လက်ဝဲသုန္ဒရ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မဲဇာတောင်ခြေ-ချီ မဲဇာသစ်တောဖွဲ့ ရတုရေးသူ လက်ဝဲသုန္ဒရ အမတ်ကြီးမှာ ရွှေဘိုမြို့ တောင်ဘက် ခရီးလေးတိုင် အကွာ မန်ကျည်းတုံရွာတွင် ၁၀၈၅-ခုနှစ်၌ မွေးဖွားသူဖြစ်၍ ငယ်မည်မှာ မောင်မြတ်စံဖြစ်သည်။ မောင်မြတ်စံ ၇-နှစ်သား အရွယ်မှစ၍ ပညာသင်လျက် ၁၁-နှစ်သား အရွယ်တွင် ရှင်သာမဏေပြုပြီး ၁၄-နှစ်သား အရွယ်တွင်လူဝတ်လဲသည်။ သာမဏေဘဝဖြစ်စဉ်ကပင် မဟော်ပျို့ကို စပ်ဆိုနိုင်သည်။ ဟံသာဝတီရောက် မင်းတရားကြီးသည် စဥ့်ကိုင်ကို ကေတုမတီသမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့နှင်းပြီး ကေတုမတီ ထီးပြိုင်နန်းပြိုင် အုပ်ချုပ်စေသောအခါ ဦးမြတ်စံသည် ကိုးသိန်းသခင် ထံတွင် စတင်ခစား အမှုထမ်းခွင့်ရသည်။ သက္ကရာဇ် ၁၁၁၉-ခုနှစ်သို့ရောက်သောအခါ အလောင်းမင်းတရားကြီးထံတွင် ခိုလှုံပြန်သည်။ ထိုအခါ သားတော်ကြီး ဥပရာဇာထံတွင် ဦးစွာထမ်းရွက်ခွင့် ရသည်။ နောက် ညီတော်အမြင့်မြို့စား အိမ်တော်တွင် အကြီးတော်အရာ ထမ်းရွက်နေထိုင်ခွင့်ရပြန်သည်။

ထိုအခိုက် လက်ဝဲသုန္ဒရဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရသည်။ ဒုတိယသားတော် ဆင်ဖြူရှင်မင်းတရားလက်ထက်မှာလည်း အမြင့်မင်းအကြီးတော် အဖြစ်ဖြင့်ပင် ထမ်းရွက်ရသည်။ အမြင့်မင်း၏ လူပျိုတော် မောင်အောင်တင်နှင့် အပျိုတော် မမိတ်တို့ အရေးအခင်းတွင် ငအောင်တင်ကို အကြီးတော်လက်ဝဲသုန္ဒရအား ဘုရင်ကတောင်းခံရာ မရ၍ မဲဇာသို့အပို့ခံရသည်။ မဲဇာတောင်ခြေ-ချီရတု ဆက်သွင်းသောအခါ မဲဇာမှ ပြန်လည်ခေါ်ယူ၍ အကြီးတော်အရာကို ပြန်လည်ပေးအပ်ခြင်းမပြုတော့ပဲ အမြင့်မင်းအိမ်မှာပင် ဘယရန္တမိတ်ဘွဲ့ဖြင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေသည်။ သားတော်စဥ့်ကူးမင်းလက်ထက်တွင်မူ အထူးအထွေချီးမြှင့်ခြင်းမခံရသည့်အပြင် မိမိသခင် အမြင့်မြို့စားကိုပင် မသင့်သောအမှုကြံစည်ရမည်လားဟု ဆို၍ ကွပ်မျက်ခြင်း ပြုလေသည်။

သက္ကရာဇ် ၁၁၄၃-ခုနှစ် တပို့တွဲလအတွင်း ဘိုးတော်ပဒုံမင်းကြီး မင်းအဖြစ်သို့ရောက်တော်မူသောအခါတွင်မူ မြို့ဝန်ရာထူးဖြင့် ခန့်ထား၍ မဟာသီဟသူရဘွဲ့ဖြင့် ချီးမြှင့်ခြင်းကို ခံရသည့်ပြင် တရားသူကြီး အဖြစ်လည်း ထပ်လောင်းသူကောင်းပြုခြင်းကို ခံရလေသည်။ အမတ်ကြီးသည် ၁၁၆၁-ခုလောက်တွင် ကွယ်လွန်အနိစ္စရောက်လေသတည်း။ [၁]

လက်ဝဲသုန္ဒရ (မြန်မာ ၁ဝ၈၉ ခုဖွား)[ပြင်ဆင်ရန်]

မြန်မာစာပေသမိုင်းတွင် လက်ဝဲသုန္ဒရဟူသောဘွဲ့ဖြင့် ချီးမြှင့်ခံရသော ပညာရှိစာဆိုကြီးနှစ်ဦး ပေါ် ထွန်းခဲ့သည်။ တစ်ဦး၏အမည်ရင်းမှာ ဦးမြတ်စံဖြစ်၍ ကျန်တစ်ဦး၏ အမည်ရင်းမှာ ဦးမြတ်သာနေဖြစ်သည်။ နှစ်ဦးစလုံးသည် ကုန်းဘောင်ခေတ် တွင် ထင်ရှားသောစာဆိုအမတ်ကြီးများဖြစ်၍ အလောင်းမင်းတရားကြီးက ချီးမြှင့်သော လက်ဝဲသုန္ဒရဘွဲ့ကို ခံယူရသူများ ဖြစ်ကြသည်။ သို့ရာတွင် လက်ဝဲသုန္ဒရဟူသောဘွဲ့ဖြင့် ထင်ရှားသူမှာ ဦးမြတ်စံဖြစ်၍ ဦးမြတ်သာနေမှာ မူ လက်ဝဲနော်ရထာဟူသော အခြားဘွဲ့တစ်ခုဖြင့် ထင်ရှားခဲ့သည်။


ဦးမြတ်စံကို ရွှေဘိုမြို့တောင်ဘက် ၁၄ မိုင်ဝေးသော မန်ကျည်းတုံ ရွာတွင် မြင်းစီးမျိုးရိုးရာမှ သက္ကရာဇ် ၁ဝ၈၉ ခုနှစ်တွင် ဖွားမြင်သည်။ စာပေသင်ရန် အရွယ်ရောက်သော် မိဘများက မန်ကျည်းတုံရွာ ရွှေဘုံသာ ကျောင်းဆရာတော် ရှင်ဝရသမ္ဗောဓိထံ အပ်နှံစာပေသင်ကြားစေသည်။ အသက်ခုနစ်နှစ်အရွယ်တွင် သဒ္ဒါကျမ်းဂန်ကို တစ်ဖက်ကမ်းရောက်သည်။ အသက် ၁၁ နှစ်အရွယ်တွင် ထိုဆရာတော်ဘုရားထံ၌ပင် သာမဏေပြုပြီး နောက် ရတနာပူရ အင်းဝမြို့တွင် ထင်ရှားသော ဒုတိယ မှန်စီဆရာတော် ဘုရားကြီးနှင့် စစ်ကိုင်းမင်းဝံတောင်ရိုးရှိ ကယေမ္ဗာဇမထေရ်တို့ထံ ခိုလှုံ၍ ပိဋကတ်သုံးပုံကို အဋ္ဌကထာဋီကာနှင့်တကွ သင်ကြားလေသည်။ သုံးဝါ မြောက်တွင် ပိဋကတ်သုံးပုံကို တစ်ဖက်ကမ်းသို့ရောက်သည်။ ကဗျာ လင်္ကာ ရတု ဧချင်း မောက်ကွန်းသီကုံး နှုန်းဖွဲ့မှုကို လေ့လာသင်ကြား၍ သာမဏေ ဘဝနှင့်ရှိစဉ် အသက် ၁၃ နှစ်နှင့် လေးလအရွယ်၌ မဟော်ပျို့ကို စပ်ဆို သည်။

စာပေတတ်မြောက်၍ တစ်ဆယ့်လေးနှစ်သားအရွယ်ရောက်လတ် သော် လူဝတ်လဲကာ အင်းဝနန်းတော်တွင်း ဝင်ထွက်သွားလာနေသည်။ သို့ ရာတွင် ငယ်ရွယ်သူဖြစ်သဖြင့် မိဘများက စိတ်မချသောကြောင့် ဟံသာဝတီ ရောက် မင်းတရားကြီးထံတွင် အမှုတော်ကို မထမ်းရွက်ခဲ့ရချေ။ သက္ကရာဇ် ၁၁၁၁ ခုနှစ်တွင် ဟံသာဝတီရောက် မင်းတရားကြီးသည် မလွန်တပ်မှူး သတိုးမင်းခေါင်ကို စဉ့်ကိုင်တွင် အစောင့်အနေထားခဲ့ပြီးလျှင် အလုံးအရင်း နှင့် မွန်တပ်တို့ကိုတွန်းလှန်သည်။ သတိုးမင်းခေါင်လည်း စဉ့်ကိုင်တပ်ကို အခိုင်အမာပြု၍နေခိုက် မွန်တပ်တို့ပြန်သွားလျှင် ဟံသာဝတီရောက် မင်း တရားကြီးသည် စဉ့်ကိုင်ကို ကေတုမတီဟုသမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင်ဘွဲ့နှင်းသည်။ နန်းတော်၊ လွှတ်တော်၊ ရှေ့ရုံး၊ နောက်ရုံး များကိုလည်း ဆောက်စေပြီးလျှင် ထီးပြိုင် နန်းပြိုင် အုပ်ချုပ်စေသည်။ ထို အခါတွင်မှ မောင်မြတ်စံသည် ကိုးသိန်းသခင်ထံ၌ ခစားထမ်းရွက်ခွင့်ရတော့ သည်။

၁၁၁၃ ခုနှစ်တွင် မွန်-မြန်မာစစ်ဖြစ်၍ အင်းဝနေပြည်တော်ကြီး မွန်တို့လက်သို့ ကျရောက်သောအခါ မောင်မြတ်စံသည် မိဘရပ်ထံ ပြန် လည်နေသည်။ အလောင်းမင်းတရားကြီးသည် ကုန်းဘောင်ရွှေပြည်ကြီးကို သိမ်းမြန်း၍ ထီးနန်းစံတော်မူသောအခါမှ ဦးမြတ်စံသည် ရွှေမြို့တော်သို့ ရောက်လာ၍ ဥပရာဇာအိမ်ရှေ့မင်း (နောင်တော်ကြီးမင်း)ထံ၌ ခစားထမ်း ရွက်သည်။ အိမ်ရှေ့မင်း၏ လျှောက်ထားပေးချက်အရ အလောင်းမင်းတရား ကြီးက ဦးမြတ်စံအား သားတော် အမြင့်မြို့စားအိမ်တော်တွင် အကြီးတော် အရာ ခန့်အပ်တော်မူလေသည်။ အမြင့်မြို့စားထံတွင် ထမ်းရွက်ခစားဆဲမှာ ပင် ရွှေမြို့တော်သို့ ခေါ်တော်မူ၍ လက်ဝဲသုန္ဒရဟူသောဘွဲ့ထူးနှင့် မှူးမတ် အဖြစ်ဖြင့် ချီးကျူးမြေ|ာက်စားကာ အဆောင်အယောင်ပါ ပေးအပ်ပြီးလျှင် မြောက်ဘက်ကိုးသင်းမြင်းမြေနှင့်တကွ ယင်းတော်ရွာကို ပေးသနားတော်မူ လေသည်။

အလောင်းမင်းတရားကြီး နတ်ရွာစံ၍ နောင်တော်ကြီးမင်း နန်း တက်သောအခါ အမှုတော်ကို ဆက်လက်ထမ်းရွက်မြဲ ထမ်းရွက်သည်။ ၁၁၂၅ ခုနှစ်တွင် အင်းဝရွှေပြည်ကို ပြန်လည်ဖန်ဆန်းကြငှန်း ဖွင့်တော်မူ သော ဆင်ဖြူရှင်မင်းတရားလက်ထက် ၁၁၂၆ ခုနှစ်၊ နယုန်လပြည်ကျော် ၂ ရက်နေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူကာ ဆွေတော် မျိုးတော် မှူးတော် မတ်တော်တို့အား ဘွဲ့များချီးမြှင့်သည့်အခါ၌ ယင်းလပြည့်ကျော် ၁ဝ ရက်နေ့တွင် အမြင့်မင်းသားသုသီရိ ဓမ္မရာဇာ အကြီးတော် လက်ဝဲ သုန္ဒရအမတ်အား ဘယရန္တမိတ်ဘွဲ့ ချီးမြှင့်ခဲ့ကောင်းဖြင့် ဆင်ဖြူရှင်ဘုရား တံဆိပ်နာမံတော်နှင့် မိဖရားသားတော် ညီတော် မှူးတော် မတ်တော် အမှုထမ်း အရာထမ်း ဘွဲ့စာရင်းပေမူ၌ ဖော်ပြထားလေသည်။ ၁၁၂၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်နေ့တွင် မှူးတော် မတ်တော် သူရဲသူခက် ကျွန်တော်မျိုးအပေါင်းကို ရွေးကောက်သီးသန့်တော်မူ၍ လေးဆယ်တော် ငါးဆယ်တော် အတွင်းသွေးသောက်အပြင် သွေးသောက်ဖွဲ့တော်မူရာတွင် လက်ဝဲသုန္ဒရအမတ်ကြီးသည် ဘယရန္တမိတ်ဘွဲ့ဖြင့်အရည်တူ လူပေါင်း ၃၉ ဦးပါဝင်သော အပြင်သွေးသောက်လတ်ကို ကြီးမှူးခဲ့ရသည်။ ဆင်ဖြူရှင် မင်းတရားလက်ထက် ညီတော် အမြင့်မြို့စား၏ အိမ် တော်တွင် အကြီးတော်အရာဖြင့် ခစားထမ်းရွက်ခိုက် အမြင့်မင်းသား၏ လူပျိုတော် မောင်ထင်ကျော် (အချို့အမှတ်အသားတွင် မောင်အောင်တင်ဟု ရှိသည်။) သည်အပျိုတော်မမိတ်နှင့် ချစ်ကြိုက်ကြ၍ နန်းတော်အနောက် တံခါး၏ အပြင်ဘက်တွင် ချိန်းချက်စကားပြောနေကြသည်ကို အနောက်ဝန် နှင့် စာရေးတို့သိရှိ၍ ဖမ်းကြလေရာ ငထင်ကျော် လက်လွတ်ပြေးသဖြင့် ငထင်ကျော်ကိုဖမ်းပေးရန် အမြင့်မင်းထံ တောင်းလေသည်။ အမြင့်မင်း လည်း မပေးအပ်ဘဲ နေလေသောကြောင့် မင်းသားအား အစစအရာရာ ဆုံးမသွန်သင်ရန် အပ်ထားပါလျက် အဆုံးအမ အသွန်အသင်မရှိ၍သာ ဖြစ်ရသည်ဟု အကြီးတော် လက်ဝဲသုန္ဒရအပေါ် အမျက်တော်ရှကာ နဖူး၌ စာတမ်းထိုးစေဟု မင်းတရားကြီးက အပြစ်ဒဏ်ခတ်သည်။ မျက်နှာတွင် စာတမ်းထိုးပါက တစ်သက်လုံးဖျက်မရအောင် မည်းတော့မည်ကိုစိုးရိမ်လှ သဖြင့် မယားမရွဲက ချမ်းသာပေးသနားတော်မူပါရန်အကြောင်း မယ်တော် ဘုရားအဆောင်သို့ဝင်၍ တင်လျှောက်ရာတွင် စာတမ်းထိုးခြင်းမှ ချမ်းသာ ပေး၍ အညာ မဲဇာတောသို့အပို့ခံရသည်။ မဲဇာ၌နေရစဉ် ကုန်းဘောင် နေပြည်တော်ကို တသကြောင်း၊ သားမယားတို့ကို လွမ်းဆွတ်တသကြောင်း စပ်ဆိုသော မဲဇာတောင်ခြေ ချီ ပိုဒ်စုံရတုနှင့် ဝေရွှန်းစန္ဒာချီ ပိုဒ်စုံရတု များကိုရေးသားဆက်သွင်းသည်။ ရတုများကို နားဆင်တော်မူရသော မင်း တရားကြီးသည် အမတ်ကြီးအပေါ် လွန်စွာသနားတော်မူလာသဖြင့် နေပြည် တော်သို့ပြန်ခေါ်ရာ မဲဇာ၌ ၄၅ ရက်သာနေခဲ့ရသည်။ အချို့ကလည်း ၆၄ ရက်နေရသည်ဟုဆိုလေသည်။ အမတ်ကြီးအရေးအသားသည် နှလုံးသားမှ ပေါ်ထွက်လာသော စကားလုံးများဖြင့် သိပ်သည်းစွာ ရေးသားနိုင်သဖြင့် သက်ဆိုင်သူများအား မဆိုထားဘိ အနှစ် ၂ဝဝ ကွာခြားခဲ့ပြီးဖြစ်သော ကျွနု်ပ်တို့၏ စိတ်နှလုံးကိုပင် ထိခိုက်ဆွဲဆောင်နိုင်သော သတ္တိထူး ရှိလေသည်။ နေပြည်တောက်သို့ ပြန်လည်ရောက်ရှိပြီးနောက် ဦးမြတ်စံအား အကြီးတော်အရာ ပြန်လည်ပေးတော်မမူတော့ဘဲ ထမ်းရွက်ရင်းအမြင့်မင်း အိမ်တော်ဝယ် ဘယရန္တမိတ်ဘွဲ့နှင့် အမှုတော်ကို ဆက်လက်ထမ်းရွက်စေ တော်မူသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင်ကလည်း အမျက်တော် ရှိရင်းစွဲဖြစ် သည့်အတိုင်း ခမည်းတော်၊ နောင်တော် မင်းတရားကြီးတို့ကဲ့သို့ မြေ|ာက်စား ခြင်းမရှိတော့ချေ။ အမတ်ကြီးကိုယ်၌ကလည်း စိတ်ပျော်ရွှင်ချမ်းမြေ့ခြင်း မရှိ ရှာ့ချေ။ သို့ရာတွင် ၁၁၃၁ ခုနှစ်နှင့် ၁၁၃၉ ခုနှစ်အကြား အမတ်ကြီးသည် လက်ဝဲနန္ဒမိတ်ဟူသောဘွဲ့ထူးကို ရရှိခဲ့သေးသည်ဟု ယူဆရသည်။ မည်သည့် ခုနှစ်၌ မည်သည့်မင်းက ပေးသည်ဟုကား အတိအကျမသိရချေ။ ၁၁၃၁ ခုနှစ်တွင် ပြုစုပြီးသော နန္ဒိသေနပျို့လက်ဝဲသုန္ဒရ၊ ဘယရန္တမိတ်၊ ပဏ္ဍိတ်ဟူသည် နှစ်မည်ဘွဲ့ခံ ဟု ဘွဲ့နှစ်ဘွဲ့ရကြောင်းပါ၍ ၁၁၃၉ ခုနှစ် တွင် ပြုစုပြီးသော ဝိနိစ္ဆယဓမ္မသတ်လင်္ကာနိဂုံးလက်ဝဲသုန္ဒရ၊ ဘွဲ့ဦး ကလျှင်၊ ဘယရန္တမိတ်၊ ဝှန်ထိတ်ကြေညာ၊ မည်သာဆင့်ကဲ၊ လက်ဝဲ နန္ဒ မိတ်၊ မတ်ပဏ္ဍိတ်လျှင် ဟုပါရှိရာ ထိုအချိန်တွင် ဘွဲ့သုံးဘွဲ့ရပြီဖြစ်ကြောင်း သိသာသည်။

ဘိုးတော်ဘုရားနန်းတက်တော်မူသောသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် သရေသင်္ခယာဘွဲ့ကိုရရှိသည်။ ထို့ နောက်တွင်လည်း ဆက်လက်၍ လက်ဝဲဘိနန်သူဘွဲ့ကို ရရှိသည်။ အမတ် ကြီးရေးသားသော သေနင်္ဂဗျူဟာနိဂုံး၌ - လက်ဝဲသုန္ဒရ၊ ဘွဲ့နောက်မှလျှင်၊ ဘယရန္တမိတ်၊ ကျော်ထိတ်လျှံဝေ၊ သရေသင်္ခယာ၊ မည်သာထူးကဲ၊ လက်ဝဲ ဘိနန်သူ၊ ရွှန်းရွှန်းလူမျှ ဟု စပ်ဆိုခဲ့လေသည်။ အမတ်ကြီးသည် ဘွဲ့ထူးငါးဘွဲ့ကို ရခဲ့သော်လည်း မြတ်နိုးတနာပြု သောဘွဲ့မှာ လက်ဝဲသုန္ဒရဘွဲ့ပင် ဖြစ်ဟန်တူသည်။ ယင်းဘွဲ့ဖြင့်ပင် လူသိ များ၍ထင်ရှားသည်။ ဘိုးတော်ဘုရားနန်းစံ၍ ၁၈ နှစ်အကြာ သက္ကရာဇ် ၁၁၆၁ ခုနှစ်တွင် သောဏပျို့ကိုရေးသားကြောင်းတွေ့ရရာ အမတ်ကြီးသည် အသက် ၇၂ နှစ်ရှိသည်တိုင် အသက်ရှင်လျက်ရှိသေးကြောင်း မှတ်သားအပ် ပေသည်။ အချို့ကလည်း အမတ်ကြီးသည် ဘကြီးတော်မင်းလက်ထက်တွင် တရားသူကြီးအဖြစ်ထမ်းရွက်၍ ရတနာပူရ အင်းဝပြည်တော်ကြီးလာ မော် ကွန်းနှင့် မဟာဝိဇယရံသီ ပုထိုးတော်ကြီး မော်ကွန်းတို့ကို သီကုံးရေးသား သည်ဟု အဆိုရှိသည်။ သို့ရာတွင် အထောက်အထား တိတိကျကျကား မတွေ့ရသေးချေ။ ဧရာဝတီဖြစ်အနောက်ဘက် မင်းကွန်းဘက်တွင် အနိစ္စ ရောက်ကြောင်းကိုသာ အခိုင်အလုံသိရှိရလေသည်။

အမတ်ကြီးသည် အလောင်းမင်းတရားလက်ထက် ငယ်စဉ်က ရည်ငံခဲ့သော မရွဲနှင့်အကြောင်းပါ၍ သားနှစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ သားကြီးမှ နောင်အခါ မဟာဓမ္မိကရာဇာဘွဲ့နှင့် တရား သူကြီးဖြစ်လာသော ဦးအေးဖြစ်၍ သားအလတ်မှာ ဦးရွှေသာ၊ သမီးအထွေး မှာ မလွန်းမယ်ဖြစ်သည်။

အမတ်ကြီးရေးသားပြုစုခဲ့သည်ဟု အထောက်အထားနှင့် တွေ့ရှိရ သော စာပေများမှာ (၁) မဟော်ပျို့ (၁၁ဝ၃ ခုနှစ်)၊ (၂) လင်္ကာသီရိကျမ်း (၁၁၁ဝ-၁၁၂ဝနှစ်အတွင်း)၊ (၃) ဓမ္မသတ်လင်္ကာ(၁၁၂၅-၁၁၃၁ ခုနှစ် အတွင်း)၊ (၄) နန္ဒိသေနပျို့(၁၁၃၁ ခုနှစ်)၊ (၅) ဝိနိစ္ဆယဓမ္မသတ်လက‡ာ (၁၁၃၉ ခုနှစ်)၊ (၆) သေနင်္ဂဗျူဟာပျို့၊ (၇) အာဒါသမုခပျို့၊ (၈) သာဓိနပျို့ (၁၁၄၅ ခုနှစ်)၊ (၉) ဗျူဟာစက္ကိပျို့(၁၁၅၂ ခုနှစ်)၊ (၁ဝ) မန္ဓာတုစကြာမင်းပျို့(၁၁၅၇ ခုနှစ်)၊(၁၁) သောဏပျို့(၁၁၆၁ ခုနှစ်) တို့ အပြင် ရှစ်ဆယ်ပေါ် အဲရိုးများ၊ရတုများနှင့် လူးတားများဖြစ်ကြသည်။ အမတ်ကြီးရေးသားခဲ့သည့် စာပေများအနက် မဲဇာတောင်ခြေ ချီ ရတုသည် အထင်ရှားဆုံးဖြစ်၍ သာဓိနပျို့ သည် အကောင်ဆုံးဖြစ် သည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်း၌ ကျွမ်းကျင်သည့်အလျောက် သာဓိနပျို့တွင် မနုရင်းဓမ္မသတ်ကြီးတစ်စောင်လုံးကို စာတစ်ပိုဒ်တည်းဖြင့် ဖွဲ့ဆိုထားလေသည်။ အမတ်ကြီးသည် ဓမ္မသတ်အရာ၌သာမဟုတ်၊ စစ်မှုရေး ရာ နည်းနာများ၌လည်း နှံ့စပ်သူဖြစ်သည့်အလျောက် ဗျူဟာစက္ကိပျို့၊ နန္ဒိ သေနပျို့၊ သေနင်္ဂဗျူဟာပျို့များတွင် အမတ်ကြီး၏ သေနင်္ဂပညာအစွမ်းကို တွေ့မြင်နိုင်ပေသည်။

ကျန်လက်ဝဲသုန္ဒရဘွဲ့ခံ မုံရွေးရွာဇာတိ ဦးမြတ်သာနေမှာမူ လက်ဝဲ သုန္ဒရဘွဲ့ထက် အခြားဘွဲ့တစ်ခုဖြစ်သော လက်ဝဲနော်ရထာဘွဲ့ဖြင့် ပိုမိုထင် ရှားသည်။ ဦးမြတ်သာနေသည် လက်ဝဲသုန္ဒရဘွဲ့ထက် လက်ဝဲနော်ရထာဘွဲ့ ကို ပိုမိုမြတ်နိုးတနာပြုခဲ့ဟန်တူသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)