နန်းမတော်မယ်နု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
နန်းမတော် မယ်နု
Nanmadaw Mae Nu.jpg
မိဖုရားခေါင်
နန်းသက်၅ ဇွန် ၁၈၁၉ – ၁၅ ဧပြီ ၁၈၃၇
မွေးဖွား(1783-06-18)၁၈ ဇွန်၊ ၁၇၈၃
ကွယ်လွန်၁၂ မေ၊ ၁၈၄၀(1840-05-12) (အသက် ၅၆)
အမရပူရ
အိမ်ထောင်ဖက်ဘကြီးတော်
သားသမီးများပင်လောင်း မင်းသား (၆ နှစ်တွင် လွန်)
ဆင်ဖြူမရှင်
အမည် အပြည့်အစုံ
သီရိပဝရ မဟာရာဇိန္ဒာ ရတနာဒေဝီ
စံအိမ်ကုန်းဘောင်
ခမည်းတော်ထောင်သင်းမှူး သီဟကျော်စွာ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ


မယ်နု (၁၇၅၅ - ၁၈၄၀) သည် စစ်ကိုင်းမင်း လက်ထက် မိဖုရားခေါင်ကြီးအရာဖြင့် အင်းဝထီးနန်းတွင် တန်ခိုးထက်ခဲ့သူ ဖြစ်သည်။ နန်းမတော်မယ်နု ဟူသော ဝေါဟာရကို အလွန်ငြိမ်သိမ် နုနယ်သော မိန်းမငယ်အား ဥပစာစကားအဖြစ် သုံးသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ထောင်သင်းမှူး [fn ၁] သီဟကျော်စွာ (ဦးလှုပ်) နှင့် အမိ ဒေါ်ငယ် တို့မှ အင်းဝရွှေနန်း အနောက်ဘက်ရှိ "အတွင်းစံရာ" အရပ်၌ ၁၁၄၆ ခု၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ အင်္ဂါနေ့တွင် မွေးသည်။

ဗဒုံမင်းက အင်းဝမှ အမရပူရသို့ ၁၁၄၅ ခု၊ နယုန်လဆန်း ၁၂ ရက်၊ တနင်္လာနေ့တွင် နန်းရွေ့ရာ အမရပူရ မြောက်ပြင်၌ ပြောင်းနေကြသည်။ သမီးငယ်အား ဆွေမျိုးမိတ်သဟာများကို ဖိတ်၍ အမည်တောင်းရာ ကြင်အင်ထူးကဲခြင်း၊ ကိုယ်သားကိုယ်ရေ ပြေပြစ်ခြင်း၊ အနေအထိုင် နုနယ်ခြင်းတို့ကြောင်း ဘကြီးဖြစ်သူ အသည်ဝန်ကြီး မဟာကျော်ထင် (ဦးလွန်) က မယ်နု ဟု မှည့်ခေါ်စေသည်။ အစ်ကိုဖြစ်သူမှာ နောင် စလင်းမင်းသားဖြစ်လာမည့် မောင်အို ဖြစ်သည်။

ပရိတ်ကြီး၊ လောကနီတိ၊ ပုဏ္ဏောဝါဒ စသည့် ဆုံးမစာအမျိုးမျိုးနှင့် ဇာတ်ကြီး ဆယ်ဘွဲ့၊ ရာဇဝင်အရပ်ရပ်တို့ကို မောင်အိုထံမှ သင်ယူသည်။

အသက် ၁၂ နှစ်အရွယ်တွင် မိဘတို့ဇာတိ ဖလံခုံရွာသို့ ဒေါ်ငယ်နှင့်လည်ကာ ဘေးတော် မင်းစိတ္တရာဇာ (ဦးပြင်းအောင်) ဆောက်လှူသော သိုးပိုးကျောင်း ခေါ် အနောက်တိုက်ကျောင်းရှိ ဆရာတော် ဦးစိုအား ဇာတာကြည့်ပေးရန် လျှောက်ကြသည်။ ဆရာတော်က အသက် ၂၀ ကျော်တွင် မင်းမိဖုရားအဖြစ် ရောက်မယ်။ အသက် ၃၀ ကျော်မှ တောင်ညာစံ မိဖုရားကြီး ဖြစ်လာမည်ဟု ဟောခဲ့သည်။

နန်းတွင်းသို့ ရောက်ခြင်း[ပြင်ဆင်ရန်]

တစ်ခါသော် အလှူ၌ဝတ်ရန် ပိုးစစ်ထဘီကို နေရောင်ပြရန် တန်း၌ လှန်းသည်။ စွန်တစ်ကောင်က အသားမှတ်ကာ ထိုထဘီကို သုတ်တော့သည်။ စွန်လည်း ထဘီကိုယူကာ တောင်ညာစံ မိဖုရားခေါင်ကြီး အဆောင်တော်၌ဝဲကာ ဝဲဆောင်ပေါ် ချရစ်သည်။ ထူးနိမိတ်ဖြစ်ခြင်းကြောင့် အရာခံတို့က မင်းအား သံတော်ဦးတင်သည်။ ချီးမြှင့်ထိုက်သူဟု မိန့်ကာ ထဘီရှင်ကို ရှာစေသည်။ ဗဒုံမင်းလည်း ရှေ့မှောက်ရောက် မယ်နုအား မျိုးရိုးနှင့် ဥပဓိတို့ကို စစ်ဆေးကာ အပျိုတော်အဖြစ် ခစားစေသည်။ မယ်နုအား ထိန်းသိမ်းရန် အနောက်ဝန်အား အပ်သည်။ ဤသို့ဖြင့် တောင်နန်းအပျိုတော် ဖြစ်လာသည်။

၁၁၇၀ ပြည့်၊ တန်ခူးလပြည့်ကျော် ၇ ရက်တွင် စစ်ကိုင်းမင်းသား (မောင်မောင်စိန်) အိမ်ရှေ့စံအရာ ရသည်။ ရင်းနှီးသော အပျိုတော် ခင်ဖြူစင်အား မယ်နုနှင့်စပ်လျဉ်းကာ တိုးတီးတိုင်ပင်သည်။ မယ်ဖြူစင် အကြံပေးသည့်အတိုင်း သဖြန်ရေးပို့သည်။ ပတ္တမြားလက်စွပ် ဆုချထားရာ အကြောင်းသင့်သလို တောင်နန်းသို့သွား၍ မယ်ဖြူစင်က မယ်နုအား နှဲ့သည်။ အတန်တန်စဉ်းစားပြီးနောက် အရီးတော် [fn ၂] ထံ ချဉ်းကပ်တောင်းယူပါဟု စကားပြန်လိုက်သည်။ မကြာမီပင် အိမ်ရှေ့မင်း၏ ကောက်ယူခြင်း ခံရသည်။

အိမ်ရှေ့မင်း၌ မင်းသားဘဝက လက်ဆက်ပေးထားသော အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ် ရှိနှင့်ပြီဖြစ်သည်။ ဆင်ဖြူရှင်မယ်မှာ ညောင်ရမ်းမင်းသားအား မြင်ပြီး ၇ ရက်အကြာတွင် ကံကုန်သည်။ သို့ဖြင့် မယ်နုမှာ အိမ်ရှေ့မိဖုရားအရာ ရောက်လာသည်။ အိမ်ရှေ့မိဖုရားအတွက် ရွာ ၄ ရွာ၊ မြင်း အစီး ၃၀၊ ပယ် ၃၀၀၀ နှင့် ဆားတောင်မငါး ရွာ၊ အိတ်တည်ပွဲကင်း ကူးတို့ခွန်များကို ဗဒုံမင်းက စားစေသည်။

မယ်နုမှာ မင်းရိုးမဟုတ်၍ အိမ်ရှေ့စံအား ပန်းတောင်းထိပ်ခေါင်တင် [fn ၃] နှင့် ၁၁၇၇ ခု၊ နယုန်လဆန်း ၇ ရက်တွင် ဘိုးတော်ကိုယ်တိုင် လက်ထပ်ပေးသည်။

၁၁၇၃ ခု၊ နယုန်လဆန်း ၁၃ ရက်တွင် ဗဒုံမင်း နတ်ထီးလှုံရာ နယုန်လပြည့်တွင် စစ်ကိုင်းမင်း နန်းသိမ်းသည်။ မယ်နု၏အစ်ကို မောင်အိုအား မင်းသားအစီးအနင်း အဆောင်အယောင်နှင့်တကွ စလင်းမြို့ကို စားစေသည်။ ထိုမှစ၍ စလင်းမင်းသား မောင်အို ဟူ၍ အမည်တွင်လာသည်။

စစ်ကိုင်းမင်းမှာ ၁၁၈၁ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ ဗုဒ္ဓဟူးနေ့၌ ပန်းတောင်းမိဖုရားအား အရွယ်ငယ်လွန်းသည်ဟု အကြောင်းပြ၍ အိမ်ရှေ့မိဖုရား မယ်နုနှင့်သာ စံပယ်၍ ထီးဆောင်းမင်္ဂလာ ဥကင်ဖွင့်သည်။ မိမိနာမတော်ကို သီရိပဝရ မဟာရာဇာဓိရာဇာ ခံ၍ မိဖုရားခေါင်ကြီးကို သီရိပဝရ မဟာရာဇိန္ဒာရတနာဒေဝီ ဘွဲ့ခံစေသည်။ စလင်းမင်းသားကိုလည်း သတိုးဓမ္မရာဇာ ဘွဲ့ ပေးသည်။ ဤသို့ဖြင့် နန်းမတော် [fn ၄] မယ်နု ဟူ၍ ဖြစ်လာသည်။

ရှေးမင်းအဆက်ဆက်က မိဖုရားခေါင်တို့သည် မောင်တော်ဘုရင် သနားသော လက်ဝတ်ရတနာတို့ကိုသာ ဝတ်ရသည်။ စစ်ကိုင်းမင်း နန်းတက်သောအခါ နန်းမတော်ကို ရွှေတိုက်တော်သိမ်း အောက်ပါရတနာများ ထုတ်ပေးခဲ့သည် -

  • ဗဒုံမင်းလက်ထက် တရုပ်ဥတည်မင်း ဆက်သော ပုလဲ ၁၀၈ လုံးပါ ပုလဲသွယ်
  • မဇ္ဈိမတိုင်း ဗရဌပူရမင်း ဆက်သော ရတနာရောင်စုံခြယ် ခါးစည်း
  • လက္ခနောင်းမင်း ဆက်သော ရတနာစီ ခြခရာသီး လည်ကပ်၊ ကျောက်စီ ခါးစည်း၊ ပုလဲကုံးများ
  • ဝဇ္ဇီတိုင်း ဝေသာလီမင်း ဆက်သော စိန်သွယ်ချ စိန်ကြိုး ၅ ကုံး၊ စိန်ဘယက် ၇ ကုံး၊ စိန်ခရာသီး လည်ဆွဲ ၁ ကုံး၊ စိန်နားကပ် ရန်စုံ ၁၀ ရန်၊ ပတ္တမြားနားကပ် ၁ ရန်၊ စိန်စီ ရွှေခြေချင်း ၁ ရန်၊ နဂါးပုံ ရွှေခြေချင်း ၁ ရန်၊ စိန်ဒေါင်းရုပ်ပါ ရွှေဘီး ၁ ချောင်း၊ မြဒေါင်းရုပ်ပါ စိန်ဘယက် ၁ ကုံး

ထားဝယ်မြို့ဝန် ရွှေတောင်နန္ဒသူ အင်းဝသို့ အခစားရောက်သော် နန်းမတော်ကို မယ်ကယ်သား (Aglaia odoratissima) နားပန်ကို ဆက်သသည်။ နန်းမတော်က ထိုနားပန်ကို နှစ်မြတ်လွန်း၍ စာဆိုတော်တို့ (ဦးဘုန်း၊ ဦးအိ၊ လူ ဦးမင်း၊ ဖိုးသူတော် ဦးမင်း၊ ဦးအေး) အား စာချိုးစေရာ စာစပ်ကောင်းလှသဖြင့် ထောင်ထုပ် တစ်ထုပ်စီ ချီးမြှင့်ဖူးသည်။

၁၁၈၉ ခု၊ ကဆုန်လပြည့်ကျော် ၁၄ ရက်တွင် တောင်ငူမြို့ကို ရသည်။

သမီးရတနာ[ပြင်ဆင်ရန်]

ပလိုင်းမင်းသားအား ဖွားဖူးသော်လည်း ၆ နှစ်အရွယ်တွင် ကျောက်ရောဂါဖြင့် လွန်သည်။ [၁] အသက် ၃၇ နှစ်အရွယ် ၁၁၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ ကြာသပတေးနေ့တွင် မနောဟရထီးဖြူအောက်ဝယ် မယ်သဲကို ဖွားသည်။ နတ်တော်လဆန်း ၅ ရက်၊ ကြာသာပတေးနေ့တွင် သမီးတော်အား မြပုခက် တင်တော်မူသည်။ ခမည်းတော်က သမီးကို သီရိတိလောကမြတ်စွာ ဘွဲ့ ပေးသည်။

ထိုသမီးကို ၁၁၈၉ ခု၊ ကဆုန်လပြည့်ကျော် ၁ ရက် (၁၈၂၇ မေ ၁) တွင် ပန်းတောင်းမြို့၊ သလဲတန်းလှေ၊ ရတနာကနား၊ ပတ္တမြားစိန်မြစီ ရွှေသားနန်းဆွဲ ကွမ်းအုပ်နှင့် ကျွန်မိန်းမ ၄ ယောက် သနားသည်။ ၁၁၉၅ ခု၊ တပို့တွဲရောက်သော် နားထွင်းမင်္ဂလာပြုပေးပြီး မဟာရတနာဒေဝီ ဘွဲ့ ချီးမြှင့်သည်။

မယ်သဲမှာ နောင်တွင် မင်းတုန်းမင်းနှင့် လက်ဆက်ကာ မိဖုရားခေါင်ကြီး ဆင်ဖြူမရှင် ဖြစ်လာသည်။

ကုသိုလ်တော်များ[ပြင်ဆင်ရန်]

နန်းမတော် တစ်ပါးတည်းလှူသော ကုသိုလ်တော်များမှာ အောက်ပါအတိုင်း ဖြစ်သည် [၂] -

  • အမရပူရမြို့၊ ပုထိုးတော်ကြီး ခေါ် မဟာဝိဇယရံသီ စေတီတော် အာရာမ်ပြင်ရှိ မဟာမေရု မကုဋဃဏ္ဍရာဇာ ခေါင်းလောင်း
  • အင်းဝမြို့၊ မဟာအောင်မြေဘုံစံ အုတ်ကျောင်း
  • အင်းဝမြို့တော်မှ အပြင်မြို့ရိုး တောင်မျက်နှာရှိ ဟံသာဝတီတံခါးသို့ ဆက်သည့် မဟာဇေယျပထ အုတ်တံတား
  • ဖလံခုံရွာ အနောက်တိုက်ရှိ ဉာဏ်တော် ၁၀၀ မြင့် စေတီ [fn ၅]

စစ်ကိုင်းမင်းနှင့် နှစ်ပါးလှူ ကုသိုလ်တော်များမှာ အောက်ပါအတိုင်း ဖြစ်သည် -

  • မင်းကွန်း ပုထိုးတော်ကြီး မြောက်ဘက် ဆင်ဖြူတက်ဆိပ်ရှိ တောင်စဉ် ၇ ထပ်၊ အာလိန် ၅ ဆင့်ခံ လိုဏ်မုခ်စောင်းတန်းနှင့် ရှင်ဖြူဘုရား
  • မင်းကွန်း ပုထိုးတော်ကြီး အနောက်မြောက်ရှိ မဟာဝေယံဘုံသာတောရ ဇေတဝန်ကျောင်းတိုက်
  • စစ်ကိုင်းမြို့ စကုမော် အထက်မြစ်ဆိပ်မှ အောင်ချာဇိန ရွှေဘုံသာစေတီ
  • စစ်ကိုင်းမြို့ ရာဇမဏိစူဠာစေတီ အရှေ့တောင်မှ လောကချမ်းသာစေတီ
  • အညာသီဟတောစေတီအား ပြင်လှူခြင်း
  • ရွှေကြက်ယက်စေတီနှစ်ဆူအား ပြင်လှူခြင်း
  • ရွှေဆပ်သွားဘုရား ပြင်လှူခြင်း
  • မန္တလေးတောင်ပေါ်ရှိ ဘုရားနှင့် စောင်းတန်း၊ ဇရပ်၊ ရေကန်များ
  • စစ်ကိုင်းမြို့ အောင်မြေလောကဘုရား တောင်ဘက် ဧရာဝတီမြစ်ကမ်းရှိ ဥမင်ဇရပ် ၂ ဆောင်
  • ပဇ္ဈိမဒေသရှိ မဟာဗောဓိပင်သို့ အလှူတော်ကျောက်စာ
  • အမရပူရမြို့ အနောက်တောင်ဘက် မင်္ဂလာဝေယံကျောင်းတိုက်တွင်းရှိ မဟာဝိဇယရံသီစည်းခုံ ပုထိုးတော်နှင့် မဟာမေရုဋဃဏ္ဍရာဇာ ခေါင်းလောင်း
  • အင်းဝ အနောက်တောင်ယွန်း၊ မဟာမြတ်မုနိစေတီ အနောက်ရှိ မဟာသကျသီဟရုပ်ပွားနှင့် ကိန်းဝပ်ရန် ပြသာဒ်၊ ကျောက်ဖြူပလ္လင်
  • အင်းဝမြို့ ရွှေစည်းခုံဘုရားအနီး ဘုံကျော်မဟာအောင်မြေဘုံသာကျောင်းနှင့် တံတိုင်း မဟာရာမ် ကျောင်းဦးပြာသာဒ်
  • အင်းဝရှိ ဘိုးတော် ဆင်ဖြူရှင် စံနန်းမြေ၌ လှူသော သမုတ်သိမ်
  • မြန်အောင်မြို့ မြန်အောင်ဘုံသာစေတီ
  • အင်းဝရှိ မဟာသကျရံသီ ကျောက်ဖြူရုပ်ပွား
  • အင်းဝ အနောက်တောင်ရှိ အလုံဝန်ကြီးကျောင်းတိုက်အတွင်းရှိ မဟာဗောဓိပင်
  • အင်းဝ စွယ်တော်စင်အနီးရှိ သကျမုနိရုပ်ပွား

အခြား ရှင်ပြု၊ သင်္ကန်းလှူ၊ ဘုရားပြင်၊ ကန်ဖော်အလုပ်များ များစွာရှိသေးသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၁၉၉ ခု၊ ကဆုန်လပြည့်ကျော် ၁၂ ရက် (၁၈၃၇ ဧပြီ ၃၀) တွင် နှစ်ပါးသဘောညီပြီး နန်းကို သာယာဝတီမင်းအား လွှဲကာ စစ်ကိုင်းမင်း နန်းဆင်း၍ မဟာသကျသီဟဘုရားအနီး၌ စံနန်းနှင့် နေသည်။ ၁၂၀၁ ခု၊ တပေါင်းလပြည့်ကျော် ၁၀ ရက် (၁၈၄၀ မတ် ၂၇) တွင် ရွှေဓားဗိုလ်မင်းသား (ခဝင်းငယ်)၊ ဗိုလ်ခမ်းကျော်၊ ဗိုလ်ရွှေမောင်တို့ ဦးစီးသော လူ ၁၅၀၀ သည် မတ္တရာတစ်လွှား၌ ပုန်စားသည်။ သာယာဝတီမင်း လိုက်လံနှိမ်နင်းရာ သီပေါမြို့စပ်၌ ငဝင်းငယ်၊ ငရွှေထွေး၊ ငထွန်းလှ၊ ငအိ၊ ငရွှေပြား၊ ငသာအိ၊ ငပုည ဆိုသူများကို ဖမ်းမိသည်။ စစ်မေးရာ နောင်တော် နန်းပြန်ရရန် နန်းမတော်နှင့် စလင်းစားတို့ ပေါင်းကြံကြောင်း အစစ်ခံသည်။ နန်းမတော်ကိုမေးရာ ဝန်ခံ၍ ၁၂၀၁ ခု၊ ကဆုန်လဆန်း ၁၂ ရက် (၁၈၄၀ မေ ၁၂) တွင် ရေချသည်။

သူ့ကျွေးရှိက ဆပ်ရမည်[ပြင်ဆင်ရန်]

နောက်ဆုံးဆန္ဒအနေဖြင့် ဆရာရင်း ဦးဗုဓ်အား ကန်တော့လိုကြောင်း ပြောသဖြင့် ပို့ဆောင်ရာ နန်းမတော်က ဦးချပြီး

တပည့်တော်မ အဆုံးစီရင်ပါတော့မယ်။ ဆရာတော်ဘုရားကို နောက်ဆုံး ဖူးမြော်ကန်တော့ကြောင်းပါဘုရား

ဟု လျှောက်သည်။ ဆရာတော်က စာကြည့်ရာမှ မယ်နုဘက်လှည့်ပြီး

မိနု ... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဆိုလေရာ ဟောမိန့်ချက်ကို ကျေနပ်ပြီး ရေချရာသို့ ရဲရဲကြီး လိုက်ပါသွားသည်ဟု ရေးသားကြသည်။

အခြေမှတ်စု[ပြင်ဆင်ရန်]

  1. တစ်ထောင်ရှိသော မြင်းတပ်ကို ကြီးအုပ်ရသူ
  2. မယ်နု၏ အဘွား မယ်မွန်နှင့် ညီအစ်မတစ်ဝမ်းကွဲဖြစ်၍ အဘွားဝမ်းကွဲသာ ဖြစ်သည်။ သို့သော် အရီးဟုပင် ခေါ်သည်။ ပြည်မင်းသားကြီး သီရိမဟာဓမ္မရာဇာ၏ ကိုယ်လုပ်တော် သီရိသုနန္ဒာဝတီ (မယ်ပု) ဖြစ်သည်။
  3. ဗဒုံမင်းနှင့် ဒုတိယမြောက်နန်းမိဖုရား သီရိမဟာရတနာဒေဝီ တို့မှ မက္ခရာမင်းသား မွေးသည်။ ဗဒုံမင်းနှင့် စကုမြို့စား သီရိလောကဒေဝီ မိဖုရား တို့မှ ကြံညှပ်မင်းသမီး မွေးသည်။ အဆိုပါ မင်းသား မင်းသမီးတို့ ပေါင်းဖက်၍ ၁၁၇၁ ခုတွင် မွေးသော သမီးဖြစ်သည်။ အိမ်ရှေ့မင်းနှင့် စုံဖက်စဉ်က ပန်းတောင်းမင်းသမီး သီရိဝိမလ္လာ မှာ အသက် ၇ နှစ်သာ ရှိသေးသည်။
  4. နန်းရမိဖုရားဆိုသည်မှာ ဆောင်ရမိဖုရားများထက် မြင့်ပြီး နန်းရမိဖုရား ၄ ယောက်သာ ထားလေ့ရှိသည်။ ထိုနန်းရမိဖုရားများတွင်လည်း အနောက်၊ အလယ်၊ မြောက်၊ တောင် ဟူ၍ အဆင့်ဆင့်တက်သွားရာ တောင်နန်းမိဖုရားကိုသာ အဂ္ဂမဟေသီ ခေါ်ရသည်။ မိဖုရားခေါင်ကြီးဟု ဆိုခြင်း ဖြစ်သည်။ ထိုမိဖုရားခေါင်ကြီးကို နန်းမတော်ဟု သုံးနှုန်းကြသည်။
  5. စလင်းမင်းသား ဦးအိုနှင့် တစ်ဆူစီတည်ရာ မြောက်ဘက်စေတီမှာ နန်းမတော်ကုသိုလ် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ညိုမြ။ "ကုန်းဘောင်ရှာပုံတော်"၊ သတ္တမကြိမ်။ ရာပြည့် စာအုပ်တိုက်။ ၂၀၀၃၊ ဒီဇင်ဘာ။
  2. မောင်သန်းဆွေ(ထားဝယ်)။ "နန်းမတော်မယ်နု ရှင်းတမ်း"။ ပညာရွှေတောင် စာအုပ်တိုက်၊ ရန်ကုန်။ ၂၀၀၉၊ စက်တင်ဘာ။