထောင့်ပန်းများ ပါရှိသည်။ ပစ္စယာများတွင် အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသော စဉ့်ကွင်းများဖြင့် တန်ဆာဆင်ထား၏။ သို့သော် ကွမ်းတောင်အထက် ထိပ်ပိုင်းတို့သည်ကား ပျက်စီးလျက် ရှိလေသည်။

မြေညီထပ်တွင် အခိုင်အခံ့ဆောက်ထားသည့် အလယ်မဏ္ဍိုင် ရှိသည်။ ယင်းကို ပတ်သည့်စင်္ကြံပတ်လမ်းလည်း ရှိသည်။ ထိုမဏ္ဍိုင်၏ လေးဖက်မျက်နှာတို့တွင် ပလ္လင်အမြင့်ပေါ်၌ တင်ပျဉ်ခွေ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဖူးနိုင်သည်။

အရှေ့ဘက် အာရုံခံခန်းမမှဝင်လျှင် ဂန္ဓကုဋိတိုက်ကို တွေ့ရမည်။ အလယ်မဏ္ဍိုင်၍ ဘုရားလေးဆူရှိသည်။ အရှေ့ဘက်သို့ မျက်နှာမူသည့် ဆင်းတုတော် တည်နေရာသည် အခြားသုံးဖက်ထက် ပို၍ကျယ်ကာ အတွင်းသို့ ချိုင့်ဝင်နေသည်။ မဏ္ဍိုင်အတွင်းသို့ အခြားသုံးဆူထက် ပို၍ နေရာယူထားသည်။ အခြားသုံးဆူမှာ နံရံ၌ ကပ်ရုံကပ်ထားသည်။ ထုထည်ကောင်းသော အုတ်နံရံအတွင်း တောင်ဘက်မြောက်ဘက် နှစ်နေရာ၌ အထက်ပစ္စယာသို့တက်ရန် ကျဉ်းမြောင်းသော ကြောင်လိမ်လှေကားထစ်များကို ပြုလုပ်ထားသည်။ ထိုလှေကားမှထွက်လျှင် စင်္ကြံပတ်လမ်းမှ အရှေ့ဘက်ပေါ်တက်ရန် အုတ်လှေကား နှစ်ဆင့်ကို တွေ့ရသည်။ ထိုမှ အပေါ်ဆောင်သို့ တက်ပြန်လျှင် ဂန္ဓကုဋိအတွင်း၌ ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးနိုင်သည်။

အတွင်းစင်္ကြ ပေါင်းကူးနံရံများ၌ ပုဂံခေတ်ဆေးရေးပန်းချီများကို တွေ့နိုင်သည်။ အချို့နေရာတွင် ကုန်းဘောင်ခေတ် နံရံပန်းချီများ ထပ်မံရေးဆွဲထားသည်ကို တွေ့ရသည်။ လိုဏ်ဂူကို ခိုင်ခံ့စေရန်အတွက် အုတ်များတွင် အချို့နေရာ၌ ကျောက်အုတ်များဖြင့် ညှပ်ကာ ဆောက်ထားသည်ကိုလည်း တွေ့ရသည်။ ပုဂံခေတ် အင်္ဂတေပန်းတော့ လက်ရာများတွင် လှပသော ကနုတ်ပန်းများ၊ ပုလဲကုံးများ၊ ဘီလူးပန်းဆွဲ၊ တိုင်ဖုံးစုလစ်ပန်း၊ တံကဲပန်းများကိုလည်း တွေ့မြင်နိုင်သည်။

လိုဏ်ဂူမြောက်ဘက်မုခ် အာရုံခံ၌ စူဠာမဏိ မူလတည်စဉ်က မော်ကွန်းတင်ကျောက်စာကို တွေ့နိုင်သည်။ ထိုမှတစ်ပါး အတွင်းနံရံများတွင် ပုဂံခေတ်နှင့် နောက်ပိုင်းရေးထားသော နံရံမင်စာများကိုလည်း လေ့လာနိုင်သည်။ တိုက်မ အထက်ရှိ ပစ္စယာဆင့်များတွင် ပုံစံအမျိုးမျိုး အကွက်အမျိုးမျိုး ဖော်ထားသည့် စဉ့်သုတ်စိန်တန်းများဖြင့် တန်ဆာဆင်ထားလေသည်။ [၂]

စူဠာမဏိ ဘုရားတွင် ပုဂံခေတ်အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အဝါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့် ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့် ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စာများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။

ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဉ့်ဝါနှင့် စဉ့်စိမ်းရောင် စဉ့်ကွက် စဉ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။

နှောင်းခေတ်တွေမှာ ပုဂံဘုရားတွေကိုပြုပြင်ကြရင်းနဲ့ မူလလက်ရာတွေ ပျက်စီးကုန်တာလဲ မနည်းပါ။ မပြုပြင်ခင်က မူလလက်ရာ ဘယ်လောက်ကျန်ပြီး ဘယ်လိုပုံစံမျိုးရှိခဲ့မလဲဆိုတာ၊ ဒီနေ့မှာ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြတော့ပါ။ ဒီတော့ အနီးစပ်ဆုံး အမှန်ရရှိနိုင်ဖို့ သုတေသန ပြုကြရပါမယ်။ အရင်တုန်းကလည်း ဒီလိုလုပ်ခဲ့ကြတာကြောင့် အခုလည်း ဒီလိုပဲ လုပ်မယ် ဆိုတာမျိုး၊ ကောင်းအောင်ပြင်တာပဲ ဖျက်တာမှ မဟုတ်တာလို့ စိတ်ထဲမှာရှိနေရင်၊ ရှေးဟောင်း အဆောက်အဦးတွေ ပြင်တဲ့ ပုဂ္ဂိုလ်များ ကြပ်ကြပ် စဉ်းစားသင့်ကြပါတယ်။ နောင်ပြင်ရန်ခက်တဲ့အမျိုးလို့ စာဆိုရှိတဲ့အတိုင်း မပြုပြင်ခင်ကတည်းက လေ့လာကြဖို့၊ တိုင်ပင်ကြဖို့၊ ပညာရှင်တွေရဲ့ အမြင်တွေနဲ့ ညှိနှိုင်းကြဖို့လိုပါလိမ့်မယ်။

မကြာသေးခင်ကမှ တပြိုင်နက်တည်းလိုပဲ အသစ် ထပ်ထည့်တာတွေကတော့ ဆိုခဲ့တဲ့ ထိပ်ပိုင်းက စေတီအငယ်တွေပါပဲ။ အရင်တုန်းကတည်းက လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တာကတော့၊ အစိတ်အပိုင်းတွေကို ပြောင်းလဲပြင်ဆင် (alteration) ၊ ဖြုတ်ပစ် (obliteration)၊ပုံစံမတူတဲ့ အသစ်တွေ ထပ်ဖြည့်ထည့် (addition) စတာတွေ မလုပ်ဘူးဆိုတဲ့၊ တချိန်က ရှေးဟောင်းကျောက်စာဌာန၊ ရှေးဟောင်းသုတေသနဌာနကို ဦးစီးအုပ်ချုပ်သူတွေနဲ့ သမိုင်းသုတေသီ ပညာရှင်တွေရဲ့ အင်မတန်မှ လေးစားစရာ ခံယူချက်နဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပေမယ်။

လုံးလုံး ပြိုကျသွားလို့ပဲ ဖြစ်ဖြစ်၊ တဝက်တပျက် အကောင်း ကျန်နေသေးတာကို ဖြိုချပြီး အသစ် ထပ်တည်တာပဲ ဖြစ်ဖြစ်၊ အခုအချိန်မှာ မြင်တွေ့နေကြရတဲ့ ပုဂံဘုရားတွေရဲ့ အထွတ်စေတီတွေ၊ အထူးသဖြင့် ကွမ်းတောင်ပေါက်ဂူဘုရားတွေမှာ ရှိခဲ့ဖူးတဲ့ မူလ ပုံစံတွေနဲ့ အတော်ပဲ ခြားနားလိမ့်မယ် လို့ ထင်ပါတယ်။

ကွမ်းတောင်ပေါက် ဂူဘုရားတွေရဲ့ ကွမ်းတောင်ထိပ်ပိုင်းမှာ စွန်ကုပ်တွေ ပါလေ့ရှိတယ်။ အဲဒီ စွန်ကုပ်တွေရဲ့ အပေါ်မှာ နည်းနည်းသိမ်သွားတဲ့ အပိုင်းရှိပြီး အထက်မှာ စေတီ၊ ထိပ်ဆုံးမှာ အထွတ် တပ်ပါတယ်။ မြင်းကပါ ဂူပြောက်ကြီး၊ ထီးလိုမင်းလို၊ စူဠာမဏိ၊ တရုတ်ပြေး စတဲ့ ဂူဘုရားကြီးတွေမှာ ကွမ်းတောင် အထက်စေတီ ပြိုကျသွားလို့ မနေ့တနေ့ကအထိ ရှေးဟောင်းပုံစံအတိုင်း ရှိနေခဲ့သေးတယ်။ [၁]

၂၀၁၆ ငလျင်[ပြင်ဆင်ရန်]

ဩဂုတ် ၂၄ ရက် မြန်မာစံတော်ချိန် ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ် (ခ်)တာ စကေး (၆ ဒသမ ၈) အဆင့်ရှိ ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ အဆိုပါငလျင်ကြောင့် စူဠာမဏိ ပုထိုးတော်ကြီး ကွမ်းတောင်တစ်ခုလုံး ပြိုကျခဲ့ရပြီး စေတီဘုရား ၂၀၀ ကျော် ပျက်စီးခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးမောင်မောင် (ဘီအေ)သမိုင်း၊ ရန်ကုန်တက္ကသိုလ် ၏ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပုဂံစေတီပုထိုးများ
  2. ၂.၀ ၂.၁ ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ