မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
Mahamuni Image.JPG
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ် 21°57′6.73″N 96°4′43.03″E / 21.9518694°N 96.0786194°E / 21.9518694; 96.0786194ကိုဩဒိနိတ်: 21°57′6.73″N 96°4′43.03″E / 21.9518694°N 96.0786194°E / 21.9518694; 96.0786194
ဘာသာရေး နှီးနွယ်မှု ထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံ မန္တလေးမြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူ ဘိုးတော်ဘုရား
ပြီးစီး ၁၇၈၅၊ မီးသင့်ပြီးနောက် ၁၈၈၄ တွင် ပြန်လည်တည်ဆောက်

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့တွင် တည်ရှိသည်။ မန္တလေး မဟာမုနိ ဘုရား ကို မဟာမြတ်မုနိဟူ၍ လည်းကောင်း၊ ဘုရားကြီးဟူ၍ လည်းကောင်း၊ ရခိုင်ဘုရားကြီးဟူ၍ လည်းကောင်း ခေါ်ကြသည်။ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ကြီး၏ ဘွဲ့အမည်မှာ မဟာမုနိ သာဖြစ်ပြီး မဟာမြတ်မုနိ မဟုတ်ပေ။[၁]

ဓညဝတီ ခေါ် ရခိုင်ပြည်၌ မင်းအဆက်ဆက်တို့ ကိုးကွယ်ခဲ့သော မဟာမုနိ ရုပ်ပွားတော်မြတ်ကား အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း)လက်ထက်၊ သားတော်ကြီး အိမ်ရှေ့ဥပရာဇာဦးပေါ်ကို သက္ကရာဇ် ၁၁၄၆ ခုနှစ် (၁၇၈၄ ခုနှစ်) တန်ဆာင်မုန်းလတွင် ရခိုင်ပြည်သို့ချီစေပြီးနောက် လုပ်ကြံသိမ်းပိုက်ရာမှ အမရပူရ ရွှေမြို့တော်သို့ ပင့်ဆောင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

သဗ္ဗညုရှင်တော်ဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကာလ မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ဓညဝတီ ရခိုင်ပြည်ကြီးတွင် စန္ဒသူရိယမင်းသည် ထီးနန်းဆက်ခံ စိုးစံလျက်ရှိ၏။[၂]ထိုမင်းကြီး အုပ်ချုပ်ခဲ့သည်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိကြသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။

မဟာမုနိဘုရားကြီးအား ဘေးတိုက်အနေအထား ဖူးမြော်ရပုံ
ရှေ့ဘက်မှ အပြည့်မြင်ရပုံ
ဘေးတိုက်အနေထားဖြင့် တွေ့ရပုံ
နောက်ကျောဘက်အား တွေ့ရပုံ

ဓညဝတီသို့ ဘုရားရှင် ကြွချီတော်မူခြင်း[ပြင်ဆင်ရန်]

နန်းစံ(၂၆)နှစ်မြောက်တွင် မြတ်ဗုဒ္ဓအား ပူဇော်ပင့်လျှောက်သည့်အခါ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားသခင်သည် နောက်ပါ ရဟန္တာ ၅ဝဝ ခြံရံလျက် မင်းကြီးစံရာ ဓညဝတီသို့ ဒေသစာရီ ကြွရောက်လာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် ဗုဒ္ဓ၏ ရှေးရှေးဘဝပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးလေသည်။ ဤကဲ့သို့ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင် မဟာပထဝီမြေကြီးသည် တုန်လှုပ်ပြီး ပင်လယ်သမုဒ္ဒရာတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လေသည်။ စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းကို ဘုရင်မင်းမြတ်သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှူးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ ဗုဒ္ဓမထွက်ခွာမှီ ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓာတ်နှင့် ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။

ရုပ်ပွားတော် သွန်းလုပ်ပူဇော်ခြင်း[ပြင်ဆင်ရန်]

နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်း၊ စန္ဒသူရိယမင်းကြီးအပါအဝင် တိုင်းသူပြည်သားတို့က ရွှေငွေရတနာတို့ကို ကျိုချက်၍ ဘုရားရှင်၏ ရှေ့တော်မှောက်တွင် ဉာဏ်တော်(၇)တောင်၊ (၂) မိုက်၊ (၂)သစ်ရှိ မဟာမုနိရုပ်ပွားတော်ကို အောင်မြင်စွာ သွန်းလုပ်ပြီးနောက် ဘုရားရှင်၏ ရင်ငွေ့တော်ကို ၇ ကြိမ်ခံယူလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမဗုဒ္ဓ၏ ရင်ငွေ့တော်ဓာတ်ထည့်လိုက်သောအခါ ဂေါတမဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့ဩကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထဝီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမဗုဒ္ဓသည် သူ၏သာဝက ဗုဒ္ဓရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွသွားလေသည်။ ယင်းအချိန်အတွင်း ဘုရင် စန္ဒသူရိယမင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပလေသည်။ ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်ဟု အဆိုရှိလေသည်။

ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည်ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။

ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်လေသည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်တုတော်အားကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်တုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိကဝတ်ပြုကြလေသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်တုတော် ပျောက်ဆုံးလေသည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်တုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်တောက်ဆောက်ခဲ့ကြလေသည်။

မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ ဘုရားဖူးခရီးတစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်မင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအဝင် တိုင်းပြည်အနှံတွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။[၃]

မန္တလေးသို့ မြန်မာတို့ ပင့်ဆောင်လာခြင်း[ပြင်ဆင်ရန်]

ရခိုင်ပြည် မင်းအဆက်ဆက်တို့လည်း ယင်းရုပ်ပွားတော်မြတ်ကို မဟာမုနိ ဘွဲ့အမည်ဖြင့် ကိုးကွယ်လာခဲ့ကြ၏။ အလွန် တန်ခိုးတော် ကြီးမြတ်သည်ဟုဆိုသည်။ ထိုရုပ်ပွားတော်မြတ်ကို မြန်မာမင်းတို့ ကိုးကွယ်လို၍ ပုဂံပြည် အနော်ရထာမင်းစော လက်ထက်တွင် တစ်ကြိမ်၊ အလောင်းစည်သူမင်းလက်ထက်တွင် တစ်ကြိမ် ပင့်ဆောင်ခဲ့ဖူးသော်လည်း မရရှိခဲ့ချေ။ ၁၇၈၄-ခုနှစ်တွင် အမရပူရမြို့တည် ဘိုးတော်မင်းတရားကြီး လက်ထက်ရောက်မှ ရခိုင်တပြည်လုံးကို သိမ်းကျုံး အောင်မြင်တော်မူ၍သည်။ ထို့နောက် သားတော် မဟာ ဥပရာဇာသီရီ မဟာဓမ္မာဘိဓဇ သီဟသူရ ဘွဲ့ခံ အိမ်ရှေ့မင်းနှင့် သားတော်စကုမင်း၊ ကာမမင်းတို့ကို သက္ကရာဇ် (၁၁၄၆-ခု)၊ တန်ဆောင်မုန်း လဆန်း(၄)ရက် (၁၆-၁ဝ-၁၇၈၄) နေ့တွင် အမရပူရမြို့မှ ထွက်ခွာစေပြီး မဟာမုနိ ရုပ်ပွားတော်မြတ်ကို ပင့်ဆောင်စေပါသည်။ ၁၁၄၆-ခု၊ ပြာသိုလပြည့်ကျော် (၁ဝ) ရက်၊ အင်္ဂါနေ့(၄-၁-၁၇၈၅)နေ့တွင် သီရိမဟာဘိဇယသီဟသူရဘွဲ့ခံ သားတော် အိမ်ရှေ့မင်းသည် မဟာမုနိဘုရားကြီးကို ဓညဝတီမြို့မှ စတင် ပင့်ဆောင်သည်။

မဟာမုနိရုပ်ပွားတော်အား ပင့်ဆောင်လာခဲ့သည် အိမ်ရှေ့မင်း သတိုးမင်းစော၏ ရုပ်တု

သက္ကရာဇ် ၁၁၄၆ ခုနှစ် တပို့တွဲလတွင် မြို့ဟောင်းမှ တောင်ကုတ်အထိ ရေလမ်းဖြင့် ဖောင်ဖွဲ့ပြီး ပင့်ဆောင်လာခဲ့သည်။ တောင်ကုတ်မှ တစ်ဖန် ကုန်းကြောင်းခရီးဖြင့် စက်ရထားစီရင်ပြီး ဥယျာဉ်ပုံကြောင်းမှ ရိုးမကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ခဲ့ရာ၊ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့သို့ ချောမောစွာ ဆိုက်ရောက်လာခဲ့သည်။ ပန်းတောင်းမြို့ဆိပ်ကမ်းအပါအဝင် ရေကြောင်း၊ ကြည်းကြောင်း စခန်းပေါင်း(၅၄)ခုနှင့် တောင်ပေါင်း(၁၃၈)လုံးကို ကျော်ခဲ့ပြီး ရွှေဖောင်တော် နှစ်စင်း တွဲလျှက် ဧရာဝတီမြစ်ကို ဆန်တက်ခဲ့ရာ၊ သက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် စစ်ကိုင်းဆိပ်ကမ်းသို့ ရောက်ရှိတော်မူလေသည်။ ဤသို့မြို့ဟောင်းမှ စစ်ကိုင်းမြို့သို့ ရေကြောင်း ကုန်းကြောင်းခရီးဖြင့် ပင်ဆောင်လာခဲ့ရာ စုစုပေါင်း ၄ လကျော်ကျော် ကြာခဲ့လေသည်။

တည်ထားကိုးကွယ်[ပြင်ဆင်ရန်]

မဟာမုနိဘုရားရှင် ရောက်ကြောင်း ကြားသိသည့်အခါ ဘိုးတော်မင်းတရားကြီးသည် စစ်အင်္ဂါလေးပါး ခြံရံ၍ ကိုယ်တော်တိုင် ရေလည်ပင်းထိ ဆင်းကြိုတော်မူပြီးလျှင်၊ အမရပူရ ရွှေမြို့တော်သို့ပင့်ဆောင်လာခဲ့လေသည်။ ထို့နောက် အမရပူရ မြို့တော်မြောက်ယွန်း တာတစ်ထောင် အကွာ ညီညာပြေပြစ်သော မြေအပြင်ဝယ် အုတ်အင်္ဂတေတို့ဖြင့် ခံတေသာ ဖန်မှန်ရတနာတို့နှင့် ခြယ်စီအပ်သည့် ဘုံကိုးဆင့်ရှိ ရွှေပြသာဒ်တော်တွင် သွင်း၍ ကိုးကွယ်တော်မူလေသည်။

ထို့နောက် မင်းမိဖုရား၊ မှူးမတ် ဝန်စသည်တို့သည် ဘုရားကြီးအတွက် အစဉ်အဆက် ရွှေသင်းကျစ်၊ ရွှေ မကိုဋ်၊ ရွှေစောင်းတန်း၊ ရွှေဇရပ် စသည်ပစ္စည်းများနှင့် ပြသာဒ်ကြီးကို မွမ်းမံပြုပြင်လာကြသည်မှာ သက္ကရာဇ် ၁၂၄၅ ခုနှစ်သို့တိုင် ရောက်ခဲ့လေသည်။ ၁၂၄၅ ခုနှစ် ကဆုန်လတွင် သီပေါမင်းတရားက ရွှေငွေ ကျောက်သံ ပတ္တမြား စုစုပေါင်း ၈ သောင်းကျော် တန်ဖိုးရှိသည့် ထီးဖြူတော်ကို လှူဒါန်းတော်မူသည်။

သက္ကရာဇ် ၁၂၄၅ ခုနှစ် တန်ခူးလတွင် ရတနာဘုမ္မိအရပ်မှ စ၍လောင်သော မီးကူးစက်မှုကြောင့် မဟာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်တော်မူရာ တန်ဆောင်း ပြသာဒ်တော်ကြီးနှင့်တကွ စောင်းတန်းလေးသွယ်၊ ပတ်ဝန်းကျင် ကျောင်းတိုက်များပါ မီးသင့်လောင်လေသည်။ မဟာမုနိ ရုပ်ပွားတော်မြတ်မှာ ရွှေသား မကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် အများကောင်းမှုများအားလုံး မီးထဲတွင် ပါသွားသည်။ ရုပ်ပွားတော် မူရင်းမှာကား တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ ပကတိအတိုင်း တည်ရှိတော်မူသည်။

ဘယ်: နံနက်ခင်းတွင် ဘုရားမျက်နှာတော်သစ်နေပုံ. ညာ:နံနက်ခင်းတွင် ဘုရားသွားတော်အား ပွတ်တိုက်သန့်စင်ပေးနေပုံ

မဟာမုနိ ရုပ်ရှင်တော်မှ စီးဆင်းသည့် ရွှေများကို ကောက်ယူချိန်တွယ်ကြည့်ရာ ရွှေချိန် ငါးထောင့်လေးရာ ငါးဆယ် (၅,၄၅ဝ) ကျော်သည်ဟု သိရသည်။ ၁၂၄၆ ခုနှစ် ဝါဆိုလတွင် ထိုပျက်စီးသမျှ ရွှေသားမကိုဋ် စသည်တို့ကို သီပေါမင်းတရားက ပြန်လည် တပ်ဆင်မွမ်းမံပြီးလျှင် မျက်နှာတော် ဖွင့်တော်မူသည်။ မဟာမုနိ ရုပ်ပွားတော်မှာ ဉာဏ်တော် ၈ တောင် တစ်မိုက်၊ သို့မဟုတ် ၁၂ ပေ ၇ လက်မရှိပြီးလျှင် ပလ္လင်တော်မှ ၇ ပေမြင့်သည်။

သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်တွင် ယခုထင်ရှားရှိသော ပြသာဒ်တော်ကြီးကို အုတ်အင်္ဂတေတို့ဖြင့် အဓွန့်ရှည်စွာ အခိုင်အခံ့ ဆောက်လုပ် လှူဒါန်းကြသည်။ ထိုပြသာဒ်တော်ကြီး အထက်တွင် ထားရှိသော မူလထီးတော်ကြီးသည် ၁၂၇၈−ခုနှစ်တွင် လေခ၍ မြေသို့ကျရာ ရပ်စောက်စော်ဘွားကြီးက အသစ်တစ်ဖန် ပြန်လည်လှူဒါန်းပြန်သည်။ ငှက်မြက်နားတော်၊ စိန်ဖူးတော်သို့ကိုကား ညောင်ရွှေစော်ဘွားကြီး ဆာစဝ်မောင်က ၁၂၈ဝ ပြည့်နှစ်တွင် တင်၍ လှူဒါန်းတော်မူသည်။

ဘုရားတန်ဆောင်းအနီးရှိ လိပ်၊ ငါးများ မွေးမြူးထားသည့်ကန်

၁၂၄၆ ခုနှစ်နောက်ပိုင်း အသေးစိတ် အချက်အလက်များ[ပြင်ဆင်ရန်]

၁၂၄၈-ခု၊(၁၈၇)တောင်တော်သာသနာပိုင် ဆရာတော်ကြီးအမှူးရှိသော သုဓမ္မာဆရာတော်ကြီးများနှင့် ကင်းဝန်မင်းကြီး အမှူးရှိသော ပုဂ္ဂိုလ်များက မဟာမုနိဘုရားကြီးနှင့် ပတ်သက်သော အုပ်ချုပ်မှုကိစ္စအဝဝကို တာဝန် ယူဆောင်ရွက်သည်။

၁၂၄၈-ခု၊ (၁၈၇)ခု၊ ရွှေရေးဆောင်ဆရာတော် ဦးနန္ဒကို မျက်နှာသစ်တော်ရေဝတ်ဆောင်ရွက်တော်မူရန်အတွက် ဂန္ဓကုဋိသော့ အပ်နှင်းသည်။

၁၂၅၃-ခု၊ (၁၈၉၁)တွင် ကိုဓဥပဒေ(၉၂)အရ မဟာမုနိဘဏ္ဍာတော်ထိန်း စည်းမျဉ်းဥပဒေဖြစ်ပေါ်လာ၍ ထို ဥပဒေအရ ပထမဆုံးဘဏ္ဍာတော်ထိန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

၁၂၅၆-ခု၊ နယုန်လဆန်း(၅)ရက်၊ တနင်္ဂနွေ (၂၇-၆-၁၈၉၄)နေ့တွင် အင်ဂျင်နီယာမင်းကြီး မစ္စတာဟင်နဲပေါ့ လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူနှင့် ဝန်စာရေးကြီး ဦးယောတို့က ဂန္ဓကုဋိတိုက်အား ထပ်မံအုတ်မြစ်ချသည်။

၁၂၅၈-ခုနှစ်၊(၁၈၉၆)တွင် ဘိုးတော်ဘုရား၏ ဂန္ဓကုဋိတိုက်ကိုငုံ၍ ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်းဗိသုကာများက လက်ရှိ ဂန္ဓကုဋိတိုက်ကို တည်ဆောက်သည်။

၁၂၆ဝ-ခု၊ တပို့တွဲလဆန်း (၈)ရက်၊ ဗုဒ္ဓဟူး (၁၈-၁-၁၈၉)နေ့တွင် သုဝဏ္ဏမဟာပါသာဒ အပြင်အုတ် ကျောင်းတော်ကြီးပြီးစီး၍ ထီးတော်တင်ခဲ့သည်။

၁၂၆၁-ခု၊ တပို့တွဲလဆန်း (၁၄)ရက်၊ (၁၂-၂-၁၉ဝဝ)တွင် မဟာမုနိပလ္လင်တော်၊ တံကဲတော်များကို ဦးဖဲက ပြင်ဆင်၍ ရေစက်သွန်းချသည်။

၁၂၆၃-ခု၊ တပို့တွဲလဆန်း (၁၃)ရက်၊ (၂ဝ-၂-၁၉ဝ၂)တွင် သီပေါဘုရင်လှူဒါန်းသော ရွှေသားမကိုဋ်တော်အား ပြန်လည်ပြုပြင်ပြီး ရွှေသားချိန် (၁၉ိ၊ ၁မူး)နှင့် စိန်၊ ပတ္တမြား၊ နီလာ၊ ရတနာမျိုးစုံ (၉၄ဝ)လုံးစီချယ်သော မကိုဋ်တော်ကို လှူဒါန်းကြသည်။

၁၂၆၅-ခု၊ (၁၉ဝ၃-၁၉ဝ၄)ဆန် ဦးဘိုးကြီးက ကျောင်းတော်ကြီးအတွင်းရှိ ဖလ်ပွတ်လုံးများ လှူဒါန်းသည်။

၁၂၇ဝ-ခု၊ ဝါဆိုလဆန်း (၁၅) ရက်၊ (၁၂-၇-၁၉ဝ၈)နေ့တွင် နဝရတ်ကိုးပါးချယ်သော ရွှေသား ၁၃ ပိဿာ၊ ၆ဝ ကျပ်ရှိ ရွှေသားစလွယ်တော်ကြီးကို လှူဒါန်းကြသည်။

၁၂၈ဝ-ခု၊ (၁၉၁၈)တွင် ရွှေညောင်စော်ဘွားကြီး ဆာစဝ်မောင်က ရွှေချိန် (၁၉)ကျပ်နှင့် စိန်၊ ပတ္တမြား၊ နီလာ ရတနာတို့ဖြင့် စိန်ဖူးငှက်မြတ်နားကို လှူဒါန်းပါသည်။

၁၂၉၃-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်၊ (၂၉-၁-၁၉၃၁)တွင် ရသေ့ကြီးဦးခန္တီသည် မဟာမုနိနှင့် အာနန္ဒာသိမ်တော်ကြီးသွား အုတ်စောင်းတန်းကြီးကို ဆောက်လုပ်လှူဒါန်းပါသည်။

၁၃၁၇-ခု၊ နတ်တော်လပြည့်ကျော် (၁)ရက်၊ (၃ဝ-၁၂-၅)နေ့တွင် သာသနာနှစ် (၂၅ဝဝ)အထိမ်းအမှတ်အဖြစ် ရတနာဗိမာန်တော်ကြီးကို စံကင်းဆရာတော်၊ ညောင်ရမ်းဆရာတော်၊ ခေမာသီဝံဆရာတော်နှင့် ဟံသာဝတီဆရာတော်များ မှ ရွှေ၊ ငွေ၊ ရတနာအုတ်များဖြင့် အုတ်မြစ်ချပေးပြီး (၁၃၁၈)ခု၊ နှောင်းတန်ခူးလပြည့်နေ့ (၁၄-၄-၅၇)တွင် ဖွင့်ပွဲ အခမ်း အနားကျင်းပခဲ့သည်။

၁၂၉၃-ခု၊ ပြာသိုလပြည့်ကျော် (၈)ရက်၊ စနေနေ့(၃ဝ-၁-၁၉၃၂)တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန် လှူဒါန်းသော ဘော်သားမျက်နှာကျက်တော်ကြီး တင်လှူသည်။

၁၂၉၄-ခုတွင် (၁၉၃၂-၁၉၃) မဟာမုနိကိုယ်တော်ကြီး နောက်ရှိ သစ်သားတံကဲတော် တပ်ဆင်လှူဒါန်းသည်။

၁၃ဝ၃-ခု၊ နှောင်းတန်ခူးလဆန်း (၇)ရက် (၂-၁-၁၉၄၂)တနင်္ဂနွေနေ့၊ ဦးဇောတိကအမှူးရှိသော ရဟန်းပျို (၃ဝ)ကျော်တို့သည် ပွဲစားခေါင်းဆောက်လုပ်ထားသော အာရုံခံအုတ်တိုက်တော်ကြီးကို တည်ရာဌာနပြု၍ (ယခုပြတိုက်-၁ နေရာ) မဟာမုနိဘုရားကြီး၏ ဗုဒ္ဓသန္တကပစ္စည်းများကို စောင့်ရှောက်ခဲ့သည်။

၁၃ဝ၄-ခု၊ ပထမဝါဆိုလဆန်း (၃)ရက်၊ တနင်္လာနေ့ (၁၅-၆-၁၉၄၂)တွင် ဂျပန်အုပ်ချုပ်ရေးအဖွဲ့မှလည်း ရဟန်းပျိုဆရာတော်များ အား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် အပ်သည်။

၁၃ဝ၉-ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၇)ရက်၊ ၁၉၃၈-ခု၊ မတ်လ (၁၆)ရက်၊ အင်္ဂါနေ့တိုင်အောင် ရဟန်းပျိုအဖွဲ့ စောင့်ရှောက်ခဲ့ပါသည်။

၁၃၁ဝ-ခု၊ (၁၉၄၈-၄၉)တွင် အိမ်ရှေ့ဥပရာဇာ၏ ကြေးရုပ်ပုံသွင်းသည်။ မြောက်စောင်းတန်းထိပ် ခြင်္သေ့ကြီးများလည်း ပြီးစီးသည်။

၁၃၁ဝ-ခု၊ (၁၉၅၁-၅၂)တွင် ကြေးရုပ်ကြီးများအား ထားရှိရန်အတွက် ပြတိုက်အဆောက်အဦ ဆောက်လုပ်သည်။

၁၃၁၆-ခု၊ (၁၉၅၄) ဂန္ဓကုဋိကျောင်းတော်ကြီး ရွှေချခဲ့သည်။

၁၃၂ဝ-ခု၊ တပေါင်းလဆန်း (၇)ရက်၊ တနင်္ဂနွေနေ့တွင် (၁၅-၃-၁၉၅၉)ဂန္ဓကုဋိအပြင်ကျောင်းတော်ကြီး ရွှေချပြီးစီးသည်။

၁၃၂၁-ခု၊ ကဆုန်လဆုတ်(၇)ရက်၊ကြာသပတေးနေ့တွင် (၂၈-၅-၁၉၅၉)မန္တလေးမြို့တည် နန်းတည်နှစ် (၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် မဟာမုနိဘုရားကြီးရင်ပြင်တော် အရှေ့မြောက်ထောင့်တွင် ဗဟိုစင်ဆောက်လုပ်သည်။

၁၃၂-ခုတွင် (၁၉၆ဝ-၆၁)မဟာမုနိပြတိုက်အမှတ် (၁)နှင့် ဓမ္မစကြာပြတိုက်အမှတ် (၂)တို့ကို ဆောက်လုပ် လှူဒါန်းသည်။

၁၃၂၇-ခု၊ ပြာသိုလဆန်း (၉) ရက်၊ သောကြာနေ့ (၃၁-၁၂-၁၉၆၅)တွင် ကြေးချိန် (၃၂၆၄)ပိဿာရှိ ညိမ်းချမ်း သာယာကြေးစည်ကြီး စတင်ပြုလုပ်သည်။

၁၃ဝ-ခု၊(၁၉၆၈-၆၉)တွင် မဟာမုနိပိဋကတ်တိုက်တော် ဆောက်လုပ်လှူဒါန်းသည်။ ၁၃-ခု၊ (၁၉၇၁-၇၂)ကြေးချိန် (၂၁၅၆)ပိဿာရှိ ချမ်းအေးပြည်သာကြေးမောင်းကြီး သွန်းလောင်းလုပ်ဆောင်သည်။

၁၃၄၁-ခု၊ တော်သလင်းလဆန်း (၄)ရက် စနေနေ့ (၂၅-၈-၁၉၇၉)တွင် မိုးကောင်းဓမ္မာရုံကြီး၏ အနောက်ဖက်ကပ်လျက် ဂြိုဟ်ပြေနံပြေအဆောက်အဦး ဆောက်လုပ်ပြီးစီးခဲ့သည်။

၁၃၄၃-ခု၊ ဝါဆိုလဆုတ် (၉)ရက် စနေနေ့ (၂၅-၇-၁၉၈၁) ခြေတော်ရာပြတိုက် ပြီးစီး၏။

၁၃၄၄-ခု၊ နတ်တော်လဆန်း (၃)ရက် စနေနေ့တွင်(၁၈-၁၂-၈၂)မဟာမုနိသမိုင်းပန်းချီအတွက် လုပ်ငန်းစတင် အကောင်အထည်ဖော်ခဲ့သည်။

၁၃၄၅-ခု၊ ကဆုန်လဆုတ် (၇)ရက် (၂-၆-၈၃) တွင် နိဗ္ဗာန်လမ်းမုဒ်ဦး (ပဌာန်းမုဒ်ဦး) ပြီးစီးသည်။

၁၃၄၅-ခု၊ဝါခေါင်လဆန်း(၁၃)ရက်၊ တနင်္ဂနွေနေ့တွင်(၂၁-၈-၈၃)အမြဲတမ်း မဟာဗုဒ္ဓဝင်ပြတိုက်ကြီး နှင့်တကွ ဥယျာဉ်တော်တည်ဆောက်ရေးလုပ်ငန်း စတင်လုပ်ဆောင်သည်။

၁၃၄၆-ခု၊ တပို့တွဲလဆန်း(၁)ရက် (၃၁-၁-၈၅)နေ့တွင် ရွှေသား(၂၅ပိဿာ၊ ၄၉ ကျပ်၊ ၁ ပဲ၊ ၁ ၁/၂ ရွေး)ရှိသော ရွှေသားမျက်နှာကြက်တော်ကြီးနှင့်အလယ် ရွှေကြာဖူးကြီးတို့အား တပ်ဆင်ပြီးစီးခဲ့ပါသည်။

၁၃၄၈-ခု၊နယုန်လဆုတ်(၁၃)ရက်မှ ဝါဆိုလဆုတ်(၁)ရက် (၅-၇-၈၅)မှ(၁-၈-၈၆)နေ့အထိ (၂၈)ရက်ကြာ တပ်မတော်နှင့် လုပ်အားရှင်ပေါင်း (၁၄၆၁၇)ဦးဖြင့် လိပ်ကန်(မေတ္တာကန်)ဆယ်ယူ မွမ်းမံပြင်ဆင်ခဲ့ပါသည်။

၁၃၄၉-ခု၊ တပေါင်းလဆန်း(၁)ရက်(၁၇-၂-၈)တွင် မဟာမုနိဘုရားကြီးအား မျက်နှာသစ်မှုရေတော်ဝတ်ကို လက်ရှိဆရာတော်ဘဒ္ဒန္တပညာဝံသ တောင်ထီးလင်းတိုက်၊ ပိဋကတ်တိုက်ကျောင်းမှ ယနေ့တိုင်ဝတ်ပြု ဆောင်ရွက်ခဲ့ပါသည်။

၁၃၅ဝ-ခု၊ နယုန်လဆုတ်(၂)ရက်(၁-၆-၈)မှစတင်၍ ငါးကန်ကြီးအားဆယ်ယူခဲ့ပြီး အရေးအခင်းကြောင့် ခေတ္တရပ်နားပြီး(၁၃-၁ဝ-၈)တွင် တဖန် တပ်မတော်နှင့် လုပ်အားရှင်ပေါင်း (၁၈၄၃၇)ဦးတို့ ပြန်လည်ဆယ်ယူ မွမ်းမံခဲ့ရာ(၁၂-၄-၈၉) တွင် ပြီးစီး၍ (၁၇-၄-၈၉)တွင် ငါးကန်ဖွင့်ပွဲကျင်းပခဲ့ပါသည်။

၁၃၅၁-ခု၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၁၇-၈-၈၉)နေ့တွင် ဘုရားကြီးဝတ္ထုကံနယ်မြေတော်အတွင်း စိမ်းလန်းစိုပြေရေးနှင့် ဥယျာဉ်တော်လုပ်ငန်းစီမံချက်ချမှတ်လုပ်၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

၁၃၅၁-ခု၊ တပို့တွဲလပြည့်ကျော်(၃)ရက်(၁၂-၂-၉ဝ)တွင် ဗုဒ္ဓဝင်ပြတိုက်၊ နာရီစင်နှင့် လိပ်ကန်ဥယျာဉ်တော် တို့ကို တိုင်းမှူး(နမခ) ဗိုလ်ချုပ်ထွန်းကြည်မှ ဖွင့်လှစ်ပေးခဲ့သည်။

၁၃၅၂-ခု၊ သီတင်းကျွတ်လပြည့်(၃-၁ဝ-၉ဝ)ရက်နေ့တွင် ဓာတ်ပေါင်းစုစေတီတော် တည်ဆောက်ပြီးစီး၍ ထီးတော် တင်ခဲ့သည်။

၁၃၅၅-ခု၊ တန်ခူးလဆန်း(၁၃)ရက်(၄-၄-၉၃)နေ့တွင် ဗောဓိပင်စောင်းတန်းတောင်ဘက်ရှိ ထေရီထေရာပြတိုက် အမှတ်(၁)ကို တည်ဆောက်ပြီးစီး၍ ကျပ်(၇.၂၃)သိန်း ကုန်ကျခဲ့ပါသည်။

၁၃၅၅-ခု၊ ပထမဝါဆိုလဆန်း(၄)ရက်(၂-၆-၉၃)နေ့တွင် ဘုရားကြီး၏ ဘုံခုနှစ်ဆင့်ရွှေသားပြာသာဒ်တော် အထက်ရှိ ထုပိကာတော်ကို ရွှေစင်ရွှေပြား(၁ဝ၇၁)ချပ်၊ ရွှေသားအလေးချိန်(၇ ပိဿာ၊ ၇၁ ကျပ်၊ ၂ ရွေး)ကို တပ်ဆင်ကပ် လှူပြီးစီးခဲ့ပါသည်။

၁၃၅၅-ခု၊နတ်တော်လဆုတ်(၁ဝ)ရက် (၇-၁-၉၄)နေ့တွင် ထေရီထေရာပြတိုက်အမှတ်(၂/၃/၄/၅/၆)ဖြစ်သော ပြတိုက်(၅)ခု ပြီးစီးခဲ့၍ စုစုပေါင်းကျပ်(၃၅.၂၇)သိန်း ကုန်ကျခဲ့ပါသည်။

၁၃၅၆-ခု၊ တော်သလင်းလဆန်း(၁)ရက်(၁၅-၉-၉၄)နေ့တွင် ဘုရားကြီးအား အနီးကပ်ဖူးမြော်နိုင်ရန် တယ်လီ ဗေးရှင်းစက်(၅)လုံးနှင့် ဘုရားကြီးအတွက် ဂန္ဓကုဋိတိုက်အတွင်း လေအေးပေးစက်(၂)လုံး တပ်ဆင်ခဲ့ပါသည်။

၁၉၉၄-ခု၊ဒီဇင်ဘာလမှစ၍ ဘုရားကြီးရင်ပြင်တော်၊ ဗောဓိပင်စောင်းတန်း၊ ဂြိုဟ်ပြေနံပြေစေတီ၊ လိပ်ကန်၊ ငါးကန်၊ နိဗ္ဗာန်မုဒ်ဦးလမ်း၊ ထေရီထေရာလမ်း၊ ဗုဒ္ဓဝင်ပန်းခြံ၊ မီးပုံးထင်းပန်းခြံ၊ ပြတိုက်(၁)(၂)စသည်တို့တွင် ကျောက်ပြား၊ ကြွေပြားများခင်းခဲ့ပါသည်။

(၁၃-၁ဝ-၉၄)နေ့မှစ၍ ၁၉၅-ခုနှစ်ကုန်အထိ ကျောင်းတော်ကြီးစေတီရံထီးများ၊ စောင်းတန်း(၄)သွယ်ရှိထီးများ၊ ရှင်မလဲဘုရားထီးငယ်များ၊ အနောက်ဆုတောင်းပြည့်ဘုရား ထီးကြီး၊ ထီးငယ်များနှင့်အခြား စေတီရံထီးငယ် စုစုပေါင်း(၅ဝ၅)ခုတို့အား ပြုပြင်မွမ်းမံ ရွှေချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

(၁၃-၉-၉၄)နေ့မှစ၍ ၁၉၆-ခုအထိ ကျောင်းတော်ကြီးတိုင်(၁၂ဝ)တို့အား ပြန်လည်ရွှေချမွမ်းမံခြင်းနှင့် တိုင်ခြေတို့၌ ဇီးရောင်ကြွေပြားများ ကပ်လျက်ရှိပါသည်။

၁၉၉၅-ခု၊ ဒီဇင်ဘာလမှစပြီး ဂန္ဓကုဋိကျောင်းတော်ကြီး၏ ထုပိကာရာမလက်ညှိုးမှ ကြာကလပ်ရှိ မူလကြေးပြားများ ပေါ်တွင် သိန်း(၄၆၁၅)ကုန်ကျမည့်၊ ရွှေသားအလေးချိန်(၁၇ိ ၈ဲ)ကပ်လှူရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ဘုံခုနှစ်ဆင့်ပြာသာဒ်တော်ကြီးကိုလည်း(၃၄၂)သိန်း အကုန်အကျခံ၍ ကြေးပြားကပ်ရွှေချလုပ်ငန်းများကို ဆောင်ရွက် နေပြီဖြစ်ပါသည်။[၄]

မဟာရာမ်အတွင်းရှိ ရုပ်တုကြီးများ သမိုင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မဟာမုနိဘုရားပရဝဏ်ရှိ ကြေးရုပ်ကြီးများ

မဟာမုနိဘုရား မဟာရာမ်အတွင်းတွင် ရှိနေသော ယိုးဒယားကြေးလူရုပ် ၂ ခု၊ ခြင်္သေ့ရုပ် ၃ ခုနှင့် ခေါင်း ၃ လုံးရှိသော ဧရာဝဏ်ဆင်ရုပ် တစ်ခုတို့မှာ မဟာမုနိ ရုပ်ရှင်တော်မြတ်နှင့်အတူ ရခိုင်ပြည်မှ ပါလာသော ကြေးရုပ်ကြီးများဖြစ်သည်။ ရခိုင်ပြည်မှ ပါလာသော်လည်း ရခိုင်ကြေးရုပ်များ မဟုတ်၊ ယိုးဒယားကြေးရုပ်များသာ ဖြစ်သည်။ ဤကြေးရုပ်များသည် ဘုရင့်နောင်လက်ထက်က ယိုးဒယားမှ သိမ်းယူခဲ့သည်။ နောက်သားတော် နန္ဒဘုရင် လက်ထက်တွင် တောင်ငူစားနှင့် စစ်ဖြစ်ရာ တောင်ငူစားဘက်မှ ရခိုင်ဘုရင်က ကူညီတိုက်သဖြင့် စစ်နိုင် သွားသည်။ ထို့ကြောင့် တောင်ငူစားက ဤကြေးရုပ်ကြီးများကို လက်ဆောင်အဖြစ် ပေးလိုက်ခြင်းဖြစ်သည်။[၅]

ယနေ့တည်နေရာ[ပြင်ဆင်ရန်]

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးသည် ကျွန်းလုံးဥသျှောင်ရပ်ကွက်ချမ်းမြသာစည်မြို့နယ်မန္တလေးမြို့တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် ၈၁−လမ်းနှင့် ထီးလင်းကျောင်းတိုက်၊ အနောက်ဘက်တွင် ၈၄−လမ်းနှင့် ရွှေရေးဆောင်ကျောင်းတိုက်၊ တောင်ဘက်တွင် အသောကရာမကျောင်းတိုက်၊ မြောက်ဘက်တွင် မြင်းဝန်ကျောင်းတိုက်နှင့် အကွက်-၅ဝ တို့တည်ရှိကြပါသည်။[၄]

အငြင်းပွားဖွယ်ရာ[ပြင်ဆင်ရန်]

အငြင်းပွားဖွယ်မှာ မြတ်ဗုဒ္ဓသည် မဇ္ဇျိမဒေသမှ လွဲလျှင် ကျန်နေရာများသို့ ကြွချီခြင်းမရှိဟူသော သမိုင်းဆိုင်ရာ အငြင်းပွားမှု နှင့် ရုပ်ပွားတော်၊ဆင်းတုတော် ထုလုပ်ကိုးကွယ်ခြင်းမှာ အသောကမင်းကြီး လက်ထက်လွန်သည်အထိ အိန္ဒိယတွင်ပင် ထွန်းကားခြင်းမရှိသေးခြင်းတို့ကြောင့် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ သမိုင်းနှင့် သက်တမ်းမှာ သံသယဖြစ်ဖွယ်ရှိသည်ဟု သတ်မှတ်ကြသည်။

ရုပ်ပုံကဏ္ဍ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. လူထုဒေါ်အမာ. မန္တလေးသူ၊ မန္တလေးသားများ 
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ(၈)
  3. ald-exile.org
  4. ၄.၀ ၄.၁ http://www.mahamunipagoda.org.mm
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)