မာတိကာသို့ ခုန်သွားရန်

ရွှေစာရံ စေတီတော် (သထုံ)

ဝီကီပီးဒီးယား မှ
သမိုင်းဝင် ရွှေစာရံစေတီတော်

မြန်မာနိုင်ငံ၌ ရွှေစာရံဟူသော ဘွဲ့တော်ဖြင့် ထင်ရှားသောစေတီနှစ်ဆူ ရှိလေသည်။ တစ်ဆူမှာ မွန်ပြည်နယ် သထုံမြို့ပေါ်တွင် တည်ရှိ၍ တစ်ဆူမှာ ရွှေစာရံ စေတီတော် (မန္တလေး) မန္တလေးခရိုင်အတွင်း မြစ်ငယ်မြစ်ပေါ်တွင် တည်ရှိသည်။

ရွှေစာရံစေတီတော် (သထုံ)

[ပြင်ဆင်ရန်]

သထုံမြို့တွင် တည်ရှိသော ရွှေစာရံစေတီတော်သည် စိန်ဖူးတော်မှ ဖိနပ်တော်အထိ ဉာဏ်တော်ပေ ၃၆ဝ ရှိ၍ အရံစေတီပေါင်း ၃၇ ဆူ၊ မုခ်နှင့် ရုပ်ပွားတော်ပေါင်း ၄၅ ဆူ ရှိလေသည်။

သထုံ ရွှေစာရံစေတီတော်မြတ်ကို မြတ်စွာဘုရားသခင် သက်တော်ထင်ရှားရှိစဉ် သထုံပြည်ကြီးသို့ ဒေသစာရီ ကြွချီခိုက်၌ပင် တည်ထားခဲ့သည်ဟု ဆိုသည်။ စေတီတော် မူလဒါယကာမှာ သထုံပြည်ကြီးအရှင် ကုလဝီသရာဇာသက္က မင်းတရားကြီးနှင့် တောင်ညာစံဒေဝီ မဟေသီမိဖုရားခေါင်ကြီးတို့မှ မဟာသက္ကရာဇ် ၂ ခုနှစ်တွင် မြင်သော သူရိယစန္ဒာမင်းကြီး ဖြစ်သည်။ သူရိယစန္ဒာမင်းကြီးသည် မဇ္ဈိမဒေသ၌ ဘုရားသခင် ပွင့်တော်မူကြောင်း ကြားသိသောအခါ ဖူးမြင်လိုသောဆန္ဒ အားကြီးတော်မူရကား မြတ်စွာဘုရားအား ပင့်လျှောက်ရန် တစ်ချက်လွှတ်အမိန့်တော် ချမှတ်လေသည်။

သထုံပြည်၌ သာသနာသုံးရပ် ကြာမြင့်စွာ တည်မည့်အဖြစ်ကို ကောင်းစွာသိမြင်တော်မူသော ဘုရားသခင်သည် ပင့်ဖိတ်သည်ကို လက်ခံတော်မူ၍ မဟာသက္ကရာဇ် ၁ဝ၅ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်ပြည်မှ ကြွသွားတော်မူရာ နတ်တော်လဆန်း ၁ ရက် စနေနေ့တွင် သထုံပြည်သို့ ရောက်လေသည်။ သူရိယစန္ဒာမင်းတရားကြီးနှင့် မိဖုရားကြီးတို့သည် ဘုရားသခင်အား ဖူးမြင်ရသောအခါ ကြည်ညိုစိတ် လွန်ကဲလှသဖြင့် မိမိတို့၏မကိုဋ်နှင့် ဥက္ကဋ္ဌ်တော် အသီးသီးကို ချွတ်၍ ပူဇော်တော်မူလေသည်။ ဘုရားသခင်လည်း မင်းမိဖုရား ပရိသတ်တို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူရာ မင်းတရားကြီးသည် ဘုရားသခင်အား ကြည်ညို၍ မဝလှသဖြင့် သထုံပြည်၌ ၁ဝ ဝါမျှ သီတင်းသုံးတော်မူပါရန် လျှောက်ထားလေသည်။ ဘုရားသခင်လည်း သထုံပြည်၌ ၁ဝ ဝါနေရန် ငြင်းတော်မူ၍ ခြောက်လနှင့် ၁၃ ရက် သီတင်းသုံး မည်ဖြစ်ကြောင်း မိန့်တော်မူသည်။ မင်းကြီးသည် ဘုရားသခင် သီတင်းသုံးတော်မူရန် ဇေတဝန်ကျောင်းကြီး ဆောက်လုပ် လှူဒါန်းလိုသော်လည်း ဘုရားသခင်က ခွင့်ပြုတော်မမူသောကြောင့် ရွှေနန်းတော်၏ အရှေ့တောင် မနိမ့်မမြင့် အဆင့်ဆင့်ဖြင့် လျှောက်ပတ်သည့် နေရာဖြစ်သော မောရပဗ္ဗတကုန်း၌ ဝေဠုဝန် ဝါးကျောင်းကို ဆောက်လုပ်လှူဒါန်း တော်မူသည်။


ဘုရားသခင် သထုံပြည်၌ ခြောက်လကျော် သီတင်းသုံးပြီးနောက် ပြန်ကြွတော်မူသောအခါ မင်းနှင့်တကွ တိုင်းသူပြည်သားတို့ လျှောက်ထားတောင်းပန်ချက်အရ ကိုးကွယ်ရစ်ကြရန် ကိုယ်တော်စား သွားတော်ဓာတ် ရတနာကို ထားတော်မူခဲ့လေသည်။ ထိုသွားတော်ဓာတ်ကိုလည်း ဘုရားသခင် မိန့်တော်မှာမူသည့်အတိုင်း ကကုသန်ဘုရားသခင်၏ ဆံတော်ရှစ်ဆူ၊ ကောဏာဂုံဘုရားသခင်၏ တောင်ဝှေးတော်ရတနာ၊ ကဿပဘုရား သခင်၏ မြသပိတ်ရတနာတော်တို့ကိုထားရာ သုနာပရန္တဥန္နတကုန်းပြင်၌ မဟာသက္ကရာဇ် ၁ဝ၅ ခု တပေါင်း လဆန်း ၁၅ ရက်နေ့ နံနက်တွင် ခမ်းနားစွာ ဌာပနာ၍ စေတီတော်မြတ် တည်လေသည်။ စေတီ တော်မြတ်၏ ပြုဖွယ်ကိစ္စ အဝဝပြီးစီးသောအခါ ဘုရားသခင်က တည်ထားရင်း ဒါယကာတို့၏ တောင့်တမှု အာသာမှ ကြာမြင့်စွာ မပျက်မစီးဘဲ အမြဲတည်နေတော်မူစေသတည်းဟု စိရံဌာတုပတ္ထနာပြုသောကြောင့် စိရံဌာတုစေတီတော်ဟူ၍ သမုတ်ရန် ဗျာဒိတ်စကား မိန့်ကြားတာ်မူလေသည်။ ထိုကြောင့် စိရံဌာတုစေတီဟူသော ဘွဲ့တော်မှ စိရံစေတီ၊ ထိုမှ စာရံစေတီဟု ခေါ်ကြသည်။ စည်းခုံစေတီ၊ မောဓောစေတီတော်တို့ကို ရွှေစည်းခုံစေတီ၊ ရွှေမောဓောစေတီ စသည်ဖြင့် ခေါ်ဝေါ်သကဲ့သို့ စာရံစေတီကိုလည်း ရွှေစာရံစေတီဟု သမုတ်ကြကြောင်း အဆိုရှိသည်။


ရွှေစာရံစေတီကြီး၏ အရှေ့ဘက်တွင် ဓာတ်တော်များကို ဆေးကြောရာ၌ သုံးသည့် မြူတာအိုး ရတနာ ၄၇ လုံးကို အောက်အခင်း မြအခံပြု၍ ဌာပနာကာ တည်ထားအပ်သော မြသိန်းတန်ဘုရား တည်ရှိသည်။ သိကြားမင်း၏ ညွှန်ကြားချက်အတိုင်း ဌာပနာသောကြောင့် ယခုအခါ သိကြားဘုရားဟုလည်း ခေါ်ကြသည်။ ရွှေစာရံစေတီဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ကြီးကျယ်စည်ကားစွာ ကျင်းပလေ့ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)