ဖိုးသူတော်ဦးမင်း

ဝီကီပီးဒီးယား မှ

ဖိုးသူတော်ဦးမင်းသည် ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် ဘကြီးတော်ဘုရား လက်ထက်နှင့် ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင် ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည်။ လေးချိုးကြီး၊ ရတု၊ သဖြန်အမျိုးမျိုး၊ တေးထပ်၊ တုံးချင်း၊ လွမ်းချင်းများကို ဖွဲ့ဆိုသည်။ သူနှင့်တစ်ခေတ်တည်း ပေါ်ပေါက် သော စာဆိုတော်လူဦးမင်းနှင့် ခွဲခြားနိုင်ရန်အလို့ငှာ ဖိုးသူတော် ဝတ်ဖူးသောကြောင့် ဖိုးသူတော်ဦးမင်း တွင်သည်။ ရှင်ဣန္ဒောဘာသဓဇ ဘွဲ့ကို ရသည်ဟုဆို၏။


ဖိုးသူတော်ဦးမင်းသည် ပင်းတလဲမြို့နယ်ရေဝေရွာ ဇာတိ ဖြစ်သည်။ စာမွန်ကြီးရွာ (အချို့က ဆမွန်းကြီးရွာ) ကို အသုံးကံကျွေးချီးမြှင့်ခြင်း ခံရသည်။ သက္ကရာဇ် ၁၁၉၉ ခုနှစ်၌ ကုန်းဘောင်မင်းတရားကြီး နန်းတက်၍ ဥကင်ဖွင့်မင်္ဂလာ ဆင်ယင်သည့်အခါ အမတ်ကြီး ဦးပေါ်ဦး၊ စာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား စာဆိုတော်နဝဒေးတို့နှင့် ဘုန်းတော်ဘွဲ့ရတုများကို အပြိုင်ရေးသား ဆက်သွင်းသည်။ ဖိုးသူတော်ဦးမင်းသည် ဆယ့်နှစ်ရာသီဖွဲ့များကို ဖွဲ့ဆိုလေ့ရှိသည်။ ဆိုခဲ့သော ဆယ့်နှစ်ရာသီဖွဲ့များကား ဟောင်းရွက် ညခါလှစ်လို့ချီ သဖြန် လေးဆစ် ၁၂ ပုဒ်၊ ထပ်ထပ်သာ စောတော့တယ်ချီ ဆယ့်နှစ်ရာသီ လွမ်းချင်း ၁၂ ပုဒ်နှင့် နွေ၊ မိုး၊ ဆောင်းဖွဲ့ လေးချိုးကြီး ၃ ပုဒ်တို့ဖြစ်၏။ ဆယ့်နှစ်ရာသီဖွဲ့ ကဗျာစုအနက် လေးဆစ်သဖြန်များတွင် အကျယ်မချဲ့ဘဲ လိုရင်းကိုချုပ်၍ ရေးသားထားသည်။ ရာသီဖွဲ့တွင် ပါဝင်စေအပ်သော ပန်း၊ နက္ခတ်တာရာ၊ ရာသီပွဲတော်များကိုသာ ပါဝင်စေလျက် ရာသီအခြေအနေကိုကား ပေါ်လွင်အောင် မဖွဲ့နွဲ့ချေ။ ပုံစံမှာ ကဆုန်လဖွဲ့တွင်

'စကားဝါငုံသင်းလို့၊ ကြယ်မင်းတဲ့ ဝိသာခါ၊
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊ ထွန်းတဲ့ ချိန်ပါ၊
စုံကန္တာ၊ ဟေမာမြိုင်ထဲ၊
ရွှေကျေးပျံသင်လို့ စံပျော်ရွှင်
သည်ဟိုကူးလို့ငယ်၊ မြူးကြစမြဲ။ ။'

ဟူ၍ တိုတိုတုတ်တုတ်နှင့် လိုရင်းကိုချုပ်၍ ဖွဲ့သည်။ နှုတ်တက်အာဂုံဆောင်သူတို့အတွက် မှတ်မိလွယ်၏။ ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်ရာသီဖွဲ့ လွမ်းချင်းသည် အတော်အဆင့်အတန်းမြင့်သော ကဗျာဖြစ်သည်။ ဖိုးသူတော် ဦးမင်းသည် အများမဆိုခဲ့ဖူးသော အဖွဲ့အနွဲ့မျိုးဖြင့် အသစ်တစ်မျိုးကြံဆောင်၍ ဖွဲ့နွဲ့ခြင်းပင် ဖြစ်သည်။ ထပ်ထပ်သာ စောတော့တယ်ချီ လွမ်းချင်းမှာ ဆယ့်နှစ်ရာသီဖွဲ့ သဖြန်ထက်ပင် စုံလင်သည်။

'ထပ်ထပ်သာ စောတော့တယ်၊ မြကြောငယ်ရစ်သီ၊
ကိုက်ဖူးငယ်ချီသည်၊ ပွင့်သိင်္ဂီရွှေရင်ခတ်ကယ်တို့၊
ရှစ်ရပ်ကယ် နယ်တစ်ခိုက၊ စိုလှတယ်လေး။ ။
နွေခါမှီငယ်၊ ရာသီမိဿ၊
ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊
စံပယ်ကွန့်ကာ၊ တိမ်ဗွေ ချာဝယ်၊
ဒေသစာလှမ်း၊ လှည့်လည်ငယ်မြန်းလို့၊
နှစ်ဆန်းငယ် သင်္ကြန်၊ သစ်သစ်သာ ဖန်တော့တယ်၊
နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊
လွှမ်းလှတယ်လေး။ ။'

စသည်ဖြင့် အမရပူရရွှေမြို့တော်ကြီးတွင် နေရပါသော်လည်း အတာသင်္ကြန်အခါ၌ တောနယ်များကိုလွမ်းဆွတ်ကြောင်း ပေါ်လွင်အောင် ဖွဲ့ဆိုလေသည်။ ဖိုးသူတော်ဦးမင်းစပ်ဆိုသော ဆောင်းဖွဲ့၊ နွေဖွဲ့၊ မိုးဖွဲ့၊ လေးချိုးကြီး ၃ ပုဒ်သည် အဖွဲ့အနွဲ့လွန်စွာကောင်း၍ ပထမတန်း လေးချိုးကြီးများဖြစ်၏။ အဓိပ္ပာယ်မှာ လွန်စွာနက်နဲ၍ ယခုအခါ ကဗျာဆရာတို့သည် ဦးမင်း၏ လေးချိုးများကို စံပြု၍ ထားကြရကုန်၏။


ရာသီဖွဲ့များအပြင် ဦးမင်းသည် တေးထပ်အများအပြားကိုလည်းစပ်ဆိုခဲ့၍ မယ်ဖွဲ့မြှောက်ပင့်တေးထပ်များသည် ထူးချွန်ကောင်းမွန်သည်။ ထို့ပြင် ဦးမင်းသည် တုံးချင်းများ အဖွဲ့အနွဲ့လည်း ကောင်းကာ စာဆိုပြိုင်ဘက်ဖြစ်သော လူဦးမင်းနှင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် မခံချင်အောင် တုံးချင်းများဖွဲ့ဆို ပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်း၏။


ဖိုးသူတော်ဦးမင်းသည် ဂီတကဗျာများ ဖွဲ့ဆိုရာ၌လည်း ထူးချွန်ကောင်းမွန်သော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် သီချင်းများမှအပ ပျို့၊ လင်္ကာဖွဲ့ဆိုမှုကို မတွေ့ရချေ။ လောကကြောင်း သက်သက်ကို ဖွဲ့ဆိုသည့်အလား ဓမ္မကြောင်းဆိုင်ရာ ပျို့ကဗျာများကို ဖွဲ့ဆိုခဲ့လျှင် ဖိုးသူတော်ဦးမင်း၏ နာမည်သည် ယခုထက် တိုးတက်ကျော်ကြားမည် ဖြစ်ပေသည်။[၁]


ခတ်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်-ချီ တောင်သူကြီးရုပ်ဖွဲ့ ဒုံးချင်းရေးသူ ဖိုးသူတော် ဦးမင်းမှာ ဘကြီးတော်(စစ်ကိုင်းမင်း)လက်ထက်၊ ကုန်းဘောင်ရွှေဘိုမင်းတရားကြီး လက်ထက်တော်တွင် လေးချိုးကြီး၊ ခွန်းထောက်၊ သဖြန်၊ တေးထပ်၊ ရတု၊ ဒုံးချင်း၊ စသည်တို့ကို ရေးသားဖွဲ့ဆို သီကုံးသူဖြစ်သည်။ သက္ကရာဇ် ၁၁၉၉-ခုနှစ်တွင် ကုန်းဘောင်ရွှေဘို မင်းတရားကြီး နန်းတတ်၍ ဥကင်သမင်္ဂလာ အခမ်းအနားဖွင့်သောအခါ အမတ်ကြီး ဦးပေါ်ဦး စာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စားဒုတိယ နဝဒေးတို့နှင့်အတူ ဘုန်းတော်ဖွဲ့ ရတုများကို အပြိုင် ရေးသားဆက်သွင်းရသူဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)