ခင်ကြီးဖျော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တောင်တွင်းဆရာ‌တော်သည် ‌တောင်တွင်းကြီးမြို့တွင်၊ သက္ကရာဇ် ၁၀၈၄ ခုနှစ်၌ ဖွားမြင်သည်။ မျိုးရိုးမှာ ‌တောင်တွင်းကြီး မြို့သူကြီး ရိုးဝဍ္ဎနရာဇာဘွဲ့ခံ ဦးကျံ‌ဘော်၏ အနွယ်အဆက်ဖြစ်သည်။ မိဘများက မှည့်‌ခေါ်‌သော ငယ်မည်မှာ ‌မောင်‌ပျော်ကိုအစွဲပြု၍ ‌တောင်တွင်းဆရာ‌တော် ခင်ကြီး‌ပျော် ဟူ၍လည်း ‌ခေါ်ကြသည်။

အသက် ၁၀ နှစ်အရွယ်တွင် ‌မောင်‌ပျော်အား မိဖတို့ကမြို့လုလင်၊ ကန်ရိုး‌ကျောင်းဆရာ‌တော်ထံပို့၍ စာ‌ပေသင်ကြားစေသည်။ ‌ကျောင်းသို့‌ရောက်စကပင် သင်ရိုးသင်တန်း စာ‌ပေများကို မခက်မခဲ အလွယ်နှင့် တတ်‌မြောက်၍ ပညာဉာဏ်စွမ်း ထက်မြက်‌ကြောင်းပြသည်။ ကန်ရိုး‌ကျောင်း၌ ပညာသင်ကြား‌နေ စဉ် မြို့လုလင်တွင် သ‌ရောခိုင်း၍ မိဖများနှင့်အတူ ‌ကျောက်ပန်းတောင်းငသ‌ရောက်တူးရွင်းတိုင်မြို့များသို့ လှည့်လည်‌နေထိုင်ခဲ့သည်။ တူးရွင်းတိုင်၌‌နေစဉ် အသက် ၂၀ သို့‌ရောက်၍ တူးရွင်းတိုင်‌တောင်ချာ ဘုန်း‌တော်ကြီးထံတွင် ရဟန်းပြုသည်။ ရဟန်းမည် ရှင်ဉာဏဝရဖြစ်၏။

ထို‌နောက် ‌တောင်တွင်းကြီးမြို့သို့ ပြန်လည်‌ရောက်ရှိ၍ စာ‌ပေ ဆက်လက်သင်ကြားစဉ် ပုဒ်စစ်၊ ဉာသ်‌ကောက်၊ ယမိုက် ဂဏ္ဍိ၊ ပဋ္ဌာန်းအရကောက် ကျမ်းများကို စီရင်‌ရေးသားရာတွင် ‌တောင်တွင်းဆရာ‌တော်၏ သတင်းသည် မင်း‌နေပြည်အ‌ရောက် ပျံ့နှံ့‌ကျော်‌စော‌လေသည်။ ထိုသို့ ‌တောင်တွင်းပုဂ္ဂိုလ်သည် ဉာဏ် ပညာကြီးမားထက်သန်‌ကြောင်းကို ၁၁၂၂ ခုနှစ် နန်းတက်၊ စစ်ကိုင်းမြို့တည်၊ ‌နောင်‌တော်ကြီးမင်းတရား အိမ်‌ရှေ့စံ‌တော်မူစဉ် ကြားသိ‌တော်မူ၍ ဆရာ‌တော်အား ‌နေပြည်‌တော်သို့ ပင့်ဆောင်ရန် မှူးမတ်တို့ကို ‌စေလွှတ်ရာ၊ ဆရာ‌တော်လည်း မလိုက်လို၍မ‌ကွေးမြို့အစီရင် တက်ဝံနဂါးရွာသို့ တိမ်း‌ရှောင်ထွက်သွား‌လေသည်။

ထိုမှ တစ်ဖန် ‌ကျောက်ရဲ၊ ပုခန်းငယ်၊ စ‌လေ၊ စဉ့်ကူး၊ ရွာသာ၊ ပုဂံ၊ တူးရွင်းတိုင်၊ မဲတည်၊ ခံ‌တော စ‌သောရွာများသို့ လှည်လည်သွားလာ‌နေရာ အပင့်အ‌ဆောင် လိုက်လာ‌သော မှူးမတ်များလည်း ရွာစဉ်အတိုင်း ‌နောက်မှ လိုက်လာကြ‌လေသည်။ မဲတည်ရွာ‌ရောက်လျှင် ရွာသူကြီးအား ချုပ်‌နှောင်၍ ဆရာ‌တော်ကို ရှာ‌ဖွေ‌ပေးရမည်ဟု အတင်းအကြပ်ပြုမှ ဆရာ‌တော်က ‘ဒကာ‌တော်တို့ သည်းခံကြ၊ ငါကြွခဲ့မည်’ အမိန့် ရှိ‌လေသည်။

ထို‌နောက် တစ်လခန့်အကြာ ၁၁၁၆ ခုနှစ်တွင် ‌နောက်ပါ အလုပ်အ‌ကျွေး ဒကာတစ်‌ယောက်နှင့်ပင် စစ်ကိုင်းမြို့သို့ ကြွရောက်‌လေသည်။ သုဓမ္မာဇရပ်တွင် ဆရာ‌တော်ကြီးများနှင့် ‌တွေ့ဆုံ၍ ဆရာ‌တော်ကြီးများက ‘ငါ့ရှင်၏ဂုဏ်သတင်းသည် ‌ရွှေမြို့ ‌တော်အထိ ပျံ့နှံ့‌ကျော်ကြား‌ပေသည်။ စာ‌ပေကျမ်းဂန်များကို အဘယ်မျှ‌လောက် သင်ကြားခဲ့ဘူးပါသနည်း’ဟု ‌မေးရာ၊ ‌တောင်တွင်းပုဂ္ဂိုလ်က ‘တပည့်‌တော်သည် ပိဋကတ်သုံးပုံတွင် မသင်ဘူးသည့်ကျမ်းမရှိပါ။ ‌မေး‌တော်မူရာကို ‌လျှောက်ထားပါ မည်’ဆို၍ ဆရာ‌တော်ကြီးများ ‌မေးသမျှကို ‌ဖြေဆို‌လေသည်။

ဆရာ‌တော်ကြီးများက ‘ပေ‌လေးပင် ရှင်‌လေးပါး ထွန်းကားသည့် မြို့မှာ ယခု‌ ပေတစ်ပင် ရှင်တစ်ပါး ထွန်းပြန်သည်’ဟု ချီးကျူး ‌တော်မူကြ‌လေသည်။ ထို‌နောက် ‌နောင်‌တော်ကြီးမင်းတရားက ဉာဏာ ဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရုတံဆိပ်နာမံကို ကပ်လှူ ၍ သာသနာပြု သာသနာပိုင်အရာ တင်‌မြှောက်ကိုးကွယ်သည်။ မင်္ဂလာဘုံသာ‌ကျောင်း‌တော်ကိုလည်း တင်လှူသည်။‌နေပြည်‌တော်တွင် သုံးဝါခန့် သီတင်းသုံးပြီး‌နောက် သလုံးမြို့ ‌ရေငုံဆရာ‌တော်ထံ ကြွ‌ရောက်၍ စာဝါခံပြီးလျှင် သဒ္ဒါကျမ်း ကို ထပ်မံသင်ယူ‌တော်မူပြန်သည်။ ထို‌နောက် မြစ်စဉ်တစ်လျှောက် စုန်ဆင်းရာ ပြည်မြို့သို့‌ရောက်၍ ဟံသာဝတီ‌ရောက် မင်းတရားလက်ထက် စစ်မက်အ‌ရေးပုံအတွင်းက ပျက်စီး‌သော ပြည်မြို့ ပိဋကတ်တိုက်ရှိ ကျမ်းဂန်ပိဋကတ်များ ပျက်ပြား‌ထွေးရှုပ်‌နေသည်ကို ရဟန်းငယ်တကျိပ်၏ အကူအညီဖြင့် ‌ပေများကို တစ်ချပ်စီ စစ်‌ဆေးပြီးလျှင် ‌နေရာတကျရှိ‌အောင် ပြုပြင်စီစဉ်‌ပေးခဲ့သည်။

‌ညောင်ရမ်း ၁၀ ဆက် သက္ကရာဇ် ၁၀၆၀ ပြည့် နန်းတက်‌သော စ‌နေမင်းလက်ထက်က စတင်‌ပေါ်‌ပေါက်ခဲ့သော အတင်ဂိုဏ်း အရုံဂိုဏ်း ကွဲပြားမှုသည် ‌နောင်‌တော်ကြီး လက်ထက်၌လည်း မပြီးမပြတ်ပင် ရှိ‌နေ‌သေးသည်။ ‌တောင်တွင်းဆရာ‌တော်မှာ အရုံဂိုဏ်းဖြစ်သည်။ ထို့‌ကြောင့် ‌တောင်တွင်းဆရာ‌တော် သာသနာပိုင်ဖြစ်သည့်အခါ ဗဒုံမြို့၊ ကန္နီ‌ကျေး သံဃာ‌တော်များက ‌တောင်တွင်းဆရာ‌တော်ထံ အဆုံးအဖြတ် ခံပြန်ရာ ဆရာ‌တော်က ‘သာသနာပြုဆရာ‌တော် ၁၄ ပါးမှာ အတင်ဂိုဏ်းချည်းဖြစ်သည်။ တပည့်‌တော်တစ်ပါးတည်းနှင့် ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်။ ထိုပြင် ‘သည်သဲပုံ‌ငွေဖြစ်မှ၊ တင်ရစ်တော့‌လေး’ဟု တ‌ပေါင်ရှိသည်။ (သဲပုံမှာ‌ သောကြာသား အ‌လောင်းမင်းတရားကြီး ဖြစ်သည်။ ‌ငွေမှာ တနင်္လာသား ဘိုး‌တော်မင်းတရား ဖြစ်သည်။) ထို့‌ကြောင့် ယခုမင်းလက်ထက် တွင် မဖြစ်‌သေး၊ ‌နောင်မင်းများလက်ထက်တွင်မှ ဖြစ်မည်’ဟု အမိန့်ရှိကာ အဆုံးအဖြတ်မ‌ပေးဘဲ ထားခဲ့‌လေသည်။

‌တောင်တွင်းဆရာ‌တော်သည် ပိဋကတ် ကျမ်းဂန်၌သာလျှင် နှံ့စပ်တတ်‌မြောက်သည်မဟုတ် ‌လောကီပညာ ရပ်တို့၌လည်း နှံ့စပ်တတ်ကျွမ်း‌တော်မူသည်။ တစ်ခါ‌သော် ‌နောင်‌တော်ကြီး မင်းတရားက ‘ဆရာ‌တော်သည် တစ်ပါးပညာများ၌ ကျွမ်းကျင်သော်လည်း အတီးအမှုတ်ကိုကား နားလည်မည်မဟုတ်’ဟု ဆိုကာ၊ ဆိုင်းသမားများအား ဆရာ‌တော်၏‌ကျောင်းသို့ ‌စေလွှတ်၍၊ တီးမှုတ်‌စေ‌လေသည်။ ဆရာ‌တော်လည်း ဆိုင်းသမားများအား ဤအလုံးနှင့် ဤအလုံးကို‌ပေါင်း၊ ဤအလုံးကိုခွဲ ဤသို့တီးဟု ပြသ‌ပေး‌လေသည်။ ဆရာ‌တော် ညွှန်ပြသွန်သင် ချက်အတိုင်း တီးရာ၊ ‌ရှေးအထက်က မကြားဘူး‌အောင်‌ကောင်းသော တီးရိုးကိုရကြသည်။

ဤသို့‌သော ‌လောကီ‌လောကုတ္တရာ၌ မတတ်‌သောပညာ၊ မသိ‌သောအရာဟူ၍မရှိသဖြင့်၊ ‌တောင်တွင်းဆရာ‌တော်သည်‘မ’တစ်လုံး ‌ကျေသည်ဟု ဥဒါန်းစည်ရှည် ‌ပြောဆိုစမှတ်ပြုကြသည်။

ဆရာ‌တော်သည် သက်‌တော် ၃၉ နှစ် ဝါ‌တော် ၁၉ ဝါ၊ သက္ကရာဇ် ၁၁၄၂ ခုနှစ်တွင် ဘဝ‌ပြောင်း‌တော်မူသည်။ ထိုမျှ ‌သော သက်‌တော်ဝါ‌တော်အတွင်း၌ ကျမ်း‌ပေါင်း ၃၇ ကျမ်း အပြင်၊ မင်းလက်ဝဲ‌နော်ရထာအမတ် အရပ်ရပ် ‌လျှောက်ထားမေးမြန်းသည်များကိုလည်း ‌ဖြေဆို‌တော်မူခဲ့သည်။ ထိုအ‌မေး အ‌ဖြေများကို စု‌ပေါင်း၍ထား‌သော ‘မင်းလက်ဝဲ‌နော်ရထာ ‌လျှောက်ထုံး’ဟု ကျမ်းတကျမ်း အထင်အရှားရှိသည်။

ပြုစု‌တော်မူခဲ့‌သော ကျမ်းများမှာ၊ (၁) ပဋ္ဌာန်းအရကောက်၊ (၂) ဉာသ်‌ကောက် (၃) ယမိုက်ဂဏ္ဍိ (၄) မာတိကာဂဏ္ဍိ (၅) ဓာတုကထာဂဏ္ဍိ (၆) ပုဒ်စစ်ကျမ်း (၇) သဒ္ဒါစစ်ဂါထာ ဖွင့် (၈) သံဝဏ္ဏနာအဖွင့် (၉) နည်း‌လေးဆယ် (၁၀) အာဒိကပ္ပကျမ်း (၁၁) ဒွါဒသရာသီကျမ်း (၁၂) ဓာတု‌ဘေဒကျမ်း (၁၃) ဓာတုဝိဘာဂကျမ်း (၁၄) ‌နေမိတ္တကကျမ်း (၁၅) နရ တန်း‌ဆောင်ကျမ်း (၁၆) နရမာလာကျမ်း (၁၇) လက္ခဏ သင်္ဂြိုဟ်ကျမ်း (၁၈) နရသုခိကျမ်း (၁၉) ‌ဝေ‌နေယျသုခိကျမ်း (၂၀) မဟာနာရီကွန်ချာကျမ်း (၂၁) ပဋိစ္စ သမုပ္ပါဒ်ဓာတ်ကျမ်း (၂၂) ဓာတုသင်္ဂဟကျမ်း (၂၃) ဓာတုဒီပဏီကျမ်း (၂၄) အရသာကျမ်း (၂၅) အင်္ဂဝိဇ္ဇာကျမ်း (၂၆) က‌ဝေသာ ရကျမ်း (၂၇) လက္ခဏဒီပကျမ်း (၂၈) ဆနဝုတိကျမ်း (၂၉) ဓာတွန္ဒြီကျမ်း (၃၀) မဏိ‌ဇောတရသ်ကျမ်း (၃၁) စူဠ ‌ဇောတရသ်ကျမ်း (၃၂) ပရမီသွာကျမ်း (၃၃) ဇမ္ဗူ့ကျက်သ‌ရေ ကျမ်း (၃၄) သာသနာသိုက်ကျမ်း (၃၅) သဗ္ဗသာဓရကျမ်း (၃၆) ‌ယောဟနကျမ်း (၃၇) ပဉ္စပုမ်ကျမ်း စုစု‌ပေါင်း ၃၇ ကျမ်းဖြစ်သည်။

ထိုကျမ်းများအနက် အချို့‌သော ဆရာ‌တော် ကိုယ်တိုင်‌ပေတင်ခဲ့၍ အချို့ကိုမူကား ဆရာ‌တော် မရှိသည့် ‌နောက်မှ တပည့်များက ‌ပေတင်ကြသည်ဟုဆိုသည်။ ထိုပြင် ‌နောင်‌တော်ကြီးမင်းက ‌တောင်းပန်သဖြင့် ‌ငွေဖြစ်လုပ်ရပ်ကျမ်းကိုလည်း ပြုခဲ့သည်ဟုဆိုသည်။

ကုန်းဘောင်ခေတ် ပထမပိုင်းတွင် ပေါ်ပေါက်သော စာပေ၊ ဂီတအနုပညာလောက၌ ထင်ရှားသော စွယ်စုံပညာရှင်ဆရာတော်တစ်ပါးမှာ တောင်တွင်းဆရာတော် 'ခင်ကြီးဖျော်' ပင်ဖြစ်သည်။ ဆရာတော်အား' မကာရလောပ' ဟု ခေါ်ကြသည်။ မတစ်လုံးကျေနေသည်။ မသိတာ၊ မတတ်တာမရှိဟု အဓိပ္ပာယ်ရသည်။ မှန်လည်းမှန်ပေသည်။ ဆရာတော်ကား ပညာစုံ၍ စွယ်စုံတော်သည်။ ပိဋကတ်လည်း နှံ့စပ်သည်။ သဒ္ဒါလည်းနိုင်နင်းသည်။ အဘိဓမ္မာလည်း ကျွမ်းကျင်သည်။ လောကုတ္တရာကျမ်းများအပြင် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အဂ္ဂိရတ်ကျမ်း စသော လောကီကျမ်းများကိုလည်း ကမ်းခပ်အောင် တတ်မြောက်သည်။ တစ်နည်းဆိုရသော် ပညာအရာတွင် ဘက်စုံ၊ စွယ်စုံကျွမ်းကျင်တတ်မြောက်သူတစ်ဦးအဖြစ် ကျော်ကြားနေသူဖြစ်လေသည်။ "မ"တစ်လုံးကြေ အတုလမဟာကျော် ခင်ကြီးဖျော် ဟု လောကီ ပညာရပ်များကြောင့် ထင်ရှားခဲ့သည်။

ဆရာတော်ခင်ကြီးဖျော်အား သက္ကရာဇ် ၁၀၈၆၊ ကဆုန်လဆန်း( ၁၁)ရက် (ခရစ် ၁၇၂၄ ခု၊ ဧပြီ ၂၁ ရက်) အင်္ဂါနေ့။ ၁၀၈၆ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ဖွားမြင်သည်ဟု ကျမ်းအသီးသီး၌ ယေဘုယျဆိုကြသည်။ ပြက္ခဒိန်ကျမ်းနှင့် တိုက်ဆိုင်စေသောအခါ ထိုနေ့မှာ စနေနေ့ဖြစ်သည်ကို တွေ့ရသည်။ ကဆုန်လဆန်း (၁၁)ရက်နေ့မှာ အင်္ဂါနေ့ဖြစ်သဖြင့် (၁) ရက်ကို (၁၅) ရက်ဟု ရေးမှားခြင်းဖြစ်ကြောင်း ဒေါက်တာတိုးလှက တက္ကသိုလ်ပညာပဒေသာ(ဝိဇ္ဇာ) ၁၁/ ၂ ၌ ရက်ချုပ်စစ်တမ်း စာတမ်းတွင် စိစစ်ပြထားသည်။) အင်္ဂါနေ့ နံနက် ၄ချက်တီးကျော် နံနက်တွင် တောင်တွင်းကြီးမြို့ မြောက်ဘက် မြို့လုလင်ရွာအနီးရှိ ပုတီးကုန်းရွာ၌ အဖ ဦးဘိုးပြေ၊ အမိ ဒေါ်ကြာတို့မှ ဖွားမြင်၍ ငယ်မည်မှာ မောင်ဖျော် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မောင်ဖျော်သည် အသက် ၇-နှစ်အရွယ်တွင် မြို့လုလင်မြို့၊ ကန်ရိုးကျောင်း ဘုန်းတော်ကြီးထံတွင် စာပေစတင်၍ သင်ကြားရာ မြန်မာသင်ပုန်းကြီးကို နေ့ချင်းညချင်း တခဏအတွင်း တတ်မြောက်လေသည်။ သုံးလအတွင်း ပရိတ်ကြီးနမက္ကရလောကနီတိ ဆုံးမစာတို့ကို တတ်မြောက်၍ ကျောင်းသားလူငယ် အဖြစ်နှင့်ပင် ဇာတ်ကြီးဆယ်ဘွဲ့ ပါဠိ အနက်တို့ကို နှုတ်တက်ဆောင်၍ သဘောသဘာဝ တို့ကိုလည်း မိမိရရ သိရှိလှသဖြင့် မေးသမျှ ခဲရာခက်ဆစ် တို့ကို ရုတ်တရက်ဖြေဆို နိုင်ပေသည်။

၁၀-နှစ်သားအရွယ်တွင် ကန်ရိုးကျောင်း ဆရာတော်ကို ဥပဇျွာယ်ပြု၍ ရှင်သာမဏေ ဘဝမှာ သဒ္ဒါ၊ သင်္ဂြိုဟ်၊ မာတိကာ၊ ဓာတုကထာ၊ အဘိဓာန်ဆန်းအလင်္ကာတို့ကို ကောင်းစွာ သင်ကြားတတ်မြောက်သဖြင့် ဆရာသမားတို့၏ ချီးကျူးမြှောက်စားခြင်းကို ရရှိလေသည်။

အသက် ၂၀ ပြည့်သောအခါ ရဟန်းဘောင်သို့ တက်၍ ရှင်သာမဏေဘဝက ရရှိမှည့်ခဲ့သော ရှင်ဉာဏဘွဲ့မှ ဦးဉာဏ ဘွဲ့သို့ မှည့်ခဲ့သော်လည်း ရဟန်းဘွဲ့ ဦးဉာဏ အမည်မှာ မထင်ရှား မကျော်စော၊ ငယ်မည် မောင်ဖျော်မှ ရဟန်းဖြစ်သဖြင့် `ခင်ကြီးဖျော်´ဟူ၍သာ ကျော်စောထင်ရှားလေသည်။ ရဟန်းအဖြစ်သို့ ရောက်လျှင် တောင်တွင်းကြီးသို့ သွား၍ စာတတ်အကျော် ဆရာတော်ဘုရားကြီးများထံ နည်းခံ၍ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတို့ကို ကျနသေချာစွာ သင်ယူပြီးလျှင် ဗေဒင်၊ သက္ကဋ၊ ဓာတ်ဗိန္ဓောပညာ၊ ကဗျာ၊ လင်္ကာ စသည် တို့ကိုလည်း ခဏလွယ်ကူ တတ်မြောက်တော်မူသဖြင့် နိုင်ငံပေါ်တွင် အလွန်တရာ ထင်ရှား ကျော်ကြားလေသည်။

ထိုသို့ လောကီ/လောကုတ္တ နှစ်လီစွယ်စုံ ပြည့်စုံလုံလောက် ကျမ်းဂန် တတ်မြောက်သော်လည်း အားရတင်းတိမ်ခြင်း မရှိဘဲ၊ လွန်ကဲသော ဆန္ဒအလျောက် ရဟန်း ၅-ဝါမြောက်တွင် ပေါက္ကံပြည် ရွှေကျောင်းဆရာတော် ဘုရားထံသို့ သွားရောက်၍ သဒ္ဒါဘက်ဆိုင်ရာ ဘေဒစိန္တာ၊ သဒ္ဒနီတိ၊ ရူပသိဒ္ဓိ အစရှိသော ပါဠိ သဒ္ဒါ အဖြာဖြာတို့ကို ကျနသေချာ ဝေဖြာသိရှိ ထိမိအောင် သင်ကြားတော်မူပြန်သဖြင့် သဒ္ဒါအရာ ရည်တူမရှိ၊ ကဝိတန်ခွန် ထူးချွန်ပြောင်မြောက် မုံသောက်မာတင် အာဇာနည်ဝင် ပုဂ္ဂိုလ်ထူး ဖြစ်လေသည်။ ခင်ကြီးဖျော်မှာ ရွှင်သောဉာဏ်၊ ထက်သောဉာဏ်၊ နက်သောဉာဏ်၊ စူးရှထိုးထွင်းသောဉာဏ် တို့နှင့် ကုန်စင်အောင် စုံလင်ပြည့်ဝသဖြင့် မသိလှသောအရာ၊ မတတ်သောအရာ မရှိ သလောက်ဖြစ်၍ သာသနာဝင် ပညာရှိ အဆက်ဆက်တို့က မတစ်လုံးကျေသော`မကာရလောပ ခင်ကြီးဖျော်´ဟူ၍ ခေါ်စမှတ် ပြုကြသည်။

ထိုသို့ တူမတူအောင် လောကဓမ္မ နှစ်ဌာနတွင် တတ်ကျွမ်းလှသော ဂုဏ်၊ သီလ.သမာဓိ.ပညာဂုဏ် တို့နှင့် ပြည့်စုံတော်မူသောကြောင့် နေ လအသွင် အလွန်ထင်ရှားသဖြင့် `လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညှင်းဆောင်´ဆိုသလို လူအများ၏ နှုတ်ဖျားမှ တဆင့်စကား ပေါက်ကြား၍ သွားကာ ၁၁၁၆-ခုနှစ်မှာ အလောင်းမင်းတရားကြီးနှင့် သားတော်ကြီး အိမ်ရှေ့ဥပရာဇာ (နောင်တော်ကြီးမင်း) တို့က ရတနာသိင်္ဃ ကုန်းဘောင်မြို့သို့ ပင့်ဆောင်ပြီးလျှင် `ဉာဏာ လင်္ကာရ သဒ္ဓမ္မ သေနာပတိ မဟာဓမ္မရာဇဂုရု´ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းသည်။ မဟာဘုံသာ မည်သော ကျောင်းတော်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းသည်။

ဤသည်နှင့် ပတ်သက်၍ တောင်တွင်းဆရာတော် ခင်ကြီးဖျော်၏ အရိုးအိုးတည်ထားရာ စစ်ကိုင်းမြို့ လောကမဉ္ဇူဘုရား ကျောက်စာတွင်-

ဧဝံ- ဤသို့ သဘောတော်ဟုသော၊ ဂုဏံ- ကျေးဇူးတော်ကိုဝ်၊ ပသီဒိတွာ- ကြည်တော်မူရုယ်၊ ယောဇနသတပ္ပမာဏံ- ယူဇနာတစ်ရာအတိုင်း အရှည် ဟိသောအရပ်သို့ဝ်၊ အနေကက္ခတ်တုံ- အကြိမ်များစွာ၊ ဂန္တန- သွားဦးရုယ့်၊ သဂါရဝံ- အရိုဝ်အသေ၊ နိမနေနေတသိ- ပင့်ဖိတ်စေ၏။ ယောဓမ္မာ- အကြင်သီရိပဝရမဟာဓမ္မရာဇာအမည် ဟိသော မင်းတရားသည် သုတံ- တင့်တယ်စွာထသော၊ အနေကဓဇလင်္ကာရံ- များစွာသော မှန်ကင်းတို့ဝ်ဖြင့်တန်ဆာဆင်အပ်ထသော၊ သဗ္ဗရာမ- မယံ- အလုံးစုံရွှေဖြင့် ပြီးထသော၊ မဟာဘုံသာတိဉ်ဆိတ့- မဟာဘုံမ်သာ ဟူသော နာမံတံဆိပ်လည်း ဟိထသော ၊ မဟာသေယျံ- မြတ်သောကျောင်းကြီးကိုဝ်၊ တသဂုရုနော- ထိုဝ်ဆရာတော်အား၊ အဒါသိ- လှူတော်မူ၏' ဟု ခင်ကြီးဖျော်၏တပည့် ပုညာရာမ မထေရ်က ကမ္ပည်းထိုးတော်မူခဲ့သည်။

ထို့နောက် သံဃရာဇာ သာသနာပိုင် အဖြစ်သို့ တင်မြှောက်ခံရသည့်အပြင် လောကီ၊ လောကုတ္တရာ အဖြာဖြာတို့၌ တူမတူအောင်၊ အတုမရှိအောင် တတ်မြောက်တော်မူသဖြင့် `အတုလဆရာတော် ခင်ကြီးဖျော်´ဟူ၍လည်း ရှင်လူအများတို့က ခေါ်ဝေါ်ကြသည်။ ထို့နောက် တောင်တွင်းဆရာတော်ခင်ကြီးဖျော်အား နောင်တော်ကြီးမင်းတရားက ' ဉာဏဘိဓမ္မလင်္ကာရ မဟာဓမ္မရာဇဂုရု' တံဆိပ်နာမံတော် ကပ်လှူပြီး သာသနာပိုင် တင်မြှောက်လေသည်။

ပင့်ဖိတ်သည့်သက္ကရာဇ် ဆပ်ကပ်သည့်နှစ်နှင့် ပတ်သက်၍ 'ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး'စာမျက်နှာ ၂၅၀-၂၅၁တွင်-

"ထိုနှစ် (သက္ကရာဇ် ၁၁၂၃ ခုနှစ် ) ရတနာသိင်္ဃ နေပြည်တော်၏ အရှေ့မြောက်ယွန်းတွင် ကျောင်းဦးပြသာဒ်နှင့်တကွ သုံးထပ်ဇေတဝန်ရွှေကျောင်းဆောက်တော်မူ၍ 'မဟာဘုံသာ' သမုတ်တော်မူပြီးလျှင် တောင်တွင်းဆရာတော် 'ဉာဏဘိဓမ္မာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု' ဆရာတော်အား တင်လှူတော်မူ၍ အရညဝါသီပုဂ္ဂိုလ်၊ ဂါမဝါသီပုဂ္ဂိုလ် အရိယာသံဃာတော်တို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ များစွာသော ရဟန်းတို့ အသုံးအဆောင်တို့ကို လှူတော်မူသည်။ ပွဲသဘင်ကြီးစွာလည်း ခံတော်မူသည်' ဟူ၍ မှတ်တမ်းတင်ထားသည်။

မြန်မာနိုင်ငံ သာသနာ့သမိုင်း၌ ညောင်ရမ်း (၁၀) ဆက်မြောက်သက်ကရာဇ် ၁၀၆၀ ပြည့်နှစ်တွင် နန်းတက်သော စနေမင်းလက်ထက်တွင် အတင်ဂိုဏ်း ဟူ၍ သာသနာတွင် ဂိုဏ်းနှစ်ဂိုဏ်းကွဲပြားသွားသည်။ အတင်ဂိုဏ်းမှာ ရှင်သာမဏေများ ရပ်ရွာထဲ သွားသည့်အခါ၌ သင်္ကန်းကို လက်ကန်တော့တင်ရုံသာ တင်သွားသည့်ဂိုဏ်းဖြစ်ပြီး အရုံဂိုဏ်းမှာ ရှင်သာမဏေများ ရပ်ထဲရွာထဲသွားသည့်အခါ၌ ဝိနည်းတော်အရ သင်္ကန်းကို ရုံပြီးသွားသည့်အခါ၌ ဝိနည်းတော်အရ သင်္ကန်းကို ရုံပြီးသွားသည့်ဂိုဏ်း ဖြစ်သည်။ ယင်းဂိုဏ်းနှစ်ဂိုဏ်းသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း၏ ပဋိပက္ခမှာ နောင်တော်ကြီးမင်းလက်ထက်တွင်လည်း ပြေငြိမ်းမသွားပေ။ တောင်တွင်းဆရာကား အရုံဂိုဏ်းဝင် ဖြစ်သည်။ အရုံဂိုဏ်းတွင် တောင်တွင်းဆရာတော် သာသနာပိုင်ဖြစ်လာသည့်အခါ အရုံဂိုဏ်းဝင်ဆရာတော်များက တောင်တွင်းဆရာတော်အား သာသနာပိုင်အနေဖြင့်အရုံဂိုဏ်းဘက်လိုက်ပြီး အဆုံးအဖြတ်ပေးရန် တောင်းပန်လျှောက်ထားကြသည်။ သို့ရာတွင် တောင်တွင်းဆရာတော်သည် အခြေအနေအရပ်ရပ်ကို ထောက်ထား၍ သာသနာပိုင်၏ တန်ခိုးအာဏာကို အသုံးပြုပြီး တစ်ဖက်သတ်အဆုံးအဖြတ်ပေးရန် မသင့်ဟု ချင့်ချိန်စဉ်းစားလျက် ထိုအရေးကိစ္စကို ပျံလွန်တော်မူသည့်တိုင် ဆိုင်းငံ့ထားခဲ့လေသည်။

တောင်တွင်းဆရာတော်သည် ပိဋကတ်ကျမ်းဂန်၌ သာ ကျွမ်းကျင်သည်မဟုတ်၊ လောကီပညာရပ်တို့၌လည်း နှံ့စပ်တော်မူသည်ဟူသော သတင်းသည် ပျံ့နှံ့ကျော်ကြားနေသည်။ တစ်ခါသော် ဒကာဖြစ်သူ နောင်တော်ကြီးမင်းသည် ဆရာဖြစ်သူ တောင်တွင်းဆရာတော်အား တကယ် မ တစ်လုံးကျေ၊ မကျေ စမ်းသပ်ကြည့်လိုသည့်စိတ် ဖြစ်ပေါ်လာလေသည်။ သို့ဖြစ်၍ ဆိုင်းသမားများကို ကျောင်းသို့စေလွှတ်ပြီး တီးမှုတ်ခိုင်းကြည့်လေသည်။ ထိုအခါ ဆရာတော်က ဆိုင်းသမားများအား တီးမှုတ်နည်းကို ညွှန်ကြားပြသပေးသည်။ ဆရာတော်ညွှန်ကြားသည့်အတိုင်း တီးမှုတ်ကြရာ ရှေးက မကြားဘူးသော သာယာနာပျော်ဖွယ်ကောင်းသည့် တီးလုံးအသံများ ထွက်ပေါ်လာသည်ဟု အဆိုရှိလေသည်။

တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် ခဲရာခဲဆစ် လောကီလောကုတ္တရာ စာပေကျမ်းဂန်မျာစွာကို ပြုစုတော်မူခဲ့သည်။ ဆရာတော်ပြုစုရေးသားခဲ့သော စာပေများအနက် အဘိဓမ္မာနှင့် ပတ်သက်၍ ပဋ္ဌာန်းအရကောက်ကျမ်း၊ ယမိုက်၊ ဂဏ္ဍိ၊ မာတိကဂဏ္ဍိ၊ ဓာတုကထာဂဏ္ဍိ၊ ဝီထိလက်ရိုး လက္ခဏာသင်္ဂြိုဟ်ကျမ်း စသော ကျမ်းများကို လည်းကောင်း၊ သဒ္ဒါနှင့် ပတ်သက်၍ ပုဒ်ဆစ်၊ သဒ္ဒါဆစ်၊ သဒ္ဒါကြီး၊ ဂဏ္ဍိပဗ္ဗ၊ သံဝဏ္ဏနာကျမ်း၊ နည်းလေးဆယ်၊ သဒ္ဒါငယ်ကစ္စယနသာကအကောက်၊ ဉာသ်ကောက် စသောကျမ်းများကို လည်းကောင်း၊ ဓာတုဒီပနီကျမ်း စသော ကျမ်းများကို လည်းကောင်း၊ ဆေးပညာနှင့် ပတ်သက်၍ မြန်မာ့ဆေးပညာလောက၌ ထင်ရှားကျော်ကြားသည့် နရသုခိ၊ ဆနဝုတိ၊ နရဟလာ စသောကျမ်းများကို လည်းကောင်း၊ ဗေဒင်နက္ခတ္တဗေဒနှင့် ပတ်သက်၍ ဒွါဒသရာသီကျမ်း၊ နေတ်တိဟာရအကောက်၊ ဇော်ကဝိဇ္ဇာကျမ်း (ဒွါဒရာသီအဖွင့်) ၊ ဒွါဒသဓိန်တာနက္ခတ္တ၊ မဏိဇောတရာသီကျမ်း၊ ဗေဒင်လက်ရိုးဋီကာ စသော ကျမ်းများကို လည်းကောင်း ပြုစုခဲ့လေသည်။ ထို့ပြင် အာဒိကပ္ပကျမ်း၊ ကပ္ပါလက်ရကျမ်း၊ ကပ္ပဝဏ္ဏနာကျမ်း၊ အာချတ်သာမိနိယံကျမ်း၊ သမ္ဗန်ဓဆက်ကဝဏ္ဏနာကျမ်း ၊ သုတ္တမာလာ ဝုတ္တိမာလာကျမ်း၊ ဗြဟ္ဓဝစ္စဝါဓကကျမ်း၊ လက်ဝဲနောက်ဂါထာလျှောက်ထုံးကျမ်း၊ ကလျာဏီရွှေကျောင်း မော်ကွန်းဂါထာ စသည်တို့ ဖြစ်သည်။ လက်ဝဲနော်ရထာလျှောက်ထုံးကျမ်းမှာ လက်ဝဲနော်ရထာအမတ်က အရပ်ရပ်သော လောကီ၊ လောကုတ္တရာကျမ်းတို့မှ ခဲရာခဲဆစ်တို့ကို စိစစ်ရှာဖွေ၍ အမေးပုစ္ဆာပြုလုပ်လျှောက်ထားသည့် တောင်တွင်းဆရာတော် ခင်ကြီးဖျော်က ဖြေဆိုရာဟူသမျှကို ရေးမှတ်ထားသော ကျမ်းပင် ဖြစ်သည်။ တောင်တွင်းဆရာတော်ခင်ကြီးဖျော်သည် သက္ကရာဇ် ၁၁၂၄ ခုနှစ် သက်တော် (၃၉) ဝါအရွယ်ကောင်းစဉ်၌ပင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။ မည်သည့်လတွင် ပျံလွန်တော်မူရှာသည် ဟူ၍ကားအတိအကျ မသိရသော်ငြားလည်း စစ်ကိုင်းမြို့ရှိ ဆရာတော် အရိုးအိုးစေတီကို သက္ကရာဇ် ၁၁၂၄ ခု၊ ပြာသိုလဆုတ် (၉) ရက်( ခရစ် ၁၇၆၃ ခု၊ ဇန်နဝါရီလ ၇ ရက်) သောကြာနေ့တွင် တည်တော်မူသည်ဟု အရိုးအိုးကျောက်စာအရ နတ်တော်လ သို့မဟုတ် ပြာသိုလဆန်း လောက်တွင် ဖြစ်မည်ဟု ခန့်မှန်းရသည်။ ဆရာတော်၏ ကြွင်းကျန်သော အလောင်းတော်ကို ဘုရင်မင်းတရားကြီးကိုယ်တိုင် ထီးဖြူလေးစင်း အုပ်မိုးစေတော်မူ၍ ရွှေသံလျင်ဖြင့် ဆောင်တော်မူပြီးလျှင် မီးသင်္ဂြိုဟ်တော်မူခဲ့လေသည်။ ထိုနှစ် ပြာသိုလသို့ရောက်သောအခါ၌လည်း ဆရာတော်၏ အသုံးအဆောင်ပရိဘောဂတို့ဖြင့် လည်းကောင်း၊ ဓာတ်တော်တို့ဖြင့် လည်းကောင်း စစ်ကိုင်းမြို့မြောက် မုဋ္ဌောနောက်၌ ရွှေမှောက်ဘုန်းထင် ဆင်များရှင်၏ ရှေ့တွင် မဝေး လမ်းထိပ်မှေး၍ ညွတ်ရှေးစိတ်ကြည် စေတီတည်တော်မူသည် ဟု အရိုးအိုးစေတီကျောက်စာ၌ ဖော်ပြထားလေသည်။

ပြုစုသောကျမ်းဂန်များ[ပြင်ဆင်ရန်]

သဒ္ဒါဘက်ဆိုင်ရာ ပုဒ်စစ် သုတ်စစ် သဒ္ဒါစစ် နည်းလေးဆယ်၊ သံဝဏ္ဏနာများကို မြန်မာစကားသွား တိတိကျကျ မိမိရရ ရေးသားသောကြောင့် မြန်မာစာအရာ၊ သဒ္ဒါအရာမှာ ကျေးဇူးများသဖြင့် ယခုထက်ထိ သာသနာတော်မှာ အစဉ်အဆက် သင်ကြား၍ ထင်ရှားသော ကျမ်းတစ်စောင် ဖြစ်လေသည်။ ထို့အပြင် အဘိဓမ္မာ အကောက်ကျမ်းများ၊ ဆေးကျမ်းများ၊ ဓာတ်ကျမ်းများ၊ နက္ခတ်ကျမ်းများ၊ ဗေဒင်ကျမ်းများနှင့် အင်းအိုင် တောတောင် မြို့ပြဆိုင်ရာ ဗဟုသုတများစွာပါသော ဇမ္ဗူ့တန်ဆောင်ကျမ်း၊ ဇမ္ဗူကွန်ချာကျမ်း၊ ရတုလင်္ကာများ၊ ဆုံးမစာများကို ရေးသားတော်မူခဲ့သည်။

ထို့အပြင် မင်းလက်ဝဲသုန္ဒရ၊ မင်းလက်ဝဲ နော်ရထာ စသော အမတ်ပညာရှိများ မေးလျှောက်ထားသော အမေးပုစ္ဆာ ပြဿနာများကိုလည်း တခဏအတွင်း ရုတ်ခြည်း ဖြေဆိုတော်မူသည်။ ထိုအမေးအဖြေများ ပါသော `အမေးတော်အဖြေကျမ်း´များလည်း မှတ်သားဘွယ်ရာ အနှစ်သာရ အတိနှင့် ပြည့်စုံလျှက် ရှိပေသည်။ ဤမျှ မကသေး သီဟိုဠ်၊ ယိုးဒယား၊ တရုတ်၊ ဇင်းမယ်၊ ကသည်း၊ မဏိပူရပြည်များက မေးအပ်သောပုစ္ဆာ ပြဿနာများ ကိုလည်း ကောင်းစွာ လွယ်ကူ ဖြေဆိုတော်မူသည်။

ကျမ်းများ[ပြင်ဆင်ရန်]

အောက်ပါတို့သည် ဆရာတော် ပြုစုတော်မူခဲ့သည့် ကျမ်းများ ဖြစ်သည် -

၁။ ဝီထိလက်ရိုးကျမ်း၊

၂။ ဂမ္ဘီရတ္ထဒေသနာအရကောက်ကျမ်း၊

၃။ ဒွါဒသရာသီကျမ်း၊

၄။ ဒွါဒသစိန္တာနက္ခတ်ကျမ်း၊

၅။ အာဒိကပ္ပကျမ်း၊

၆။ ကပ္ပါလင်္ကာရကျမ်း၊

၇။ ကပ္ပဝဏ္ဏနာကျမ်း၊

၈။ လက်ရိုးဗေဒင်ဋီကာကျမ်း၊

၉။ အင်္ဂဝိဇ္ဇာကျမ်း ၉ − တွဲ၊

၁၀။ ဆနုဝုတိဆေးကျမ်း၊

၁၁။ အသီတိဓာတ်ကျမ်း၊

၁၂။ ဇမ္ဗူတန်ဆောင်ကျမ်း၊

၁၃။ ဇမ္ဗူဦးဆောင်းကျမ်း၊

၁၄။ ဇမ္ဗူကွန်ခြာကျမ်း၊

၁၅။ အာချတ်သာမိနိယံကျမ်း၊

၁၆။ သမ္ဗန္ဓဆက္ကဝဏ္ဏနာကျမ်း၊

၁၇။ သုတ္တမာလာ ဝုတ္တိမာလာကျမ်း၊

၁၈။ ပုဒ်ဆစ် သဒ္ဒါဆစ်၊

၁၉။ သံဝဏ္ဏနာကျမ်း၊

၂၀။ နည်းလေးဆယ်၊

၂၁။ သဒ္ဒါငယ်ကစ္စာယနသာရအကောက်၊

၂၂။ ဉာသ်ကောက်၊

၂၃။ နေတ္တိဟာရအကောက်၊

၂၄။ ဇော်ကဝိဇ္ဇာကျမ်း (ဒွါဒရာသီအဖွင့်။)

၂၅။ အင်္ဂဝိဇ္ဇာမဟာဋီကာကျမ်းရင်း၊

၂၆။ ဒွါဒသိန်ကျမ်း၊

၂၇။ လက်ဝဲနော်ရထာလျှောက်ထုံးအဖြေ၊

၂၈။ ကလျာဏီရွှေကျောင်းမော်ကွန်းဂါထာပါဌ်နိသျ၊

၂၉။ သဒ္ဒါကြီးဂဏ္ဌိပဗ္ဗ။[၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

မိမိတကာတော်ရင်း ဖြစ်သော နောင်တော်ကြီးမင်း လက်ထက် သက္ကရာဇ်၁၁၂၄-ခု၊ သက်တော် ၃၉-နှစ်၊ ဝါတော် ၁၉-ဝါ တွင် စစ်ကိုင်း မြို့သို့ ကြွတော်မူခိုက် လေရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသည်။

မှတ်ချက်[ပြင်ဆင်ရန်]

အတုလဆရာတော် ခင်ကြီးဖျော် အပြင် အလောင်းမင်းတရားကြီး ကိုးကွယ်သော ဒီပဲယင်းမြို့၊ ဥသျှစ်ကျေးရွာဇာတိ လူမည် ဦးပန်းထွေး၊ ရဟန်းဘွဲ့ အရှင်ယသသည်လည်း `အတုလယသ မဟာဓမ္မရာဇဂုရု´ဘွဲ့တံဆိပ်ဖြင့် အတုလ သာသနာပိုင် ဆရာတော်တစ်ပါး ရှိသေးသည်။ ထိုဆရာတော်သည် ဘိုးတော်ဘုရားလက်ထက်တွင် အတင်-အရုံကွဲပြားကြရာ ရှုံးသောကြောင့် ရာဇဝတ်တော်ဖြင့် လူထွက်ရသည်။[၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. လှသမိန် (၁၉၆၁ ခုနှစ်). ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်. ၃၅၇၊ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်, ၂၉၊ ၃၀။ 
  2. ဦးတင်မြင့် ပထမကျော်ရေး မြန်မာ့ရိုးရာ လူမှုရေးပဒေသာ
  • (က) မြန်မာစာညွန့်ပေါင်းကျမ်း(ဒုတိယတွဲ) စာ-၄၀ဝ
  • (ခ)လက်ဝဲနော်ရထာလျှောက်ထုံး စာ- ၁၅၈
  • (ဂ) ဗိုလ်မှူးဘသောင်း စာဆိုတော်များ အတ္ထုပ္ပတ္တိ ရန်ကုန်၊ ရာပြည့် စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၂၀ဝ၂ ၊ စာ ၁၅၁၊ ၁၅၂။
  • (ဃ) ပါရဂူ ခင်ကြီးဖျော်နှင့် ဘာသာဗေဒ၊ ငွေတာရီမဂ္ဂဇင်း၊ မှတ် ၁၃၆ (၁၉၇၁ ခု၊ အောက်တိုဘာ) စာ ၃၆၊ ၃၈။
  • (င) လှသမိန် ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်၊ ရန်ကုန်၊ ဟံသာဝတီ ပကြိမ်၊ ၁၉၆၁၊ စာ၂၈၊ ၃၀။