အလံပြဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလံပြဘုရား
ကျိုက်ခပေါက်ဆွတ်(ခ) အလံပြစေတီ
SanTawKyo1.jpg
အလံပြဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အလံပြဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ် 16°47′25″N 96°09′17″E / 16.790324°N 96.154699°E / 16.790324; 96.154699ကိုဩဒိနိတ်: 16°47′25″N 96°09′17″E / 16.790324°N 96.154699°E / 16.790324; 96.154699
ဘာသာရေး နှီးနွယ်မှု ဗုဒ္ဓဘာသာ
Sect ထေရဝါဒ ဗုဒ္ဓဘာသာ
Municipality ရန်ကုန်မြို့
တိုင်း ရန်ကုန်တိုင်းဒေသကြီး
နိုင်ငံ မြန်မာနိုင်ငံ

အလံပြစေတီသည် ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက် ကုန်းမြင့်ပေါ်တွင် တည်ရှိသော အလံပြ (ခေါ်) အလံတင်(ခေါ်) ဆံတော်ကြို စေတီဖြစ်၏။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ရွှေတိဂုံစေတီတော်၊ ဆံတော်အကြိုလမ်းတွင် အမတ်သူရဲ ကောင်း၊ ညီအစ်ကိုရှစ်ဦးတို့မှ တစ်ဦးလျှင် စေတီတော် တစ်ဆူတည်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ မှတ်သားရ၏။ ညီအမတ်သူရဲကောင်းတည်သော စေတီအား ကျိုက်ခပေါက် ဆွတ် (ခေါ်) ကျိုက်ခပေါက်တွတ်စေတီတော်ဟု ခေါ်တွင်ခဲ့၏။ မွန်ဘာသာအရ ကျိုက်-ဘုရား၊ ခပေါက် = ခုနှစ်ထောင်၊ ဆွတ် = ခုန်နိုင်သည်။ ဟု အဓိပ္ပါယ်သက်ရောက်၏။ အဓိပ္ပါယ်က “ခုနစ်ထောင်ခုန်နိုင်သည့် အမတ်သူရဲကောင်းစေတီ”ဟု သက်ရောက်၏။ မူလကျိုက်ခပေါက်ဆွတ် (ခေါ်) ကျိုက်ခပေါက်တွတ်စေတီ ဖြစ်သည်။

အမည်ရင်းမြစ်[ပြင်ဆင်ရန်]

အလံပြစေတီဟူသည့် ဘွဲ့အမည်နှင့်စပ်လျဉ်း၍ သမိုင်းစဉ်အရ ဥက္ကလာပမင်းကြီး အမှူးပြုသော တဖုဿ+ ဘလ္လိက ကုန်သည်ညီနောင်တို့သည် ဥက္ကလာပဆိပ်ကမ်းရှိ ဆံတော်မြတ်များ ကိန်းဝပ်ရာ ရတနာမဏ္ဍပ်တော် (ဗိုလ်တထောင်စေတီ တည်ရာ) မှ သိင်္ဂုတ္တရကုန်းတော်တို့ ဆံတော်ပင့်ရာ ဆံတော်ကြိုလမ်း၌ အလံပြကုန်းတော်ရှိခဲ့ဖူး၏။ ဆံတော်ပင့်ရာလမ်းအဖြစ် ဗိုလ်တထောင်ကုန်းမြင့်၊ ဆူးလေကုန်းမြင့်၊ သိမ်ကြီးဈေး ကျိုက်မရော (ကျိုက်မဲသံချို၊ ကျိုက်မြတ်သံချို) ကုန်းမြင့်၊ သိင်္ဂုတ္တရကုန်းတော် တောင်ဘက်ရှိ တန့်တော်မူ စေတီကုန်းမြင့်တို့၏ အရှေ့မြောက်ဘက်၊ သစ်ပင် ထိပ်ဖျား၌ သိင်္ဂုတ္တရကုန်းတော်ရှိကြောင်း နတ်တို့မှ အဆင့်ဆင့် ညွှန်ပြခြင်း၊ အလံပြခြင်း ကို အစွဲပြု၍ အလံပြကုန်း ဟုခေါ်ဆို ကြောင်း သမိုင်းကြောင်း အမှတ်အသားရှိ၏။

၎င်းကုန်းမြင့်တွင် တည်ရှိမည့် စေတီဖြစ်သဖြင့် ကျိုက်ခပေါက်ဆွတ်(ခ) အလံပြစေတီ ဟု ဘွဲ့မည်ရခဲ့ကြောင်း အဆိုရှိ၏။ [၁]သမိုင်းဆိုင်ရာ အဆိုပြုချက်အရ ဆံတော်ပင့်ရာလမ်းကို နတ်တို့ ညွှန်ပြမှု အလံပြုမှုကြောင့် အလံပြစေတီ ဟု ဘွဲ့မည်စတင်ခဲ့သည် ဟု ဆိုသည်။ သို့နယ်ပင် နောက်ပိုင်း နယ်ချဲ့အင်္ဂလိပ်တို့ ရန်ကုန်မြို့အား သိမ်းပိုက်ပြီး ဂေါ်ရာစစ်သည်များ စခန်းချသည်ကို အစွဲပြု၍ ဂေါ်ရာကုန်းမြင့်ဟုခေါ်ခဲ့ပြီး အလံပြကုန်း၌ တပ်စွဲထားစဉ် အချက်ပြအလံများ စိုက်ထူပြီး ရန်ကုန်မြစ်အတွင်းမှ ဝင်လာသည့် စစ်သင်္ဘောများအား အလံပြအချက်ပေးရာ နေရာဖြစ်ခဲ့သည်။ ထို့ကြောင့် ဤနေရာ၌တည်ရှိသော စေတီတော်အား အလံပြစေတီ (Signal Pagoda) ဟုခေါ်တွင်ခဲ့ကြောင်း။ တနည်း အလံတင်စေတီ ဟုခေါ်တွင်ကြောင်း အမှတ်အသားရှိခဲ့၏။

ရွှေတိဂုံစေတီတော်ကြီးတည်ပြီး နောက်ပိုင်းစေတီ တည်ရာမှ ခေါ်တွင်ကြသည့် အလံပြစေတီ ဟူသော ဘွဲ့အမည် နှင့် အင်္ဂလိပ်တို့လက်ထက် အလံတင်၊ အလံပြရာ အချက်ပြ ဌာနချုပ်ဖြစ်၍ အလံတင်စေတီဟု ခေါ်တွင်ခဲ့၏။ (ဘွဲ့မည်မှာ တူညီပုံ ထူးခြားသည့်တိုက်ဆိုင်မှု ဟုဆိုရမည်။) ထိုစေတီဘွဲ့၏အမည်ကို အစွဲပြုလျက် စေတီတော် အရှေ့ဘက်ရှိ စေတီကုန်းမြင့် နှင့် တိရစ္ဆာန်ဥယျာဉ်အကြားရှိ ဗဟန်းမှ မြို့တွင်းသို့ ဖြတ်သန်းသွားသည့် မော်တော်ကားလမ်းအား အလံပြဘုရားလမ်း (Signal Pagoda Road) ဟုခေါ်ခဲ့ ပြန်၏။

မှော်ဘီဆရာသိန်းကြီး၏ မှတ်တမ်း၌ -

  1. ယခုဂေါ်ရာကုန်းလမ်းအား ရှေးက ဆံတော်ကြိုလမ်း ဟုခေါ်၏။
  2. ယခု အလံပြဘုရားအား ရှေးက ညီအမတ်ခပေါက်ဆွတ် တည်၍ ကျိုက်ခပေါက်ဆွတ်စေတီ ဟုခေါ်ခဲ့၏။
  3. နောင် မင်း လက်ဝဲဘုရားတွင်ပြီး အင်္ဂလိပ်များ အလံတင်ရာ ကုန်းမြင့်တွင်တည်ရှိခဲ့၍ အလံတင်ဘုရား (ခေါ်) အလံပြဘုရား ဟုခေါ်ခဲ့၏။


ဆံတော်ကြိုစေတီ၊ အလံတင်စေတီ၊ အလံပြစေတီ၊ ကျိုက်ခပေါက်စေတီ မင်းလက်ဝဲစေတီစသည်ဖြင့် ဘွဲ့အမည် အမျိုးမျိုးရှိခဲ့သလို ထိုစေတီသည် ခေတ်ကာလအလျှောက် အခြားဘွဲ့အမည်များလည်း ရှိခဲ့သေးကြောင်း သုသေသန ပြုမှတ် သားရ၏။ သက္ကရာဇ် ၁၁၈၆-ခုနှစ်တွင် အိန္ဒိယပြည် ဘင်္ဂလား တိုင်းရင်းသားလူမျိုး ဗိုလ်ချုပ် (ဘရစ်ဂေးရီးယားမက်ကရိ) သည် အလံပြစေတီ ရင်ပြင်ထက်၌ စစ်စခန်းပြုကာ နေထိုင်သွားသော ကြောင့် ၎င်းဗိုလ်ချုပ်၏ အမည်ကို အစွဲပြု၍ (Brigadier Maccreagh's Pagoda) မက်ကရိဘုရား ဟု ခေါ်တွင်ခဲ့သေးသည် ကို အင်္ဂလိပ်စစ်မှတ်တမ်းများ၌ အလံပြစေတီအောက်၌ မက်ကရိဘုရား ရေးထိုးလျက် ပုံနှိပ်ထုတ်ဝေသည်ကို မှတ်သားရ၏။ ထို့အတူ မြန်မာပြည်အား အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး ၁၈၅၂- ခုနှစ်၌ ဤစေတီတော်တည်ရာ ကုန်းမြင့်၌ အချက်ပြ အလံ များ စိုက်ထူလျက် အချက်ပြဌာနချုပ်ဖွင့်ခဲ့ကြောင်း ၁၈၇၃-ခုနှစ်၌ အလံပြစေတီ ထီးတော်ပြိုကျခဲ့ကြောင်း ၁၉၃၉-ခုနှစ် ထုတ်ရန် ကုန်ရာဇဝင်သမိုင်း (အင်္ဂလိပ်ဘာသာကျမ်း)၌ တွေ့ရ၏။ အလံပြစေတီ၏ ထီးတော်တင်လှူရက်မှာ ၁၈၇၃-ခုနှစ်၊ မေလ (၁၉)ရက် ဖြစ်သည်။

စေတီအတိုင်းအတာ[ပြင်ဆင်ရန်]

အလံပြဘုရားသည် ရင်ပြင်တော်မှ ငှက်ပျောဖူးအထိ ၈၂ ပေနှင့် လက်မဝက်မြင့်ပြီး ရင်ပြင်တော်မှ ထီးအထိ ၉၈ ပေ၊ ၄ လက်မမြင့်သည်။ ဖိနပ်တော်အကျယ် ၈၆ ပေ ပေါ်တွင် ၅ပေ၊ ၂ လက်မမြင့်သော ပန်းတင်ခုံခံကာ ပစ္စယာသုံးဆင့်နှင့် တည်ထားခြင်း ဖြစ်သည်။ ၁၁ ပေ ၆ လက်မမြင့်သော ခေါင်းလောင်းပုံပေါ်တွင် ၁၆ ပေ မြင့်သော ဖောင်း ၁၃ ရစ်ခံထားသည်။ မုခ်ဦးစင်္ကြံလမ်း ဘေးနှစ်ဘက်တွင် ခြင်္သေ့ကြီး နှစ်ကောင်ရှိသကဲ့သို့ ရင်ပြင်တော် ဘုရားထောင့် သုံးခုတွင်လည်း ခြင်္သေ့ကြီး တစ်ကောင်စီ ရှိသည်။ ရံစေတီမှာ ထောင့်လေးထောင့်တွင် တစ်ဆူစီ ရှိသဖြင့် စုစုပေါင်း လေးဆူဖူးခဲ့ရပါသည်။

ငလျင်ဒဏ်သင့်ခြင်း[ပြင်ဆင်ရန်]

ဘုရားသမိုင်းကို လေ့လာသောအခါ သာသနာနှစ် ၁၅ဝ၊ ဘီစီ ၃၉၄ ခန့်တွင် ဒွတ္တဘောင်မင်းက ပြုပြင် မွမ်းမံခဲ့ပြီး သာသနာနှစ် ၂၃၆၊ ဘီစီ ၃ဝ၄ ခန့်တွင် စူဠသီရိဓမ္မာသောက မင်း၊ သာသနာနှစ် ၉၃၆၊ အေဒီ ၃၉၂ ခန့်တွင် သထုံဘုရင် ဓမ္မပါလမင်း၊ သာသနာနှစ် ၁၅၉၈၊ အေဒီ ၁ဝ၅၄ ခန့်တွင် သထုံဘုရင် မနုဟာတို့ ပြုပြင်မွမ်းမံခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁ဝဝ ခန့်အမြင့်တွင်ရှိသော အလံပြ ဘုရားသည် သာသနာနှစ် ၁၈၉၂၊ ကောဇာသက္ကရာဇ် ရ၁ဝ တွင် ပထမ အကြိမ်ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ပြီး ကောဇာ ရ၉၈၊ အေဒီ ၁၄၃၆ တွင် ဒုတိယအကြိမ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။ ကောဇာ ၉၂၆၊ အေဒီ ၁၅၆၄ တွင် တတိယအကြိမ် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သည်။ စတုတ္ထအကြိမ် ပြိုကျစဉ် ပြန်လည်တည်ထားသူမှာ မင်း၊ မိဖုရား၊ အမတ်များမဟုတ်ဘဲ ဆင်ဖြူရှင်မင်း၏ စစ်သူကြီး မဟာစည်သူဖြစ်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၃၃။