အိမ်တော်ရာဘုရား (မန္တလေးမြို့)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အိမ်တော်ရာဘုရားဟူ၍ မြန်မာနိုင်ငံ၌ထင်ရှားသော ဘုရားနှစ်ဆူရှိလေသည်။ တစ်ဆူသည် မန္တလေးမြို့၌ရှိ၍ တစ်ဆူကား ရန်ကုန်မြို့၌ရှိသည်။ နှစ်ဆူစလုံးကို သီရိသုဓမ္မ တိလောက ပဝရ မဟာရာဇာဓိရာဇာ တံဆိပ် နာမံခံယူတော်မူသော အမရပူရစတုတ္ထနန်းစံ ပုဂံမင်းတရား တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်လေသည်။

မန္တလေးမြို့ရှိ အိမ်တော်ရာဘုရားသည် ပုဂံမင်း၊ မင်းသားဘဝက စံတော်မူခဲ့ဘူးသည့် မတဲရပ်ရှိ အိမ်တော်ရာတွင် တည်ထားခြင်းဖြစ်သည်။ ပုဂံမင်းသည် ၁၂ဝ၈ ခုနှစ် တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ခမည်းတော် ရွှေဘိုမင်း၏ အရိုက်အရာတော်ကို ဆက်ခံစိုးစံတော်မူပြီးနောက် ပထဝီဇေယျကျော် ကိန်းရသော ဘူမိနက်သန် မြေကြန်လက္ခဏာ မဟာမင်္ဂလာအိမ်တော်ရာ၌ လောကမဏိစူဠာစေတီတော်နှင့်အတူ စေတီတည်မည်ဟု ရည်ရွယ်သည့်အတိုင်း ၁၂ဝ၉ ခုနှစ် တန်ဆောင်မုန်းလတွင် စေတီ တည်ရန် မြေသနစ်စေသည်။ ထိုနှစ် နတ်တော် လဆန်း ၃ ရက် ဗုဒ္ဓဟူးနေ့နံနက် တစ်ချက်တီးကျော် ၅ နာရီ ၂ ပါဒ် ၁၃ ဗီဇနာအချိန် ရွှေပန္နက် ငွေပန္နက် ချတော်မူသည်။ နေ့တစ်ချက်တီးကျော် ၆ နာရီ ၂ ပါဒ် ၁၃ ဗီဇနာအချိန်တွင် စည်ကြီးခရုသင်းကြွေးကြော်ခြင်းတို့ဖြင့် မှူးတော်မတ်တော် အပေါင်းတို့ကို ရွှေတူးရွင်း၊ ငွေတူးရွင်းကိုင်စေလျက် မြေသနစ်စေတော်မူသည်။

၁၂ဝ၉ ခုနှစ် နတ်တော်လဆန်း ၁၁ ရက်နေ့တွင် ပုဂံမင်းသည် မိဖုရားခေါင်ကြီးနှင့်တကွ မင်းညီမင်းသား မင်းမိဖုရား၊ မှူးတော်မတ်တော် ဗိုလ်ပါရဲမက်အပေါင်းတို့ဖြင့် ခြံရံခင်းကျင်းထွက်စံတော်မူ၍ မင်းတရားကြီးကိုယ်တော်တိုင် ရွှေအုတ်၊ ငွေအုတ်၊ ကြေးနီအုတ်စသည်တို့ဖြင့် အုတ်မြစ်ပထမစ၍ ချတော်မူသည်။

ထိုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်နေ့တွင် ပထမ ဌာပနာတိုက် ပြုလုပ်ပြီးပြေသည်ကို ဌာပနာသွင်းရန် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသည်မှ ဘုရားအဖြစ်သို့ရောက်တော်မူ၍ ပရိနိဗ္ဗန်စံတော်မူသည့်နောက် သရီရဓာတ်တော်များကို ဒေါနပုဏ္ဏား ဝေငှသည့်တိုင် ရွှေကိုသွန်းလုပ်တော်မူသည့် အခန်းပေါင်း ၉၆ ခန်းနှင့်တကွ ရွှေသားဆင်းတုတော်၊ ငွေသားဆင်းတုတော်၊ မင်းမိဖုရားသားတော် သမီးတော်တို့က ဆက်သကြသည့် ရွှေဆင်းတု ငွေဆင်းတုအစုစု ဆူရေ ၁၂ဝဝ ကျော်ကို မှန်စီထမ်းစင်တွင်တင်၍ ထီးဖြူအုပ်မိုးပြီးမှ လေးဆယ်တော် ငါးဆယ်တော် သွေးသောက်သားတို့ ဗောင်းဝတ်လုံဆင်၍ ထမ်းစင်နှင့် ထမ်းလိုက်ရသည်။ မြတ်စွာဘုရား၏ သရီရမွေတော်ဓာတ်တော်များကို ရတနာပန်းတောင်းတွင်ထည့်၍ မှူးတော်မတ်တော်တို့ကပိုက်ကာ ဆင်ဖြူတော်ခြောက်စီးထက်၌ ထီးဖြူစိုက်လျက်တင်တော်မူသည်။ ထို့ပြင် ဘေးလောင်းတော် အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော်မင်းတရားအရုပ်၊ ဘွားတော်မိဖုရားခေါင်ကြီးအရုပ်၊ ဘွားတော်မြောက်နန်းမိဖုရား အရုပ်၊ ဘိုးတော်အိမ်ရှေ့မင်းအရုပ်၊ ပုဂံမင်းနှစ်ပါးအရုပ်၊ ဘွားတော်အိမ်ရှေ့မိဖုရားအရုပ်၊ ဘကြီးတော်ရတနာပူရ စတုတ္ထမြို့တည် နန်းတည် မင်းတရားအရုပ်၊ ခမည်းတော် အမရပူရ ဒုတိယမြို့တည်နန်းတည် မင်းတရားကြီးအရုပ်၊ မယ်တော်မိဖုရားခေါင်ကြီးအရုပ်၊ ဘဝရှင်မင်းတရားကြီးနှင့် နန်းမတော် မိဖုရားခေါင်ကြီးအရုပ်တို့ကို ထီးဖြူစိုက်ဆောက်သော ပေါင်းဝန်းတင်ဆင်တော်များ၌တင်၍ ဆိုင်ရာဝန်တို့က ဗောင်းနားဋောင်း ဝတ်လုံဆင်ယင်ကြပြီးလျှင် ခြံရံပိုက်မ လိုက်ကြရသည်။ ရွှေနန်းတော်မှ မတဲ မင်္ဂလာအိမ်တော်ရာအထိ ခရီးလမ်းစဉ်တစ်လျှောက် သဲဖြူခင်း ရာဇမတ်ကာ ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်၊ တံခွန် ကုက္ကား မုလေးပွား စိုက်ဆောက်ထား၍ တိုင်းသူပြည်သားအပေါင်းတို့ကလည်း ပန်းနံ့သာ ပေါက်ပေါက် စသည်တို့ဖြင့် ထွက်၍ပူဇော်ကြသည်။

၁၂ဝ၉ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၄ ရက်နေ့တွင် ဘဝရှင်မင်းတရားကြီးသည် မိဖုရား မင်းညီမင်းသား အစုံအလင်နှင့် မတဲ မင်္ဂလာအိမ်တော်ရာသို့ ထွက်တော်မူကာ သံဃာတော်များအား ပင့်ဖိတ်ဆွမ်းကပ် ရုပ်ပွားဆင်းတုများကို အနေကဇာတင်သည်။ ထို့နောက် မင်္ဂလာအခါတော်နှင့်အညီ အချိန်တော်စေ့ရောက်လျှင် မင်းတရားကြီးကိုယ်တိုင်လက်ဖြင့် ကိုင်၍ အရှေ့မျက်နှာ ဌာပနာတိုက်တွင် ဌာပနာသွင်းသည်။ နောက်ဌာပနာ ၁၂ တိုက်၌ အသီးသီးခွဲဝေစောင့်ရှိနေသည့် ဆရာတော် သံဃာတော်တို့ အနေအထားကျနအောင်သွင်းရသည်။ ထိုနောက် ဌာပနာသွင်းအခမ်းအနားများနှင့် ဤကုသိုလ်တော်ကို သားတော်အစဉ် မြစ်တော်အဆက် ပူဇော်ပြုပြင်ရစ်စေသတည်းဟု အဓိဋ္ဌာန်တော်မူသည့်စကားကို ရွှေပေတွင်ရေးသားသွင်းတော်မူသည်။ သာသနာပြုဆရာတော်ကလည်း နောင်သာသနာတော်တည်သမျှ ကာလပတ်လုံးမပျက်မစီးစေရ၊ စောင့်ရှောက်စေသတည်းဟု နတ်တို့ကိုတိုင်တန်း၍ အမျှဝေတော်မူသည့်စာကို ဌာပနာသွင်းပြီးအဆုံး၌ စေတီတော် ပတ်ဝန်းကျင် လေးမျက်နှာတို့၌ ဖတ်ရလေသည်။ ဌာပနာသွင်း အခါတော်နေ့ကိုရည်၍ ထောင်ကျနေသူ ၆ဝ ကိုလွတ်ငြိမ်းခွင့်ပေးသနားတော်မူသည်။ ပန်းတိမ်းမြို့ ပန်းဘဲမြို့စား ပန်းဘဲဝန် အတွင်းဝန် သတိုးမင်းကြီးမဟာမင်းလှကျော်သူအား စေတီတည်ရာ၌ ကြီးကြပ်စေသည်။

မတဲ မင်္ဂလာအိမ်တော်ရာတွင် ဖိနပ်တော် အချင်း သံတောင် ငါးဆယ့်ခြောက်တောင် နှစ်မိုက်၊ အရပ်တော် သံတောင် ခြောက်ဆယ့်တစ်တောင် နှစ်မိုက် ငါးသစ်ရှိသော စေတီတော်၊ မဟာရာမ်တံတိုင်း မီးတားနှစ်ထပ်နှင့်တကွ အုတ်ရိုးအင်္ဂတေ လုပ်ဆောင်ပြီးပြေသည်များကို မင်းတရားကြီးကိုယ်တိုင် ထွက်စံတော်မူ၍ ၁၂၁ဝ ပြည့်နှစ် တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက် ကြာသပတေးနေ့ နေ့ ၂ ချက်တီးကျော် အချိန်တွင် အမြောက်သံကြားအခါတော်နှင့် စက်ယန္တရားကြီးကျယ်စွာ တပ်ဆင်တော်မူ၍ ထီးတော် အရပ် ကိုးတောင်တစ်မိုက်၊ ထီးဝ လေးတောင်၊ ဘုံခုနစ်ဆင့်ရှိသော ထီးတော်ကို ကြီးကျယ်ခမ်းနားစွာ တင်လှူတော်မူသည်။

စေတီတော်ကိုလည်း ဒဒမဟာလောကရံသီဒဒ ဟု ဘွဲ့မည်တော် ကမ္ပည်းတပ်လေသည်။ စေတီတော် ပြီးမြောက်သည့် အထိမ်းအမှတ်ဖြင့် အကျဉ်းကျသူ ယောကျာ်း မိန်းမ ၅၃ ယောက်ကို အကျဉ်းမှလွှတ်တော်မူသည်။ စကြာကတုံးခေါ် သူပုန်ငည|ာနှင့် ပုန်ကန်ရာပါသည့် လူ ၂၈ အိမ်ထောင်သား တို့ကိုလည်း ဘေးမဲ့ချမ်းသာပေး၍ လုပ်မြေ၊ နေမြေပေးတော်မူ ကာ ကျွန်သီးတော်အဖြစ် ရေစက်သွန်းချ လှူဒါန်းတော်မူလေသည်။

မဟာလောကရံသီ အိမ်တော်ရာစေတီ၏ မဟာရာမ် တံတိုင်းအတွင်းရှိ ထောင့်လေးထောင့်၌ (၁) အလယ်နန်းတော် စလင်းမြို့စားမိဖုရား သီရိတိလောက အတုလရတနာဒေဝီ တည်သည့် စေတီတစ်ဆူ၊ (၂) ခမည်းတော်မင်းတရားကြီး မိဖုရား စလေမြို့စားတည်သည့် စေတီတစ်ဆူ၊ (၃) ငယ်ရွယ်တော်မူစဉ်က မင်းတရားကြီး၏ အထိန်းတော်ဖြစ်ခဲ့ဖူးသော တောင်ပြုံးကြီးမြို့ ဟင်္သာတမြို့စားတည်သော စေတီတစ်ဆူ၊ (၄) မင်္ဂလာအိမ်တော်ပါ ကျွန်တော်ရင်းဖြစ်သော ကျီဝန်၊ အတွင်းဝန် မင်းကြီး မဟာသက်တော်ရှည်တည်သော စေတီတစ်ဆူ ပေါင်း စေတီရံလေးဆူရှိသည်။

အိမ်တော်ရာစေတီ အရှေ့ဘက်မုခ် အထွက်တွင် ရွှေတချောင်းမြောင်းကူး၍ တည်ဆောက်ထားသော ဆင်မင်း တံတားခေါ် အိမ်တော်ရာ ဆင်တံတားရှိသည်။ ယင်းတံတားကို ဘိုးတော်ဘုရားလက်ထက် ၁၁၆၈ ခုနှစ်က ဟံသာဝတီမြို့ တောင်နိဗ္ဗာန်ရွာရှေ့ ကွင်းသာယာအရပ်တွင်တွေ့ရှိရမိသော ကိုယ်အလုံး ဗိုင်းဝါဂွမ်းကဲ့သို့ ဖြူစင်နူးညံ့စွာသော နိဗ္ဗာန ပစ္စယနာဂရာဇာဘွဲ့ခံ ဆဒ္ဒါန်ဆင်မင်း၏ ငွေတော်နှင့် တည်လုပ်သောကြောင့် ဆင်မင်းတံတားဟုခေါ်သည်။ ဆင်မင်း၏ ကောင်းမှုကုသိုလ်တော်ဖြစ်ကြောင်း ထင်ရှားစေရန်၊ ယင်းအုတ်တံတား၏ အရှေ့ဘက်အဆင်းထိပ် ရွှေတချောင်းအနီးတွင် ဘေးဝဲယာနှစ်ဖက် ဆင်မင်း၏ပုံ အုတ်ခုံပြာသာဒ်အမိုးဖြင့် ခန့်ညားစွာ ပြုလုပ်တည်ထားသည်။

ဘုရား၏ အနောက်ဘက်မှသည် တောင်ကိုလျှောက်၍ ယခု မဟာဝေယန်ဘုံသာ ကျောင်းတိုက်အနီး ရွှေတချောင်း မြောင်းကူးတံတားအထိ အုတ်တံတားကြီးတစ်ခုကို ၁၂၁၁ ခုနှစ် ပြာသိုလတွင် တည်ဆောက်ခဲ့သည်။ ယင်းတံတားကြီး၏ ဝဲယာနှစ်ဖက်တံတိုင်းကို မိကျောင်း၏ကိုယ်သဏ္ဌန် ပြုလုပ်တည်ထားပြီးလျှင် မြောက်ဘက်တံတားအဆင်း ဝဲယာနှစ်ဖက် တံတားထိပ်ကို မိကျောင်း၏ဦးခေါင်းပုံသဏ္ဌန် ပြုလုပ်တည်ဆောက် ထားသည်ဖြစ်သောကြောင့် မိကျောင်းတံတားဟု တွင်သည်။ မိကျောင်းတံတား၏ တောင်ဘက်အဆုံး တံတားအဆင်းတွင် အုတ်ခုံခံ၍ ဝဲယာခြင်္သေ့ကြီးနှစ်စီး ပြုလုပ်ထားရာ အလွန်ပင် အချိုးအစားကျနသော ပန်းရံလက်ရာအဖြစ် ကျော်ကြားသည်။ ခြင်္သေ့ကြီးအနီးရှိရပ်ကွက်ကိုပင် ခြင်္သေ့ဦးရပ်ကွက်ဟု ခေါ်စမှတ်ပြုကြသည်။

အိမ်တော်ရာစေတီ စနေထောင့်တွင် သကျမုနိခေါ် ဉာဏ်တော် သုံးတောင်နှစ်မိုက်ရှိ မဟူရာ ရုပ်ပွားတော်မြတ် တစ်ဆူ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ ယင်းရုပ်ပွားတော်သည် ဘကြီးတော်လက်ထက်တွင် မဇ္ဈိမဒေသ မဟာဗောဓိပင်အရပ်မှ ပင့်ဆောင်တော်မူခဲ့၍ အင်းဝမြို့တော်တွင် တန်ဆောင်း ပြာသာဒ်နှင့် တင်ထားကိုးကွယ်ခဲ့ရာမှ ရွှေဘိုမင်းလက်ထက်တွင် အမရပူရ ဇောင်းကလော ကန်ဦး ကုသိုလ်တော် လောကမုနိစူဠာ စေတီတော်သို့ ပင့်ဆောင်ကိုးကွယ်သည်။ ထိုမှတစ်ဖန် မန္တလေးပျက်ပြီးနောက် နှစ်နှစ်အရဖြစ်သော ၁၂၄၉ ခုနှစ်တွင် မိုးကောင်းတိုက်ဆရာတော်နှင့် အုတ်ဝန်သံတော်ဆင့် ဦးဖိုးကြီးတို့ မန္တလေးအိမ်တော်ရာဘုရားသို့ ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။ သကျမုနိဘုရားနှင့် ယှဉ်လျက် ပုံသဏ္ဌန်တူ စကျင်ကျောက်ဖြူကိုထုလုပ်ထားသော ရွှေဘိုမင်းကောင်းမှု သေလာမုနိ ရုပ်ပွားတော်တစ်ဆူ လည်းရှိသည်။

အိမ်တော်ရာဘုရားသည် ရေမြေ့ရှင်ဘုရင်မင်းမြတ်၏ ကောင်းမှုကုသိုလ်တော် ဖြစ်သည့်အလျောက် မင်းညီ မင်းသား မှူးတော်မတ်တော် ကတော်မယားများမှစ၍ ကုသိုလ်တော်ပွား လှူဒါန်းကြသည်များသောကြောင့် မဟာရာမ်တံတိုင်းကြီးအတွင်း ရှေးမြန်မာ ဗိသုကာအကျော်အမော်တို့၏ လက်စွမ်းပြ ပြာသာဒ် တန်ဆောင်း ရှေးဟောင်းအဆောက်အအုံကြီးများ ပြည့်လျက်ရှိသည်။ သို့ရာတွင် ၁၂၇၂ ခုနှစ်က ကိုးတာရပ်ကွက်မှစ၍ လောင်ကျွမ်းသော ကိုးတာမီးကြောင့် မဟာရာမ်တံတိုင်းအတွင်း အဆောက်အအုံအတော်များများ မီးတွင်ပါသွားခဲ့သည်။ မီးလောင်ကျွမ်းပြီးနောက် အလှူရှင်များက ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်း ၁၃ဝ၄ ခုနှစ်တွင် ဗုံးကျသဖြင့် စေတီတော်မြတ်ကြီးနှင့် ထောင့်လေးထောင့် စေတီရံများ၊ ကျောက်စာများ မဟာရာမ်မှတစ်ပါး အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ရလေသည်။ စစ်ပြီးခေတ်တွင် အလှူရှင်ဒါယကာ ဒါယိကာမတို့က ပြန်လည်ဆောက်လုပ် လှူဒါန်းကြသောကြောင့် ယခုအခါ ခေတ်မီပုံစနစ်တို့ဖြင့် တည်အပ်သော အဆောက်အအုံသစ်တို့ ပြည့်နှက်လျက်ရှိလေသည်။[၁]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)