စုဖုရားလတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စုဖုရားလတ်
စုဖုရားလတ် .jpg
အရှင်နန်းမတော်စုဖုရားလတ်
မြန်မာပြည်၏မိဖုရားခေါင်ကြီး
နန်းသက်၁၂ ဧပြီ ၁၈၇၉-၂၉ နိုဝင်ဘာ ၁၈၈၅
ရှေ့မင်းဆက်စုဖုရားကြီး
Successorပါတော်မူ
မြောက်နန်းမတော်မိဖုရားကြီး
နန်းသက်၁၈ နိုဝင်ဘာ ၁၈၇၈-၁၂နိုဝင်ဘာ ၁၈၇၉
ရှေ့မင်းဆက်သီရိမဟာရတနာမင်္ဂလာဒေဝီ
Successor-
မွေးဖွား(1859-12-13)၁၃ ဒီဇင်ဘာ၊ ၁၈၅၉
မန္တလေးမြို့
ကွယ်လွန်၂၄ နိုဝင်ဘာ၊ ၁၉၂၅(1925-11-24) (အသက် ၆၅)
ရန်ကုန်မြို့
ထာဝရ အိပ်စက်ရာ နေရာကန်တော်မင်ဥယျာဉ်
အိမ်ထောင်ဖက်သီပေါမင်း
သားသမီးများသားတစ်ယောက်(ငယ်ကလွန်)၊သမီး၄ယောက်:
မြတ်ဖုရားကြီး
မြတ်ဖုရားလတ်
မြတ်ဖုရား
မြတ်ဖုရားက​လေး
အမည် အပြည့်အစုံ
သီရိပဝရတိလောကမင်္ဂလာမဟာရတနာဒေဝီ[၁]
စံအိမ်ကုန်းဘောင်ခေတ်
ခမည်းတော်မင်းတုန်းမင်း
မယ်တော်ဆင်ဖြူမရှင်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးဘုရင်(သီပေါမင်း)၏ မိဖုရားခေါင်ကြီးဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး အဂ္ဂမဟေသီပင် ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။

မင်းတုန်းမင်းနှင့် အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီး၊ အလတ်မှာ မြတောင် စုဖုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့မန်လည်မြို့များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် သီရိပဘာ ရတနာဒေဝီ ဘွဲ့ရသည်။

သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာ ရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဖုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ နတ်ရွာစံသည့် သက်တော်(၆၆)နှစ်၊ နှစ်ပေါင်း(၄၀)တိတိ အထိ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် နေသွားရသည်။ [၂]

နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာ ပါဝင်လုပ်ဆောင် သော ညီတော်ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဉာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြပေ။

ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများ ကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ဝန်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက်ကွယ်ပျောက် စေခဲ့သည်။

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊ မိဖုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေးဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။

၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်မံဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။

တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချိုရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်သည် မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝဖြင့် နေထိုင်သွားကာ သီပေါဘုရင်ကွယ်လွန်ပြီး ကိုးနှစ်အကြာ ၁၉၂၅၊ ဒီဇင်ဘာလတွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။

စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သင်္ချိုင်းကို ရွှေတိဂုံဘုရား တောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။

ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု (ဖလံဂုဏ်ရွာ သူ)၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေဝီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။

ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါဝင်လုပ်ဆောင်ရန် အတွေ့အကြုံ အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအဝင် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။

စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇဝင် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။

အနောက်တိုင်းမှ မှတ်တမ်း[ပြင်ဆင်ရန်]

စုဖုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊ အရာထမ်းများ အပါအဝင် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။

She has given great quantities of presents to people she liked and one of her amusements on stage occasions or fete days was to sit on the dias, with a great pile of money before her, and to call people up to take as much as they could carry in their two hands. (The Pagoda War,Pg.65)

တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဖုရားလတ်ပင် ဖြစ်သည်။ သူမသည် လင်ယောက်ျားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာ အရေးယူလေ့ရှိသူပင်ဖြစ်သည်။ မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ဝင်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓားမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဖုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named cb-19
  2. မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း