ရွှေမုဋ္ဌောဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောဘုရား

မြန်မာနိုင်ငံ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်သော ရွှေမုဋ္ဌောဘုရား သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့လယ် ဈေးအနီးတွင် တည်ရှိသည်။ မြေပေါက်စေတီဖြစ်သည့်ပြင် ပုသိမ်မြို့၏ အထင်ရှားဆုံးဘုရား ဖြစ်သည်။

စေတီတော်သမိုင်းအဆိုအရ ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့ လငပုပ်ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး ပြန်လည် ပြုပြင်ပြီးသောအခါ ထူပါရုံစေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီး သောအခါမှ ရွှေမုဋ္ဌောဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။

သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ၈၄ဝဝဝ တည်သည့်အနက် ဘုရားအလောင်း ရွှေငါးကြင်း ဖြစ်စဉ် တစ်ကြိမ်၊ ဝက်မင်းဖြစ်စဉ်တစ်ကြိမ် နေထိုင်ကျက်စားဘူးရာ ပုသိမ်မြို့ထိပ်ကမ်းနဖူး တောင်ဦးအခင်း ကျောက်သလင်းအမြင့်ပုံပေါ်တွင် ဘုရားတစ်ဆူ တည်သည်။ တည်စဉ်က ဒက္ခိဏသာခါမိုက်ပြည့် တစ်ဆူလျှင် ရွှေမယ်န လေးဌာနစီ စွဲ၍ ဓာတ်တော်၊ မွေတော်၊ အံတော်၊ ဆံတော်၊ ညှပ်ရိုးတော်များပါ ဌာပနာသည်။ လုံးပတ် သုံးတောင်၊ အမြင့် ငါးတောင်ရှိသည်။

သက္ကရာဇ် ၄၅၇ ခုနှစ်တွင် အလောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရာမှအပြန် ပုသိမ်မြို့သို့ ဝင်ရာတွင် သီရိ ဓမ္မာသောကမင်းကြီး တည်ထားခဲ့သော ရွှေအာဏာဘုရားကို ထပ်မံ မြှင့်မြှောက်ပြီးလျှင် ထူပါရုံဟု သမုတ်သည်။ ထိုအခါ စေတီတော်၏ လုံးပတ် ၁၂ တောင်၊ အမြင့် ၁၅ တောင်ရှိ၏။ ထီးနှင့် တော် ၂၄ တောင် ရှိသည်။

တစ်ဖန် ပုသိမ် ၃၂ မြို့ကို စိုးမိုးအုပ်ချုပ်တော်မူသော သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီမိဖုရားကြီးတို့လက်ထက် သက္ကရာဇ် ၆၂၅ ခုနှစ်တွင် မွေတော်တစ်ဆူ၊ ဆံတော် ရှစ်ဆူ၊ သွားတော် လေးချောင်း၊ ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်မှ ဥသျှစ်သီးခန့် ပမာဏရှိ ညောင်သီးတို့ကို ရွှေကြုပ်၌ထည့်၍ လုံးပတ် သုံးတောင်၊ အမြင့်ခုနစ်တောင်ရှိသော ပတ္တမြားစေတီတော်တွင် သွတ်သွင်းပြီးလျှင် ထိုပတ္တမြားစေတီတော်ကို ဌာပနာလျက် အလောင်းစည်သူမင်းတည်ခဲ့သော ထူပါရုံစေတီကို ပြုပြင်မွမ်းမံ တည်ထားတော်မူသည်။ ဘုရားဘွဲ့တော်ကို သီရိဓမ္မာသောက မင်းကြီး အမိန့်ဖြင့် ရွှေစေတီမိုက်ပြည့် ၈၄ဝဝဝ အနက်မှ တစ်ဆူ ဌာပနာရင်းစွဲ ရှိသည်ကို အကြောင်းပြု၍ ရွှေမုဋ္ဌောဟု သမုတ်တော်မူသည်။ မိုက်ကို ပါဠိဘာသာ မုဋ္ဌိဘာသာ မုဋ္ဌိခေါ် သဖြင့် မုဋ္ဌိသဒ္ဒါမှ မုဋ္ဌော ဖြစ်လာသည်။

ရွှေမုဋ္ဌောဘုရား၏ ခြေတော်ရင်း တောင်ဘက်အရပ်တွင် ဘုရားပူဇော်ရန် ပန်းဆေးရသောချောင်းကို ပန်းဆေးချောင်းဟု ခေါ်သည်။ ယခု ဈေးချောင်းတွင်၏။ ဥမ္မာဒန္တီ မိဖုရားကြီး ဘုရားအား ပန်းပူဇော်ရန် တင်သည့်ကုန်း(မီးရထားဘူတာရုံ ကုန်း)ကို ပန်းတင်ကုန်းဟု ခေါ်လေသည်။

သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီမိဖုရားကြီးတို့ နောက်တွင် စစ်ကိုင်းမင်း (ဘကြီးတော်ဘုရား)သည်၎င်း၊ ပုဂံမင်းသည်၎င်း၊ မင်းတုန်းမင်းသည်၎င်း ထီးတော်တင်လှူခြင်း၊ ရွှေလုံးတော်ပြည့် ကပ်လှူခြင်းနှင့် အခြားပူဇော်သက္ကာပြုခြင်းတည်းဟူသော ကောင်းမှုတော်တို့ကို အဆက်ဆက် ပြုခဲ့ကြသည်။ထိုပြင် ပုသိမ် မြို့ဝန် အဆက်ဆက်ကလည်း စေတီကြီးအား ထိန်းသိမ်းစောင့် ရှောက် ကိုးကွယ်ခဲ့ကြသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးဆုံးသွား၍ ပုသိမ်မြို့သည် ဗြိတိသျှတို့လက် ရောက်ရှိသွားပြီးနောက် ဗြိတိသျှအစိုးရ ခန့် စစ်ကဲတော်မင်းများသည်၎င်း၊ ဗုဒ္ဓဘာသာဝင် မြို့မိမြို့ဘတို့ သည်၎င်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကိုးကွယ်ခဲ့သည်။ ယခုတည်ရှိသည့်အတိုင်းဖြစ်သော မြေမှ ခရားသီးအဆုံးထိ ၇၇ တောင်၊ ထီးရပ် ၂၃ တောင်၊ နှစ်ရပ်ပေါင်း တစ်ရာ၊ လုံးပတ် တော် ၂ဝ၇ တောင်နှင့် ဖိနပ်တော် ၂၇၂ တောင် အသီး အသီး ရှိသော ဉာဏ်တော်၊ လုံးဝန်းပမာဏတော်တို့ကို ဆောင်စေ လျက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငွေထီးတော်အပြင် ရတနာ အပေါင်းဖြင့် စီခြယ်အပ်သော ရွှေသားငှက်မြတ်နားတို့ဖြင့် ခမ်းနားထည်ဝါ ကြည်ညိုဖွယ်ရာ တိုးမြှင့် တည်ထားနိုင်ခဲ့လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)