ရွှေစာရံ စေတီတော် (မန္တလေး)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကောင်းကင်တွင် မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ 'ရွှေစာရံစေတီတော်' ဟု မှည့်ခေါ်ခဲ့သည်။

ရွှေစာရံ စေတီတော်(မန္တလေး)
Shwesayan.jpg
တည်နေရာ မန္တလေးတိုင်း၊ ဒုတ္ထဝတီမြစ်အနီး
ဉာဏ်တော်
ကျော်ကြားမှု

တည်နေရာ[ပြင်ဆင်ရန်]

မန္တလေးမြို့၏ အရှေ့တောင်ဘက် ၁၄-မိုင်ကျော်ကွာဝေးသော မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး ရွှေစာရံရွာတွင် ကိန်းဝပ်တော်မူသည်။ “အရှေ့ ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ယင်မြော၊ သီဟထာ” ဟု မော်ကွန်းတင်ထားသည့် ကျော်လေးဆူစာရင်းဝင် ဖြစ်ခြင်း၊ မြွေကိုက်ခံရသူတို့ ဘုရားရောက်လှျင် မြွေဆိပ်ပြယ်ခြင်း၊ ဆွမ်းဦးတင်မည့်သူအမြဲရှိခြင်း၊ ဆုတောင်းပြည့်ခြင်း စသော အံ့ဖွယ်တို့ ပြည့်စုံခြင်းကြောင့် ထင်ရှားကျော်ကြားလျက်ရှိသည်။[၁]

နတ်မဟုတ်၊ သိုက်နန်းရှင်မဟုတ်တဲ့ စောမွန်လှ[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-သီပေါ ဒေသမှ မြစ်ဖျားခံလာသော ဒုတ္ထဝတီမြစ်ရေ သည် အရှိန်ပြင်းစွာ စီးဆင်းနေသည်။ တောတောင်စိမ့်စမ်း တို့ကိုဖြတ်၍ စီးဆင်း လာသဖြင့် မြစ်ရေသည် အေးမြစိမ်းလဲ့နေသည်။ မြစ်၏ဘေးဝဲယာရှိ တောင်စဉ် တောင်တန်းတို့သည် ပန်းချီကားတစ်ချပ်နှယ် လှပတင့်တယ်နေသည်။

မြလိပ်တောင်ကြီး၏ ဟိုမှာဘက်ကမ်း ဖြစ်သော ရွှေစာရံကျေးရွာကမ်းစပ်တွင် စည်ကားနေသည်။ ရေထဲတွင်ထိုးထားသော ငွေသောင်ယံ ရေကစားမဏ္ဍပ်ရှိ ကြီးမားသော ဆောင်းဘောက်များမှ မြူးကြွကြွတေးသံများကို ကြားနေရသည်။

တောင်ပေါ်ကရှမ်းလေး လျှော် ထမ်းလို့ပြေး ... ရှည်တဲ့လျှော်ကရှည် ... တိုတဲ့လျှော်ကတို ... ဟူသော တေးသံ နှင့်အတူ ရေထဲတွင် လူငယ်များ ပျော်ပါး ခုန်ပေါက်နေကြသည်။

တကယ်တော့ ထိုလူငယ်များသည် ဒုတ္ထဝတီမြစ်ဘေး အဘယခေမာကုန်းတော် ပေါ်မှာ တည်ထားကိုးကွယ်သော သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားပွဲသို့လာရင်း နွေနေ ကိုအန်တုရန် မြစ်ထဲဆင်း၍ ရေကစားနေကြခြင်း မဟုတ်ပါလား။ သစ္စာအဓိဋ္ဌာန်ရွှေစာရံ..။ ဤဘုရားသို့ လာလျှင် ဤဘုရား၏ဒါယိကာမကို မေ့ထား၍ မရနိုင်ပါ။ ဘုရားဒါယိကာမမှာ စောမွန်လှ (စဝ်မွမ်းလ)။ ဒီနာမည်လေးသည် ခေါ်ရလွယ်သလောက် စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိလှသည်။

သမိုင်း[ပြင်ဆင်ရန်]

ရသေ့ကြီး ဦးခန္တီလှူဒါန်းခဲ့သော မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ပြီးနောက် ဘုရားဒါယိကာမ စောမွန်လှ၏ ရုပ်တုကို သေသေချာချာ ကြည့်မိသည်။ သူ၏မျက်လုံးများသည် ပြုံးရယ်နေသည်ဟု ထင်ရသည်။ မျက်နှာတစ်ခုလုံးသည် မေတ္တာတရားဖြင့် အေးချမ်းနေပုံရသည်။ သူ့ရုပ်တုကိုကြည့်နေရင်း သူ့ဘဝ၏ နက်ရှိုင်းမှုသည် ကျွန်တော့ ရင်ထဲသို့ အလိုလိုဝင်လာခဲ့သည်။

သမ္မာဒြိအယူဝါဒသည် ပုဂါရာမ (ပုဂံ) ပြည်တွင် ရှင်အရဟံဆိုက်ရောက်ခြင်းနှင့်အတူ ပွားများစည်ပင်လာခဲ့သည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည် သာသနာတော်ကို ယုံကြည်သည့်အပြင် သာသနာကိုလည်း အလွန်ချီးမြှောက်လိုသောကြောင့် ဂန္ဓာလရာဇ် (တရုတ်) ပြည်၌ကိုးကွယ်လျက်ရှိသည့် စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့်စစ်သည်အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွားသည် မြို့တော်တံခါးကို အလုံ ပိတ်၍ အပြင်းအထန်ခုခံသော်လည်း နောက်ဆုံးတွင် အားမတန်၍ မာန်လျှော့ ခဲ့ရသည်။ ဤတွင် အနော်ရထာမင်းကြီးက အဆွေတော်တို့ တိုင်းပြည်သို့ လာရောက်ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ္တရာ ချမ်းသာဖြစ်တဲ့ စွယ်တော်မြတ်ကိုကိုးကွယ် ဆည်းကပ်ရန် လာရောက်တောင်းခံ ရခြင်းဖြစ်ပါတယ်ဟုမိန့်ရာ ဘုရင်ဥတည်ဘွားက စွယ်တော်မြတ်က ကိန်းဝပ်တော်မူလိုသော် ပင့်တော်မူနိုင်၏ ဟု ဆိုသည်။

အနော်ရထာမင်းလည်း ရတနာပန်း တောင်းကိုဦးခေါင်းတွင်ရွက်၍ သက်ဆင်း တော်မူရန် အဖန်ဖန်တောင်းပန် ခယသော်လည်း စွယ်တော်မြတ်သည် ကောင်းကင်မှ ဆင်းသက်တော်မမူသဖြင့် များစွာကြေကွဲ ဝမ်းနည်းခဲ့ရသည်။ သိကြားမင်းလည်း အနော်ရထာမင်းကြီး စိတ်သက်သာရာရစေရန် ကိုယ်ထင်ပြ၍ ဤစွယ်တော်မြတ်ကို မင်းကြီးအား ကိုးကွယ်စေဟု ဘုရားရှင်၏ ဗျာဒိတ်တော်မရှိခဲ့၊ သရေခေတ္တရာ ပြည်မှာရှိသည့် သင်းကျစ်တော် ဓာတ်ကိုသာ သင်မင်းကြီး ရလတ္တံ့ဟုသာ ဗျာဒိတ်ရှိသည်။ စွယ်တော်မြတ်မှာ ဂန္ဓာ လရာဇ်တိုင်း၌ သာသနာ ၅,ဝဝဝ တိုင်အောင် တည်စေလိမ့်မည်ဟုဆိုကာ မင်းကြီးအား သိကြားမင်းက မြဆင်းတုတော်ကို ပေးအပ်ခဲ့သည်။

အနော်ရထာမင်းကြီးလည်း မြဆင်းတု တော်ကိုပင့်၍ ပုဂံသို့ပြန်လာခဲ့ပြီး အပြန် ခရီးတွင် မိုင်းမောဝ်ပြည်ကြီးသို့ ဝင်ရောက်ခဲ့သည်။ အနော်ရထာမင်းနှင့်မိုင်းမောဝ် စော်ဘွားတို့တွေ့ဆုံခဲ့ပြီး နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန် မိုင်းမောဝ်စော်ဘွားက သမီးတော်စောမွန်လှ ကို အနော်ရထာမင်းအား ဆက်သခဲ့သည်။စောမွန်လှလည်း ခမည်းတော်၏ ဆန္ဒ ပြည့်ဝစေရန် အနော်ရထာမင်းနှင့်အတူ ပုဂံပြည်သို့ လိုက်ပါခဲ့သည်။ လောကီကို ငြီးငွေ့နေသော မိဖုရား စောမွန်လှသည် ပုညကြိယာ ၁ဝ ပါး ဖြင့်မွေ့လျော်ပြီး သာသနာတော်ကို လွန်စွာချီးမြှောက်ခဲ့ သည်။ သို့သော် ပုထုဇဉ်တို့သဘောအရ ပုဂံနန်းတွင်းတွင် အိမ်ထောင်ရေး၊ လူမှုရေး မကျေလည်မှုများ ပေါ်ပေါက်ခဲ့သည်။

လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ပုဂံမှ မိုင်းမောဝ်သို့ ငြိမ်းချမ်းစွာ ပြန်လည် ထွက်ခွာဖို့ဆုံးဖြတ်ခဲ့သည်။ အပြန်လမ်းတွင် ချောင်းတစ်ခုကို အဖြတ်မှာ ဝတ်ဆင်ထားသော နားဋောင်းကျွတ်ကျခဲ့သည်။ ရေထဲကျသည် အထင်ဖြင့် ငုပ်၍ရှာသော် လည်းမတွေ့ဘဲ ကောင်းကင်မှာ စာသူငယ် အပေါင်းဝန်းရံနေသည်ကို တွေ့လိုက်ရ သည်။ မွေတော်ဖြစ်သောနားတောင်းသည် တန်ခိုးပြာဋိဟာ ပြနေသည်။ ဤအခြင်းအရာကို မြင်ရသောအခါ စောမွန်လှသည် ရှိခိုးပူဇော်ပြီး အဓိဋ္ဌာန်ပြုလိုက်ရာ နားဋောင်းသည် စောမွန်လှ ၏နားတွင် ဝတ်မြဲအတိုင်း တည်နေတော့သည်။ ဤတွင်မွေတော်ကိုဌာပနာ၍ စေတီတည် လိုစိတ်ဖြစ်ပေါ်ခဲ့ပြီး ဒုတ္ထဝတီမြစ်ဘေး အဘယခေမာ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ခဲ့သည်။ ကောင်းကင်တွင် မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ 'ရွှေစာရံစေတီတော်' ဟု မှည့်ခေါ်ခဲ့သည်။

ရွှေစာရံစေတီဝင်းအတွင်း၌ အဆိပ်ပြင်းသော မြွေပွေး၊ မြွေဟောက်တို့သည် အာစေးထည့်ထားသကဲ့သို့ မကိုက်နိုင် သလို မြွေကိုက်ခံရသူကို ဘုရားဝင်းအတွင်း သို့သွင်းလျှင် အဆိပ်ပြေ၍ ချမ်းသာရာရသည်ဟု ပြောကြသည်။

ရာဇဝင်ထဲက ရွှေစာရံ[ပြင်ဆင်ရန်]

အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းစောဟာ နန်ချောင်မြို့တော် တာလီမှာ စွယ်တော်သွားပင့်ရာ စွယ်တော်မရရှိခဲ့ဘဲ သိကြားမင်းပေးအပ်တဲ့ မြဆင်းတုတော်ကို ပင့်ပြီးအပြန် ရှမ်းပြည်အရောက်မှာ ကမော္ဘဇ ပြည့်ရှင် မောဝ်ကိုးပြည်ထောင်ကို အစိုးရတဲ့ စော်ဘွားစောလုံ ဟုမ်မိန်းက ရှမ်းမြန်မာ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် အချော အလှသမီးတော်စောမွန်လှကို ပုဂံဘုရင်ထံ ဆက်သခဲ့ပါတယ်။ အနော်ရထာမင်းစောဟာ ရှမ်းမင်းသမီးကို မြတ်နိုးတော် မူလှတဲ့အတွက် မိဖုရားအချင်းချင်း မနာလိုမုန်းတီး မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။မိဖုရားစောမွန်လှရဲ့ နားတောင်းတော်မှာ မွေတော် ကိန်းဝပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးတာကို စုန်းကဝေလို့ စွပ်စွဲပြီး မင်းကြီးထံ မဟုတ်မမှန် လှျောက်တင် ကြတဲ့အတွက် နဖူးစာရေစက် ဒီတင်ပြတ်တာမို့ အနော်ရထာမင်းမြတ် ယုံစား သက်ဝင်တော်မူပြီး မိဖုရားစောမွန်လှကို ဇာတိမြေ ရှမ်းပြည်သို့ ပြန်စေခဲ့ပါတယ်။

ပုဂံနေပြည်တော်မှ မိုင်းမောဝ်အပြန်လမ်း ခရီးမှာ မြတ်စွာဘုရားရှင်ရဲ့ မွေတော်ဓာတ်တော် ကိန်းတဲ့ စောမွန်လှရဲ့ နားတောင်းတော်ဟာ မြတ်စွာဘုရား အလောင်းတော် မြွေငန်းခုနစ်ကြိမ် ဖြစ်ခဲ့ဖူးတယ်လို့အဆိုရှိတဲ့ လက်ရှိစေတီ တည်ရာနေရာနဲ့ တစ်မိုင်အကွာ ပန်းချောင်းအတွင်း ဖြတ်ကူးစဉ်မှာ နားမှ ကွျတ်ပြီး ကောင်းကင်မှာ စာဝတီးငှက်များ ရံလျက်တည် ရှိတာကို အကြောင်းပြုလို့ ထိုအရပ်ကို ရွှေစာရံ လို့ ခေါ်တွင်ခဲ့ပြီး ပန်းချောင်းကိုလည်း နားတောင်းကျချောင်းရယ်လို့ ယနေ့ထက်တိုင် ခေါ်တွင်ခဲ့ကြပါတယ်။ခရစ်နှစ် ၄၁၆ ခုနှစ်မှာ ရွှေစာရံအမည် သမုတ်တဲ့ ဆယ့်တစ်မီးငြိမ်း စေတီကို ဘုရားဒါယိကာမစောမွန်လှဟာ နားတောင်းတော်ကို ဌာပနာလို့ ကမာ္ဘတည် သရွေ့ ထေရဝါဒဗုဒ္ဓဘာသာ အရှည်တည်တံ့ စေရန်အလို့ငှာ ငါးတောင်ပြည့် တည်ထားခဲ့ ပါတယ်။ မိဖုရား ဘုရားတည်တယ်လို့ ကြား သိတော်မူတဲ့ အနော်ရထာမင်းမြတ်ဟာ မင်းချင်းတွေကို စေလွှတ်လို့ ထောက်လှမ်းစေပါတယ်။

ဘုရားအမဟာ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြတဘက်နဲ့ ပတ်ပြီး သစ္စာပြု ဆုတောင်းကာ မုခ်ဝကို ရှမ်းပြည်မှ ပုဂံပြည်ရှိရာဘက်သို့ ဆွဲလှည့်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မင်းကြီး အမျက်ပြေတော်မူပြီး အသက်ချမ်းသာရာရခဲ့ပေမဲ့ သီပေါမြို့၊ ဘော်ကြို ဘုရားအရောက်မှာ အကြိုထောက်တဲ့ ပေါ့ (ဖခင်)စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့ဆုံပြီးတဲ့ နောက် စိတ်ရောလူပါပင်ပန်းဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။ ပေါ့(အဖေကြိုတဲ့ဘုရား) ပေါ့ကြို ကနေ ဘော်ကြိုဘုရားအမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။ စော်ဘွားကြီးနဲ့ သားတော်တို့ဟာ စောမွန်လှရဲ့ စိတ်နဲ့နှလုံးကြေကွဲလို့ သေပွဲဝင်ခဲ့ကြတဲ့အတွက် စော်ဘွားမျိုးဆက် ခေတ္တပြတ်ခဲ့ရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ရွှေစာရံစေတီထူး ဖူးခွင့်ရယ်ကြုံ[ပြင်ဆင်ရန်]

ငါးတောင်ပြည့် ရွှေစာရံစေတီတည်ထားတဲ့ အုတ်ချပ်ရေ ၁၅၄ ချပ်ကို `အုတ်ချပ်ရေက ဝမ်းဘဲဥ ပြောင်းပြန်လှန်၊ ဘုရားမူရင်း အုတ်ချပ်သွင်းခဲ့တယ်’လို့ မှတ်သားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်ကတည်ထားခဲ့တဲ့ စေတီ ဖြစ်တဲ့အတွက် တဖြည်းဖြည်း မေ့ပျောက် တိမ်ကောခဲ့ရာမှ ၁၉၈၉ ခုနှစ်မှာ ရွှေစာရံဘုရားကို ပြန်လည်ဖော်ထုတ်ခဲ့ပြီး လူသိများထင်ရှား လာတာ အနှစ် နှစ်ဆယ်နီးပါးမှျသာ ရှိပါသေးတယ်။ ရွှေစာရံစေတီဟာ မန္တလေးမြို့မှ ပြင်ဦးလွင် ကားလမ်းအတိုင်း ၁၃ မိုင်အကွာမှာရှိတဲ့ အုန်းချောကျေးရွာလမ်းခွဲက တောင်ဘက် သုံးမိုင်နှစ်ဖာလုံအကွာ မန္တလေးယဉ်ကျေးမှုတက္ကသိုလ်၊ ရွှေစာရံ ဂေါက်သီး အားကစားကွင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၄)ရဲတပ်ရင်းတို့ကိုဖြတ်ပြီး အဘယခေမာကုန်းသာယာ (ဘေးကင်း၍ အေးချမ်းသာယာသော ကုန်းမြေ)မှာတည်ရှိပါတယ်။ ပုဂံပြည့်ရှင်အနော်ရထာမင်းရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ ရှမ်းမင်းသမီး တည်ထားခဲ့တဲ့ ဘုရားဖြစ်တဲ့အတွက် `မိဖုရားစောမွန်လှ တည်ထားကိုးကွယ် တော်မူခဲ့သော ရွှေစာရံမြတ်စွာဘုရား’ရယ်လို့ ရှေးလူတို့ပေးခဲ့တဲ့အမည်ကို ပထမဦးဆုံး ဂေါပကဖွဲ့စဉ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အမှတ်(၄) ရဲတပ်ရင်းမှူး၊ ချင်းအမျိုးသား ဒုတိယရဲမှူးကြီး နိပ်စောနန်းက `နလံမထူ ကံတလူ သွား’စတဲ့ နာမည်မျိုး ပြောင်းချင်ကြောင်း နာမည်ရွေးရာမှ ‘သစ္စာဓိဋ္ဌာန် ရွှေစာရံ၊ ဆုတောင်းပြည့်သည့် မြတ်စေတီ’ဆိုတဲ့ လက်ရှိနာမည်ကို ပြောင်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အစဉ်အလာအတိုင်း မဟုတ်ဘဲ ပုဂံနေပြည်တော်ရှိရာ အနောက်အရပ်ကို မျက်နှာလှည့်ထားတဲ့ အတွက် `မုခ်ဝပြောင်းပြန် ရွှေစာရံ’ စေတီရယ် လို့လည်း ခေါ်ဆိုကြ ပါသေးတယ်။ အဲဒီနောက်မှာ အမှတ်(၄)ရဲတပ်ရင်းမှူး ဒုတိယ ရဲမှူးကြီးခင်ကျော်က ရွှေစာရံဂေါပကဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိယာယီ ဂေါပက ဥက္ကဋ္ဌကတော့ ဦးဌေးကျော် ဖြစ်ပါ တယ်။

နှစ်ပေါင်း တစ်ထောင်နီး ပါးရှိပြီဖြစ်တဲ့ ရွှေစာရံ စေတီတော်မြတ်ကြီးမှာ ရှေးသမိုင်းရာဇဝင်များအရ မှတ်သားလက်ဆင့် ကမ်းခဲ့ကြတာကလွဲလို့ ဘုရား သမိုင်းစာအုပ် ရယ်လို့ သီးခြားမရှိခဲ့ တဲ့အတွက် ၂၀ဝ၇ ခုနှစ်မှာ နှစ်ပေါင်း ခြောက်ဆယ် ကျော်အတွင်း ပထမ ဆုံးအကြိမ်ဖြစ်တဲ့ ရွှေစာရံဘုရား သမိုင်းစာအုပ်ကို စာရေးဆရာ သီပေါကိုလတ်က ရေးသား ပူဇော်ပြီး ရွှေစာရံဂေါပကအဖွဲ့က နှစ်ကြိမ်တိုင် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ရွှေစာရံစေတီ တော်မြတ်ကြီးဟာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ်လင်္ကာအရ `အရှေ့ ရွှေစာရံ၊ ပုဂံအနောက်၊ တောင်မြောက်ရင်မျှော်၊ သီဟတောဟု၊ လောကဓာတ်တွင်း၊ ခြောက်ရောင် လင်းသား၊ သနင်းမှန်ကူ၊ ကျော်လင်းဆူ’စာရင်းဝင် လည်း ဖြစ်ပါတယ်။ ကျော်လေးဆူဆိုတာကတော့ အရှေ့ရွှေစာရံ (ရွှေစာရံဘုရား)၊ ပုဂံအနောက် (ရွှေစည်းခုံဘုရား)၊ တောင်(မိတ္ထီလာ ရွှေရင် မျှော်ဘုရား)၊ မြောက်(အညာသီဟတော ဘုရား)တို့ ဖြစ်ကြပါတယ်။

ရွှေစာရံစေတီရဲ့အနောက်ဘက်မှာ ၁၇ ရာစုလက်ရာများ ဖြစ်ဖွယ်ရှိတဲ့ ဖိုးပွား၊ ဖိုးကုလား၊ ဖိုးပေါ်ဘုရားများ တည်ရှိပြီး ရှေးဟောင်းသမိုင်းဦးစီးဌာနရဲ့ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးဇုံလည်း ဖြစ်ပါတယ်။ ရွှေလီ-မန်ဆမ်ဓာတ်အားသိုလှောင်ရေး ဓာတ်အားခွဲရုံကို ရွှေစာရံအနီးမှာ ဆောက်လုပ်ထားပြီး `ရွှေလီ-မန်ဆမ်-ရွှေစာရံ’လို့ ကမ္ဘာက သိသွားပြီးဖြစ်တဲ့အပြင် ဘုရားတန်ခိုးတော်ကြောင့် ၂၄ နာရီလုံးလုံး ရွှေစာရံစေတီတော်ကြီးကို မီးပူဇော်ထား ရှိနိုင်ခဲ့ပါတယ်။ မိတ္ထီလာ၊ ဘယ်လင်း၊ ကျောက်ဆည်နယ်တို့ကိုလည်း ၎င်းဓာတ်အား ခွဲရုံမှ လျှပ်စစ်မီးဖြန့်ဝေပေးလျက် ရှိပါတယ်။ အခုဆိုရင် ရွှေစာရံစေတီတော်မြတ်ကြီးဟာ တောထဲတောင်ထဲမှာ မြေပြင်ကရွှေတောင်ကြီး ပေါက်သကဲ့သို့ မြို့ပြဘုရားစေတီများနဲ့ မခြား ကြည်ညိုသဒ္ဓါပွားနိုင်ဖို့အတွက် ဂေါပကအဖွဲ့နဲ့ ရွာသူရွာသားများ အားထုတ်ခဲ့ရပုံကို ဘဏ္ဍာရေးမှူး ဦးပြေငြိမ်းက အခုလို ပြောကြားခဲ့ ပါတယ်။

`ကျန်စစ်သားမင်းရဲ့မြေးတော် အလောင်း စည်သူမင်းလက်ထက်မှာ ရွှေစာရံစေတီတော် မြတ်ကြီးအတွက် ဝတ်ကြီးဝတ်ငယ်ပြုစုဖို့ အိမ်ခြေငါးဆယ်နဲ့ ရွှေစာရံရွာလေးကို သင်ပုတ် စားပေးခဲ့ပါတယ်။ ၁၉၈၉ မှာ ပြန်လည် ဖော်ထုတ်ပြီး ၁၉၉၃ ခုနှစ်မှာ (၁)ရွှေစာရံ ကျေးရွာအုပ်စု၊ ကျောက်ချော၊ ကျွဲနဖား၊ (၂)အုန်းချောကျေးရွာအုပ်စု၊ ထုံးဘို၊ နွားဂဲ၊ နားတောင်းကျ၊ (၃)ကြူဝန်းကျေးရွာအုပ်စု (၄)ဆည်တော်ကျေးရွာအုပ်စု၊ ကိုက်တန်းမှ လေးအုပ်စုကျေးရွာများနဲ့ ရွာကိုးရွာဂေါပကများ ဖွဲ့စည်းပြီး ဘုရားကုန်း မြေနီတွေက ကြွေပလ္လင် တွေဖြစ်အောင်၊ မှန်ပလ္လင်တွေ ဖြစ်အောင်၊ မှန်ပလ္လင်တွေက ရွှေပလ္လင်တွေဖြစ်အောင်၊ သံ လှေကားတွေက စတီးလှေကားတွေ ဖြစ် အောင်၊ ရိုးရိုးလျှပ်စစ်မီးချောင်းတွေက အဆင့်မီ ရောင်စုံမီးတွေ ဖြစ်အောင်၊ ထုံးဖွေးဖွေးစေတီ က ရွှေတုံးရွှေခဲကြီးဖြစ်အောင် ကြိုးကုပ်အား ထုတ်ခဲ့ကြပါတယ်။ အခုဆို စေတီတော် ရင်ပြင်မှာ စင်္ကြံသုံးထပ်နဲ့ ကားပတ်လမ်းနဲ့ စနစ်တကျရှိပါတယ်။ စင်္ကြံနဲ့ စေတီတော်ကိုလည်း မြောင်းလေးတစ်ခု ခြားထားတယ်။ ရသေ့ကြီး ဦးခန္တီတည်ဆောက်ခဲ့တဲ့ ကောင်းမှု တွေလည်း ပါတာပေါ့ဗျာ။ ဒါတွေကို ကျွန်တော်တို့က တိုးတက်အောင် ဆက်လက် ထိန်းသိမ်းကြရတာပါပဲ’

နွှဲစို့တူပျော် ရွှေစာရံတပေါင်းပွဲတော်[ပြင်ဆင်ရန်]

`အသက်မကြီးသေးပါမောင်ရယ်... ထန်းရွက်ပုတီးလေးနဲ့ ရွှေစာရံကို အရောက် သွားလို့ လည်...လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ကျော် လေးဆယ်ခန့်က အလွန် နာမည်ကြီးခဲ့တဲ့ မြို့တော်မောင်ယဉ်အောင် ရဲ့`ကိုးဆယ်ဆ သာလိမ့်မယ်’ ပြဇာတ်မှာ ဇာတ်ဝင်သီချင်း။ ဒီနေ့ခေတ်အထိ ရိုးမသွားဘဲ ရွှေစာရံသူ မဂျင်းစိမ်းကို အသက်သွင်းလို့ ရုပ်ရှင်ကားကြီး အဖြစ် တင်ဆက်ပြန်တော့ ရွှေစာရံ ပွဲတော်ကာလ မြိုင်မြိုင်ဆိုင်ဆိုင်၊ ရိုက်ကွင်း ရိုက်ကွက် တွေက ပိုင်ပိုင်နိုင်နိုင်မို့ အကယ်ဒမီဆု ဆွတ်ခူး ရရှိခဲ့တဲ့အထိ အောင်မြင်မှု သရဖူဆောင်းခဲ့ပါ တယ်။ ရွှေစာရံပွဲတော်ဟာ အနယ်နယ်အရပ်ရပ်ကို သွားရောက် တင်ဆက် ကပြခဲ့တဲ့ မြို့တော်သိန်းအောင် ဇာတ်ကြောင့် လူသိများ စိတ်ဝင်စားခဲ့ပြီးဖြစ်တဲ့ အပြင် ဆရာမောင် ယဉ်အောင်ရဲ့ရွှေစာရံသူ မဂျင်းစိမ်းလို ပြောပြ၍ မရတဲ့ အချောအလှလေးများ တွေ့ရလေမလား ရယ်လို့ လာမယ့် ရွှေစာရံ ပွဲတော်ကို မဖြစ်မနေ သွားဖို့ အားခဲထားတဲ့ အနယ်နယ် အရပ်ရပ်က ကာလသားတွေလည်း ဒုနဲ့ဒေးပါပဲ။ ထန်းရွက် ပုတီးလေးတွေ၊ ငါးရုပ်လေးတွေ၊ ထန်းဖူးလေးတွေရဲ့နောက်မှာ သူတို့ မြင်ချင်တဲ့ ရွှေစာရံသူ အလှပဂေးလေးတွေကို တွေ့လိုက်စမ်းချင်ရဲ့လို့ ရွှေစာရံပွဲတော်ကို နွှဲပျော်ဖို့ လာကြမှာ အမှန်ပါ’`ရွှေစာရံဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့မှ လပြည့် ကျော် ၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ဗုဒ္ဓပူဇနိယဘုရားပွဲတော် အကြိုဖွင့်ပွဲအတိတ်နိမိတ်ကိုဆောင်ပြီး တပို့တွဲ လပြည့်ကျော် ၁ဝ ရက်မှ လပြည့်ကျော် ၁၄ ရက်နေ့အထိ ပဋ္ဌာန်းပွဲနဲ့ ဖွင့်လှစ်ပြီး သံဃာတော်အပါး ၁၇ဝ ဝန်းကျင်တို့ကို သံဃာဒါန ဆွမ်းဆန် စိမ်းလောင်းလှူပြီး ပွဲတော်ကို ပိတ်ပါတယ်။ တပေါင်းလဆန်းတာနဲ့ တစ်ပြိုင်နက် ပြင်ဦးလွင်ခရိုင်၊ ပြင်စာနယ်တစ်ဝိုက်မှာရှိတဲ့ ခွန်လိမ်၊ သပြေကျင်း၊ မြေပုံ၊ သံတောင်၊ လိပ်ကျစတဲ့ ရွာလေးတွေက ရှမ်း ဈေးသည်တွေ၊ သီပေါမြို့က ဘုရားဒါယိကာမ စောမွန်လှအဝတ်အစား၊ အဆောင်အယောင်ရောင်းချတဲ့ ဈေးသည်တွေနဲ့ ဆယ့်နှစ်ပွဲ ဈေးသည်တွေဟာ ရွှေစာရံကို တဖွဲဖွဲရောက်လာကြပါပြီ။ သီပေါမြို့ ဘော်ကြိုဘုရား ပွဲအပြီးနဲ့ ရွှေစာရံဘုရားပွဲအဖွင့်ကလည်း တိုက်ဆိုင်နေပြန်တော့ တပေါင်း လဆန်း ၈ ရက်၊ ၉ ရက်ဆိုရင် ရှမ်း-ဗမာ စုံညီနီးပါး ဆိုင်အားလုံး ရောက်ရှိကြပြီး ဖြစ်နေပါပြီ’`ကွျန်တော်တို့ ရွှေစာရံဘုရားပွဲတော်မှာ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင် ထည့်ထားပါတယ်။ ရုပ်ရှင်နဲ့ဇာတ်ကိုတော့ ရုံသွင်းမယ်။ အငြိမ့်ကတော့ လပြည့်ကျော် ၉ ရက်နေ့ညမှာ အောင်ပွဲကပြမှာ ဖြစ်ပါတယ်။ ဇာတ်ကတော့ စွမ်းရည်ပြည့်ဇာတ်ပါ။ စွမ်းဇာနည်က ကူညီမယ်။ အငြိမ့် ကတော့ ရွှေရတနာအငြိမ့်ပေါ့။ ဘုရားဖူးလာ အများပြည်သူတွေ စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီး စရိတ်စားခ သက်သောင့် သက်သာဖြစ်စေဖို့ ဘုရားပွဲလာကာလအတွင်းမှာ ဘယ်အရာကိုမှ လေလံ စနစ် မကျင့်သုံးပါဘူး။ ဘုရားပွဲမှာ အရက်ဘီယာရောင်းချခွင့်၊ ကစားဝိုင်း ဖွင့်ခွင့် မပေးထားပါဘူး။ လုံခြုံရေးကိုလည်း သံဃာတော်များနဲ့ အမှတ် (၄)ရဲတပ်ရင်းက စနစ်တကျ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်မှာပါ’လို့ ဂေါပကဥက္ကဋ္ဌ ဦးဌေးကျော်က ပြောပါတယ်။


ရွှေစာရံဘုရားပွဲဈေး[ပြင်ဆင်ရန်]

ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလ ပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့ အထိ နှစ်စဉ်ကျင်းပပြီး ရှေးယခင်က စေတီတော်သို့ ငထွေ၊ ငရွေး စသော ငါးကြီးများ လာရောက်၍ ဘုရားဖူးတတ်သည်လည်း ဟု ဆိုကြသည်။ တကယ်တော့ ရွှေစာရံစေတီတော်ကို တည်ခဲ့သူ စောမွန်လှသည် နတ်မဟုတ်၊ သိုက်နန်းရှင်မဟုတ်။ သာသနာတော်ကို ယုံကြည်လွန်းသော ဘုရားဒါယိကာမ တစ်ယောက်သာဖြစ်သည်။

နတ်ကတော် အချို့နှင့် စီးပွားရေးအကွက်ထွင်သူများက အယုံလွယ်သူများကို လိမ်လည်လှည့်စားရန် စောမွန်လှအား သိုက်နန်းရှင်၊ ဂူနန်းရှင် စသောအနိမ့်စား ပရလောကသားအဖြစ် လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်တော့သည်။ [၂]

ရွှေစာရံဘုရားပွဲမှာ ရှမ်းအမျိုးသား၊ အမျိုးသမီးတွေရဲ့ ဈေးဆိုင်တန်းတွေကို ဘုရားခြေတော်ရင်း ပတ်ပတ်လည်မှာ နေရာပေးတဲ့အပြင် ရှမ်းဈေးသည်တွေဟာ မြန်မာဈေးသည်တွေ ဈေးလာရောက် မရောင်းခင် ဟိုးယခင်မတိုး တက်မီခေတ်ကတည်းက ဆင်းရဲဒုက္ခခံပြီး ဘယ်လောက်ပဲ ခေတ်ပျက်ပျက် မပျက်မကွက် လာရောက်ရောင်းချ ကြတဲ့အတွက် မျက်နှာဖွင့် ၆ ပေ၊ အရှည်ပေ ၂၀-၃ဝ ရှိတဲ့ ဆိုင်ခန်း တစ်ခန်းကို ခုနစ်ထောင်ကျပ် သတ်မှတ်ထားပေမဲ့ ၎င်းတို့အတွက် သုံးထောင်ကျပ်သာ ပေးဆောင်စေပါတယ်။ ရွှေစာရံအတွက် ကားလမ်းဘေး တစ်လှျောက်နှင့် ဘုရားဝင်းအတွင်းမှာ ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ရှိပြီး အဆိုပါဈေးသည်တွေဟာ ဆိုင်ခန်းတစ်ခန်း ၁၅ ကျပ်ခေတ် ကတည်းက မျိုးရိုးစဉ်ဆက်ရောင်း ချလာကြတဲ့သူတွေဖြစ်ပြီး အသစ် လာရောက်ရောင်းချ လိုသူတွေအတွက် နေရာမပေးနိုင်ပါဘူး။

ရွှေစာရံဘုရားပွဲတော်မှာ ရှမ်းဈေးသည်တွေ လာရောက်ရောင်းချ ကြတဲ့ပစ္စည်းတွေဟာ အမြတ်များများထွက်တဲ့ ပစ္စည်းတွေ မဟုတ်ကြပါဘူး။ ကိုယ့်ခြံ ကိုယ်စိုက်၊ ကိုယ့်မုန့် ကိုယ်လုပ်ပြီး ဘုရားဖူးရင်း ကုသိုလ်လည်းယူရင်း ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ ဒေသထွက် သစ်ဥသစ်ဖု၊ ဆေးမြစ်စုံ၊ နနွင်းဖြူ၊ နနွင်းဝါ၊ နနွင်းတိမ်ပြာ၊ နနွင်းနီ၊ နနွင်းနက်၊ နနွင်းခါး၊ ကြက်သွန်ဖြူ၊ တရော်ကင်ပွန်း၊ မှျစ်ချဉ်၊ နှီး၊ ဝါး၊ ရှမ်းတံမြက်စည်း၊ ဘူးခါးသီး၊ ကြိတ်စေ့ပုတီး၊ ကောက်ညှင်း ကျည်တောက်(ပေါင်းတင်း)၊ မုန့်ခေါင်းဦး စတဲ့ ပစ္စည်းမျိုးစုံ ဖြစ်ပါတယ်။ မြန်မာဈေးသည်တွေကလည်း စားသောက်ဆိုင်၊ ဖျာဆိုင်၊ အိုးခွက် ပန်းကန်ဆိုင်၊ အရုပ်ဆိုင် စသည်ဖြင့် တည်ခင်းရောင်းချကြပါတယ်။

ရွှေစာရံဘုရားအနီး ဒုဋ္ဌဝတီမြစ်မှာ ဟိုယခင်က ငါးကြီးဆိပ်ဆိုတဲ့ ငါးထွေ၊ ငါးရွေးကြီးများ ဘုရားဖူးလာရာ ဆိပ်ကမ်းရှိခဲ့ပေမဲ့ နောက်ပိုင်း ဂျပန်ခေတ်အတွင်းမှာ မိုင်းတွေနဲ့ခွဲလို့ ရေအဆိပ်သင့်တာလိုလို၊ လူတွေ က တဝုန်းဝုန်းနဲ့ ရေဆင်းကစားကြလို့ပဲ ငါးတွေ မလာတော့သလိုလိုနဲ့ ငါးတွေကို မတွေ့ရတော့တာ နှစ်ပေါင်းငါးဆယ်ခန့်ရှိပြီလို့ သိရပါတယ်။ အဆိုပါငါးတွေကို အစွဲပြုပြီး ရွှေစာရံဘုရားပွဲတော်မှာ ထန်းရွက် ငါးရုပ် ရောင်စုံလေးတွေကို ကျောက်ဆည်နယ်ဘက်က ပြုလုပ်ပြီး လာရောက် ရောင်းချကြပါတယ်။ တန်ဖိုးအားဖြင့်မများလှတဲ့ ထန်းရွက် ယပ်တောင်၊ ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ထန်းရွက်အိတ်၊ ထန်းဖူးစတဲ့ ရွှေစာရံ ဘုရားပွဲအထိမ်းအမှတ် ချစ်စရာပစ္စည်းလေးများကို ရွှေစာရံအပြန် လက်ဆောင်အဖြစ် လူတိုင်း တမြတ်တနိုး ဝယ်ယူသယ်ဆောင်လို့ ထန်းရွက်ပုတီး ရောင်စုံလေးတွေကို လည်မှာဆွဲလို့ ပြန်ကြစမြဲပါ။ `ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ’ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘူးခါးသီး လေးတွေကို ခြင်းယက်ပြီး ရောင်းကြတာဟာလည်း ရွှေစာရံရဲ့ သင်္ကေတ တစ်ခုပါပဲ။

ဈေးသည်တွေထဲမှာ နှီးသည်တွေကလည်း တစ်မူထူးပါတယ်။ နှီးဟာ ရှမ်းကုန်တစ်မျိုးပါပဲ။ ပြင်ဦးလွင်ခရိုင်၊ လိပ်ကျ၊ သံတောင်၊ မြေပုံပေါ်(အပေါ်စခန်း) ရွာသူ ရွာသားတွေဟာ တန်ဆောင်မုန်းလ ကတည်းက ရွှေစာရံဘုရားပွဲမှာ လာရောက်ရောင်းချဖို့ ဝါးခုတ်နှီးဖြာ အခြောက်လှမ်းပြီး မိုးလုံနေလုံအရိပ်ထဲမှာ သိမ်းဆည်းသိုလှောင်ထား ကြရပါတယ်။ နှီးဖြာရာမှာ ပေါင်းတင်းဖုတ်ရတဲ့ တင်းဝါးကို ဖြာလေ့မရှိပါဘူး။ တင်းနှီးဟာ သဘာဝကိုက ပေါင်းတင်း နံ့မွှေးနေတာကြောင့် ပိုးထိုးလို့အထားမခံတဲ့အတွက် သိုက်ဝါးကို နှီးဖြာကြပါတယ်။ သိုက်ဝါးတောရယ်လို့လည်း သီးသန့်မရှိဘဲ ဝါးမျိုးစုံရောနှော ပေါက်ရာ နေရာက ရွေးချယ် ခုတ်ယူကြရတာပါ။ သိုက်နှီးဟာ သုံးနှစ်အထားခံပြီး ပျိုးထုံး၊ နှမ်းစည်း၊ အမိုးချည်၊ ဝင်းထရံချည် စတာတွေ အတွက် မန္တလေးတစ်ဝိုက်ကတောင်သူတွေက ရွှေစာရံ ဘုရားပွဲတော်မှာ တစ်နှစ်စာ လာရောက်ဝယ်ယူလေ့ ရှိကြပါတယ်။

ဘုရားဒါယိကာမ စောမွန်လှ[ပြင်ဆင်ရန်]

မိုင်းမောဝ် ရှမ်းစော်ဘွားကြီးရဲ့သမီးတော် ရှမ်း မင်းသမီးလည်း ဖြစ်၊ ဘုန်းမီးနေလ အင်မတန်တောက်ပ ခဲ့တဲ့ မြန်မာဘုရင် အနော်ရထာရဲ့ မိဖုရားတစ်ပါးလည်း ဖြစ်တဲ့အပြင်၊ ဆုတောင်းပြည့်ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ ဘုရားဒါယိကာမ လည်းဖြစ်တဲ့ စောမွန်လှကို သူ့ရဲ့အဆင့် အတန်းနဲ့အညီ တခမ်းတနား ထားချင်တဲ့အတွက် ရွှေစာရံ ဂေါပကအဖွဲ့ဟာ ရှမ်းရိုးရာအစဉ် အလာအတိုင်း ဟော်နန်း ဆောက်လုပ်ပြီး စောမွန်လှရုပ်တုကို အဆောင်အယောင် များနဲ့ ထားရှိခဲ့ပါတယ်။ `ဒီအတွက် အင်မတန်မှဖြူစင်မြင့်မြတ်လှတဲ့ ပါရမီရှင်၊ မေတ္တာရှင်၊ သစ္စာရှင် စောမွန်လှကို အနိမ့်စားနတ်စာရင်း ထည့်သွင်းလို့ အခွင့်ကောင်းယူ လုပ်ကြံဖန်တီးစီးပွား ရှာတာမျိုး ဂေါပကအဖွဲ့က ခွင့်မပြုပါဘူး။ ခေတ်အလိုအရ စောမွန်လှပုံတော်တွေ ထားရှိပေးပြီး လှူဒါန်းဒါနပြုလိုသူ တွေနဲ့ ရှမ်းရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ရှမ်း အိုးစည်ဝိုင်းနဲ့ ကခြင်း၊ ဆိုခြင်း၊ ဂါရဝပြုခြင်းများကို ခွင့်ပြုထားပေမဲ့ စောမွန်လှဟာ သိုက်နန်းရှင်၊ ဂူနန်းရှင် မဟုတ်ပါဘူး’လို့ ဘဏ္ဍာရေးမှူး ဦးပြေငြိမ်းက အတိ အလင်းပြောခဲ့ပါတယ်။

မြေပြင်မှ ရွှေတောင်ကြီးထွက်သည့်ပမာ[ပြင်ဆင်ရန်]

၁၃၇၁ ခု တန်ဆောင်မုန်းလဆန်း ၈ ရက်မှာ ဘုရား အမစောမွန်လှ ဘုံကထိန်တော်ကြီးကို မဲကျရာ ရွှေဘုံသာ၊ လိမ်ပင်ကျောင်း၊ မြို့နယ် သံဃာ့နာယကဆရာတော်ကြီးနှင့် တကွ ပင့်သံဃာ ၁၄ ပါး၊ သာမဏေ ၄၃ ပါးတို့ထံ ဆပ်ကပ်ခင်းကျင်းခဲ့ရာ ငွေသားနဲ့ ပစ္စည်းတန်ဖိုး ကျပ် သိန်းပေါင်း ၄၂၆၉၆၀ဝ ခန့် လှူဒါန်းနိုင်ခဲ့ပါတယ်။ လက်ရှိ ဉာဏ်တော် သံတောင် ၉၀(သံတောင်တစ်တောင်= ၁၉ လက်မ)ပမာဏရှိတဲ့ ရွှေစာရံစေတီတော် မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံ မှုများကို ဆောင်ရွက်ခဲ့ရာ ၂၀ဝ၄-၂၀ဝ၅ ခုနှစ်မှာ ကျပ်သိန်းပေါင်း ၃၃၂၀ဝ၆၇၄၊ ၂၀ဝ၆-၂၀ဝ၇ ခုနှစ်မှာ ကျပ်သိန်းပေါင်း ၅၅၇၃၅၀ဝ၀၊ ၂၀ဝ၈-၂၀ဝ၉ ခုနှစ်မှာတော့ ရွှေသင်္ကန်းကပ်လှူနိုင်ခဲ့ပြီး ရွှေသင်္ကန်း ကပ်လှူခြင်းအပါအဝင် ဘက်စုံမွမ်းမံမှုများကို ကျပ် သိန်းပေါင်း ၁၈၆၂၂၂၈၈ဝ အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲတော်ကာလအတွင်းမှာ ဘုရားဖူးလာ အများပြည်သူရဲ့ လှူဒါန်းမှု အစုစုကလည်း သိန်းတစ်ထောင် ဝန်းကျင်အထိ ရရှိပြီး လစဉ် အလှူငွေ သိန်းငါးဆယ်ဝန်းကျင် ရရှိကြောင်း သိရပါတယ်။ နှစ်စဉ် ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယ ပွဲတော်(အဖွင့်) အသံမစဲမဟာပဋ္ဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲကိုလည်း တပို့တွဲလပြည့် ၁ဝ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင် အာရုံဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်၊ သင်္ကန်း၊ လှူဖွယ်ဝတ္ထုအစုစုတို့နဲ့ ကျင်းပလှူဒါန်းခဲ့ပြီး ပွဲတော်အောင်ပွဲ သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကို နှစ်စဉ် တပေါင်းလပြည့်ကျော် ၉ ရက်နေ့မှ ပင့်သံဃာအပါး ၁၇ဝ ဝန်းကျင်တို့ကို ဆွမ်းခဲဖွယ် လှူဖွယ်ဝတ္ထုအစုစုနဲ့ ထိုက်ထိုက်တန်တန် လောင်းလှူလေ့ ရှိပါတယ်။

ပွဲတော်တွင်း ကြုံဆုံရသည့်အခက်အခဲ[ပြင်ဆင်ရန်]

ရွှေစာရံဘုရားပွဲတော်မှာ လာရောက်ခင်း ကျင်းရောင်းချ ကြတဲ့ ဈေးဆိုင်တန်းတွေကလည်း ဆိုင်ခန်းတစ်ထောင်ကျော်၊ လာရောက်လည်ပတ်ကြတဲ့ ဘုရားဖူးဧည့်သည် တွေကလည်း အနယ်နယ်အရပ်ရပ်၊ ဘုရားဝင်းအတွင်း ခြေချစရာနေရာလပ် မရှိပြွွတ်သိပ်နေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ-သီပေါဒေသတို့မှ မြစ်ဖျားခံစီးဆင်းလာတဲ့ ဒုဋ္ဌဝတီ မြစ်ဟာလည်း ရွှေစာရံဘုရားပွဲတော် ကာလအတွင်းမှာ ရေတိမ်သောင်ထွန်း ပေးတဲ့အတွက် သောင်ပေါ်မှာ စားသောက်ဆိုင်တွေ ဖွင့်ကြ၊ ဒုဋ္ဌဝတီမြစ်ထဲမှာ လူငယ်တွေ ဘာသာသဘာဝ ပျော်ကြပါးကြ ရေကစားကြနဲ့ `အကြိုသင်္ကြန်ရွှေစာရံ’ ရယ်လို့တောင် ပြောစမှတ်တွင်ပါတယ်။

ဘုရား ပွဲကာလအတွင်း တပေါင်းလပြည့်နေ့ ဟာ အစည်ကားဆုံး ဖြစ်ပါတယ်။ ရှေးယခင်ကတော့ လပြည့်နေ့မှာ ဆွမ်းတော်ကပ်လှူဖို့အတွက် အနီးအပါးရွာတွေက လှည်းတစ်စီး ဆွမ်းအုပ်တစ်လုံးစီနဲ့ ရွှေစာရံဘုရားကို လှည်းတန်းကြီးနဲ့ လာကြပါတယ်။ အခုတော့ ထော်လာဂျီသံတအုန်းအုန်းနဲ့ လာရောက် ဆွမ်းကပ်ကြတာလည်း တစ်မျိုး တစ်ဘာသာကြည့်ကောင်းတဲ့ မြင်ကွင်းပါပဲ။ ဘယ်လိုပဲ ဘက်စုံမွမ်းမံပြုပြင်မှုတွေ ဆောင်ရွက်ပေးမဲ့ လိုအပ်ချက်ကတော့ ရှိဆဲပါ။ အသေးအမွှားမဟုတ်တဲ့ အခက်အခဲကတော့`ရွှေစာရံဘုရားပွဲကို လူတွေက တပေါင်းလပြည့်နေ့မှ မရောက်ရရင် လူဖြစ်ရကျိုးမနပ်သလိုကို ခံယူပြီး လပြည့်နေ့ကို မဖြစ်မနေ လာရောက် ကြတာများ အမှတ်(၄)ရဲတပ်ရင်း ရှေ့ကနေ လမ်းပိတ်နေတာ ဘုရားဝင်းရောက်တဲ့အထိပါပဲ။ ကားတွေ၊ ဆိုင်ကယ်တွေလည်း ဆက်သွားလို့မရ၊ တိမ်းလို့ ရှောင်လို့မရ၊ သုံးမိုင် ခရီးကို လမ်းမှာတင် သုံးနာရီ လေးနာရီလောက် အချိန်နှောင့်နှေးကြရတယ်။ နေပူကျဲကျဲမှာ လမ်းဆင်း လှျောက်ပြီးလာတဲ့သူတွေလည်း ခွျေးဒီးဒီးကျလို့ ဘုရားဖူးလာ အများပြည်သူ တွေမှာ ပင်ပန်းဆင်းရဲကြရတယ်။ တကယ်လို့များ အုန်းချောနဲ့ ရွှေစာရံကို အသွားလမ်း၊ အပြန်လမ်းလေးများ ဖောက်ပေးနိုင်ခဲ့ရင်တော့ ဘုရားဖူးတွေ စိတ်အေးချမ်းသာနဲ့ ဘုရားဖူးနိုင်ကြမှာ အမှန်မို့ လမ်းလေးဖြစ်ဖို့ပဲ အားလုံးက မှျော်လင့်နေမိ ကြတယ်’လို့ ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်း က လေးလေးနက်နက်ပြောပြခဲ့ပါတယ်။

နဘယံ ဘေးမရှိ[ပြင်ဆင်ရန်]

သမိုင်းမှာ ဘယ်သူနဲ့မှမတူအောင် မေတ္တာအလှတရားတွေ အမြဲသီကုံးထားတဲ့ ဘုရားအမကြီးရဲ့ ရွှေစာရံမြေမှာ နဘယံ ဘေးမရှိ၊ ဘုရားနယ် နိမိတ်အတွင်းမှာ တစ်ခါမှ အန္တရာယ် ကျရောက်ဖူးခြင်းမရှိပါဘူးလို့ အသက် ခြောက်ဆယ်ရှိပြီဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဦးသောင်းတင်က ပြောပါတယ်။ ရွှေစာရံဘုရားပွဲတော်ဟာ ပွဲကြည့်၊ မုန့်စား၊ ပျော်ပါးရောက်ပြန် ဆိုတဲ့ သာမန်ဘုရားပွဲမျိုးမဟုတ်ဘဲ တောင်ပေါ်မြေပြန့်သားချင်းများ ဆုံဆည်းရာ၊ ဘုရားဖူးရင်း ရောင်းဝယ်ဖောက်ကားကြရာ၊ စိတ်ကူးယဉ် ကြည်နူးပျော်မြူးကြရာ နယ်မြေအစစ် သမိုင်းအနှစ် ဖြစ်တာကြောင့် ရွှေစာရံဘုရားပွဲတော်ဟာ ဒီနှစ်မှာ လည်း အထူးစည်ကားစရာ ရှိပါကြောင်း...။ [၃]


ဖြည့်စွက်ချက်[ပြင်ဆင်ရန်]

ဘုရင်အနော်ရထာက စောမွန်လှအပေါ် အထူးအရေးပေးကာလိုလားမှုရှိသည်ကို မရှုစိမ့်နိုင်ကြသောကျန်မိဖုရား အသိုင်းအဝိုင်း၏ လုပ်ကြံဝါဒဖြန့်သတင်းများကြောင့် စုန်းတောက်စားတတ်သည်ဟု ယိုးစွပ်ခံရသော မိဖုရားစောမွန်လှ အခြွေအရံမပါရှိပဲ နေရပ်ပြန်ခဲ့ရသည်ဆိုပါသည်။ ရေချိုးရန် လုံချည်ကိုခေါင်းထက်တင်စဉ် မြင့်မြတ်သော နားဋောင်းဖြစ်၍ နားမှကျွတ်ကာ ကောင်းကင်တွင်တည်နေပြီး စာသူငယ် အပေါင်းဝန်းရံနေသည်ကို တွေ့လိုက်ရ သည်ဆိုပါသည်။ ဤအခြင်းအရာကို မြင်ရသောအခါ စောမွန်လှသည် ရှိခိုးပူဇော်ပြီး အဓိဋ္ဌာန်ပြုလိုက်ရာ နားဋောင်းသည် ခြုံထည်သဘက်ထည်ပေါ်သို့ သက်ဆင်းလာပါသည်။ ဤတွင်မွေတော်ကိုဌာပနာ၍ စေတီတည် လိုစိတ်ဖြစ်ပေါ်ခဲ့ပြီး ဒုတ္ထဝတီမြစ်ဘေး အဘယခေမာ ကုန်းတော်ပေါ်တွင် စေတီ တည်ထားကိုးကွယ်ခဲ့သည်။ စေတီတည်ကြောင်းသတင်းကို အမြင်သွေလွဲမှုရှိခဲ့သော ဘုရင်ကြားသိရာ ဘုရား၏အဝင်မုဒ်ဦး မည်သည့်အရပ်သို့လှည့်ကြောင်း လိုက်လံစစ်ဆေးစေသည် ဟုဆိုပါသည်။ လှည့်တည်ထားရာအရပ်ကို မနှစ်သက်ပါက သတ်ရန်အမိန့်ပူးတွဲပါရှိနေကြောင်း ကြိုတင်ကြားသိရသော စောမွန်လှသည် စေတီကို သဘက်ဖြင့်ရစ်ပတ်၍ အဓိဋ္ဌာန်ပြုကာ အချိန်မီ ပြုပြင်လှည့်ပေးနိုင်ခဲ့ကြောင်းဆိုကြပါသည်။ ကောင်းကင်တွင် မွေတော်ကို စာကလေးငှက်များဝန်းရံ တည်နေသည်ကို အစွဲပြု၍ 'ရွှေစာရံစေတီတော်' ဟု အမည်တွင်လာပြီး အရေးအကြောင်း ပေါ်ပေါက်စဉ်တွင် အဓိဋ္ဌာန်ဖြင့်ထူးခြားစွမ်းဆောင်ရည်များ လုပ်နိုင်စွမ်းရှိခဲ့သည်ဟူသော သမိုင်းကြောင်းတို့ဖြင့်ထင်ရှားပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ
  2. သန်းနိုင်စိုး။ သီပေါကိုလတ်၏ သမိုင်းဝင် သစ္စာ အဓိဋ္ဌာန် ရွှေစာရံစေတီတော်မြတ်ကြီး၏ ဘုရားသမိုင်း
  3. http://www.perfectmagazineonline.com/writings/article/?choice=37&atcno=107