လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ

ဝီကီပီးဒီးယား မှ
(ပါလီမန်ဒီမိုကရေစီခေတ် မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ပြည်ထောင်စုမြန်မာနိုင်ငံတော်
Union of Burma

မြန်မာနိုင်ငံတော်၏ အလံတော်
မြန်မာနိုင်ငံတော်၏ တံဆိပ်တော်
အလံတော် တံဆိပ်တော်
ဆောင်ပုဒ်: သမဂ္ဂါနံ တပေါ သုခေါ
(စည်းလုံးညီညွတ်ခြင်းသည် ချမ်းသာခြင်းကို ဆောင်ရာ၏)
နိုင်ငံတော် သီချင်း: 
မြန်မာနိုင်ငံတော်၏ တည်နေရာ
မြို့တော်ရန်ကုန်မြို့
ကိုးကွယ်မှုဗုဒ္ဓဘာသာ
အစိုးရဖက်ဒရယ် ပါလီမန်စနစ်
ဥပဒေပြုလွှတ်တော်ပြည်ထောင်စုလွှတ်တော်
လူမျိုးစုလွှတ်တော်
ပြည်သူ့လွှတ်တော်
ဖြစ်ရပ်များ
၁၀ ဒီဇင်ဘာ ၁၉၄၇
၄ ဇန်နဝါရီ ၁၉၄၈
၂ မတ် ၁၉၆၂
ဧရိယာ
• စုစုပေါင်း
၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi)
ငွေကြေးမြန်မာကျပ်ငွေ (MMK)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM

ပြည်ထောင်စုမြန်မာနိုင်ငံတော် (အင်္ဂလိပ်: Union of Burma) သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို ရရှိခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ပထမဆုံး အသိအမှတ်ပြုခဲ့သော နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည်။

နယ်နမိတ်[ပြင်ဆင်ရန်]

၁၉၄၈ တွင် မြန်မာနိုင်ငံသည် အနောက်ဖက်၌ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ) နှင့် အိန္ဒိယနိုင်ငံ၊ မြောက်ဖက်၌ ကိုယ်တိုင်လွတ်လပ်ရေး ကြေညာထားသော တိဗက်ပြည်[မှတ်စု ၁]၊ အရှေ့မြောက်ဖက်၌ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သော တရုတ်သမ္မတနိုင်ငံ (၁၉၄၉ ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ)၊ အရှေ့ဖက််၌ ပြင်သစ်အင်ဒိုချုင်းနား ဒေသ[မှတ်စု ၂] နှင့် အရှေ့တောင်ဖက်တွင် ထိုင်းနိုင်ငံတို့နှင့်ထိစပ်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်မြေသတ်မှတ်သည့်စာချုပ်ကို ၁၉၆၀ တွင် ချုပ်ဆိုခဲ့သည်

မြန်မာနိုင်ငံတွင် ပြည်နယ်များမှာ ကချင်ပြည်နယ်ချင်းဝိဒေသတိုင်းရှမ်းပြည်နယ်ကရင်နီပြည်နယ်ဟူ၍သာရှိခဲ့သည်။ ၁၉၅၁ တွင် ကရင်များအတွက် ကော်သူးလေဒေသကို ဖွဲ့စည်းပေးခဲ့သည်။ တိုင်းဒေသကြီးများမှာ စစ်ကိုင်းတိုင်းမင်းဘူးတိုင်းပဲခူးတိုင်းရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းဟူ၍သာရှိခဲ့သည်။ မြို့တော်မှာရန်ကုန်မြို့ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အခြားကြည့်ရန်။ မြန်မာ့သမိုင်း

မြန်မာနိုင်ငံသည် ၁၉၄၃-ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော်လည်း ဂျပန်တို့၏လက်အောက်ခံတိုင်းပြည်အဖြစ်သာ ရှိခဲ့ရသည်။ ၁၉၄၅တွင် ဂျပန်တို့ကို တိုက်ထုတ်ခဲ့ပြီးဖြစ်သော်လည်း အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်ခဲ့သည်။ ၁၉၄၈-ခုနှစ် ရောက်မှသာ စစ်မှန်သောလွတ်လပ်ရေးကို ရရှိခဲ့သည်။

ထိုလွတ်လပ်သည့်ကာလ၌ သက်တမ်းအရှည်ကြာဆုံး အုပ်ချုပ်ခဲ့သူမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၈ မှ ၁၉၅၈အထိ ကာလကို "ဖဆပလခေတ်" ဟုလည်းခေါ်ဆိုကြသည်။

မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်ခဲ့သော်လည်း ပြည်တွင်းပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည်။ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ အလံဖြူကွန်မြူနစ်ပါတီ (CPB)၊ အလံနီ ကွန်မြူနစ်ပါတီပြည်သူ့ရဲဘော် အဖွဲ့ (PVO) စသည်တို့ ထကြွခဲ့ကြသည်။

ပြည်တွင်းပဋိပက္ခများ[ပြင်ဆင်ရန်]

ကွန်မြူနစ်တို့ထကြွခြင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ပထမဆုံးထကြွခဲ့ကြသူများမှာ ကွန်မြူနစ်ပါတီဖြစ်သည်။ ၁၉၄၆ တွင် ထိုကွန်မြူနစ်ပါတီမှာ ကိုယ်တိုင်တိုက်ပွဲဝင်၍ လွတ်လပ်ရေးရယူလိုသော သခင်စိုးဦးဆောင်သည့် အလံနီကွန်မြူနစ်ပါတီနှင့် ဖဆပလနှင့်ပူးပေါင်းလိုသော သခင်သန်းထွန်းဦးဆောင်သည့် အလံဖြူကွန်မြူနစ်ပါတီဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ အလံနီများက ၁၉၄၆ တွင် စတင်သောင်းကျန်းခဲ့ကြသည်။ အလံဖြူများကမူ ၁၉၄၈ ၌ စတင်ထကြွခဲ့ကြသည်။

ပြည်သူ့ရဲဘော်အဖွဲ့[ပြင်ဆင်ရန်]

ပြည်သူ့ရဲဘော်အဖွဲ့တွင်လည်း သဘောထားကွဲလွဲမှုကြောင့် ရဲဘော်ဖြူ၊ ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ ရဲဘော်ဝါများသည် ဝန်ကြီးချုပ်ဦးနုအဆိုပြုသော လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်အနက် ၁၄ ချက်ကို လက်ခံခဲ့ကြသည်။ ရဲဘော်ဖြူများကမူ တောခိုကွန်မြူနစ်များကို ပြန်လည်စေ့စပ်ပြီးမှသာ လက်ဝဲညီညွတ်ရေးမူကို ရရှိနိုင်မည်ဟုယုံကြည်ခဲ့ကြသည်။ ရဲဘော်ဖြူများကို ဗိုလ်လရောင်နှသင့် ဗိုလ်ဖိုးကွန်းတို့ခေါင်းဆောင်ခဲ့ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူးအောင်နှင့် ဗိုလ်စိန်မှန်တို့က ခေါင်းဆောင်ခဲ့သည်။

ကရင်ပဋိပက္ခ[ပြင်ဆင်ရန်]

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကရင်တိုင်းရင်းသားလေးသိန်းတို့သည် ကရင်ပြည်နယ်ကိုဖွဲ့စည်းပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ကွန်မြူနစ်များထကြွလာသည်နှင့် အချို့သောကရင်များသည် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကိုဖွဲ့စည်းခဲ့သည်။ KNDO အဖွဲ့ကိုဖွဲ့စည်းခြင်း၊ ဖဆပလအစိုးရမှ ကရင်တို့အား အယုံအကြည်နည်းခြင်းတို့ကြောင့် ကရင်နှင့်ဗမာတိုင်းရင်းသားတို့၏ ဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။

ကရင်တိုင်းရင်းသားတို့သည် ပြည်တွင်သောင်းကျန်းမှုများကို နှိမ်နှင်းရာ၌အစိုးရအား ကူညီပေးခဲ့ကြသည်။ ၁၉၄၈ ဇန်နဝါရီတွင် ဝန်ကြီးချုပ်ဦးနုနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် စောဘဦးကြီးတို့သည် ပြည်တွင်း၌ဖြစ်လျက်ရှိသော သောင်းကျန်းမှုများကိုရပ်‌ဆိုင်းရန် ဧရာဝတီဒေသ၌ ဆွေးနွှေးခဲ့ကြသည်။ ဝန်ကြီးချုပ်ဦးနု၏ခွင့်ပြုချက်ဖြင့် စစ်ဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းသည် ကွန်မြူနစ်များအားတိုက်ထုတ်ရန် တွံတွေးတူးမြောင်းဒေသအား သိမ်းပိုက်‌စေခဲ့သည်။ အကြမ်းဖက်မှုများနှင့် ပြည့်နှက်နေသဖြင့် မြန်မာ့သတင်းများသည်ထိုဖြစ်ရပ်ကို ကရင်တို့ထကြွကြသည် ဟူ၍မှတ်ယူခဲ့ကြသဖြင့် ကရင်-ဗမာဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့သည်။

KNDO သည် အင်းစိန်မြို့ကို သိမ်းပိုက်ခဲ့သည်။ ဗမာတို့ကမကျေနပ်သဖြင့် ကိုယ်တိုင်လက်နက်စွဲကိုင်၍ ကရင်တို့အား တိုက်ခိုက်ခဲ့သည်။ ကရင်ဗိုလ်မှူးကြီးမင်းမောင်သည် စောဘဦးကြီးအား KNU နှင့် ဦးနုတို့၏ ငြိမ်းချမ်းရေးကို ရပ်ဆိုင်းစေခဲ့သည်။ ၁၉၄၉ ဇန်နဝါရီ ၂၇ တွင် တောင်ငူမြို့ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့ဖြူးမြို့ စသောဒေသများကို သိမ်းပိုက်ခဲ့သည်။ ထိုအကြောင်းကြောင့် ဝန်ကြီးချုပ်ဦးနုသည် တပ်မတော်ရှိ ကရင်လူမျိုးများအား ဖြုတ်ချခဲ့သည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းနေရာတွင် ဗိုလ်ချုပ်နေဝင်းအား ခန့်အပ်ခဲ့သည်။ ရာထူးမှအနားယူခံရသော ကရင်စစ်သားတို့သည် KNDO သို့ဝင်ရောက်ခဲ့ကြသည်။ ၁၉၄၉ ဇန်နဝါရီ ၃၁ တွင် ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာနိုင်ငံအား စစ်ကြေညာခဲ့သည်။

အခြားသောင်းကျန်းမှုများ[ပြင်ဆင်ရန်]

တနင်္သာရီတိုင်းဒေသ (ယခု မွန်ပြည်နယ် နယ်မြေ) တွင်လည်း မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (MNDO) ပေါ်ပေါက်လာ၍ ထကြွခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ထကြွခဲ့ကြသည်။ ရခိုင်ဒေသတွင် "မူဂျာဟစ်" သူပုန်များထကြွခဲ့ကြသည်။ သောင်းကျန်းသူများကို စုပေါင်း၍ "ရောင်စုံသူပုန်များ" ဟူ၍ခေါ်ဆိုကြသည်။

ကူမင်တန်ကျူးကျော်မှု[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှု

တရုတ်သမ္မတနိုင်ငံကွန်မြူနစ်နှင့် ကူမင်တန်တို့သည် ပြည်တွင်းစစ်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်တို့မှ အနိုင်ရခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ကြသည်။ သို့ဖြစ်ရာ ကူမင်တန်အစိုးရသည် ထိုင်ဝမ်ကျွန်းသို့ အဆင့်ဆင့်တိမ်းရှောင်ခဲ့ရသည်။ ၁၉၅၀ တွင် ယူနန်နယ်ရှိကူမင်တန်တပ်များသည် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ကူမင်တန်တပ်များသည်ဦးစွာ ကျိုင်းတုံ၌အခြေချခဲ့ပြီး အင်အားစုစောင်းခဲ့သည်။ ၁၉၅၀ မတ်လတွင် ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို သိမ်းပိုက်ခဲ့သည်။

မြန်မာအစိုးရမှ ကူမင်တန်တို့အား လက်ချရန်သို့ဟုတ် မြန်မာ့နယ်မြေမှထွက်ခွာရန် ရာဇသံ‌ပေးခဲ့သည်။ ကူမင်တန်တို့သည် ထိုရာဇသံကိုလက်မခံဘဲ ဆက်လက်တိုက်ခိုက်ခဲ့ကြရာ မြန်မာ့တပ်မတော်သည် စတင်ပြန်လည်တိုက်ခိုက်ခဲ့သည်။ ‌အမေရိကန်နိုင်ငံများမှ ကူမင်တန်တို့ကို ထောက်ပံ့မှုကြောင့် မြန်မာနိုင်ငံသည် အနောက်တိုင်းနိုင်ငံများ၏ အကူအညီများကို ငြင်းဆန်သည်အထိ ဖြစ်ခဲ့ရသည်။

၁၉၅၃ မတ်လတွင် မြန်မာနိုင်ငံသည်ကုလသမဂ္ဂ၌ ကူမင်တန်ကျူးကျော်မှုပြဿနာကို အထောက်အထားများဖြင့် တင်ပြခဲ့သည်။ လပေါင်းများစွာ ဆွေးနွှေးမှုများအပြီးတွင် ကူမင်တန်တပ်များသည် မြန်မာနိုင်ငံမှတပ်ဆုတ်ပေးရန် သဘောတူခဲ့သည်။ ၁၉၅၄ တွင် မြန်မာနိုင်ငံ၌ ကူမင်တန် ၆၀၀၀ မျှသာကျန်ရှိခဲ့သည်။

ဖဆပလပြိုကွဲခြင်း[ပြင်ဆင်ရန်]

၁၉၅၈ တွင် ဝန်ကြီးချူပ်ဦးနုသည် သောင်းကျန်းသူများအား လက်နက်ချစေနိုင်ခဲ့သော်လည်း ဖဆပလအတွင်း၌ မပြေလည်မှုများ ပေါ်ပေါက်လာခဲ့သည်။ ၁၉၅၈ ဇူလိုင်လတွင် ဦးနုနှင့် ဦးတင်တို့ခေါင်းဆောင်သော သန့်ရှင်းဖဆပလနှင့် ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ ခေါင်းဆောင်သော တည်မြဲဖဆပလဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ဝန်ကြီးချုပ်ဦးနုအား "no confidence" ခေါ် နိုင်ငံတော်ကိုအုပ်ချုပ်ရန် အယုံအကြည်မရှိကြောင်းအဆိုကို တည်မြဲဖဆပလမှ အဆိုတင်သွင်းခဲ့သည်။ ပါလီမန်အထူးအစည်းအဝေးပွဲ၌ မဲပေးဆုံးဖြတ်ခဲ့ကြရာ သန့်ရှင်းဖဆပလသည် အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု၏ ထောက်ခံမှုဖြင့် ဆက်လက်အနိုင်ရရှိခဲ့သည်။

ဦးနုအစိုးရနှင့် အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုတို့၏ သဘောတူညီမှုကိုအသုံးချ၍ ကွန်မြူနစ်သောင်းကျန်းသူများသည် အလင်းဝင်ဟန်ပြု၍ နိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာမည်ကို တပ်မတော်သမားများက စိုးရိမ်ကြသည်။ ထို့အပြင် ရှမ်းလူမျိုးတို့သည်လည်း ဖက်ဒရယ်မူကို ချပေးရန်တောင်းဆိုလာခဲ့ကြသည်။ တပ်မတော်သည် နိုင်ငံတော်မတည်မငြိမ်သည် ဟူ၍အကြောင်းပြုပြီး ဝန်ကြီးချုပ်ဦးနုအား ဗိုလ်ချုပ်နေဝင်းကို တိုင်းပြည်ခေတ္တအုပ်ချုပ်ရန် အာဏာလွှဲစေခဲ့သည်။

အိမ်စောင့်အစိုးရ[ပြင်ဆင်ရန်]

၁၉၅၈ မှစ၍ ဗိုလ်ချုပ်နေဝင်းသည် အာဏာရရှိခဲ့၍ အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီး စတင်အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရအဖွဲ့တွင် ဗိုလ်ချုပ်နေဝင်းသည် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ကွန်မြူနစ်တို့အား ထောက်ခံသူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၁၅၃ ယောက်တို့ ကိုကိုးကျွန်းနှင့် ကပ္ပလီပင်လယ်များသို့ နှင်ထုတ်ခဲ့သည်။ ဗိုလ်တထောင်ကြေးမုံနှင့် ရန်ကုန်နေ့စဉ် စတင်းစာတိုက်များကို ပိတ်ချခဲ့သည်။

၁၉၅၉ တွင် ရှမ်းစော်ဘွားများအား ငွေကြေးပေး၍ အာဏာစွန့်စေခြင့်ဖြင့် ရှမ်းပြည်နယ်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျှော့ချခဲ့သည်။ ၁၉၆၀ တွင် အိမ်စောင့်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရာ ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလမှာ အနိုင်ရရှိခဲ့သည်။

ပထစအစိုးရ[ပြင်ဆင်ရန်]

၁၉၆၀ ရွေးကောက်ပွဲတွင် သန့်ရှင်းဖဆပလမှ အနိုင်ရရှိခဲ့ပြီး ပါတီအမည်ကို "ပြည်ထောင်စုပါတီ" (ပထစ) ဟူ၍ အမည်ပြောင်းခဲ့သည်။ ရွေးကောက်ပွဲကာလ၌ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့သည်အတွက် ဘာသာခြားများက ကန့်ကွက်ခဲ့ကြသည်။

ပထစအစိုးရသည် နိုင်ငံရေးလမ်းစဉ်သစ်များကို ချမှတ်ခဲ့သော်လည်း နိုင်ငံရေးအခြေအနေမှာ ဆိုးရွားလာခဲ့သည်။ ပြည်တွင်ပဋိပက္ခ၏ အရှိန်အဟုန်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။ သမ္မတဟောင်း ညောင်‌ရွှေစော်ဘွား စဝ်ရွှေသိုက်ဦးဆောင်၍ ရှမ်းပြည်ဖက်ဒရယ်မူရရှိရေးအတွက် စတင်လှုပ်ရှားခဲ့ကြသည်။ ဖက်ဒရယ်မူမရပါက ပြည်ထောင်စုမှ နှုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းပိုက်ခံရခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်မတည်ငြိမ်မှုကို အကြောင်းပြုပြီး စစ်အာဏာသိမ်းပိုက်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနု၊ သမ္မတဟောင်းစဝ်ရွှေသိုက်စသော နိုင်ငံရေးသမားများကို ဖမ်းဆီးခဲ့သည်။ ထို့နောက် တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။

အခြားဖတ်ရှုရန်[ပြင်ဆင်ရန်]

မှတ်စု[ပြင်ဆင်ရန်]

  1. ၁၉၅၁ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အပြီးတိုင်သိမ်းပိုက်ခဲ့သည်။
  2. ၁၉၅၃ တွင် ထိစပ်ရာ နိုင်ငံဒေသသည် လာအိုဘုရင့်နိုင်ငံအဖြစ် လွတ်လပ်ရေးရခဲ့သည်။

ကိုးကားချက်[ပြင်ဆင်ရန်]

  • Aung-thwin, M. and M. Aung-Thwin, A History of Myanmar since ancient times. Traditions and Transformations. Reaktion Books: London, 2013.
  • Callahan, M., Making Enemies. War and State Building in Burma. United States of America: Cornell University Press, 2003.
  • Martin Smith (1991)။ Burma - Insurgency and the Politics of Ethnicity။ London and New Jersey: Zed Books။
  • အဋ္ဌမတန်းမြန်မာ့သမိုင်း။ ပညာရေးဝန်ကြီးဌာန။ ၂၀၁၈။