ဩ၊ ဦး (စိန္တကျော်သူ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဦးဩ
အမည်ရင်း ဦးဩ
မွေးသက္ကရာဇ် ၁၀၉၈ ခုနှစ်

ကွယ်လွန် ၁၁၃၃-ခုနှစ် (အသက် ၃၅-နှစ်)
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
အလုပ်အကိုင် ကုန်းဘောင်ခေတ် မင်းမှုထမ်း၊ စာဆိုတော်ကြီး (အလောင်းဘုရားလက်ထက်)
မွေးရပ်ဇာတိ အလုံမြို့၊ အထက်မောင်းထောင်ရွာ
မိဘ ဦးဇေယျ-ဒေါ်ပု

ဩ၊ ဦး စိန္တကျော်သူ (မြန်မာ ၁ဝ၉၈ ဖွား)[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဗညားဒလသည် အင်းဝ နေပြည်တော်ကို သိမ်းပိုက်သည့်အခါ အင်းဝနေပြည်တော်သည် ပျက်စီးရလေသည်။ သို့သော် ၁၁၁၅ ခုနှစ်တွင် အလောင်းမင်း တရားကြီးသည် ရတနာသိင်္ဃ(ရွှေဘို) မြို့တွင် ထီးနန်းသစ်ကို ဖွင့်တော်မူခဲ့လေသည်။ ထိုအခါ များစွာသော အင်းဝနေပြည် တော်သားအပေါင်းတို့သည် အလောင်းမင်းတရားကြီးထံ ဝင် ရောက်ခိုလှုံကြလေသည်။ ထိုအထဲတွင် ညောင်ရမ်းမင်းဆက်မှ စာဆိုတော်တို့ အများအပြား ပါဝင်ကြသည်။ ထိုအချိန်တွင် ၁၅ နှစ်သားအရွယ်မျှသာရှိသေးသော စိန္တကျော်သူ ဦးဩလည်း အများနှင့်အတူ အလောင်းမင်းတရားထံ ဝင်ရောက်လာလေ သည်။


အလုံမြို့အထက်ရှိ မောင်းထောင်းရွာ၌ သက္ကရာဇ် ၁ဝ၉၈ ခုနှစ်တွင် အဖ ဦးဇေယျ၊ အမိ တွင်းသွင်းတိုက်ဝန် မဟာစည်သူ၏ အစ်မ ဒေါ်ပုတို့မှ မောင်ဩကို ဖွားမြင်လေ သည်။ အသက်ရှစ်နှစ်၊ ကိုးနှစ်ခန့်အရွယ်တွင် သာမဏေဘဝနှင့် ပထမ ကျော်အောင်စံထား ဆရာတော်ထံတွင် ပညာဆည်းပူးခဲ့ သည်။ ကဗျာလင်္ကာတို့၌ ဝါသနာထုံသည့်အလျောက် ငယ်စဉ် ကပင် စပ်ဆိုခဲ့သည်။ မောင်ဩ၏ အရည်အချင်းကို ကောင်းစွာ သိရှိသော ဆရာတော်သည် မောင်ဩအား အသက် ၁၃ နှစ် အရွယ်၌ လူထွက်စေ၍ ဟံသာဝတီရောက်မင်းထံ ခစားစေ၏။ ဟံသာဝတီရောက်မင်းက မောင်ဩကို ဘထွေးတော် သတိုးမင်း ခေါင်လက်သို့ အပ်လိုက်ရာ သတိုးမင်းခေါင်သည် မောင်ဩ အား ရွှေတောင်ရာဇကျော်ဘွဲ့ကိုအပ်နှင်း၍ သံတော်ဆင့်အဖြစ် ဖြင့် အမှုတော်ကို ထမ်းစေသည်။ မောင်ဩသည် ၁၁၁၃ ခုနှစ် တော်သလင်းလဆန်း ၁၁ ရက်၊ အင်္ဂါနေ့တွင် ကဝိလက္ခဏာ သတ်ပုံကျမ်းကို သတိုးမင်းခေါင်၏ တိုက်တွန်းချက်အရ ရေး သား ပြီးစီးလေသည်။ ထိုစဉ်က မောင်ဩမှာ အသက် ၁၅ နှစ် အရွယ်သာရှိသေးသည်။ ဤကဝိလက္ခဏာ သတ်ပုံကျမ်းမှာ ဆန်း၊ အလ‡ကာ၊ သဒ္ဒါ၊ ဗျာကရုဏ်း၊ ရှေးထုံးပုံပြင်၊ ရာဇဝင် သမိုင်း၊ သံပိုင်း မော်ကွန်း စသော လောကီနှင့် လောကုတ္တရာ ကျမ်းတို့မှလာသော ဗဟုသုတ အဆီအနှစ်တို့နှင့် ပြည်စုံပေ သည်။


သတ်ပုံကျမ်းကိုရေးသားပြီးသည့်နောက် မောင်ဩသည် အင်းဝပျက်သည်နှင့် ထွက်ပြေးတိမ်းရှောင်ရာတွင် နောက်ဆုံး အလောင်းမင်းတရားထံသို့ ရောက်ရှိသွားလေသည်။ ရွှေတောင် ရာဇကျော်ဦးဩရေးသားသည့် ရတုများကို အလောင်းမင်းတရား ကြီးသည် အလွန်နှစ်ခြိုက်တော်မူသည်ဖြစ်၍ ဦးဩအား စိန္တ ကျော်သူဘွဲ့ကို အပ်နှင်းကာ သားတော် ဗဒုံမြို့စား သတိုး မင်းလှရွှေတောင်ထံ စာဆိုတော်အဖြစ်နှင့်လည်းကောင်း၊ အကြီး တော်အဖြစ်နှင့်လည်းကောင်း ခစားထမ်းရွက်စေသည်။ ထိုခေတ်၌ အလောင်းမင်းတရားကြီးသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးကို ပေါင်းရုံးစုစည်းရန် ကြိုးပမ်းအားထုတ်လျက် ရှိသည်။ နိုင်ငံတော်ကို တစ်လုံးတစ်စည်းတည်း ဖွဲ့စည်းသည့် အရေး၌ တိုင်းပြည်နှင့်အမျိုးကိုချစ်ခင်၍ တိုင်းပြည်၏ အထွတ် အထိပ်ဖြစ်သော မိမိတို့၏ ဘုရင်မင်းမြတ်အပေါ်တွင် လေးစား ချစ်ခင်စွာဖြင့် သစ္စာတော် စောင့်သိရန်ကိစ္စသည် လွန်စွာအရေး ကြီးပေသည်။ စိန္တကျော်သူဦးဩသည် သူ၏ ရတုများဖြင့် အမျိုးကိုချစ်ခင်သော စိတ်ဓာတ်များပေါ်ပေါက်စေရန်၊ တိုင်းသူ ပြည်သားတို့က အလောင်းမင်းတရားကြီး၏အပေါ်တွင် အားကိုး တစ်ခုပြုကြစေရန် တိုက်တွန်းလှုံ့ဆော်ခဲ့လေသည်။ ဦးဩသည် အခြား ဘုန်းတော်ဘွဲ့စာဆိုတို့ကဲ့သို့ ရှင်ဘုရင်၏အာရုံဆန္ဒ ကိုသာနှိုးဆော်၍ ရှင်ဘုရင်ကို အသားလွတ် ချီးကျူးသည် မဟုတ်၊ အမျိုးသားတို့၏ အာရုံဆန္ဒကိုလည်းနှိုးဆော်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် ရှင်ဘုရင်နှင့်သာမဟုတ် အမျိုးသားတိုင်းနှင့်လည်း သက်ဆိုင်ဟန်၊ အမျိုးသားတိုင်း၏ တာဝန်ဖြစ်ဟန်ကို ဦးဩမြင်သည်။ မွန်တို့နှင့် အသေခံတိုက်ရာ ၌ အလောင်းဘုရားအတွက်သာမက တစ်မျိုးသားလုံး အတွက် လည်း အသေခံထိုက်ကြောင်းကိုဦးဩပြောလိုသည်။ ထို့ကြောင့် သူ၏ဘုန်းတော်ဘွဲ့ရတုများတွင် ဦးဩသည် အလောင်းဘုရား ကိုသာ ချီးကျူးသည်မဟုတ်၊ တစ်မျိုးလုံး၏စိတ်ကိုလည်း အားတက်သရော ဖြစ်လာအောင်ရေးသည်။ ဓနုဖြူတွင် ချီရတုတွင် ဦးဩသည် မြန်မာတစ်မျိုးလုံး အားကိုးအားထားပြု သော မြန်မာစစ်သားတို့၏ ဇွဲသတ္တိကိုချီးမွမ်း၍ပြသည်။ မြန်မာ စစ်သားတို့၏ အဆင်းရဲအပင်ပန်းခံပုံကို သနားဖွယ်၊ ကြည်ညို ဖွယ်ဖြစ်အောင် ဖွဲ့ခဲ့သည်။ အလောင်းမင်းတရားကြီး ရန်ကုန်သို့ ရေကြောင်းချီရာတွင် အလောင်းမင်းတရားကြီး၏ ရဲဘက်၊ ရဲဘော်၊ ဗိုလ်မှူး၊ တပ်မှူးများ၏ စိတ်အားထက်သန်မှုကို ရတု ကဗျာတို့ဖြင့် နှိုးဆော်ပေးခဲ့လေသည်။ ယင်းသို့ချီတက်သည့် အကြောင်းအရာကိုလည်း- ရေကြောင်းနှစ်ကွဲ၊ ဗိုလ်စုခွဲ၍၊ သောင်းသဲ အုတ်အာ၊ ချီရာမှာလည်း၊ အာကာကောင်းကင်၊ မြေပြင်ကွဲလု၊ ရဲရွေးစုနှင့်၊ ဘီလူ့အလား၊ သူ့ကျွန်များကို၊ ကြောက်ပါးဖွယ်လိ၊ မြင်လိုက်မိ၏ ဟူ၍ မှတ်တမ်းတင်ခဲ့သည်။ ဦးဩ ရေးသမျှ လိုလိုသည် အရေးတော်အောင်မြင်မှုကိုသာ ရှေးရှုသည်။ ထို့ ကြောင့်ပင်လျှင် ဦးဩအား အရေးတော်ပုံစာဆိုဟုလည်း သမုတ် ကြလေသည်။


ဗဒုံမင်းသားထံတွင် အမှုတော်ကိုထမ်းရွက်စဉ်၊ ရတနာ သိင်္ဃကုန်းဘောင်မြို့ဘွဲ့၊ မဟာနန္ဒာကန်တော်ဘွဲ့၊ အမြင့်မင်းနှင့် တူမတော်လက်ထပ်ပွဲဘွဲ့ စသည်တို့အပြင် ကျေးစေ၊ဘုရားတိုင်၊ စစ်ချီ၊ ဟင်္သာဖိုမအမေးအဖြေ၊ ရှင်မွေ့နွန်းမင်းနန္ဒာ အမေးအဖြေ စသောရတုအများပင် ရေးသားစီကုံးခဲ့ပေသည်။ ထိုထိုသော ရတုကဗျာတို့တွင် အလောင်းမင်းတရား ကြီး၏ ဘုန်းတော်ကို ဖွဲ့နွဲ့၍ မိမိလူမျိုး၊ မိမိ တိုင်းပြည်နှင့် ကိုယ့်မင်းကိုယ့်ချင်းတည်းဟူသော နိုင်ငံတော်ဖွဲ့စည်းမှုအတွက် အရေးပါသည့်စိတ်ဓာတ်တို့ကို များစွာလှုံ့ဆော်ပေးခဲ့လေသည်။ ထို့ပြင် ကုန်းလောင်မင်္ဂလာ လူးတား၌ အလောင်းမင်း တရားနှင့်တကွ မိဖုရားကြီးနှင့် သားတော် သမီးတော်တို့၏ အကြောင်းကိုပါ ဖွဲ့နွဲ့စပ်ဆိုခဲ့ခြင်းကြောင့် သမိုင်းအမှတ်အသား တို့အတွက် နောင်လာနောက်သားတို့အား များစွာအထောက်အပံ့ ဖြစ်စေလေသည်။


သက္ကရာဇ် ၁၁၁၉ ခုနှစ်တွင် ဘိုးတော်ရှင် ဧချင်းကို စပ်ဆိုခဲ့သည်။ ပင်းတလဲမင်းသားဧချင်းနှင့် အိမ်ရှေ့မိဖုရားဧချင်း များကိုလည်း စပ်ဆိုခဲ့၏။ တကောင်းပြည်တည်ထောင်သည်မှ စ၍ အလောင်းဘုရားလက်ထက်တော် တိုင်အောင် အတိုချုပ် လင်္ကာသဘောဖြင့် မင်းဆက်လင်္ကာကြီးကိုလည်း ရေးသားခဲ့လေ သည်။ ၁၁၂၂ ခုနှစ်တွင် ဩဝါဒထူးပျို့ ကို ရေးသည်။ စိန္တကျော်သူဦးဩသည် ဟံသာဝတီရောက်မင်းမှစ၍၊ အလောင်းဘုရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်၊ စဉ့်ကူးမင်းနှင့် ဘိုးတော်ဘုရားလက်ထက်တိုင်အောင် မင်းခြောက်ဆက်တို့၏ နန်းတွင်းစာဆိုတော်ဖြစ်ခဲ့သည်။ ၁၁၄၅ ခုနှစ် ဗဒုံမြို့စား ဘိုးတော်မင်းတရားကြီးသည် စိန္တကျော်သူဦးဩအား မဟာဇေယျ သင်္ခယာ ဘွဲ့ဖြင့်ချီးမြှင့်တော်မူသည်။ နန်းတွင်းစာဆိုတော်ကြီး ဖြစ်သည့် ဦးဩကွယ်လွန်သည့်သက္ကရာဇ်ကို အမှတ်အသားရှာ ဖွေ၍ မတွေ့ရချေ။ [၁]


ဓနုဖြူတွင်-ချီ စစ်ချီဖွဲ့ ရတုရေးသူ စိန္တကျော်သူဦးဩမှာ သက္ကရာဇ် ၁၀၉၈ ခုနှစ် တွင် အလုံမြို့ အထက်မောင်းထောင်ရွာ အဖဦးဇေယျ၊ အမိတွင်းသင်းတိုက်ဝန် မဟာစည်သူအမ ဒေါ်ပုတို့မှ ဖွားမြင်သောသား ဖြစ်သည်။ ငယ်စဉ်က ပညာသင်ကြားပေးသူ ဆရာတော်မှာ သျှင်ဂုဏသာရပင် ဖြစ်သည်။ နောက် ဦးရီးတော် သျှင်လင်္ကာသာရ (တွင်းသင်းတိုက်ဝန်) ရှိရာ ရတနာပူရ အင်းဝနေပြည်တော် ကျော်အောင်စံထားဆရာတော်ထံတွင် စာပေကျမ်းဂန်များ ကိုဆက်လက် ပညာသင်ကြားပြန်သည်။


အသက် ၁၃-နှစ်အရွယ်တွင် လူ့ဘဝပြောင်းသောကြောင့် မဟာဓမ္မရာဇာဓိပတိမင်း ခေါ် ဟံသာဝတီရောက် မင်းတရားကြီးထံ ကျောင်အောင်စံထား ဆရာတော်ကပင် အပ်နှံလိုက်သဖြင့် ဟံသာဝတီရောက် မင်းတရားကြီးမှ တဖန် ဘထွေးတော် သတိုးမင်းခေါင်ထံတွင် ရွှေတောင်ရာဇကျော်ဘွဲ့ဖြင့် ချီးမြှင့်၍ ၁၃-နှစ်သားအရွယ်မျှသာ ရှိသေးသော ဦးဩအား သံတော်ဆင့်အဖြစ်ဖြင့် ထမ်းရွက်စေသည်။ သက္ကရာဇ် ၁၁၁၃-နှစ်ရောက်သော် ၁၅-နှစ်သားအရွယ်သာရှိသေးသော ဦးဩသည် ကဝိလက္ခဏာ သတ်ပုံသံပေါက်ကို ရေးသားစီရင်လေသည်။ ဟံသာဝတီပျက်ပြီးနောက် အလောင်းမင်းတရားကြီး နန်းတတ်သောအခါ ဦးဩသည် အလောင်းမင်းတရားကြီးထံ ခိုလှုံလာသဖြင့် အလောင်းမင်းတရားကြီးက ဦးဩ၏ စာပေပညာအရည်အခြင်းကို အားရနှစ်သက်တော်မူသောကြောင့် စိန္တကျော်သူဘွဲ့ကို ပေးအပ်ကာ သားတော်ပဒုံမြို့စားထံ၌ စာဆိုတော်အဖြစ်ဖြင့်လည်းကောင်း၊ အကြီးတော်အဖြစ်ဖြင့်လည်းကောင်း ခစားထမ်းရွက်စေသည်။ မင်းတရားကြီး လွန်တော်မူ၍ နောင်တော်ကြီးမင်း နန်းတတ်ပြီး မကြာမီပင် ဩဝါဒပျို့ရတုပိုဒ်စုံစသော ကဗျာများကို ရေးသားလေသည်။ ထို့နောက် သက္ကရာဇ် ၁၁၃၃-ခု အသက် ၃၅-နှစ်တွင် စိန္တကျော်သူဦးဩ အနိစ္စရောက်သတည်း။ [၂]

ရေးသားခဲ့သော စာသားများ[ပြင်ဆင်ရန်]

  1. ရွှေထီးချက်မှာ − ချီ ရတနာသိင်္ဃမြို့ ကန်တော်ဘွဲ့
  2. ကုန်းဘောင်ရွှေပြည် − ချီ အိမ်တော်သိမ်းဘွဲ့
  3. သပြေညွန့်ရှင် − ချီ အမြင့်မင်းနှင့် တူမတော် လက်ထပ်ရတု
  4. မင်္ဂလာဘူးခေါင် − ချီ ပင်းတလဲမင်းသားဧချင်း
  5. ဘုန်းပဒေသာ − ချီ မင်းတရားယိုးဒယားချီလူးတား
  6. မင်္ဂလာသရတူ − ချီ အိမ်ရှေ့မိဖုရားဧချင်း
  7. ထွေတလာလျှင် − ချီ တောလားရတုပိုဒ်စုံ
  8. မင်္ဂလာဘူးခိုင် − ချီ ဘိုးတော်ရှင်ဧချင်း
  9. နမက္ကာရနိသျည်း
  10. ရတနာမြတ်ခေါင် − ချီ မင်းဆက်လင်္ကာ
  11. ရောင်ခြည်ခြောက်သွယ် − ချီ ကဝိလက္ခဏာ သတ်ပုံထူး
  12. မင်္ဂလာညွန့်သွယ် − ချီ ဩဝါဒထူးပျို့

(၎င်းအပြင် လင်္ကာအချို့ကိုလည်း ရေးသားသည်။)

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)