အယူတော်မင်္ဂလာဦးနိုး

ဝီကီပီးဒီးယား မှ
(အယူတော်မင်္ဂလာ ဦးနိုး မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

အယူတော်မင်္ဂလာ ဟူသောဘွဲ့အမည်ဖြင့် ကျော်ကြားလာမည့် မောင်နိုးအား ၁၆ရက်နေ့၊ ဇွန်လ၊ ၁၇၆၂ခုနှစ်က ဒီပဲယင်းမြို့နယ်၊ ကိုးသန်းတိုက်နယ်၊ အရှမ်းကြခပ်ကျေးရွာတွင် ဖွားမြင်သည်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး မိခင်ဘက်မှ ဦးကြီးမှာ မင်းကြီးမဟာကျော်ထင်ဘွဲ့ဖြင့် အမတ်အဖြစ်ထင်ရှားခဲ့သူဖြစ်သည်။ ငယ်စဉ်က မောင်နိုးသည် ဘုံသာတုလွတ်ကျောင်း ဆရာတော်ထံတွင် စာပေသင်ကြားခဲ့ပြီး အရွယ်ရောက်သည့်နောက်တွင် တရားသူကြီး သတိုးမဟာသီဟသူရ ထံတွင် စာရေးအဖြစ် အမှုထမ်းသည်။ ၁၇၈၂တွင် ဗဒုံမင်း နန်းတက်လာသောအခါတွင် မောင်နိုးအား နေမျိုးလေခပျံချီဘွဲ့ချီးမြှင့်ကာ အနားခေါ်၍ အမှာတော်ရေးခန့်သည်။ မောင်နိုးသည် အတိတ်နိမိတ်တဘောင်စနည်းဘဝေါ စသည်တို့ကို အဓိပ္ပါယ်ကောက်ယူရာတွင် ထက်မြက်သည့်သတင်းထွက်ပေါ်လာပြီးနောက်တွင် ဗဒုံမင်း၏ သဘောကျခြင်းခံရသဖြင့် အယူတော်မင်္ဂလာ ဟူသောဘွဲ့ကို ပေးလေသည်။

အယူတော်မင်္ဂလာ၏ ထင်ရှားသည့် အဓိပ္ပါယ်ကောက်ယူခြင်းများ[ပြင်ဆင်ရန်]

ဗဒုံမင်းနန်းသက်[ပြင်ဆင်ရန်]

"ညအခါ လသာသာ၊
ဘုရားတကာ(ဒကာ) ဆေးတံသောက်ပြီး
လူပျိုလှည့်တယ်။"

အထက်ပါ တဘောင်ပေါ်သည့်အခါ ဗဒုံမင်းက သူ၏နန်းသက်ကို ၃၆နှစ်ဟု တွက်သည်။ သို့သော် အယူတော်မင်္ဂလာက ဂဏန်းဗေဒင်အရ ၃၇နှစ်ကို ယတိယူဆသည်။

တဖန် ဗဒုံမင်းအိမ်မက်တွင် နတ်တစ်ပါးက ပုတီ၇၅လုံးပါ တစ်ကုံးပေးသည်ဟု မက်မြင်၍ အယူတော်မင်္ဂလာအား အဓိပ္ပါယ်ဖော်စေရာ နန်းသက် ၃၈နှစ်၊ သက်တော် ၇၅နှစ် ဟုကောက်ယူသည်။

ရခိုင်သိမ်းရန် စနည်းနာခြင်း[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက်တွင် ရခိုင်ကို သိမ်းယူရန် စီစဉ်ကာ အယူတော်မင်္ဂလာအား စနည်းနာစေသည်။
"ကေတုမတီ၊ ညာချီရင်သား၊ လွန်ကြီးပွား၊
ဘုရားကိုယ်တိုင်ကြွလတ္တံ၊ မုဆိုး ဆတ်သားစားလတ္တံ။"-ဟု စနည်းရသည်။

အဓိပ္ပါယ်ကောက်ယူသောအခါ အိမ်ရှေ့မင်း ဦးပေါ်မှာ တောင်ငူ(ကေတုမတီ)စား ဖြစ်ခြင်းကြောင့် ဆတ်ဟုယူသော ရခိုင်ကို မုဆိုးဘိုမင်းဆက်မှ အောင်နိုင်မည်ဖြစ်ကြောင်း၊ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကိုလည်း ပင့်ဆောင်လာနိုင်မည်ဖြစ်ကြောင်း လျှောက်သည်။ လျှောက်သည့်အတိုင်း မှန်သည်။

စနည်းဖြင့် အပြစ်ပေးခြင်း[ပြင်ဆင်ရန်]

မိုးတားစား သတိုးမင်းကြီးမင်းထင်သည် လွှတ်တက်တရားသူကြီးတစ်ဦးဖြစ်ကာ မဆင်မခြင် လာဘ်စားသဖြင့် အများကကြောက်ရွှံ့ပြီး နှိပ်စက်သမျှကို ခံရသည်။ ဗဒုံမင်းက စနည်းနာရန် ပြောသောအခါတွင် အယူတော်မင်္ဂလာက နန်းတော်သို့လာစဉ်ကပင် စနည်းရပြီးကြောင်းလျှောက်သည်။ မိခင်က သမီးဖြစ်သူအား ဆန်ဝယ်ရန် ငွေစ တစ်မူး(တစ်ကျပ်၏ဆယ်ပုံတစ်ပုံ) လည်းမဟုတ်၊ တစ်မတ်(တစ်ကျပ်၏လေးပုံတစ်ပုံ)လည်းမဟုတ်သဖြင့် ပြည်တောင်းမှောက်၍ ဆန်ချင်ပေးရမည်ဟု ဆူပူသည်ကို ကြားခဲ့ကြောင်း၊ တဆက်တည်းဆိုပါက-

"မူးမဟုတ်၊မတ်မဟုတ်လို့ ပြည်မှောက်တယ်"- ဟုအဓိပ္ပါယ်ထွက်ကြောင်း လျှောက်သည်။ ဗဒုံမင်းလည်း မိုးတားစားအား ရာထူးမှ ထုတ်ပယ်လေသည်။

တရုတ်စကားသုပ် စနည်းနှင့် ယတြာ[ပြင်ဆင်ရန်]

၁၃ရက်နေ့၊ မတ်လ၊ ၁၈၁၀ခုနှစ်တွင် ရွှေမြို့တော်ရှိ တရုတ်ငရွှေကြည်အိမ်မှစကာ မီးကြီးလောင်သဖြင့် နန်းတော်၊ရွှေတိုက်နှင့်တကွ တစ်မြို့လုံးပင် မီးထဲပါလေသည်။ တိုက်ဆိုင်စွာဖြင့် တရုတ်သံအဖွဲ့ကလည်း ဝန်တင်လား ခုနှစ်ထောင်၊ ကုန်စည်ဝယ်ရန် ငွေရှစ်သိန်းတို့ဖြင့် အမရပူရသို့ရောက်လာသည်။ မြေးတော်စစ်ကိုင်းမင်းသား၏ လူများက တစ်ညတွင် တရုတ်သံအဖွဲ့အား ဓားပြဝင်တိုက်လေသည်။ ထိုအခါ တရုတ်သံအဖွဲ့က ငွေပြန်ပေးရန်၊ အပြစ်ရှိသူများအား ဒဏ်ခတ်ရန် တောင်းဆိုလာသည်။ ဗဒုံမင်းအနေဖြင့်လည်း ရွှေတိုက်မီးလောင်ထားသဖြင့် ငွေလည်းပြန်မဆပ်နိုင်၊ မြေးတော်စစ်ကိုင်းစားကိုလည်း ဒဏ်မခတ်နိုင်သဖြင့် ဦးပေါ်ဦးအား တရုတ်ငရွှေကြည်ကြောင့် မြို့တော်မီးထဲပါသည်ကို အကြောင်းပြုကာ တရုတ်သံအဖွဲ့အား ငွေသိန်းသန်းကုဋေဖိုး အလျော်ပြန်ပေးရန် တောင်းစေသည်။ အယူတော်မင်္ဂလာအား စနည်းနာစေသည်။

"တရုတ်စကား မိဘများ၊ လက်သုပ်လည်းစားကိန်းဖြစ်လာ။
ကျေးသားစစ်ပွဲအောင်၊ ပြည်ထောင်လွမ်းခြင်းအေး၊ ကျင်စွမ်လူ့ပဂေး။"- ဟူသော စနည်းကို ရလေသည်။

သို့ဖြင့် စနည်းအတိုင်း ဦးပေါ်ဦးစကားစစ်ထိုးချိန်နှင့် အကိုက်တွင် မင်းမိဖုရား နှစ်ပါးမှ တရုတ်စကားပွင့်အား သုပ်၍ စားစေသည်။ နောက်ဆုံးတွင် ဦးပေါ်ဦး စကားကပ်ကောင်းသဖြင့် တရုတ်တို့ အသာတကြည်ပင် ပြန်ရလေသည်။

အတင်အရုံနှင့် သာသနာပိုင်[ပြင်ဆင်ရန်]

၁၈ရာစုဦးမှ စကာ သာဿနာအတွင်းတွင် သံဃာများအနေဖြင့် အတင်နှင့် အရုံဟူ၍ အငြင်းအခုံကြီးဖြစ်ခဲ့သည်။ ဥတ္တရာသဂ် ဟုခေါ်သည့် အပေါ်ဝတ်ရုံအား အလုံခြုံသင့်၊ ပုခုံးတစ်ဖက်လှပ်သင့် စသည်ဖြင့် အငြင်းပွားကြခြင်း ဖြစ်သည်။ ပုခုံးတစ်ဖက်သာတင်လျှင် အတင်(ဧကံသိက)၊ အပြည့်ဝတ်ဆင်လျှင် အရုံ(ပရုပဏ)ဟူ၍ သတ်မှတ်သည်။ သို့သော် ၁၈၁၄ခုနှစ်တွင် ကျင်းပသည့် စကားအခြေတင် ဆွေးနွေးပွဲ(အပြိုင်အဆိုင်)အဆုံးသတ်တွင် အရုံဖက်မှ ဝိနည်းဝိနယတို့ဖြင့် ညီညွှတ်အောင် တင်နိုင်သဖြင့် အတင်ဖက်မှ အတုလဆရာတော် (မောင်ပန်းထွေး) ရှုံးလေသည်။

အယူတော်မင်္ဂလာအနေဖြင့်လည်း - 'ဦးပြည်းယောက်ျား၊ လဘက်စားသည် တိုင်းကားပြည်ရွာ ဆူလတ္တံ။
ဦးပြည်းမိုးကြိုး ပစ်ခတ်ချိုး၊ အရိုးနေလ မှိန်လတ္တံ။
ဦးပြည်းလူမော် ရေကြောင်းပျော်သည် လှေပေါ်တောင်းမှောက်ဖြစ်လတ္တံ။
ထိုရောအခါ သာဿနာသည် ရောင်ဝါနေသို့ ထွန်းလတ္တံ။"- ဟူသည့်စနည်းကို ရလေသည်။

စနည်းအတိုင်း အဓိပ္ပါယ်ယူ၍ ဗဒုံမင်းအား လျှောက်တင်သော် ဗဒုံမင်းကလည်း နှစ်ခြိုက်သဖြင့် (အတုလလူထွက်)မောင်ပန်းထွေးအား အဝတ်ဗလာဖြင့် လှောင်အိမ်တွင်ထည့်ပြီး သရက်မြို့အထိ ဧရာဝတီမြစ်အတိုင်း မျှောလေသည်။ ထိုအဖြစ်ပြီးသောအခါတွင် သာဿနာပိုင်ဖြစ်သည့် မန်လည်ဆရာတော်မှာလည်း မောင်ပန်းထွေးနှင့် အပေါင်းအပါဖြစ်သည်ဟု ဆိုကာ သာဿနာပိုင်အဖြစ်မှ ရုပ်သိမ်းပြီး သာဿနာပိုင်တင်မြှောက်ရန် ဆရာတော်တစ်ပါးအား ရှာဖွေစေသည်။ အယူတော်မင်္ဂလာလည်း- "ပရံနဝါ မစုံသေး၍ မောင်းထောင်ခွက်ကလေးနှင့် နို့ရည်ပေးပါ့ မခွေးရယ်၊
ဇွန်ပန်းကို ပန်ဆင်ရမှ နို့ဝတော့မယ်၊ နို့ချိုအေးကိုတဲ့ တိုက်ကျွေးတယ်၊
နို့မျက်ငယ်တို့ မာစေကြောင်း၊ ညွှတ်ခဆုတောင်း။" -ဟုစနည်းရသည်။ တဘောင်အတိုင်းပင် မောင်းထောင်ဆရာတော် သာဿနာပိုင်ဖြစ်လေသည်။

ကုန်တိုက်တဘောင်[ပြင်ဆင်ရန်]

တွဲဖက်ရုံး(Mixed Court)ဆောက်ရန်အတွက် အင်္ဂလိပ်တို့တောင်းဆိုလာသောအခါတွင် ဗဒုံမင်းက အယူတော်မင်္ဂလာအား မေးသော်-

"ပြုံးပြုံး ပြုံးပြုံးနှင့် ပါးပါးမုံးနှင့် ပျို့သခင်၊
ဆေးတံနှင့် ချော့လာက ပြောပါနှင့်ရှင် ။" - ဟူသောတဘောင်ကို လျှောက်သည်။ သို့ဖြင့် ဗဒုံမင်းလည်း တွဲဖက်ရုံးဆောက်ရေး ကိစ္စအား ငြင်းလေသည်။

မင်းကွန်းပုထိုးတော်ကြီး နှင့်ပက်သက်သည့် တဘောင်[ပြင်ဆင်ရန်]

ဘိုးတော် ဗဒုံမင်း မင်းကွန်းပုထိုးတော်ကြီးတည်နေစဉ်တွင်-

"ဘုရားကြီးအပြီးတိုင်၊ မုဆိုးမဏ္ဍိုင်ကျိုးလိမ့်မလွဲ၊
ထိုမင်းကောင်း အလောင်းမှန်၊ ရထားပျံပင် စိုက်လိမ့်မလွဲ။ "-ဟူ၍တဘောင်ပေါ်လေသည်။

မင်းကွန်ပုထိုးကဲ့သို့သော ကြီးမားသည့် ဆောက်လုပ်ရေးကြီးမှာ တိုင်းပြည်စီးပွားရေးကို ဆုပ်ယုတ်စေသည်မှာ မလွဲပေ။ သို့ဖြင့် မင်းကွန်းပုထိုးကြီး တည်ဆောက်ရေးရပ်ဆိုင်းကာ၊ အင်္ဂလိပ်ဖက်မှ ဆက်သသည့် မြင်းရှစ်ကောင်ဆွဲသည့် ရထားလုံးကိုလည်း လက်ခံရရှိသည်။

ယိုးဒယားစစ် တဘောင်[ပြင်ဆင်ရန်]

၁၇၈၅ခုနှစ်တွင် ဗဒုံမင်း ယိုးဒယားသို့ စစ်ချီရန် စနည်းနာစေသည်။ အယူတော်မင်္ဂလာက မချီသင့်ကြောင်း တဘောင်ကို အနက်ကောက်၍ လျှောက်သည်။

"ဘာမထီ မချီလျှင် နေညွှန့်မျိုး စိုးရခေါင်က တသာကီ ဇာမရီ၊

ချီထွက်လျှင် ရတက်တော် ပူဗျာငွေ့ တွေ့လိမ့်နောင်တ။ "-ဟူ၍ဖြစ်သည်။ သို့သော် ဗဒုံမင်းက အခြားလောကီပညာရှင်များထံမှ ယတြာအစီအရင်များ ရယူကာ စစ်ထွက်သည်။ စစ်မျက်နှာတိုင်းရှုံးကာ တပ်ဆုတ်ခဲ့ရသည်။

လင်းတအနက်[ပြင်ဆင်ရန်]

အမရပူရနန်းတည်စဉ် အရှေ့စနုဆောင်အမိုးတွင် လင်းတနားလေသည်။ ဗဒုံမင်းလည်း လင်းတနားခြင်းအား နိမိတ်မကောင်းဟု ယူဆကာ ဗုဒ္ဓယတြာအဖြစ်နှင့် ရဟန်းသံဃာများ ပင့်ဖိတ်ကာ ပရိတ်တရာတော်များ ရွတ်ဖတ်စေသည်။ အယူတော်မင်္ဂလာကမူ လင်းတသည် (၁၁)ဂဏန်းဖြစ်သဖြင့် လက်အောက်ခံလိုသဖြင့် ပဒေသရာဇ်တစ်ပါးပါးက ၁၁ရက်တွင်းတွင် သမီးကညာအဆက်သလာမည်ဟု အနက်ကောက်သည်။ အမှန်ပင် တိုးလျားစော်ကဲက သမီးဆက်သည်။ ဆန္ဒြကန္တသိင်္ဃကလည်း သမီးဆက်လာသည်။ ထို့အတွက် ဗဒုံမင်းက ပုလဲလက်စွပ်တစ်ကွင်းချီးမြှင့်သည်။

ပုဏ္ဏားနှင့် ကျမ်းစာအုပ်များ အနက်ကောက်ယူခြင်း[ပြင်ဆင်ရန်]

၁၈၁၄ခုနှစ်တွင် ဗဒုံမင်းသည် ဆူးတဲနှင့် မတဲတံတားများ ဆောက်လုပ်ပြီးစီးသဖြင့် ရက် ၅၀ကြာ ပစ္စည်းအစုံအလင်ဖြင့် အလှုကြီးပြုလေသည်။ ထိုသို့ စွန့်ကျဲလှုဒန်းစဲတွင် အနောက်အရပ်မှ စိတ်ဖောက်ပြန်နေသည့် ဗြဟ္မာဏနွယ်အဘိုးအို တစ်ဦးသည် ပေရွက်ကိုလက်တစ်ဖက်၊ ကလေးမငယ်ငယ်တစ်ဦးအား အခြားလက်တစ်ဖက်တွင်ဆွဲ၍ ရောက်လာပြီးလျှင်

"အောက်ကိုလည်း ကြည့်ပါ၊ အထက်ကိုလည်း ရှုပါ၊ ဗထက်ချိုင့်ကား အထက်ပိန်၍ နေရှိရာသို့လှည့်၏။ "-ဟုစကားဆန်းဆိုကာ အနောက်အရပ်သို့ပင် ပြန်လေသည်။

ဗဒုံမင်းလည်း စိတ်တွင် ထူးဆန်းသဖြင့် အယူတော်မင်္ဂလာအား အဓိပ္ပါယ်ကောက်ယူစေရာ-

မကြာမီတွင် အနောက်ဖက် အိန္ဒိယမှ ကိုယ်စားလှယ်အဖွဲ့ရောက်လာမည်။ လက်ဆောင်ပဏ္ဏာတော်အဖြစ် လောကီဆိုင်ရာကျမ်းစာများ ပါလာမည့်အကြောင်း၊ ဗထက်ချိုင့်နေသို့မျက်နှာမူသည် ဆိုသည်မှာလည်း နေမျိုးနွယ်ဖြစ်သည့် မြန်မာဘုရင်အား၊ ဗာရာဏသီမင်းမှ လေးမြတ်ကြည်ညိုခြင်းကို ခံယူရရှိမည့် အကြောင်း စသည်ဖြင့် လျှောက်တင်လေသည်။ ထိုသို့လျှောက်တင်သည့် နေ့တွင်ပင် ဗာရာဏသီမှ သမီးကညာ အဆက်သလာလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာထွေထွေရာရာသမိုင်း- ဒေါက်တာသန်းထွန်း