မင်းလက်ဝါး
မင်းလက်ဝါးကို သမိန်ထောရာဇာဘွဲ့ခံ ပုသိမ်မြို့ဝန် မဟာသမိန်ထောနှင့် ရေကင်းသူ မမကြီးတို့က ၁၈၂၃-ခုနှစ်တွင် မွေးဖွားသည်။ မွေးချင်း ၂-ဦးအနက် အငယ်ဖြစ်သည်။ ငယ်မည်မှာ မောင်လတ်ဖြစ်သည်။ မင်းလက်ဝါး၏ အနွယ်ရင်းဖြစ်သော သူ၏ အဘ၊ အဘိုး၊ အဘေးများသည် အလောင်းမင်းတရားလက်ထက်မှစ၍ အစဉ်အဆက်အမှုထမ်းလာကြသော မွန်တိုင်းရင်းသားများ ဖြစ်ကြသည်။ မင်းလက်ဝါးသည် ကုန်းဘောင်ဆက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် နှစ်ပေါင်း ၃၀-ခန့် အမှုထမ်းခဲ့သည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား အမြင့်ငါးမြို့ဝန်၊ မဟာသမိန်ဘရမ်း၊ မင်းကြီးမင်းခေါင်သူရိန်၊ မင်းကြီးမဟာသက်တော်ရှည် ဘွဲ့များချီးမြှင့်ခဲ့သည်။ သီပေါမင်းက မက္ခရာမြို့စား၊ လက်ဝဲတော်မှူး၊ မင်းကြီးသူရ မဟာမင်းခေါင် သမိန်ဘရမ်းနှင့် အောက်မြစ်စဉ်ခရိုင်မင်းကြီးဘွဲ့များ ချီးမြှင့်ခဲ့သည်။
မောင်လတ်၏ဖခင်သည် ငယ်စဉ်ကပင် ဆုံးသွားခဲ့သည်။ မိခင်၊ အမများနှင့်လည်း ကွဲကွာခဲ့ရပြီး ရေကင်းဘုန်းကြီးကျောင်းတွင် ခိုလှုံကာ ဘုန်းကြီးထံ၌ စာပေပညာများကို သင်ယူခဲ့သည်။ ဘုန်းတော်ကြီးက လူရေးလူရာ လိမ္မာယဉ်ကျေးစေရန် ဆုံးမသွန်သင်ပေးသည်။ လူပျိုအရွယ်ရောက်လာသောအခါ ဒေသအလိုက် သစ်ခုတ်၊ လယ်လုပ်ခြင်းဖြင့် အသက်မွေးရသည်။ မောင်လတ်သည် သစ်ခုတ်ရင်း သစ်ငုတ်ထိုးမိသောဒဏ်ရာကြောင့် ဝဲမျက်လုံးတဖက် ကွယ်သွားလေသည်။ ထို့နောက် တောင်သူကြီး တဦး၏ သမီးနှင့် အိမ်ထောင်ကျပြီး ယောက္ခမအိမ်သို့ လိုက်ပါနေထိုင်လျက် တောင်သူလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရသည်။ မောင်လတ်သည် လယ်ယာလုပ်ငန်း၌ စိတ်မဝင်စား။ မကျွမ်းကျင်၍ ယောက္ခမက ၎င်းအား လူပျင်း၊ လူအ ဟု အထင်အမြင်သေးကာ ငြူစူလာသည်။ ဇနီးသည်ကပင် အထင်အမြင်သေး၍ မထီမဲ့မြင် ပြုလာသည်။
မောင်လတ်သည် ယောက္ခမနှင့် မိန်းမဖြစ်သူ၏ ငြိုငြင်မှုကို ခံနေရချိန်တွင် အမဖြစ်သူ ခင်ခင်ကြီးမှာ ရာဇဌာနီ မင်းနေပြည် အမရပူရမြို့တော်၌ သူရဲဝန်ကတော်ဖြစ်လျက် ကောင်းစားနေကြောင်း သတင်းကောင်းကြားလာ ရသည်။ မောင်လတ်သည် အသက် ၃၁-နှစ်အရွယ်ခန့်၊ ၁၈၄၄-ခုနှစ်တွင် ဇနီးသည်ကိုထားခဲ့၍ အမရပူရမြို့တော်သို့ လှည်းတတန်၊ လှေတတန်၊ ခြေလျင်တတန်ဖြင့် တလနီးပါးအထိ ခရီးနှင်လာခဲ့သည်။
မောင်လတ်သည် သူရဲဝန်မင်းအိမ်ကို အလွယ်တကူ ရှာတွေ့သည်။ အမခင်ခင်ကြီးသည် မောင်ငယ်ကို မမျှော်လင့်ဘဲ တွေ့ရ၍ ဝမ်းသာပြီး ရှိုက်ကြီးတငင် ငိုရှာသည်။ သူရဲမင်း ဦးရွှေလုံးသည် ယောက်ဖဖြစ်သူ မောင်လတ်အား တစေ့တစောင်း အကဲခတ်သည်။ လက်ရုံးတဆူကဲ့သို့ အားကိုးစိတ်ချရမည့်သူဖြစ်ကြောင်း ယုံကြည်သဖြင့် အစစအရာရာ မင်းမှူးစိုးတာ နန်းတွင်းရေးရာမှစ၍ သွန်သင်ဆုံးမသည်။ အခါအခွင့်ရတိုင်း ဓားခုတ်၊ လှံထိုး၊ ဆင်စီး၊ မြင်းစီးတို့ကို ကျွမ်းကျင်အောင် သင်ကြားပေးသည်။ သူရဲဝန်မင်းသည် မောင်လတ်အား မင်းတုန်းမင်းကြီး၏ ရှေ့တော်သို့ ဝင်ရောက်ခစားစေသည်။ မင်းတုန်းမင်းသည် မောင်လတ်၏ အရည်အသွေးကို အကဲခတ်ရင်း အပါးတော်၌ ခစားစေသည်။ ထို့နောက် ချောင်းဦးဆယ်ရွာကို စားစေပြီး မင်းမှုထမ်းစေသည်။ မောင်လတ်သည် မိမိတာဝန်များကို မလစ်ဟင်းရလေအောင် ကြိုးစားထမ်းဆောင်သည်။ မင်းတုန်းမင်းသည် မောင်လတ်၏စွမ်းရည်ကို နှစ်သက်၍ အမြင့်မြို့ဝန်ရာထူး တိုးမြင့်ခန့်အပ်တော်မူသည်။
ဦးလတ်သည် မိမိတာဝန်ထမ်းဆောင်ရာ မြို့ရွာများတွင် သူ၏အမိန့်စည်းကမ်းများကို မလေးမခန့် ပြုသူ၊ ဆိုးသွမ်းသူများကို ကိုယ်တိုင် လက်ဝါးနှင့်ရိုက်၍ ဆုံးမလေ့ရှိသည်။ ဦးလတ်မှာ အသားဖြူဝင်း စိုပြည်လျက် ထွားကျိုင်းသန်မာ၍ အံ့ဩလောက်သော ကာယဗလရှိပြီး တိုင်းရင်းသားမွန်များတွင် ထင်ရှားလှသည်။ လေးတောင်ပြည့် အရပ်အမောင်းနှင့် လိုက်ဖက်အောင် အလုံးအထည် ကြံ့ခိုင်သူလည်းဖြစ်သည်။ ထို့ကြောင့် သူ၏ရိုက်ချက်မှာ အားကောင်းမောင်းသန်လှသဖြင့် ပြင်းပြင်းအရိုက်ခံရသူမှာ တချက်တည်းနှင့် စင်းစင်းသေရလေတော့သည်။ ဦးလတ်၏ တမူထူးခြားသော သူ၏စရိုက်နှင့် စွမ်းအားတို့ကြောင့် အမြင့်မြို့နယ်တခွင်တွင် မင်းလက်ဝါး-ဟု ပြည်သူများက ခေါ်ဆိုကြလေသည်။
မင်းလက်ဝါးအုပ်ချုပ်သော နယ်အတွင်း ခိုးသားဓားပြများ လုံးဝကင်းစင်ကာ အေးချမ်းလှသည်။ ထိုကဲ့သို့သော မင်းလက်ဝါး၏ ဂုဏ်သတင်းကို မင်းတုန်းမင်း ကြားသောအခါ အပါးတော်သို့ခေါ်ယူပြီး သူ၏မျိုးရိုးဇာတိကို မေးမြန်းတော်မူသည်။ သူရသတ္တိသွေးမျိုး ရှိသူဖြစ်ကြောင်း သေချာစွာသိတော်မူ၍ အသက် ၃၃-နှစ်အရွယ် ၁၈၅၆-ခုနှစ်တွင် မဟာသမိန်ဘရမ်း-ဟု ဘွဲ့တော်ကိုပေးလျက် အမြင့်ငါးမြို့ဝန်ရာထူး တိုးမြှင့်ခန့်အပ်လေသည်။
မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းနောက်ပိုင်း ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နင်းရန် မင်းတုန်းမင်းသည် မင်းလက်ဝါးကို အမြင့်မြို့မှခေါ်ယူပြီး မြစ်စဉ်တလျှောက်မှ နယ်များကို ငြိမ်ဝပ်ပိပြားမှုရှိစေရန် တာဝန်ခံဗိုလ်ချုပ်ကြီး ခန့်အပ်တာဝန်ပေးသည်။ မင်းလက်ဝါးသည် သူရဲသူခက် လက်နက်အင်ခွင်တို့ကို ဖွဲ့စည်းစုဆောင်း၍ ပန်းထိမ်မင်းသားပုန်ကန်မှုကို နှိမ်နှင်းအောင်မြင်ခဲ့သည်။ ပုန်ကန်သူများတွင် ပါဝင်သော မိမိသားကိုပင် အဆုံးစီရင်လေသည်။ မင်းတုန်းမင်းသည် မင်းလက်ဝါးအား မဟာသမိန်ဘရမ်းဘွဲ့တွင် ထပ်လောင်းလျက် မင်းကြီးမင်းခေါင်သူရိန်-ဟူသော ဘွဲ့တော်ကို ချီးမြှင့်လေသည်။ ၎င်းပြင် ရတနာကိုးပါး စီခြယ်သော သီလဝင်ရွှေဓားကို ပေးအပ်ချီူမြှင့်လျက် မင်းကြီးမဟာသက်တော်ရှည်ဘွဲ့ထူးကို ၁၈၇၄-ခုနှစ်တွင် ထပ်ဆင့်အပ်နှင်းတော်မူသည်။ ထို့နောက် ဗလကောင်းသော အင်္ဂလိပ်ကြီးနှင့် စွမ်းအားပြိုင်ရာတွင်လည်း အနိုင်ရ၍ ဘုရင်မင်းမြတ်က မင်းလက်ဝါးကို ဆုတော်ငွေများ ပေးသနားတော်မူလေသည်။
သီပေါမင်းလက်ထက်တွင် မင်းလက်ဝါးအား မက္ခရာမြို့ကို အပိုင်စားပေးသည့်အပြင် မင်းကြီးသူရမဟာမင်းခေါင် သမိန်ဘရမ်း-ဟူသော ဘွဲ့အမည်နှင့် လက်ဝဲဝင်းတော်မှူးရာထူးကို ခန့်အပ်ခံသည်။ ဧရာဝတီမြစ်၏ ဝဲယာမြို့များတဝိုက်ကို အောက်မြစ်စဉ် ၇-ခရိုင် သတ်မှတ်ပိုင်းခြားလျက် မင်းလက်ဝါးအား အုပ်ချုပ်စေသည်။ မင်းလက်ဝါးသည် အောက်မြစ်စဉ် ၇-ခရိုင်မင်းကြီးဟူသော အမည်ဖြင့် ထင်ရှားလာသည်။
၁၈၈၅-ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ဗိုလ်ချုပ်ကြီးလှေသင်း အတွင်းဝန် ဦးရွှေမောင်နှင့် ဗိုလ်ချုပ်မင်းလက်ဝါးတို့ တူအရီးနှစ်ဦးသည် မြင်းခြံနှင့် မင်းလှမြို့များတလျှောက်ကွပ်ကဲတိုက်ခိုက်ကြသည်။ ထို့ပြင် မင်းလှခံတပ်ကြီးကို ဦးစီးကွပ်ကဲ၍ နယ်ချဲ့တို့အား အပြင်းအထန် ခုခံတိုက်ခိုက်ကြသည်။ ၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၁၇-၇က်နေ့ ညနေတွင် မင်းလှခံတပ် ကျဆုံးသွားသည်။ မင်းလက်ဝါးကြီးသည် ခံတပ်၏ မလွယ်ပေါက်မှ ထွက်ခွါလွတ်မြောက်လာသည်။ သူနှင့်အတူပါလာသော ရဲမက်များနှင့် မျိုးချစ်မြန်မာများကို အင်အားစုစည်း၍ ဗြိတိသျှတို့အား တော်လှန်ရန် ကြိုးစားသည်။ သို့သော် မြန်မာလွှတ်တော်မှ မေတ္တာရပ်ခံသဖြင့် လက်နက်ချခဲ့ရသည်။
မင်းကြီးတွင် ဝန်ကတော် ၈-ဦးနှင့် သား ၂၀၊ မြေး ၁၀-ယောက်ရှိသည်။ မင်းကြီးသည် မန္တလေးမြို့ တနေရာတွင် မိသားစုနှင့်အတူ နေထိုင်၏။ ဗြိတိသျှတို့က ငွေကြေး၊ ရာထူးတို့ဖြင့် စည်းရုံးသိမ်းသွင်းသော်လည်း လက်မခံခဲ့ပေ။ မင်းကြီးသည် ၁၈၉၃-ခုနှစ်လောက်တွင် နယ်ချဲ့တော်လှန်ရေးများ ငြိမ်းအေးသွားသောအခါ မန္တလေးမှ အမြင့်မြို့သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။
မင်းလက်ဝါးသည် အစားအသောက် လွန်စွာစားနိုင်သည်။ နံနက် နို့ဆီဗူးဆန် လေးလုံး၊ ညနေ နို့ဆီဗူးဆန် လေးလုံး ကုန်အောင် စားနိုင်သည်။ ထမင်းစားပြီး ဖီးကြမ်းငှက်ပျောသီးတဖီး ကုန်အောင် စားနိုင်သည်။ မင်းလက်ဝါးသည် ၁၉၀၃-ခုနှစ် အသက် ၈၀-တွင် လူကြီးရောဂါဖြင့် အမြင့်မြို့၌ ကွယ်လွန်ခဲ့လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးမြင့်စော (သမိုင်းပါမေက္ခ-ပုသိမ်တက္ကသိုလ်) ( မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)