မဟာသကျသီဟ ရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မန္တလေးမြို့ရှိ မဟာသကျသီဟ ရုပ်ပွားတော်သည် ကုန်းဘောင်ခေတ်နှောင်းတွင် ခရီး ယာယီများခဲ့သော ရုပ်ပွားတော် တဆူ ဖြစ်သည်။ မြတ်စွာဘုရား ကိုယ်စားတော်စား ရုပ်ပွားတော် ဖြစ်သည်။ ဒေသစာရီ များခဲ့သည်ဟု ဆိုရပေမည်။

မဟာသကျသီဟ ရုပ်ပွားတော်

ထိုကြေးသွန်း ဆင်းတုတော်ကြီးအကြောင်း ဖော်ပြရာ၌ ကုန်းဘောင်ဆက် မဟာရာဇဝင်၊ နဂါးဗိုလ် ထိပ်တင်ထွေး၏ ရတနာသိင်္ခရာဇဝင်တို့၌ ဘုရား ဒါယကာများကို ဘိုးတော်မင်းတရား၊ ဘကြီးတော်မင်းတရားဟု ညွှန်းကြသဖြင့် ရှုပ်ထွေးနေသည်။ မှားသည်ဟု မဆိုသာပါ။ ဘိုးတော် ဘကြီးတော် အရှုပ်တော်ပုံကို မောင်ဝိုင်း၊ မောင်ဇင်တို့ အကြောင်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။


စစ်ကိုင်းမင်း မောင်ဇင်သည် မဟာသကျသီဟ ရုပ်ပွားတော်ကို သွန်းလုပ်ပူဇော်ရန် ၁၁၈၆ ခုနှစ်ကပင် စတင် မြေပုံကိုင်စေသည်။ ၁၁၈၈ တပေါင်းလပြည့်ကျော် ၃ ရက် (၁၅ မတ် ၁၈၂၇) တွင် ဖယောင်းပုံ ထုတ်ပြီးသည်။ သက်တော်ထင်ရှား မြတ်ဘုရား၏ အတုကို ပီပြင်အောင် သိကြား ဗြဟ္မာတို့သော်မှ တတ်နိုင်မည် မဟုတ်။ ထို့ကြောင့် အဋ္ဌကထာများတွင်လာသော မေတ္တယျ ဘုရားရှင်၏ အတိုင်း ပမာဏ တူကာမျှကိုသာ ပြုလုပ်နိုင်မည်ဟု စစ်ကိုင်းမင်း မိန့်တော်မူ၍ သွန်းလုပ်စေသည်။


စစ်ကိုင်းမင်း၏ ကုသိုလ်တော် မဟာသကျသီဟ ဆင်းတုတော်ကို ကြေးနီ သံ သလွဲ ကြေးစင်ပိသာ ၁,၆ဝဝ၊ ငွေသပြာ ၁ဝ,ဝဝဝ (ပိသာ ၁ဝဝ)၊ ရွှေသပြာ ၁,ဝဝဝ (ပိသာ ၁ဝ)၊ အစုစု ပဉ္စလောဟာချိန် ပိသာ ၁၆,၁၁ဝ နှင့် သွန်းလုပ်သည်။ စေတနာ ထက်သန်လွန်းသော စစ်ကိုင်းမင်းသည် ရွှေသားကလပ်ပါ သောက်တော်ရွှေဖလား၊ ရွှေသားကလပ်ပါ ရွှေကြုတ်တော်များလည်း ထည့်သည်။ မိဖုရား၊ မင်းညီ မင်းသား မှူးတော် မတ်တော်တို့ကလည်း ရွှေဖလား၊ ရွှေကလပ်၊ ရွှေအုပ်ဆောင်း၊ ရွှေထုံးဘူးများကို အသီးသီး ထည့်သွင်း လှူဒါန်းကြသည်။ ဖိုတထောင်ဖြင့် တပြိုက်နက် ကျိုချက်၍ ဘုရင်ကိုယ်တိုင် ရှေးဦးစွာ သွန်းလောင်းသည်။ ထို့နောက် မင်းညီမင်းသား မှူးတော် မတ်တော်များက သွန်းလောင်းရသည်။ ရုပ်ပွားတော်၏ အမြင့် ပမာဏ ကိုးတောင် နှစ်မိုက်၊ ထက်ဝယ် အချင်းပမာဏ ခုနှစ်တောင် တမိုက် လေးသစ်၊ ဓမ္မခဏ် နေရာတော် ရှစ်တောင် တမိုက် လေးသစ်၊ အမြင့် နှစ်မိုက် လေးသစ်၊ မောင်းတော်လုံးပတ် သုံးတောင် နှစ်မိုက် လေးသစ် ရှိပြီး လက္ခဏတော် ကြီးငယ်တို့ဖြင့် သပ္ပာယ်သည်။ မဟာသကျသီဟဟု ကမ္ဗည်းတော် မော်ကွန်းတပ်သည်။ ကိန်းဝပ်တော်မူရာ တည်နေရာသည် ရတနာပူရ အဝရွှေနန်းတော် နံတော်သင့်ရာ မဟာမြတ်မုနိ (မဟာမုနိ မဟုတ်ပါ။ ညောင်ရမ်းမင်းတရား တည်ထားကိုးကွယ်ခဲ့သည့် မဟာမြတ်မုနိ ဖြစ်ပါသည်) အနောက်လေးထပ် ကျောင်းတော်ရာတွင် ဖြစ်သည်။


ပုံဂံမင်း မောင်လူကလေး နန်းတက်လာသောအခါ သူ၏ ဘကြီးတော် ဖြစ်သော စစ်ကိုင်းမင်း သွန်းလုပ် ကိုးကွယ်ခဲ့သည့် မဟာသကျသီဟဘုရား ကိန်းဝပ်သည့် အုတ်ပြဿဒ် ပျက်စီး ယိုယွင်းနေပေပြီ။ ပုံဂံမင်းသည် မိဖုရား မင်းညီမင်းသား မှူးတော်မတ်တော် အပေါင်း ခြံရံလျက် ဖော်တော် သမ္ဗန်တော် လှေတော်များဖြင့် ထွက်တော်မူ၍ မဟာသကျသီဟ ရုပ်ပွားတော်ကို ပင့်ဆောင်သည်။ အမရပူရမြို့ အနောက် မဟာဝိဇယရံသီ စေတီတော်၏ တောင်ဘက် မြေလွတ်မြေလပ်တွင် မဟာရံ တံတိုင်း မီးတားနှင့်တကွ ဘုံငါးဆင့်ရှိသော ကြီးကျယ် သာယာစွာသော တန်ဆောင်းရွှေပြဿဒ် ဆောက်လုပ်၍ တည်ထား ကိုးကွယ်သည်။ မဟာသကျသီဟ ရုပ်ပွားတော်သည် အမရပူရမြို့တော် အနောက်တောင်ယွန်း တောင်သမန် အရပ်တွင် ကိန်းဝပ်တော်မူရပြန်သည်။


မဟာသကျသီဟ ရုပ်ပွားတော်၏ ဒေသစာရီကား မပြီးဆုံးသေးပေ။ သီပေါမင်း မောင်မျိုးဆက် လက်ထက်တွင် ရုပ်ပွားတော်သည် ရတနာပုံ နေပြည်တော် မန္တလေးသို့ ဒေသစာရီ ႔ကရပြန်သည်။ ရုပ်ပွားတော် ယခု ကိန်းဝပ်တည်ရှိရာ နေရာသည် ရွှေမြို့တော် အနောက်ပြင် အောင်နန်းရိပ်သာရပ်၊ မလွန်ဈေး မြောက်ဘက်တွင် ဖြစ်သည်။ ထိုနေရာသည် မင်းတုန်းမင်းတရားကြီး ထီးနန်းမရမီက နေထိုင်ခဲ့သော အိမ်တော်ရာ ဖြစ်သည်။ မင်းတုန်းမင်း၏ အလယ်မိဖုရား ဆင်ဖြူမရှင်သည် မဟာသကျသီဟ ရုပ်ပွားတော်ကို အဝမြို့တော်၌ တည်ထား ကိုးကွယ်ခဲ့သော စစ်ကိုင်းမင်း၏ သမီးဖြစ်သည်။ ထိုကြောင့် သမက်တော် သီပေါမင်းသားအား မဟာသကျသီဟ ရုပ်ပွားတော်ကို တောင်သမန်အရပ်မှ ရတနာပုံ နေပြည်တော် အနောက်ပြင် အောင်နန်းရိပ်သာရပ် မလွန်ဈေး မြောက်ဘက်ရှိ မင်းတုန်းမင်းသား၏ အိမ်တော်ရာသို့ ပင့်ရန် ရွှေ့ရန် အမိန့်ပေးသည်။ ထိုနေရာတွင် ဆင်ဖြူမရှင် မိဖုရားက ရုပ်ပွားတော် အတွက် ဂန္ဓကုဋိပြဿဒ် တည်လုပ်သည်။


ထိုဂန္ဓကုဋိ အုတ်ပြဿဒ်သို့ ရုပ်ပွားတော် ပင့်ဆောင်ရန် အလုပ်အဆောင် အခမ်းအနားများကို ဝန်ရှင်တော် သေနတ်ဝန် လယ်ကိုင်းမြို့စား (ကင်းဝန်မင်းကြီး)၊ ဝန်ထောက် ဝက်မစွတ်မြို့စားတို့ ကြီးကြပ် စီရင်ရသည်။ ၁၂၄၆ ပြာသိုလဆန်း ၂ ရက် (၁၈ ဒီဇင်ဘာ ၁၈၈၄) နေ့တွင် တာဝန်ကျ ဝန်ကြီး ဝန်ထောက်တို့ ဦးဆောင်လျက် ရုပ်ပွားတော် ကိန်းဝပ်သော မူရင်း ဂန္ဓကုဋိ တန်ဆောင်းကို ဖျက်သိမ်းကြသည်။ ယင်းနေရာမှ အမရပူရမြို့ တရုတ်တန်းလမ်းအရောက် မြေနတ်လမ်းဖို့ ညှိရန်၊ ရုပ်ပွားတော်တင် စွတ်ဖား ပြဿဒ် လုပ်ဆောင်ရန် အလုပ်များကို ဝန်ထောက် ဝက်မစွတ်မြို့စားနှင့် စာရေးကြီး မောင်ဘိုးလှိုင်၊ အသုံးစာရေး မောင်ကြီးညိုတို့ ကြီးကြပ် လုပ်ဆောင်ရသည်။


အမရပူရမြို့ တရုတ်တန်းလမ်းမှ ရတနာပုံမြို့တော် အောင်နန်းရိပ်သာရပ် ကန္ဓကုဋိ အုတ်ခုံပလ္လင်တော် နတ်လမ်းအရောက် လမ်းစဉ်တလျှောက် ကောင်းမွန်ညီညွတ် သာယာအောင် ဖို့ညှိပြင်ဆင် သုတ်သင်ရသည်။ ရွာဟိုင်းဈေးကောင်းဘက်တွင် တူးမြောင်းကူး တံတားကြီး ဆောက်ရသည်။ လုပ်ငန်းများ မသေးလှပါ။ အသုံးစာရေး မောင်ညွန့်၊ မြေတိုင်းစာရေး မောင်ပန်းခိုင်တို့ ကြီးကြပ် လုပ်ဆောင်ရသည်။ ရွှေမြို့တော်တွင် တည်ဆောက်ဆဲ ဂန္ဓကုဋိ အုတ်ခုံပလ္လင်တော် အောက်ခြေမှ ပလ္လင်ထိပ်အရောက် ပင့်ဆောင်နိုင်အောင် နတ်လမ်းစောင်းတန်းကြီး အလုပ်ကို မယ်တော် ဆင်ဖြူမရှင်၏ ကွမ်းရေတော် မောင်ဘိုးကြီး၊ သစ်တော စာရေးကြီး မောင်သစ်တို့ ကြီးကြပ်၍ မြန်မာဗိသုကာ ဆရာကြီး မောင်းထောင်ရွာစား နေမျိုးသိဒ္ဓိက လုပ်ဆောင်ရသည်။


ပြင်သစ် စက်ဆရာ ဘုံဘီလမ်း၊ လက်ထောက်ဆရာ ဘလမ်းတို့လည်း လုပ်ဆောင်ရေးတွင် ပါဝင် အမှုထမ်းကြသည်။ ရုပ်ပွားတော်မြတ်ကို စွတ်ဖားတင် ဘုံခုနှစ်ဆင့်ရှိ ပြာဿဒ်တော် အတွင်းသို့ အတင်အချ၊ နတ်လမ်းစောင်းတန်း တံတားဦးမှ အာလိန်သုံးဆင့် ရုပ်ပွားတော် ထားရန် ထားရပ်ပလ္လင်တော်ထိပ်ရောက် ပင့်ဆောင်ရန်များကို စေ့စပ်စွာ တိုင်းတာကြရသည်။ ကုန်ဝင်ရန် စရိတ်ငွေဒင်္ဂါး ၃၉,ဝဝဝ ကျော်ကို ၁၂၄၆ ပြာသိုလဆန်း ၃ ရက် (၁၉ ဒီဇင်ဘာ ၁၈၈၄)နေ့ သက်ဆိုင်ရာ အကြီးအကြပ် မှူးမတ် အရာရှိတို့သို့ ထုတ်ပေးသည်။


ရုပ်ပွားတော်မြတ်ကို ပင့်ဆောင်ရန် အလုပ်အဆောင်များ ၁၂၄၆ နှောင်းတန်ခူးလပြည့်ကျော် ၁၁ ရက် (၁ဝ ဧပြီ ၁၈၈၅) နေ့တွင် ပြီးစီးသည်။ ထိုကြောင့် ပင့်ဆောင်ရန် လမ်းစဉ်တလျှောက်တွင် တင့်တယ်သာယာအောင် ပြင်ဆင်ကြရသည်။ သဲမွေ့ကြဲသည်။ ရာဇမတ် ကာသည်။ ရေအိုး ရေပြည့် တည်ထားသည်။ ငှက်ပျော်ပင်ရှင် ကြံပင်ရှင် စိုက်သည်။ တံခွန် ကုက္ကား မုလေးပွား၊ ပုဆိုး ပစ္စူ စိုက်ထူကြရသည်။


နှောင်းတန်ခူးလပြည့်ကျော် ၁၂ ရက် (၁၁ ဧပြီ ၁၈၈၅) နေ့တွင် ရုပ်ပွားတော် ပင့်ဆောင်ရေး စတင်သည်။ ရွှေမြို့တော်ရှိ ရဲမက်တော် အမှုထမ်း လူနှစ်သောင်းကျော် အနက်မှ သေနတ် အမှုထမ်း လူ ၂,ဝဝဝ၊ အမြောက်အမှုထမ်း လူ ၁ဝဝ၊ မြင်းအမှုထမ်း လူ ၆ဝဝ၊ ဝင်းဒိုင်း အမှုထမ်း လူ ၃ဝဝ၊ လှေသင်း အမှုထမ်း ၅ဝဝ၊ စုစုပေါင်း အမှုထမ်း လူ ၃,၅ဝဝ တို့သည် ရုပ်ပွားတော်တင် စွတ်ဖားပြဿဒ်တွင် လေးတန် လေးသွယ် ဆွဲကြိုးဖွဲ့၍ ဝန်စု ဗိုလ်စု အကြီးအကြပ်တို့ ကြီးကြပ်ပြီး ဆွဲကြိုးကို ငင်စေသည်။ အခါတော်စောင့် အခါတော်ကြား ပုဏ္ဏားတော်တို့က အခါတော်စာ ဖတ်ရွတ် လျှောက်ထားအပြီးတွင် စည်တော်စုံ တီးရွမ်းသည်။ အခါပေး အမြောက်သံ သုံးချက် ပေးသည်နှင့် တပြိုက်နက် စည်ကြီးခွက်ခွင်း ဒုံမင်း ပတ်သာ ခရာ တံပိုး တီးမျိုး မှုတ်မျိုးစုံ ပဉ္စင်တူရိယာ တီးမှုတ်ကြသည်မှာ မြေကြီး ငလျင် ပဲ့တင်ထပ်မျှ အုတ်အုတ်ကျက်ကျက် ရှိလှသည်။ အကအခုန် အမျိုးစုံများလည်း ပါသည်။


ပင့်ဆောင်ရာ လမ်းစဉ်တလျှောက်တွင် ရဟန်း ရှင်လူ ပြည်သူအပေါင်းတို့ ဆွမ်း ရေချမ်း ပန်းပေါက်ပေါက် ဆီမီးတန်ဆောင် အမွှေးအထုံမှ စ၍ လှူဒါန်းပူဇော် ဖူးမြော်ကြသည်မှာ လမ်းခွင်ပြည့်မျှ ရှိသည်။ ထောင်မှူး မြို့စာရေး ထောင်စာချီ အရပ်အုပ် သွေးသောက်ကြီး ဆယ်အိမ်ခေါင်း တို့သည်လည်း ရုပ်ပွားတော် ပင့်ဆောင့်ရာ လမ်းတလျှောက်တွင် ရာဇဝတ်တော်ရေး ကင်းလွတ် လုံခြုံအောင် ခိုက်ပွားရန်မီး မဖြစ်ရအောင် ထိန်းသိမ်းစောင့်ရှောက် လိုက်ပါရသည်။ ပင့်ဆောင်ရသူ အစု အမှုထမ်းတို့ လမ်းခရီးတွင် မပင်ပန်းစေရ၊ ရပ်နားသင့်သည့် နေရာများတွင် ရပ်နား၍ ဖြည်းညင်းသာယာစွာ နားနားနေနေ ပင့်ဆောင်ကြသည်။ ရွှေမြို့တော် ဂန္ဓကုဋိ အာလိန်ငါးဆင့်ခံ အုတ်ခုံအောက် နတ်လမ်းစောင်းတန်းသို့ အရောက် ၁၉ ရက် ကြာသည်။ ၁၂၄၇ ကဆုန်လပြည့်ကျော် ၂ ရက်နေ့ (၃ဝ ဧပြီ ၁၈၈၅) တွင် ရုပ်ပွားတော် အုတ်ခုံအောက်ခြေ နတ်လမ်း စောင်းတန်းဦးသို့ ရောက်သည်တွင် မင်္ဂလာအမြောက် သုံးချက် ပစ်ဖောက် ပူဇော်သည်။


နယုန်လဆန်း ၂ ရက် (၁၂ မေ ၁၈၈၅) နေ့ ရုပ်ပွားတော်ကို ရပ်တော်မူရင်း နတ်လမ်းစောင်းတန်း တံတားဦးမှ အုတ်ခုံ ပလ္လင်တော်ထက်သို့ ပင့်ဆောင်သည်။ ရွှေမြို့တော် မြို့တွင်း မြို့ပြင် ရပ်ကွက်နေ ရဟန်းရှင်လူများ၊ အနီးအဝေး မြို့ရွာ ကျေးလက်များမှ ရဟန်းရှင်လူများ လာရောက် ဖူးမြော် ကန်တော့ကြသည်မှာ မြေပြင်ပြည့်မျှ စည်ကား များပြားလှသည်။ ရုပ်ပွားတော်ကို ဖြည်းညင်း သာယာစွာ ဘာလီကြိတ်စက်နှင့် ဆွဲယူပင့်ဆောင်ရာ ထားရပ်ပလ႞င်တော်ပေါ်သို့ မွန်းယိမ်းချိန်တွင် ရောက်တော်မူသည်။ ဘာလီကြိတ်စက်သည် ပူလီစက်ကို ဆိုလိုသည်ဟု ယူဆရပါသည်။


ကြီးကြပ်ဆင့်ဆို ပင့်ဆောင်ရသော ဝန်ကြီး ဝန်ထောက် စာရေးကြီး အသုံးစာရေး စက်ဆရာ ပိသုကာဆရာ၊ အလုပ်သည် ပညာသည်၊ ပန်းပဲ လက်သမားတို့မှ စ၍ လုပ်ငန်းတွင် ပါဝင်သမျှ သူတို့သည် ပတ္တမြားလက်စွပ်၊ ရွှေဖလား၊ ထည်မျိုး၊ အုပ်မျိုး အထိုက်အလျောက် ကိုယ်စီကိုယ်ငှ သနားတော်မြတ်ခံရသည်။


စစ်ကိုင်းမင်း မောင်ဇင် သွန်းလုပ် ပူဇော်ခဲ့သော မဟာသကျသီဟ ရုပ်ပွားတော်သည် အဝ ရွှေမြို့တော်မှ အမရပူရ ရွှေမြို့တော်သို့၊ ထိုမှ ရတနာပုံ နေပြည်တော်သို့ ဒေသစာရီ ႔ကခဲ့ရသည်။ မဟာသကျသီဟ ရုပ်ပွားတော်ကို စတင်သွန်းလုပ် ပူဇော်သူ စစ်ကိုင်းမင်း လက်ထက်တွင် အင်္ဂလိပ် မြန်မာ ပထမစစ် ဖြစ်သည်။ ဘုရား တည်ရန် မြေပုံ စတင်ကိုင်သည်မှာ ၁၈၂၄ ခုနှစ်တွင် ဖြစ်၏။ စစ်ပြီးနောက် ၁၈၂၇ မတ်လတွင်မှ ဘုရားတည်ဆောက် ပြီးစီးသည်။ ပုံဂံမင်း မောင်လူကလေးသည် ရုပ်ပွားတော်ကို ရွှေဝမြို့တော်မှ အမရပူရ မြို့တော်သို့ ၁၈၄၇ တွင် ပင့်ဆောင် ကိုးကွယ်သည်။ ၁၈၅၂ တွင် အင်္ဂလိပ် မြန်မာ ဒုတိယစစ် ဖြစ်သည်။ သီပေါမင်းသည် မဟာသကျသီဟ ရုပ်ပွားတော်ကို အမရပူရမှ ရတနာပုံ နေပြည်တော်သို့ ပင့်ဆောင်ရန် ၁၈၈၄ ဒီဇင်ဘာမှ စ၍ စီမံ စိုင်းပြင်းသည်။ နေပြည်တော်သို့ ၂၁ မေ ၁၈၈၅ တွင် ရုပ်ပွားတော် ရောက်သည်။ ၁၈၈၅ နိုဝင်ဘာတွင် တတိယ အင်္ဂလိပ် မြန်မာ စစ်ဖြစ်၍ ဘုရင် နန်းကျသည်၊ ပြည်ပသို့ ပါတော်မူရသည်။ အချုပ်အခြာအာဏာပိုင် ဘဝ ဆိတ်သုဉ်းသွားသည်။ ဤမင်းသုံးပါးနှင့် ဤရုပ်ပွားတော်တို့၏ ဖြစ်ရပ် တိုက်ဆိုင်မှုကား အံ့ဩဖွယ် ဖြစ်ပါသည်။ ဘုရင်မင်းမြတ်တို့၏ ကုသိုလ်ကံ အကုသိုလ်ကံ၊ ပြည်သူတို့၏ ကောင်းကံ ဆိုးကံအတိုင်း ဖြစ်ရလေသည်ဟုသာ ဆိုရဖွယ် ဆိုနိုင်ဖွယ် ရှိမည် ထင်ပါသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလက မြန်မာ့ရတနာ စာပေမှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေတဲ့ မကြန် ရေးသားတဲ့ 'သမိုင်းဟူသည်နှင့် အခြားစာတမ်းများ' စာအုပ်မှ