လက်ဝဲသုန္ဒရ
| လက်ဝဲသုန္ဒရ အမတ်ကြီး လက်ဝဲသုန္ဒရ | |
|---|---|
| မွေးဖွား | မြတ်စံ မြန်မာသက္ကရာဇ် ၁၀၈၉-ခုနှစ်[၁] |
| နိုင်ငံလူမျိုး | မြန်မာ |
| လူမျိုး | မြင်းစီးမျိုး ရိုးရာ |
| မိခင်ကျောင်း | ရတနာပူရ အင်းဝမြို့ |
| ခေတ် | ကုန်းဘောင်ခေတ် |
| ထင်ရှားသည့် လုပ်ဆောင်မှု | မဲဇာတောင်ခြေ ရတု၊ နန္ဒီသေနပျို့ |
| ဇာတိ | ရွှေဘိုမြို့ |
| ရှေ့လူ | ဦးမြတ်သာနေ |
| ရာဇဝတ်မှု | တာဝန်ဝတ္တရား ပျက်ကွက်မှု[၂] |
| အိမ်ထောင်ဖက်(များ) | မရွဲ့ |
| သားသမီး | (၃) ဦး (မဟာဓမ္မိကရာဇာ ဦးအေး၊ ဦးရွှေသာ၊ မလွန်းမယ်) |
| ရရှိသည့်ဆုများ | လက်ဝဲသုန္ဒရ၊ ဘယရန္တမိတ်၊ လက်ဝဲနန္ဒမိတ်၊ သရေသင်္ခယာ၊ လက်ဝဲဘိနန်သူ |
လက်ဝဲသုန္ဒရ သည် ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရားကြီးက ချီးမြှင့်သော ဘွဲ့တစ်ခု၏ အမည် ဖြစ်သည်။ လက်ဝဲသုန္ဒရဘွဲ့ဖြင့် ထင်ရှားသူမှာ ဦးမြတ်စံ ([ʔú mjaʔ sàɴ]; ၁၀၈၉ ဖွား) ဖြစ်သည်။[၁] အမတ်ကြီး ရေးသားခဲ့သော စာပေများအနက် မဲဇာတောင်ခြေချီ ရတုမှာ အထင်ရှားဆုံးဖြစ်ပြီး သာဓိနပျို့မှာ အကောင်းဆုံးဖြစ်သည်။[၃]
အတ္ထုပ္ပတ္တိ
[ပြင်ဆင်ရန်]လက်ဝဲသုန္ဒရ ဘွဲ့ဖြင့် ထင်ရှားခဲ့သော သူ၏ အမည်ရင်းမှာ မြတ်စံ (Myat San) ဖြစ်သည်။[၄] မြန်မာသက္ကရာဇ် ၁ဝ၈၉ ခုနှစ်တွင် ရွှေဘိုမြို့တောင်ဘက် ၁၄ မိုင်ဝေးသော မန်ကျည်းတုံရွာ၌ မြင်းစီးမျိုးရိုးရာမှ ဖွားမြင်သည်။[၁] ငယ်နာမည်မှာ မောင်မြတ်စံဖြစ်သည်။
ငယ်စဉ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]မောင်မြတ်စံကို စာပေများ သင်ယူရန်အတွက် အသက် ၇-နှစ် အရွယ်၌ မန်ကျည်းတုံရွာ ရွှေဘုံသာကျောင်း ဆရာတော် ရှင်ဝရ သမ္ဗောဓိထံမှာ မိဘများကလျှောက်ထား အပ်နှံခဲ့သည်။ အသက် ၁၁-နှစ် အရွယ်၌ ထိုဆရာတော်ထံတွင် ရှင်သာမဏေ ဝတ်ခဲ့သည်။
ကိုရင်မြတ်စံသည် ထိုခေတ်ထိုအခါက ထင်ရှားသော ရတနာပူရ အင်းဝမြို့ ဒုတိယ မှန်စီဆရာတော်ကြီးနှင့် စစ်ကိုင်းမင်းဝံတောင်ရိုးရှိ ကယေမ္ဗာဇမထေရ်တို့ထံတွင်လည်း ပိဋကတ်သုံးပုံကို အဋ္ဌကထာဋီကာနှင့်တကွ သင်ယူခဲ့လေသည်။ ထို့အပြင် ကဗျာ လင်္ကာ ရတု ဧချင်း မော်ကွန်း ဖွဲ့စပ် သီကုံးမှုကိုလည်း အထူးကြိုးစား သင်ယူခဲ့သည်။ အသက် ၁၃-နှစ်နှင့် ၄-လ၌ မဟော်ပျို့ကို စပ်ဆိုခဲ့ပြီး သုံးဝါ မြောက်တွင် ပိဋကတ်သုံးပုံကို အလုံးစုံ တတ်မြောက်၍ ၁၄-နှစ် အရွယ်၌ လူဝတ်လဲကာ ကိုရင်လူထွက်ခဲ့သည်။
ကိုမြတ်စံသည် အင်းဝရွှေနန်းတော်အတွင်း ဝင်ထွက်သွားလာနေလေရာ ငယ်ရွယ်နုနယ် နေသေးသောကြောင့် မိဘများက စိတ်လက်မချ ဖြစ်ခဲ့ရပြီး အမှုတော်ထမ်းရွက်လိုမှု ခွင့်ပြုချက်ကို ချက်ချင်း မပေးခဲ့ကြခြင်း ဖြစ်သည်။ သက္ကရာဇ် ၁၁၀၉-ခုနှစ် အရောက်တွင် အသက်နှစ်ဆယ် ပြည့်ခဲ့ပြီး လူကြီးအရွယ်သို့ တရားဝင်ရောက်ရှိလာသောအခါမှ ဦးမြတ်စံ၏ အမှုတော် ထမ်းရွက်လိုမှုကို မိဘများက ခွင့်ပြုပေးခဲ့သည်။
မင်းမှုထမ်းခြင်းနှင့် ရရှိခဲ့သည့် ဘွဲ့တံဆိပ်များ
[ပြင်ဆင်ရန်]ဦးမြတ်စံသည် သက္ကရာဇ် ၁၁၁၁-ခုနှစ်တွင် မွန်််နှင့် မြန်မာများစစ်ဖြစ်ကြ၍ အင်းဝနေပြည်တော်ကြီးသည် မွန်တို့လက်သို့ ကျရောက်သောအခါ နေရပ်မိဘများထံ ပြန်လာ၍ နေရလေ၏။
ဟံသာဝတီရောက် မင်းတရားကြီးသည် သက္ကရာဇ် ၁၁၁၃-ခုနှစ်တွင် အလုံးအရင်းနှင့် မွန်တပ်များကိုတွန်းလှန်သောကြောင့် မွန်တပ်များ ပြန်သွားကြသောအခါ စဉ့်ကိုင်ကို ကေတုမတီဟုသမုတ်၍ မလွန်တပ်မှူး သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့နှင်းခဲ့သည်။ နန်းတော်၊ လွှတ်တော်၊ ရှေ့ရုံးနှင့် နောက်ရုံး များကိုလည်း တည်ဆောက်စေပြီးလျှင် ထီးပြိုင် နန်းပြိုင် အုပ်ချုပ်ခဲ့ကြသည်။ ထို အခါတွင် ဦးမြတ်စံသည် ကိုးသိန်းသခင်ထံတွင် စတင်ခစား အမှုထမ်းခွင့် ရခဲ့သည်။
ဦးမြတ်စံသည် သက္ကရာဇ် ၁၁၁၉-ခုနှစ်၌ အလောင်းမင်းတရားကြီးထံတွင် သွားရောက်၍ ခစားခဲ့သည်။ ထိုအခါ သားတော်ကြီး ဥပရာဇာထံတွင် ပထမဦးစွာ တာဝန် စတင်ထမ်းဆောင်ခွင့်ရခဲ့သည်။ ထို့နောက် ညီတော် အမြင့်မြို့စား အိမ်တော်တွင် အကြီးတော်အရာ ရာထူးကို ထမ်းဆောင်ခွင့်ရရှိခဲ့ပြီး လက်ဝဲသုန္ဒရဘွဲ့ကိုလည်း စတင် ချီးမြှင့်ခြင်းခံရသည်။
ထိုအခိုက် လက်ဝဲသုန္ဒရဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။ ဒုတိယသားတော် ဆင်ဖြူရှင်မင်းတရားလက်ထက်မှာလည်း အမြင့်မင်းအကြီးတော် အဖြစ်ဖြင့်ပင် ထမ်းရွက်ရသည်။ အမြင့်မင်း၏ လူပျိုတော် မောင်အောင်တင်နှင့် အပျိုတော် မမိတ်တို့ အရေးအခင်းတွင် ငအောင်တင်ကို အကြီးတော်လက်ဝဲသုန္ဒရအား ဘုရင်ကတောင်းခံရာ မရ၍ မဲဇာသို့အပို့ခံရသည်။ မဲဇာတောင်ခြေ-ချီရတု ဆက်သွင်းသောအခါ မဲဇာမှ ပြန်လည်ခေါ်ယူ၍ အကြီးတော်အရာကို ပြန်လည်ပေးအပ်ခြင်းမပြုတော့ပဲ အမြင့်မင်းအိမ်မှာပင် ဘယရန္တမိတ်ဘွဲ့ဖြင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။
သက္ကရာဇ် ၁၁၄၃-ခုနှစ် တပို့တွဲလအတွင်း ဘိုးတော်ပဒုံမင်းကြီး မင်းအဖြစ်သို့ရောက်တော်မူသောအခါတွင်မူ မြို့ဝန်ရာထူးဖြင့် ခန့်ထား၍ မဟာသီဟသူရဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည့်ပြင် တရားသူကြီး အဖြစ်လည်း ထပ်လောင်းသူကောင်းပြုခြင်းကို ခံရလေသည်။ အမတ်ကြီးသည် ၁၁၆၁-ခုလောက်တွင် ကွယ်လွန်အနိစ္စရောက်လေသတည်း။ [၅]
လက်ဝဲသုန္ဒရ
[ပြင်ဆင်ရန်]လက်ဝဲသုန္ဒရ ဘွဲ့ခံ ပညာရှိအမတ်ကြီးနှစ်ဦးသည် ကုန်းဘောင်ခေတ်၊ အလောင်းမင်းတရားကြီး လက်ထက်၌ ပေါ်ထွန်းခဲ့သည်။ ထိုသူတို့မှာ ဦးမြတ်သာနေ နှင့် ဦးမြတ်စံ တို့ ဖြစ်ကြသည်။
- ဦးမြတ်သာနေ(လက်ဝဲနော်ရထာ)
ရှေ့လူ'ဖြစ်သော ဦးမြတ်သာနေသည် လက်ဝဲသုန္ဒရ ဘွဲ့ နှင့်ရာထူးကို ပထမဦးစွာ လက်ခံရရှိခဲ့သည်။ ၎င်းနောက်တွင် ဦးမြတ်စံ အား ၎င်းဘွဲ့နှင့် ရာထူးကိုပင် ထပ်မံပေးအပ်ခဲ့ပြီးနောက် ရှေ့လူ ဦးမြတ်သာနေကိုမူ လက်ဝဲနော်ရထာ ဘွဲ့ဖြင့် ရာထူးကို ထပ်တိုးချီးမြှင့် မြှောက်စားခဲ့သည်။
- ဦးမြတ်စံ (လက်ဝဲသုန္ဒရ)
လက်ဝဲသုန္ဒရဘွဲ့ ရာထူးကို ဆက်ခံသူ နောက်လူ၏အမည်မှာ မဲဇာတောင်ခြေ ရတုကို ရေးသားခဲ့သော ဦးမြတ်စံ ဖြစ်သည်။ သူသည် ဘွဲ့များကို ငါးခုအထိ ရရှိခဲ့သော်လည်း ပထမ ဦးဆုံးရရှိခဲ့သည့် လက်ဝဲသုန္ဒရ ဘွဲ့နှင့်သာ မြန်မာစာပေ သမိုင်းတွင် ထင်ရှားကျော်ကြားခဲ့သည်။
၁၁၁၃ ခုနှစ်တွင် မွန်-မြန်မာစစ်ဖြစ်၍ အင်းဝနေပြည်တော်ကြီး မွန်တို့လက်သို့ ကျရောက်သောအခါ မောင်မြတ်စံသည် မိဘရပ်ထံ ပြန် လည်နေသည်။ အလောင်းမင်းတရားကြီးသည် ကုန်းဘောင်ရွှေပြည်ကြီးကို သိမ်းမြန်း၍ ထီးနန်းစံတော်မူသောအခါမှ ဦးမြတ်စံသည် ရွှေမြို့တော်သို့ ရောက်လာ၍ ဥပရာဇာအိမ်ရှေ့မင်း (နောင်တော်ကြီးမင်း)ထံ၌ ခစားထမ်း ရွက်သည်။ အိမ်ရှေ့မင်း၏ လျှောက်ထားပေးချက်အရ အလောင်းမင်းတရား ကြီးက ဦးမြတ်စံအား သားတော် အမြင့်မြို့စားအိမ်တော်တွင် အကြီးတော်အရာ ခန့်အပ်တော်မူလေသည်။ အမြင့်မြို့စားထံတွင် ထမ်းရွက်ခစားဆဲမှာပင် ရွှေမြို့တော်သို့ ခေါ်တော်မူ၍ လက်ဝဲသုန္ဒရဟူသောဘွဲ့ထူးနှင့် မှူးမတ် အဖြစ်ဖြင့် ချီးကျူးမြှောက်စားကာ အဆောင်အယောင်ပါ ပေးအပ်ပြီးလျှင် မြောက်ဘက်ကိုးသင်းမြင်းမြေနှင့်တကွ ယင်းတော်ရွာကို ပေးသနားတော်မူ လေသည်။
အလောင်းမင်းတရားကြီး နတ်ရွာစံ၍ နောင်တော်ကြီးမင်း နန်းတက်သောအခါ အမှုတော်ကို ဆက်လက်ထမ်းရွက်မြဲ ထမ်းရွက်သည်။ ၁၁၂၅ ခုနှစ်တွင် အင်းဝရွှေပြည်ကို ပြန်လည်ဖန်ဆန်းကြငှန်း ဖွင့်တော်မူသော ဆင်ဖြူရှင်မင်းတရားလက်ထက် ၁၁၂၆ ခုနှစ်၊ နယုန်လပြည်ကျော် ၂ ရက်နေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူကာ ဆွေတော် မျိုးတော် မှူးတော် မတ်တော်တို့အား ဘွဲ့များချီးမြှင့်သည့်အခါ၌ ယင်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အမြင့်မင်းသားသုသီရိ ဓမ္မရာဇာ အကြီးတော် လက်ဝဲ သုန္ဒရအမတ်အား ဘယရန္တမိတ်ဘွဲ့ ချီးမြှင့်ခဲ့ကောင်းဖြင့် ဆင်ဖြူရှင်ဘုရား တံဆိပ်နာမံတော်နှင့် မိဖရားသားတော် ညီတော် မှူးတော် မတ်တော် အမှုထမ်း အရာထမ်း ဘွဲ့စာရင်းပေမူ၌ ဖော်ပြထားလေသည်။ ၁၁၂၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် မှူးတော် မတ်တော် သူရဲသူခက် ကျွန်တော်မျိုးအပေါင်းကို ရွေးကောက်သီးသန့်တော်မူ၍ လေးဆယ်တော် ငါးဆယ်တော် အတွင်းသွေးသောက်အပြင် သွေးသောက်ဖွဲ့တော်မူရာတွင် လက်ဝဲသုန္ဒရအမတ်ကြီးသည် ဘယရန္တမိတ်ဘွဲ့ဖြင့်အရည်တူ လူပေါင်း ၃၉ ဦးပါဝင်သော အပြင်သွေးသောက်လတ်ကို ကြီးမှူးခဲ့ရသည်။ ဆင်ဖြူရှင် မင်းတရားလက်ထက် ညီတော် အမြင့်မြို့စား၏ အိမ်တော်တွင် အကြီးတော်အရာဖြင့် ခစားထမ်းရွက်ခိုက် အမြင့်မင်းသား၏ လူပျိုတော် မောင်ထင်ကျော် (အချို့အမှတ်အသားတွင် မောင်အောင်တင်ဟု ရှိသည်။) သည်အပျိုတော်မမိတ်နှင့် ချစ်ကြိုက်ကြ၍ နန်းတော်အနောက် တံခါး၏ အပြင်ဘက်တွင် ချိန်းချက်စကားပြောနေကြသည်ကို သွေးသောက်ကြီး နှင့် မင်းမှုထမ်းတို့သိရှိ၍ ဖမ်းကြလေရာ ငထင်ကျော် လက်လွတ်ပြေးသဖြင့် ငထင်ကျော်ကိုဖမ်းပေးရန် အမြင့်မင်းထံ တောင်းလေသည်။ အမြင့်မင်းလည်း မပေးအပ်ဘဲ နေလေသောကြောင့် မင်းသားအား အစစအရာရာ ဆုံးမသွန်သင်ရန် အပ်ထားပါလျက် အဆုံးအမ အသွန်အသင်မရှိ၍သာ ဖြစ်ရသည်ဟု အကြီးတော် လက်ဝဲသုန္ဒရအပေါ် အမျက်တော်ရှကာ နဖူး၌ စာတမ်းထိုးစေဟု မင်းတရားကြီးက အပြစ်ဒဏ်ခတ်သည်။ မျက်နှာတွင် စာတမ်းထိုးပါက တစ်သက်လုံးဖျက်မရအောင် မည်းတော့မည်ကိုစိုးရိမ်လှသဖြင့် မယားမရွဲက ချမ်းသာပေးသနားတော်မူပါရန်အကြောင်း မယ်တော်ဘုရားအဆောင်သို့ဝင်၍ တင်လျှောက်ရာတွင် စာတမ်းထိုးခြင်းမှ ချမ်းသာ ပေး၍ အညာ မဲဇာတောသို့အပို့ခံရသည်။ မဲဇာ၌နေရစဉ် ကုန်းဘောင် နေပြည်တော်ကို တသကြောင်း၊ သားမယားတို့ကို လွမ်းဆွတ်တသကြောင်း စပ်ဆိုသော မဲဇာတောင်ခြေ ချီ ပိုဒ်စုံရတုနှင့် ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတု များကိုရေးသားဆက်သွင်းသည်။ ရတုများကို နားဆင်တော်မူရသော မင်းတရားကြီးသည် အမတ်ကြီးအပေါ် လွန်စွာသနားတော်မူလာသဖြင့် နေပြည်တော်သို့ပြန်ခေါ်ရာ မဲဇာ၌ ၄၅ ရက်သာနေခဲ့ရသည်။ အချို့ကလည်း ၆၄ ရက်နေရသည်ဟုဆိုလေသည်။ အမတ်ကြီးအရေးအသားသည် နှလုံးသားမှ ပေါ်ထွက်လာသော စကားလုံးများဖြင့် သိပ်သည်းစွာ ရေးသားနိုင်သဖြင့် သက်ဆိုင်သူများအား မဆိုထားဘိ အနှစ် ၂ဝဝ ကွာခြားခဲ့ပြီးဖြစ်သော ကျွန်ုပ်တို့၏ စိတ်နှလုံးကိုပင် ထိခိုက်ဆွဲဆောင်နိုင်သော သတ္တိထူး ရှိလေသည်။ နေပြည်တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဦးမြတ်စံအား အကြီးတော်အရာ ပြန်လည်ပေးတော်မမူတော့ဘဲ ထမ်းရွက်ရင်းအမြင့်မင်း အိမ်တော်ဝယ် ဘယရန္တမိတ်ဘွဲ့နှင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေ တော်မူသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင်ကလည်း အမျက်တော် ရှိရင်းစွဲဖြစ်သည့်အတိုင်း ခမည်းတော်၊ နောင်တော် မင်းတရားကြီးတို့ကဲ့သို့ မြှောက်စား ခြင်းမရှိတော့ချေ။ အမတ်ကြီးကိုယ်၌ကလည်း စိတ်ပျော်ရွှင်ချမ်းမြေ့ခြင်း မရှိ ရှာ့ချေ။ သို့ရာတွင် ၁၁၃၁ ခုနှစ်နှင့် ၁၁၃၉ ခုနှစ်အကြား အမတ်ကြီးသည် လက်ဝဲနန္ဒမိတ်ဟူသောဘွဲ့ထူးကို ရရှိခဲ့သေးသည်ဟု ယူဆရသည်။ မည်သည့် ခုနှစ်၌ မည်သည့်မင်းက ပေးသည်ဟုကား အတိအကျမသိရချေ။ ၁၁၃၁ ခုနှစ်တွင် ပြုစုပြီးသော နန္ဒီသေနပျို့၌ လက်ဝဲသုန္ဒရ၊ ဘယရန္တမိတ်၊ ပဏ္ဍိတ်ဟူသည် နှစ်မည်ဘွဲ့ခံ ဟု ဘွဲ့နှစ်ဘွဲ့ရကြောင်းပါ၍ ၁၁၃၉ ခုနှစ် တွင် ပြုစုပြီးသော ဝိနိစ္ဆယဓမ္မသတ်လင်္ကာနိဂုံး၌ လက်ဝဲသုန္ဒရ၊ ဘွဲ့ဦး ကလျှင်၊ ဘယရန္တမိတ်၊ ဝှန်ထိတ်ကြေညာ၊ မည်သာဆင့်ကဲ၊ လက်ဝဲ နန္ဒ မိတ်၊ မတ်ပဏ္ဍိတ်လျှင် ဟုပါရှိရာ ထိုအချိန်တွင် ဘွဲ့သုံးဘွဲ့ရပြီဖြစ်ကြောင်း သိသာသည်။
ဘိုးတော်ဘုရားနန်းတက်တော်မူသောသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် သရေသင်္ခယာဘွဲ့ကိုရရှိသည်။ ထို့ နောက်တွင်လည်း ဆက်လက်၍ လက်ဝဲဘိနန်သူဘွဲ့ကို ရရှိသည်။ အမတ်ကြီးရေးသားသော သေနင်္ဂဗျူဟာနိဂုံး၌ - လက်ဝဲသုန္ဒရ၊ ဘွဲ့နောက်မှလျှင်၊ ဘယရန္တမိတ်၊ ကျော်ထိတ်လျှံဝေ၊ သရေသင်္ခယာ၊ မည်သာထူးကဲ၊ လက်ဝဲ ဘိနန်သူ၊ ရွှန်းရွှန်းလူမျှ ဟု စပ်ဆိုခဲ့လေသည်။ အမတ်ကြီးသည် ဘွဲ့ထူးငါးဘွဲ့ကို ရခဲ့သော်လည်း မြတ်နိုးတနာပြု သောဘွဲ့မှာ လက်ဝဲသုန္ဒရဘွဲ့ပင် ဖြစ်ဟန်တူသည်။ ယင်းဘွဲ့ဖြင့်ပင် လူသိ များ၍ထင်ရှားသည်။ ဘိုးတော်ဘုရားနန်းစံ၍ ၁၈ နှစ်အကြာ သက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် သောဏပျို့ကိုရေးသားကြောင်းတွေ့ရရာ အမတ်ကြီးသည် အသက် ၇၂ နှစ်ရှိသည်တိုင် အသက်ရှင်လျက်ရှိသေးကြောင်း မှတ်သားအပ်ပေသည်။ အချို့ကလည်း အမတ်ကြီးသည် ဘကြီးတော်မင်းလက်ထက်တွင် တရားသူကြီးအဖြစ်ထမ်းရွက်၍ ရတနာပူရ အင်းဝပြည်တော်ကြီးလာ မော် ကွန်းနှင့် မဟာဝိဇယရံသီ ပုထိုးတော်ကြီး မော်ကွန်းတို့ကို သီကုံးရေးသား သည်ဟု အဆိုရှိသည်။ သို့ရာတွင် အထောက်အထား တိတိကျကျကား မတွေ့ရသေးချေ။ ဧရာဝတီဖြစ်အနောက်ဘက် မင်းကွန်းဘက်တွင် အနိစ္စ ရောက်ကြောင်းကိုသာ အခိုင်အလုံသိရှိရလေသည်။
အမတ်ကြီးသည် အလောင်းမင်းတရားလက်ထက် ငယ်စဉ်က ရည်ငံခဲ့သော မရွဲနှင့်အကြောင်းပါ၍ သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သားကြီးမှ နောင်အခါ မဟာဓမ္မိကရာဇာဘွဲ့နှင့် တရား သူကြီးဖြစ်လာသော ဦးအေးဖြစ်၍ သားအလတ်မှာ ဦးရွှေသာ၊ သမီးအထွေး မှာ မလွန်းမယ်ဖြစ်သည်။
အမတ်ကြီးရေးသားပြုစုခဲ့သည်ဟု အထောက်အထားနှင့် တွေ့ရှိရ သော စာပေများမှာ (၁) မဟော်ပျို့ (၁၁ဝ၃ ခုနှစ်)၊ (၂) လင်္ကာသီရိကျမ်း (၁၁၁ဝ-၁၁၂ဝနှစ်အတွင်း)၊ (၃) ဓမ္မသတ်လင်္ကာ(၁၁၂၅-၁၁၃၁ ခုနှစ် အတွင်း)၊ (၄) နန္ဒီသေနပျို့(၁၁၃၁ ခုနှစ်)၊ (၅) ဝိနိစ္ဆယဓမ္မသတ်လင်္ကာ (၁၁၃၉ ခုနှစ်)၊ (၆) သေနင်္ဂဗျူဟာပျို့၊ (၇) အာဒါသမုခပျို့၊ (၈) သာဓိနပျို့ (၁၁၄၅ ခုနှစ်)၊ (၉) ဗျူဟာစက္ကိပျို့(၁၁၅၂ ခုနှစ်)၊ (၁ဝ) မန္ဓာတုစကြာမင်းပျို့(၁၁၅၇ ခုနှစ်)၊(၁၁) သောဏပျို့(၁၁၆၁ ခုနှစ်) တို့ အပြင် ရှစ်ဆယ်ပေါ် အဲရိုးများ၊ရတုများနှင့် လူးတားများဖြစ်ကြသည်။ အမတ်ကြီးရေးသားခဲ့သည့် စာပေများအနက် မဲဇာတောင်ခြေ ချီ ရတုသည် အထင်ရှားဆုံးဖြစ်၍ သာဓိနပျို့ သည် အကောင်ဆုံးဖြစ် သည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်း၌ ကျွမ်းကျင်သည့်အလျောက် သာဓိနပျို့တွင် မနုရင်းဓမ္မသတ်ကြီးတစ်စောင်လုံးကို စာတစ်ပိုဒ်တည်းဖြင့် ဖွဲ့ဆိုထားလေသည်။ အမတ်ကြီးသည် ဓမ္မသတ်အရာ၌သာမဟုတ်၊ စစ်မှုရေး ရာ နည်းနာများ၌လည်း နှံ့စပ်သူဖြစ်သည့်အလျောက် ဗျူဟာစက္ကိပျို့၊ နန္ဒီ သေနပျို့၊ သေနင်္ဂဗျူဟာပျို့များတွင် အမတ်ကြီး၏ သေနင်္ဂပညာအစွမ်းကို တွေ့မြင်နိုင်ပေသည်။
ကျန်လက်ဝဲသုန္ဒရဘွဲ့ခံ မုံရွေးရွာဇာတိ ဦးမြတ်သာနေမှာမူ လက်ဝဲ သုန္ဒရဘွဲ့ထက် အခြားဘွဲ့တစ်ခုဖြစ်သော လက်ဝဲနော်ရထာဘွဲ့ဖြင့် ပိုမိုထင် ရှားသည်။ ဦးမြတ်သာနေသည် လက်ဝဲသုန္ဒရဘွဲ့ထက် လက်ဝဲနော်ရထာဘွဲ့ ကို ပိုမိုမြတ်နိုးတနာပြုခဲ့ဟန်တူသည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 3 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၆၉
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၂)၊ စာမျက်နှာ ၁၇၀
- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs namedp171 - ↑ Burmese Culture - Naming။ Cultural Atlas။ 2024 တွင် ပြန်စစ်ပြီး။ “မြန်မာ့အမည်ပေးစနစ်တွင် 'မောင်' နှင့် 'ဦး' တို့ကို ရှေ့ဆက် ဂုဏ်ပုဒ်များအဖြစ် ထည့်သွင်း ခေါ်ဝေါ်လေ့ရှိကြသည်။”
- ↑ မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)