ကျိုက်ခေါက်စေတီတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကျိုက်ခေါက်စေတီတော်
Kyaikkhauk Pagoda.jpg
အချက်အလက်များ
တည်နေရာသန်လျင်မြို့
ကိုဩဒိနိတ်16°43′49″N 96°16′15″E / 16.730321°N 96.270943°E / 16.730321; 96.270943ကိုဩဒိနိတ်: 16°43′49″N 96°16′15″E / 16.730321°N 96.270943°E / 16.730321; 96.270943
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူစူဠသီရိမာသောကမင်း

ကျိုက်ခေါက်စေတီတော်မြတ်သည် မြန်မာနိုင်ငံရှိ တန်ခိုးကြီး စေတီတော် တစ်ဆူဖြစ်၍ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ဆုံရာ ပဲခူးမြစ်၏ တောင်ဘက်ကမ်းတွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့တောင်ဘက် သန်လျင်ကျောက်တန်းလမ်း အနီး ဥတ္တရင်္ဂကုန်းပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ ကျိုက်ခေါက်စေတီမှာ ရှေးဟောင်း စေတီတော်တစ်ဆူ ဖြစ်သည့်ပြင် ရှေးမွန်ဗိသုကာ ပညာရပ်ကို သရုပ်ပြ သက်သေခံလျက်ရှိသည်။ ကျိုက်ခေါက်စေတီ၏ ဉာဏ်တော်မှာ ၂၃၃ ပေ၊ ဖိနပ်တော်အဝန်းမှာ ပေ ၉ဝဝ ဖြစ်သည်။ စေတီ ရင်ပြင်တော် ကို မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောက်ပြားအနီများဖြင့် စနစ်တကျ ဆစ်ချောခင်းကျင်းထားသည်။

သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့်ဓာတ်တော်များကို ဌာပနာကာ တိုက်စေတီ ပုံတည်ထားခဲ့ခြင်းဖြစ်သည်။ အရှင်ခေါလကကို အကြောင်းပြု၍ “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ "ခေါက်စေတီ၊ ကျော်ခိုက်စေတီ၊ ကျိုက်ခေါက်စေတီ" ဟုတွင်လေသည်။

သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲတည်ထားခဲ့သည်။ ဉာဏ်တော် ၂၇-တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ကျိုက်ခေါက် စေတီတော်မြတ်သည် ခေတ်သမိုင်းအဆက်ဆက် စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။ [၁]

သမိုင်းအကျဉ်းချုပ်[ပြင်ဆင်ရန်]

မြတ်စွာဘုရားသခင်သည် ဂဝံပတိရဟန္တာ ပင့်လျှောက်ချက် အရ မဟာသက္ကရာဇ် ၁၁၁ ခုနှစ် ဆောင်းရာသီ၌ သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ကြွတော်မူခဲ့သည်။ သထုံဘုရင်တိဿဓမ္မ သီဟရာဇာနှင့် မှူးမတ်ပြည်သူ ပြည်သားတို့က ခမ်းနားကြီးကျယ်သော စံကျောင်းတော်ဆောက်လုပ်ရာ၍ ၇ ရက်တိုင်တိုင် ပူဇော်ကြသည်။ ဘုရားသခင် ထိုသို့စံနေတော် မူစဉ်အတွင်း ဂစ္ဆဂိရိတောင်မှ တိဿကုမာရ ရသေ့၊ ဗန္ဓဝဂိရိတောင်မှ သီဟကုမာရ ရသေ့၊ ကုသိနာရုံတောင် ရသေ့၊ ဒိုးခလွန်တောင် ရသေ့ အစရှိသော ရသေ့တို့သည် လာရောက် ဆည်းကပ်ပူဇော်ကြကုန်သည်။

ထိုအထဲတွင် သီဟဒီပကျွန်းခေါ် ယခု သန်လျင်မြို့မှ တိဿ ရသေ့သည်လည်း တစ်ပါးအပါအဝင် ဖြစ်သည်။ ရသေ့တို့သည် မြတ်စွာဘုရား အထံတော်၌ ဘုရားကိုယ်စား ကိုးကွယ်ထား နိုင်ရန်အတွက် မွေတော်ဓာတ်တော်များ ချီးမြှင့်ရန် တောင်းပန်ကြသဖြင့် ရသေ့အသီးသီးအား ဆံတော် ၁ ဆူ ၂ ဆူ စသည် ဖြင့် ပေးသနားတော်မူသည်။ သီဟဒီပကျွန်းက ရသေ့ကြီးတိဿ သည်လည်း ဆံတော် ၂ ဆူ ရရှိခဲ့၏။ ရသေ့ကြီးသည် ထို ဆံတော်များကို မည်သူတစ်စုံတစ်ယောက်ကိုမျှ ဖူးမြော်ခွင့် မပေးဘဲ မိမိတစ်ဦးတည်းသာ ကိုးကွယ်မည်အကြံနှင့် ဆံကျစ် အကြား၌ ကွယ်ဝှက်သိမ်းဆည်း၍ ထားသည်။ ထိုသို့ ကောက်ကျစ်သောအကြံ ရှိသဖြင့် နောင်အခါ တိဿရသေ့ကို တိဿဝင်္ဂဟူ၍လည်းကောင်း၊ 'ရသေ့ကောက်'ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ရသေ့ကောက်မှ စကားရွေ့လျော၍ 'ရသေ့ခေါက်' ဖြစ်လာ သည်ဟု ဆိုကြသည်။ ယခုအခါ ကျောက်တန်းဟုခေါ်သော ပါဒမြို့ ဘုရင်ဇေယသေန မင်းနှင့် မိဖုရားကြီးတို့သည် မြတ်စွာဘုရား ကိုလည်း မဖူးမြော်လိုက်ရ၊ ဓာတ်တော်မွေတော် တစ်စုံတစ်ရာ ကိုမျှလည်း မရရှိလိုက်သဖြင့် စိတ်နှလုံး မသာမယာဖြစ်ကာ ဓာတ်တော်များကို စုံစမ်းရှာဖွေသည်။ ထို့နောက် အခိုက်သင့်စွာ မင်းနှင့် မိဖုရားကြီးတို့သည် သီဟဒီပကျွန်းမှ တိဿရသေ့ကြီး နှင့် တွေ့ဆုံမိကြ၏။ မင်းကြီးလည်း ဓာတ်တော် မွေတော် များကို တည်ထားကိုးကွယ်လိုပါသည်။ ရရှိနိုင်မည့်နေရာကို ညွှန်ကြားတော်မူပါဟု ရသေ့အား လျှောက်ထား၏။ ရသေ့ကြီး က ၇ ရက် လွန်မြောက်လျှင် ပြသမည်ဟု ပြောကြားရာ မင်းနှင့် မိဖုရားတို့လည်း ရသေ့ကြီးအား နန်းတော်သို့ ပင့်ဆောင်၍ ပူဇော်သက္ကရ ပြုကြ၏။ နောက်ဆုံး၌ ရသေ့ကြီးသည် မိမိ၏ ဆံကျစ်အကြား၌ သိုထားသော ဆံတော် ၂ ဆူအနက် ၁ ဆူကို မင်းကြီးအားပေး၏။ ပါဒမင်းသည် ထိုဆံတော်ကို ဌာပနာ၍ ရှေးလွန်လေပြီးသောကာလ၌ မြတ်စွာဘုရား အလောင်းတော်ရွှေဟင်္သာမင်း ဘဝက ခိုဝင်နားနေခဲ့ဘူးရာ ကုန်းမြတ်ဖြစ်သော ဥတ္တရာယင်္ဂ ကုန်းတော်ပေါ်တွင် စေတီတစ်ဆူ တည်တော်မူသည်။ ဆံတော်ကို သိုဝှက်ထားသော ရသေ့ခေါက်၏ အမည်ကို အစွဲပြု၍ ထိုစေတီကို 'ကျိုက်ခေါက်စေတီ'ဟု ခေါ်စမှတ်ပြုကြသည်။ ကျိုက်ခေါက်စေတီကို ဇေယသေနမင်း၊ သိကြားမင်းနှင့် ရသေ့ခေါက် ၃ ဦးတို့ ပူးပေါင်းတည်ခဲ့ကြောင်းနှင့် ဘုရားသမိုင်းများတွင် အမှတ်အသား တွေ့ရလေသည်။

ကျိုက်ခေါက်စေတီကို သန်လျင်မြို့ ဘောဂသေနမင်း၏ သမီးတော် ရှင်မွေနွန်းက ဒုတိယအကြိမ် ဓာတ်တော်များကို ဌာပနာတော်မူခဲ့၍ နောက်မင်းအဆက်ဆက်တို့ ပြုပြင်တော်မူခဲ့ကြသည်။ သို့သော် ပေါ်တူဂီ လူမျိုး ငဇင်္ကာခေါ် ဖိလစ်ဒီဗရစ်တို လက်ထက် သက္ကရာဇ် ၉၆၅ ခုနှစ်မှ ၉၇၅ ခုနှစ်ခန့်အတွင်း ကျိုက်ခေါက်စေတီတော်ကို ပြုပြင်မွမ်းမံသည့်သူ မရှိသဖြင့် တောကြီးအတိ ဖြစ်ပြန်သည်။ သက္ကရာဇ် ၁၁၃၃ ခုနှစ်တွင် မိုးနဲရောက် ဂန္ဓသာရ အရှင်သူမြတ် ကြီးမှူး၍ မြို့သူမြို့သား တို့က ထပ်လောင်းမွမ်းမံကာ တံတိုင်း ကာရံ ဆောက်လုပ်ခဲ့ကြသည်။

ဆင်ဖြူရှင်မင်းတရားကြီးသည် သက္ကရာဇ် ၁၁၃၆ ခုနှစ် ရွှေတိဂုံစေတီတော်တွင် ထီးတော်အသစ် တင်တော်မူပြီးနောက်၊ ၁၁၃၇ ခုနှစ်၌ ကျိုက်ခေါက်စေတီတော်ကိုလည်း ထီးတော် တင်တော်မူခဲ့သည်။ ၁၁၄၃ ခုနှစ်က စေတီတော်ပြိုပြန်ရာ ဘိုးတော်ဘုရားက ပြင်ဆင်မွမ်းမံခဲ့လေသည်။ ကျိုက်ခေါက် ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်နေ့တွင် ကျင်းပလေ့ရှိသည်။

ကျိုက်ခေါက်စေတီသည် ရှေးအခါကပင် အထက်အောက်မြန်မာနိုင်ငံအတွင်း ထင်လင်းကျော်ကြားခဲ့သည်။ ကဝိလက္ခဏာ သတ်ပုံဆရာက 'သံလျင်မြို့မြတ်၊ တောင်မတ်မတ်၊ကျတ်ခေါက် ဘုရားရှင်'ဟု စပ်ဆိုခဲ့သည်။ နဝဒေးကြီး၊ နတ်သျှင်နောင် စသော စာဆိုတော်များကလည်း ကျိုက်ခေါက်ဘုရားတိုင် ရတုများကို စပ်ဆိုခဲ့ကြလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင်။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)