စုဖုရားလတ်
| စုဘုရားလတ် | |||||
|---|---|---|---|---|---|
အသျှင်နန်းမတော်ဘုရားကြီး စုဘုရားလတ် | |||||
| မြန်မာပြည်၏မိဘုရားခေါင်ကြီး | |||||
| နန်းသက် | ၁၂ ဧပြီ ၁၈၇၉-၂၉ နိုဝင်ဘာ ၁၈၈၅ | ||||
| ရှေ့မင်းဆက် | စုဘုရားကြီး | ||||
| နောက်မင်းဆက် | ပါတော်မူ | ||||
| မြောက်နန်းမတော်မိဘုရားကြီး | |||||
| နန်းသက် | ၁၈ နိုဝင်ဘာ ၁၈၇၈-၁၂နိုဝင်ဘာ ၁၈၇၉ | ||||
| ရှေ့မင်းဆက် | သီရိမဟာရတနာမင်္ဂလာဒေဝီ | ||||
| နောက်မင်းဆက် | မရှိ | ||||
| မွေးဖွား | ၁၃ ဒီဇင်ဘာ၊ ၁၈၅၉ မန္တလေးမြို့ | ||||
| ကွယ်လွန် | ၂၄ နိုဝင်ဘာ၊ ၁၉၂၅ (အသက် ၆၅) ရန်ကုန်မြို့ | ||||
| ထာဝရ အိပ်စက်ရာ နေရာ | ကန်တော်မင်ဥယျာဉ် | ||||
| အိမ်ထောင်ဖက် | သီပေါမင်း | ||||
| သားသမီးများ | သားတစ်ယောက်(ငယ်ကလွန်)၊သမီး၄ယောက်: မြတ်ဘုရားကြီး မြတ်ဘုရားလတ် မြတ်ဘုရား မြတ်ဘုရားလေး | ||||
| |||||
| စံအိမ် | ကုန်းဘောင်ခေတ် | ||||
| ခမည်းတော် | မင်းတုန်းမင်း | ||||
| မယ်တော် | ဆင်ဖြူမရှင် | ||||
| ကိုးကွယ်မှု | ဗုဒ္ဓဘာသာ | ||||
စုဘုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးဘုရင်(သီပေါမင်း)၏ မိဘုရားခေါင်ကြီးဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး အဂ္ဂမဟေသီပင် ဖြစ်သည်။ စုဘုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။
မင်းတုန်းမင်းနှင့် အလယ်နန်းစံမိဘုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဘုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် စုဘုရားကြီး၊ အလတ်မှာ မြတောင် စုဘုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း စုဘုရားလေးတို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့၊ မန်လည်မြို့များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် သီရိပဘာ ရတနာဒေဝီ ဘွဲ့ရသည်။
သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာ ရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဘုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ သက်တော်(၆၆)နှစ် တွင် နတ်ရွာစံခဲ့ပါသည် ။ မိဘုရားကြီးသည် ခင်ပွန်းသည် သီပေါမင်း နတ်ရွာစံပြီးသည့်အချိန်မှ စ၍ စိတ်၏ငြိမ်းချမ်းခြင်းကို လိုလားခဲ့ပြီး အဖြူရောင်တစ်ရောင်တည်းကိုသာ ဝတ်ဆင်ခဲ့သည် ဟု ဆိုကြသည်။ မိဘုရားကြီးသည် ဗုဒ္ဓ တရားဓမ္မများကို နှလုံးသွင်းကာ နတ်ရွာစံခဲ့သည်။
ဆင်ဖြူမရှင်မိဘုရားသည် မိမိသားသမီးများ ကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ဝန်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဘုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဘုရားလတ်သည် မိဘုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဘုရားနှင့် စုဘုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဘုရားညီအစ်မ(၃)ယောက်လုံး မိဘုရားအဖြစ် လက်ခံခဲ့ရသည်။ စုဘုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား ကွက်မျက်စေခဲ့သော်လည်း တစ်လင်တစ်မယားစနစ်ကို ခိုင်မာစွာ မျိုးစေ့ချပေးခဲ့သူဖြစ်သည်။ မြတောင် စုဘုရားလတ်သည် ငယ်စဉ်ကတည်းက အကျီစားသန်ကာ စိတ်ဓာတ် ထက်မြက်လွန်းသူဖြစ်သည်။ မင်းသမီးဘဝကတည်းကပင် သူ၏ မျက်လုံး မျက်ခုံး လှုပ်ရှားမှုတို့သည် တော်ဝင်ရာဇမာန်အပြည့် ဟုဆိုကြသည်။ စုဖုရားလတ်သည် သူ၏ အခြွေအရံများကိုလည်း စောင့်ရှောက်သူအဖြစ် နာမည်ရှိသည်။
၁၈၈၅ ခုနှစ်တွင် တတိယ မြန်မာ-အင်္ဂလိပ် စစ်ပွဲတွင် စုဘုရားလတ်ကိုသာ အပြစ်တင်ပုံချကြသော်လည်း မိဘုရား၏ ခံပြင်းမှု မခံချင်စိတ်ရှိမှု တိုင်းပြည်ကို ကာကွယ်လိုမှု များကို မေ့လျော့နေကြသည် ။ ပထမ နှင့် ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲများကြောင့် မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအများစုသည် အင်္ဂလိပ်လက်အောက်သို့ရောက်နှင့်ပြီးဖြစ်သည်။ ကျန်ရှိနေသော နန်းမြို့တော်နှင့် တိုင်းဒေသများကို အဆုံးရှုံးမခံလိုသော အင်္ဂလိပ်၏ မတရားသိမ်းပိုက်မှုကို ခုခံတိုက်ခိုက်လိုသော မိဘုရားကို သမိုင်းဆရာတချို့က အပြစ်တင်ခဲ့သည်။ မြန်မာများစစ်ရှုံးခဲ့သော်လည်း မိဘုရားစုဘုရားလတ်၏ သူ့ကျွန်မခံ တော်လှန်လိုသော်စိတ်သည် တော်လှန်ရေး၏ မီးစလေးဟုပင်ဆိုနိုင်သည်။ သီပေါမင်းနှင့် စုဘုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊ မိဘုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေးဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဘုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။
၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဘုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်မံဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဘုရားကြီး အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဘုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စုမြတ်ဘုရားလတ် သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။
တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချိုရောဂါဖြင့် နတ်ရွာစံခဲ့သည်။
စုဘုရားလတ်သည် မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝဖြင့် နေထိုင်သွားကာ သီပေါဘုရင်ကွယ်လွန်ပြီး ကိုးနှစ်အကြာ ၁၉၂၅၊ ဒီဇင်ဘာလတွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက မိဘုရားကြီးထံ သွားရောက်တွေ့ဆုံခဲ့စဉ်က မိဘုရားကြီးသည် သူ၏ စုဗူးလေးကိုခွဲကာ ရှိသမျှ ငွေအားလုံးကို တော်လှန်ရေးဖို့ ဆိုကာ ပေးခဲ့ရှာသည်။
စုဘုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက နန်းမတော်ဘုရားကြီး မွေးဖွားကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဘုရားလတ်၏ သင်္ချိုင်းကို ရွှေတိဂုံဘုရား တောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်သည်။
ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု (ဖလံဂုဏ်ရွာ သူ)၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဘုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေဝီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။
မြန်မာတို့ စည်းလုံးမှု ပျက်ပြားမှု၊ နန်းတွင်းအမတ်များ၏ သစ္စာဖောက်မှု၊ အသားထဲက လောက်ထွက် အမေကျော် ဒွေးတော်လွမ်းသော အင်္ဂလိပ်ကျွန်ခံချင်သော ပြည်သူတချို့၏ သစ္စာဖောက်မှုများကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်မှုအတွက် ငယ်ရွယ်နုနယ်၍ ရာဇမာန်ထက်လွန်းသော စုဘုရားလတ်အပေါ်တွင် အပြစ်အားလုံး ပုံချခဲ့ကြသည် ။ သမိုင်းမှတ်တမ်းတင်ရာတွင် မိန်းမဖျက် ပြည်ပျက် ဟုမှတ်တမ်းတင်၍ မိဘုရားအား နာမည်ဖျက်ခဲ့ကြသည်။ များပြားလှသောကောင်းကွက်များကို ထိန်ချန်ကာ သမိုင်းရေးခဲ့သူများရှိခဲ့သည်။
မြန်မာနိုင်ငံ၏ နောက်ဆုံး နန်းမတော် မိဘုရားကြီး စုဘုရားလတ်သည် မိမိကို နိုင်ငံနှင့်လူမျိုးက မည်မျှ မုန်းတီးအထင်လွဲနေပါစေ ဂရုမထားဘဲ နောက်ဆုံးထွက်သက်ထိ တိုင်းပြည်လွတ်လပ်ရေးတွင် သူပါဝင်နိုင်သလောက် တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့သည် ။ သမိုင်းသည် နိုင်သူရေးစမြဲမို့ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော်လည်း မိဘုရား စုဘုရားလတ်၏ ကိုယ့်ကျင့်တရား၊ ဘာသာတရား ကိုင်းရှိုင်းမှု၊ လင်ယောကျာ်းအပေါ် နောက်ဆုံးထွက်သက်ထိ လက်တွဲမဖြုတ်ဘဲ သစ္စာရှိကာ ဖေးမ ကြင်နာမှုများသည် သမိုင်းကို နက်နက်နဲနဲ လေ့လာသူများအဖို့တော့ နှလုံးသားတွင် ထင်ဟပ်ကျန်စေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
အနောက်တိုင်းမှ မှတ်တမ်း
[ပြင်ဆင်ရန်]စုဘုရားလတ်သည် နန်းတွင်းရှိ မိမိနှင့်ပုလဲနံပသင့်သော အမှုထမ်း၊ အရာထမ်းများ အပါအဝင် ဇာတ်သဘင်၊ မင်းသမီး မင်းသားတို့ကို ငွေကြေးဆုလာဘ်များ များပြားစွာဆုချလေ့ရှိကြောင်းကို အနောက်တိုင်း သုတေသီများက ယခုလို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။
သူမသည် သူမနှစ်သက်သည့် လူပုဂ္ဂိုလ်တို့ကို ဆုတော်လာဘ်တော်များစွာပေး သနားလေ့ရှိပြီး ထိုသို့ပေးသနားရာ၌ ထိုရတနာများအား အသနားတော်မြတ်ခံရသည့်ပုဂ္ဂိုလ်၏လက်နှစ်ဖက်၌ ရတနာတစ်ဆုပ်ခန့် ပမာဏစီယူစေဟုမိန့်ကြားလေ့ရှိသည်။ (စေတီနားမှတိုက်ပွဲ,စာ.၆၅)
တစ်လင်တစ်မယားစနစ်ကို ဦးစွာတည်ထောင်ခဲ့သူအမျိုးသမီးမှာ စုဘုရားလတ်ပင် ဖြစ်သည်။ သူမသည် လင်ယောက်ျားဖောက်ပြန်သော အမှုမျိုးများတွင် ပြင်းထန်စွာ အရေးယူလေ့ရှိသူပင်ဖြစ်သည်။ မိခင် ဆင်ဖြူမရှင် နှင့် နန်းတွင်းမှူးမတ်ပညာရှိတို့ကို အာခံကာ နန်းတွင်လူမိုက်များအားကိုးဖြင့် ငါတကော ကောခြင်း၊ ၁၈၇၉ ဖေဖော်ဝါရီလတွင် သွေးချောင်းစီးသော နန်းတွင်းလုပ်ကြံမှုကြီးအရေးအခင်းတွင် အသက်ပေါင်းများစွာ ပေးခဲ့ရခြင်း၊ တကယ် နားမလည်ဘဲ နိုင်ငံခြားသံတမန်ကိစ္စများတွင် ဝင်ရောက်ခြယ်လှယ်ခြင်း၊ အသုံးအစွဲ ကြီးမားခြင်းတို့ကြောင့် တိုင်းပြည်သည် ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်အဖြစ်သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့် ပြည်သူများ ဆင်းရဲ နွမ်းပါးကာ သူခိုး ဓားမြများ ထကြွသောင်းကျန်း၍ တိုင်းပြည်သည် မငြိမ်မသက် ဖြစ်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့ကလည်း ရရှိပြီးသော နယ်မြေထက် ပိုပြီးလိုချင်ကာ ပြင်သစ်ထက် လက်ဦးမှု ရယူလိုနေချိန်ဖြစ်သည်။ တစ်ဖက်တွင်လည်း စုဘုရားလတ်တို့မှာ ပဒေသရာဇ်စနစ်၏ အရသာကို မက်မော နေပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို တတ်ကျွမ်း နားလည်မှုမရှိသော သူမ ၊ ဘာကိုမှ ပြင်ဆင်မှု မရှိခဲ့ပေ။ နွားခြေရာခွက်မှ ဖားသူငယ် ပင်လယ်ကို မမြင်ဖူးသကဲ့သို့ ဖြစ်ချင်ရာဖြစ် မင်းမိန့်အာဏာ အသုံးပြုကာ ဇွတ်အတင်း ဆက်လက်ပြုလုပ်ခဲ့သည်။
ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်]- ↑ ကိုးကား အမှား - Invalid
<ref>tag; no text was provided for refs named "cb-19".
- http://linoo.myanmarbloggers.org/ 28 March 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .