မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သည် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၈၉% ခန့် ကိုးကွယ်ကြသည်။[၁][၂] လူဦးရေနှင့် ဘုန်းတော်ကြီးအချိုး၊ ဘာသာတရားအတွက် အသုံးပြုသည့် ဝင်ငွေအချိုးတို့နှင့် ကြည့်လျှင် မြန်မာနိုင်ငံသည် ယုံကြည်သက်ဝင်မှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။[၃] ဗမာလူမျိုးရှမ်းရခိုင်မွန်ကရင်ဇို၊ နှင့် တရုတ်လူမျိုး များ အများဆုံးကိုးကွယ်ကြသည့် ဘာသာ ဖြစ်သည်။ ဘုန်းတော်ကြီးများကို သံဃာ အဖြစ် သတ်မှတ်ထားပြီး မြန်မာလူ့အဖွဲ့အစည်းအနေ၏ အမွန်အမြတ်ထားကာ ကြည်ညိုကိုင်းရှိုင်းကြသည်။ ဗမာနှင့် ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် နတ်ကိုးကွယ်မှုကိုလည်း ဗုဒ္ဓဘာသာနှင့်အတူ တွဲဖက်တွေ့ရှိရသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ပြုလုပ်သည့်အရာများတွင် ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဝိပဿနာတရား အားထုတ်ခြင်းသည် အများဆုံးဖြစ်သည်။ ဂန္ဓာရီလမ်းစဉ်နှင့် ဆက်စပ်လျက်ရှိသော ဝိဇ္ဇာလမ်းစဉ်သည်လည်း အနည်းငယ်ပါဝင်သည်။[၄] မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ကောင်းမှုကုသိုလ်ပြုခြင်းကို အများဆုံးပြုလုပ်လေ့ရှိသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းနှင့် ပရဟိတနှင့် ဒါနကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် ဘုံဘဝသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင် ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ဖြစ်သည်။ ထိုရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ [၅]

ပုဂံခေတ် ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံနှင့်ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်(ဘီစီ ၅၈၈)တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။မြန်မာနိုင်ငံဗုဒ္ဓဘာသာသာသနာ သက်တမ်း သည် ရွှေတိဂုံစေတီတော် ၏ သက်တမ်းနှင့် အတူတူဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ [၆] ပထမမြန်မာနိုင်ငံတော် ကို ထူထောင်ခဲ့သူ အနော်ရထာမင်း (ခရစ်၁၀၄၄ - ၁၀၇၈) လက်ထက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသို့ စတင် ပြန့်နှံ့လာခဲ့သည်။ အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို လည်းကောင်း၊ လောကနာထကို လည်းကောင်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာတို့ကိုလည်းကောင်း၊ နတ်နဂါးနှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။

အနော်ရထာဘုရင်လက်ထက်တွင် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲ၌ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ ထိုရဟန်းမှာ ရှင်အရဟံ ဖြစ်သည်။ အနော်ရထာမင်းသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ ထို့နောက် အနော်ရထာမင်းသည် တစ်နိုင်ငံလုံးတွင် ရှိသည့် အရည်းကြီး တို့ကို နှိမ်နင်းခဲ့သည်။ ပုဂံတွင် အရည်းကြီးတို့ ကြီးစိုးနေသည့်အတွက် အတုအယောင် ဘာသာရေးကို စစ်မှန်သည့် ထေရဝါဒ ဗုဒ္ဓသာသနာ ဖြင့်ပုဂံပြည်သူတို့ကို လမ်းမှန်ရောက်စေခဲ့သူလည်းဖြစ်သည်။ အရည်းကြီးတို့၏ မှားယွင်းယုတ်ညံ့သည့် လုပ်နည်းကိုင်နည်းများကို အဆုံးသတ်စေလိုသော အနော်ရထာနှင့် အောက်မြန်မာနိုင်ငံ မွန်ဒေသတွင် ကာလကြာရှည်ကတည်းက ပွင့်လင်းနေခဲ့ ဗုဒ္ဓဘာသာကို အထက် ပုဂံသို့ ပြန့်ပွားစေရန် သာသနာပြုလာသည့် ရှင်အရဟံ တို့ဆုံစည်းပြီးနောက် မြန်မာ့ ကိုးကွယ်ယုံကြည်မှု သမိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကို ဖြစ်စေခဲ့သည်။ မည်သည့် ကာလနေ့ရက်က မွေးဖွားခဲ့သည်ဟု မသိရသော်လည်း မွန်လူမျိုး ရှင်အရဟံသည် သာသနာပြုရန် ရည်မှန်းချက်ဖြင့် မိမိမွေးရပ်ဒေသမှ ဝေးကွာလှသည့် ပုဂံသို့ ကြွရောက်လာပြီးနောက်ဆုံး ပုဂံပြည်၌ပင် နေထိုင် ပျံလွန်တော်မူသွားခဲ့သည်။

ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူသည်။ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။

ဓလေ့ထုံးတမ်းစဉ်လာများ[ပြင်ဆင်ရန်]

နံနက်ခင်းတွင် ဆွမ်းခံကြွလာသော ရဟန်းတော်များ

မြန်မာ့ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာနှင့် ယှဉ်တွဲလျက်ရှိသည်ဟု မှတ်ယူနိုင်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် ပွဲတော်များ တစ်နှစ်ပတ်လုံး အမြောက်အများ ရှိနေသည်။[၇] မြန်မာ့နှစ်သစ်ကူးပွဲတော်ဖြစ်သည့် သင်္ကြန် ကို ရေသဘင်ပွဲဟုလည်း သိကြပြီး ဟိန္ဒူဘာသာမှ အစပြုသည့် ပွဲတော်တစ်ခုဖြစ်သည်။ ထိုအချိန်သည် မြန်မာလူငယ်များအား ဘုန်းကြီးကျောင်းတွင် ရှင်သာမဏေအဖြစ် သွတ်သွင်းကာ ရှင်ပြုမင်္ဂလာဆင်နွဲသည့် အချိန်လည်းဖြစ်သည်။

ကြည်ညိုကိုင်းရှိုင်းမှု[ပြင်ဆင်ရန်]

နေအိမ်များတွင် ဗုဒ္ဓဆင်းတုတော်အား ကိုးကွယ်ထားရှိရာ ဘုရားစင်

မြန်မာဗုဒ္ဓဘာသာဝင် အိမ်ထောင်စုတစ်ခုတွင် အနည်းဆုံး ဂေါတမဘုရား၏ ရုပ်ပုံတော် တစ်ပုံရှိကြပြီး ဘုရားစင်ပြုလုပ်ကာ ပလ္လင်ဖြင့် ကိုးကွယ်တတ်ကြသည်။

အိမ်တွင် ဗုဒ္ဓဆင်းတုအား ကိုးကွယ်ခြင်း မပြုမီ အနေကဇာတင်ခြင်းကို ပြုလုပ်သည်။[၈] အနေကဇာတင်ခြင်းကို ဗုဒ္ဓဘာသာ ရဟန်းတော်များက ဓမ္မပဒ အခန်း ၁၁၊ ၁၅၃ ပုဒ်မြောက်ကို ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။[၉]

ရုပ်တုတော် ဆင်းတုတော်ကို အနေကဇာ တင်ပြီးသောအခါ သက်တော်ထင်ရှား ဘုရားကဲ့သို့ အလွန် တန်ခိုးအာနုဘော် ကြီးမားလာပြီး နေအိမ်နှင့် ပတ်ဝန်းကျင်ရှိ မကောင်းသော ကံကြမ္မာနှင့် နိမိတ်များကို ပယ်ဖျက်နိုင်သည်ဟု ယုံကြည်ကြသည်။[၁၀]

ရှင်ပြုခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရှင်ပြုခြင်း
ရှမ်းပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် တွေ့ရသော ဘုရားစင်တစ်ခု

ရှင်ပြုခြင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် လူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောက်ျားလေးကို ခုနစ်နှစ်နှင့်အထက် အရွယ်ရောက်လာလျှင် သင်္ကန်း ဝတ်ပေးခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာ အားလပ်ရက်များ[ပြင်ဆင်ရန်]

သင်္ကြန်ကို ဧပြီလလယ်ပိုင်းလောက်တွင် ပြုလုပ်ကြပြီး မြန်မာနိုင်ငံ ရုံးပိတ်ရက်များတွင် ရက်ရှည်အားလပ်ရက်တစ်ခု ဖြစ်သည်။ မေလတွင် ကျရောက်သည့် လပြည့်နေ့သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား ဗျာဒိတ်တော်ကိုခံယူတော်မူရာ၊ ဖွားမြင်တော်မူရာ၊ ဘုရားအဖြစ် ရောက်ရှိတော်မူရာ၊ ပရိနိဗ္ဗာန်စံဝင်တော်မူရာ နေ့ထူးဖြစ်သည်။ ထိုနေ့တွင် ညောင်ရေသွန်းပွဲကို ပြုလုပ်ကြသည်။[၇]

ဘုရားပွဲများကိုလည်း နိုင်ငံတစ်ဝှမ်းရှိ စေတီပုထိုးများတွင် ပြုလုပ်လေ့ရှိသည်။[၇] ဘုရားပွဲကျင်းပရာသို့ အနီးအနားဝန်းကျင်မှ နွားလှည်းများဖြင့် လာရောက်လည်ပတ်ကြသလို စားသောက်ဆိုင်၊ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချကြသည်။

ဝါတွင်းကာလ[ပြင်ဆင်ရန်]

မုတ်သုန်ရာသီဖြစ်သော ဇူလိုင်လလယ်ပိုင်းမှ အောက်တိုဘာလလယ်ပိုင်းအထိသည် ဝါတွင်းကာလဖြစ်သည်။ ထိုကာလသည် လူတို့အတွက် ဆန်စပါးစိုက်ပျိုးကြသော ကာလဖြစ်ပြီး သံဃာများအတွက် ဘုန်းကြီးကျောင်းများတွင်သာ သီတင်းသုံးကြရသော ကာလဖြစ်သည်။ ဝါတွင်းအစလဖြစ်သည့် ဝါဆိုလတွင် သံဃာများအား ဝါဆိုသင်္ကန်းကပ်လှူကြပြီး ဝါတွင်းကာလပြီးဆုံးသည့် သီတင်းကျွတ်လတွင် သီတင်းကျွတ်ပွဲတော်ကို ကျင်းပသည်။

ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် ကထိန်သင်္ကန်းကပ်လှူခြင်းကို အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလ တွင် ပြုလုပ်ကြသည်။[၇] ဥပုသ်ဆောက်တည်ခြင်းကိုလည်း သင်္ကြန်ကာလနှင့် ဝါတွင်းကာလတွင် ပြုလုပ်လေ့ရှိကြသည်။

လက်ထပ်မင်္ဂလာပွဲများကို ဝါတွင်းကာလတွင် ပြုလုပ်လေ့မရှိဘဲ ဝါကျွတ်ပြီး သီတင်းကျွတ်လသို့ ရောက်ရှိမှသာလျှင် ကျင်းပပြုလုပ်ကြသည်။

ဗုဒ္ဓဘာသာ ပညာရေး[ပြင်ဆင်ရန်]

ပဲခူးမြို့ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် စာဖြေဆိုနေသော သံဃာများ

ထေရဝါဒဗုဒ္ဓဘာသာဝင် မိဘများသည် သူတို့၏ သားသမီးများကို ဘုန်းတော်ကြီးကျောင်းသို့ ပို့ကာ ဗုဒ္ဓကျမ်းစာများ သင်ယူစေခြင်း၊ တိပိဋကများ လေ့လာစေခြင်း၊ ဂေါတမဗုဒ္ဓ၏ ဘုရားလောင်းဘဝ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ဇာတကများ စသည်တို့ကို သင်ယူလေ့လာစေသည်။

၁၉၉၀ ခုနှစ်များမှစ၍ စီးပွားရေးအခြေအနေများကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များအား ဘုန်းတော်ကြီးကျောင်းများတွင် အတန်းပညာကို အခမဲ့ သင်ကြားပေးခြင်း ဖြစ်သည်။

သာသနာ့ဘောင်[ပြင်ဆင်ရန်]

အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သံဃာတော်များ

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ၅၀၀,၀၀၀ ခန့်နှင့်[၁၁] သီလရှင် ၇၅,၀၀၀ ခန့် ရှိသည်။[၁၂] ထေရဝါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီးများအနက် သုဓမ္မာဂိုဏ်း တွင် ဗုဒ္ဓဘာသာ ရဟန်းတော် ၈၈% နှင့် ရွှေကျင်ဂိုဏ်းတွင် ၇% ခန့် ဖြစ်သည်။[၁၃]

ထေရဝါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီးများ[ပြင်ဆင်ရန်]

  1. သုဓမ္မာဂိုဏ်း
  2. ရွှေကျင်ဂိုဏ်း
  3. ဓမ္မာနုဓမ္မ (မဟာဒွါရ) နိကာယဂိုဏ်း
  4. ဓမ္မဝိနယာနုလောမ (မူလဒွါရ) ဂိုဏ်း
  5. အနောက်ချောင်းဒွါရဂိုဏ်း
  6. ဝေဠုဝန်နိကာယဂိုဏ်း
  7. စတုဘုမ္မိက မဟာသတိပဋ္ဌာန် (ငှက်တွင်း) ဂိုဏ်း
  8. ဂဏဝိမုတ် (ကူးတို့) ဂိုဏ်း
  9. ဓမ္မယုတ္တိနိကာယ (မဟာရင်) ဂိုဏ်း တို့ဖြစ်ကြသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. CIA World Factbook - Burma
  2. Burma—International Religious Freedom Report 2009။ U.S. Department of State (26 October 2009)။ 11 November 2009 တွင် ပြန်စစ်ပြီး။
  3. Cone & Gombrich, Perfect Generosity of Prince Vessantara, Oxford University Press, 1977, page xxii
  4. Pranke, Patrick A (2013), Myanmar, Encyclopedia of Buddhism, Macmillan Reference USA. ISBN 0-02-865718-7 
  5. ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
  6. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ Introducing Myanmar Festivals။ Yangon City Development Committee။ Archived from the original on 14 June 2012။ 9 June 2007 တွင် ပြန်စစ်ပြီး။
  8. Paw၊ Maung H.။ Preparation for A Place of Worship At Home။ 28 February 2012 တွင် ပြန်စစ်ပြီး။
  9. Thanissaro Bhikkhu (1997)။ Jaravagga: AgingAccess to Insight။ 28 February 2012 တွင် ပြန်စစ်ပြီး။
  10. Schober, Juliane (2002). Sacred biography in the Buddhist traditions of South and Southeast Asia. Motilal Banarsidass, 275–276. ISBN 978-81-208-1812-5. 
  11. http://www.msnbc.msn.com/id/21020964/
  12. http://www.nibbana.com/rdhamma4.htm
  13. http://philtar.ucsm.ac.uk/encyclopedia/seasia/shwegyin.html

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]