ရတနာပုံ စက်ရုံများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရတနာပုံ စက်ရုံများ[ပြင်ဆင်ရန်]

မြန်မာ တို့သည် နယ်ချဲ့ ဗြိတိသျှ တို့နှင့် စစ်မီး နှစ်ကြိမ် တွေ့ရ ပြီးနောက် မိမိ ဘဝ ရပ်တည် နေနိုင်ရေး အတွက် ခေတ်မီ နိုင်ငံရေး တခု ဖြစ်လာရန် ကြိုးပမ်း ခဲ့သည်။ ၁၈၅၈ ခုမှ ၁၈၇၄ ခုနှစ်ခန့် အတွင်း ရတနာပုံ နေပြည်တော်၌ စက်ရုံများ တည်ထောင်သည်။ ဤစာတမ်းသည် ယင်း စက်ရုံများ အနက်မှ အထောက်အထား ခိုင်လုံစွာ တွေ့ရသည့် စက်ရုံ ကိုးရုံ၏ အကြောင်း ဖြစ်ပါသည်။ စက်ရုံ များ၏ လုပ်ရည် လုပ်အား မည်မျှရှိခဲ့ကြောင်း၊ နိုင်ငံခြားသား ပညာရှင်များ၊ မြန်မာ ပညာသင် များနှင့် ငွေပင် ငွေရင်း တတ်အား သမျှ စိုက်ထူကာ မည်သို့ လုပ်ဆောင် ခဲ့၍ မည်မျှ ထိရောက် အောင်မြင် ခဲ့ကြောင်း တို့ကို အထောက်အထား ရှာဖွေ တွေ့ရ သမျှ တင်ပြ ထားပါသည်။ ထို့နောက် စက်ရုံများကို ကနောင် မင်းသား စတင် ကြီးကြပ် တည်ထောင် ခဲ့၍ မင်းသား နတ်ရွာ စံပြီးနောက် အထိန်းအကွပ် မရှိ၊ ဆက်လက် လုပ်ဆောင်ခြင်း မရှိဘဲ ဘုရင်၏ လျစ်လျူ ရှုထားခြင်း ခံရ သည်ဟု ယူမှတ် ပြောဆို နေကြ သည်မှာ မဟုတ် မှန်ကြောင်း အထောက်အထား များက ဖော်ညွှန်းလျက် ရှိသည်ကို ရှင်းလင်း တင်ပြ ပါသည်။ ထို့ပြင် စက်ရုံ များကို တည်ထောင် လုပ်ဆောင်စဉ်က စက်ရုံများ အပေါ် ဗြိတိသျှတို့ ထားခဲ့သည့် သဘောထားနှင့် တိုက်ရိုက် တမျိုး၊ သွယ်ဝိုက်၍ တဖုံ နှောင့်ယှက် ဖျက်ဆီး ခဲ့ပုံ များကို ဖော်ပြ ပါသည်။ ပြည်သူ ပြည်သား တို့၏ ချွေးနှီးစာဖြင့် ထူထောင် ခဲ့ရသည့် ရတနာပုံ စက်ရုံ များသည် ဗြိတိသျှတို့ သိမ်းပိုက် ပြီးသည့် နောက်ပိုင်းတွင် သံတို သံစ အဖြစ်ဖြင့် မည်သို့ ဇာတ်သိမ်း သွားရ လေသည်ကို လက်လှမ်း မီရာ အထောက်အထား တို့မှ ရှာဖွေ တွေ့ရှိ သမျှ တင်ပြလျက် စာတမ်းကို အဆုံးသတ် ထားပါသည်။

ရတနာပုံ စက်ရုံများ ကား မြန်မာ့ စက်မှု လုပ်ငန်း၏ အရုဏ်ဦးဟု ဆိုထိုက် ပေသည်။ ဘေးဘိုး စဉ်ဆက် ရာဇဝင် တလျှောက်လုံး မြန်မာ တို့သည် လယ်ယာ မြေနှင့်ပင် အသက် မွေးခဲ့၏။ မြန်မာပြည် သည်လည်း ထွန်ယက် စိုက်ပျိုးသော လုပ်ငန်း၊ ယင်းနှင့် ယှဉ်သည့် အိမ်တွင်း လက်မှု ပညာ တို့မှ ပေါက်ဖွားသော သမား ရိုးကျ လူမှု ဆက်ဆံရေး စနစ်၊ စီးပွားရေး စနစ် တို့နှင့်ပင် သာယာ ဝပြော စည်ပင်သော နိုင်ငံ တခု ဖြစ်ခဲ့သည်။ သို့ပင် ဖြစ်ငြား သော်လည်း နယ်ချဲ့ ဗြိတိသျှ တို့နှင့် စစ်မီး နှစ်ကြိမ် တွေ့ပြီးနောက် ရန်သူ့ လက်တွင်းသို့ သက်ဆင်း ကျရောက် သွားသည့် ဗြိတိသျှ မြန်မာပြည် ခေါ် ရခိုင်၊ တနင်္သာရီနှင့် အောက်မြန်မာပြည် တို့၏ ဂယက်၊ စက်မှု လက်မှု ထွန်းကား တိုးတက် နေသည့် အနောက် နိုင်ငံ များနှင့် ပိုမို နီးကပ်စွာ ဆက်ဆံ ရခြင်း၊ ဘေးရန် နီးကပ် ပြင်းထန်ခြင်း တည်းဟူသော ပတ်ဝန်းကျင် အခြေအနေ တို့၏ ဖန်တီး လှုံ့ဆော်မှုကြောင့် သက်ဦး ဆံပိုင် ဘုရင် စိုးမိုးမှု လက်အောက်ရှိ မြန်မာပြည်သည် မိမိ၏ ဘဝ ရပ်တည် နေနိုင်ရေးကို ရှေးရှုကာ ခေတ်မီ နိုင်ငံ တခု အဖြစ်သို့ ရောက်စေရန် ရတနာပုံ ခေတ်အတွင်း စက်မှု လုပ်ငန်း များကို မြေစမ်း ခရမ်းပျိုး ဆိုသကဲ့သို့ စတင် တည်ထောင် ခဲ့သည်။ အစဉ်အလာကို ကျော်လွန်ကာ တီထွင် ရသော လုပ်ငန်း ဖြစ်၍ မကျင် လည်ခြင်း၊ နိုင်ငံခြားသား များကို လုံးဝ အားကိုး လုပ်ဆောင် ရခြင်း၊ နိုင်ငံခြားသား ကုမ္ပဏီများ၊ အဝယ်တော် များတို့ မရိုးဖြောင့် ကြခြင်း၊ ဗြိတိသျှ အစိုးရ တို့က ဝင်ရောက် ချုပ်ချယ် နှောင့်ယှက်ခြင်း၊ မိမိ တိုင်းပြည်၏ သဘာဝ အင်အား၊ လူအင်အား၊ အတတ် ပညာ အင်အား တို့နှင့် မဟပ်စပ်မိခြင်း စသည့် ချို့ယွင်းချက် များကြောင့် ငွေကုန်၍ လူပန်း သလောက် အကျိုး မဖြစ်ထွန်းဘဲ ယိုဖိတ်မှုများ ရှိခဲ့ သည်ကား မငြင်းဆို နိုင်ပေ။ ထို့ပြင် ရတနာပုံခေတ် သက်တမ်းကား အနှစ် ၃ဝ ခန့် မျှသာ ဖြစ်၍ တိုတောင်း လှသည်။ ရတနာပုံခေတ် ကုန်ဆုံးချိန်ဝယ် အချို့ စက်ရုံ များ၏ အသက်မှာ ဆယ်နှစ် ခန့်မျှသာ ရှိ၍ တည်ဆဲ၊ ပြုပြင်ဆဲ၊ စမ်းသပ်ဆဲ မျှသာ ရှိချေသည်။ ယင်းသို့ တိုတောင်း လှသည့် သက်တမ်း အတွင်း မကျွမ်းမကျင် ခဲယဉ်းစွာ တည်ထောင် ခဲ့ရသည့် ရတနာပုံ စက်ရုံများ မည်မျှ ထမြောက် အောင်မြင် ခဲ့သည်၊ လုပ်ရည် လုပ်အား မည်မျှ ရှိခဲ့သည် တို့ကို ရှာဖွေ ရရှိ သမျှ ဤ စာတမ်းတွင် တင်ပြရန် ရည်ရွယ် ပါသည်။ ထို့ပြင် ရတနာပုံ စက်ရုံများကို မင်းတုန်းမင်း၏ ညီတော် အိမ်ရှေ့စံ ကနောင် မင်းသားကြီး တည်ထောင် ခဲ့သည်။ ၁၂၈၈ ခုနှစ် (ခရစ် ၁၈၆၆) ကနောင်မင်း နတ်ရွာ စံပြီး နောက်ပိုင်းတွင် စက်ရုံ များမှာ အထိန်းအကွပ် မရှိ ဆက်လက် လုပ်ဆောင်ခြင်း မပြုဘဲ ဘုရင်၏ လျစ်လျူ ရှုခြင်း ခံရ၍ တိမ်းပါး ပျက်စီး ရှိနေ ခဲ့ကြ သည်ဟု အများက ပြောစမှတ် ပြုကြသည်။ ယင်း အယူအမှတ် လွဲမှား နေကြောင်း ကိုလည်း ဤ စာတမ်းဖြင့် ရှင်းလင်း တင်ပြ လိုပါသည်။ ရတနာပုံ စက်ရုံ များကို တည်ဆောင် လုပ်ဆောင်ဆဲ အချိန်က ယင်း စက်ရုံများ အပေါ် ဗြိတိသျှ အစိုးရ တို့က မည်ကဲ့သို့ သဘော ထားသည်၊ အထက် မြန်မာပြည်ကို သိမ်းပိုက် လုယက်သည့် နောက်ပိုင်းတွင် ရတနာပုံ စက်ရုံများ ဗြိတိသျှတို့ လက်တွင်း၌ မည်ကဲ့သို့ ဇာတ်သိမ်း သွားရ ရှာသည် တို့ကိုလည်း တွေ့မီ သမျှ အထောက်အထား တို့ကို ကိုးကား၍ ဤ စာတမ်းတွင် တင်ပြ ထားပါသည်။

ဤ စာတမ်းကို ပြုစုရေးသား ရာ၌ အောက်ပါ အထောက်အထား များကို ကိုးကား မှီငြမ်း ပြုပါသည်။

၁။ ဦးတင်၊ ကုန်းဘောင်ဆက် မဟာရာဇဝင် (တတိယတွဲ)၊ မန္တလေးမြို့၊ ဟံသာဝတီ ပိဋကတ် စာပုံနှိပ်တိုက်၊ ၁၉၂၃ ခု။

၂။ လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက် မှတ်ပုံ (ပ နှင့် ဒု)၊ ရန်ကုန်မြို့၊ အစိုးရ ပုံနှိပ်တိုက်၊ ၁၉၀၁ နှင့် ၁၉၀၉ ခု။

၃။ ကင်းဝန်မင်းကြီး၊ လန်ဒန်မြို့သွား နေ့စဉ် မှတ်စာတမ်း (ဒု)၊ ရန်ကုန်မြို့၊ အစိုးရ ပုံနှိပ်တိုက်၊ ၁၉၂၈ခု။

၄။ ကင်းဝန်မင်းကြီး၊ ပြင်သစ် နိုင်ငံသွား နေ့စဉ် မှတ်တမ်း၊ ရန်ကုန်မြို့၊ အစိုးရ ပုံနှိပ်တိုက်၊ ၁၉၃၉ ခု။

၅။ ဦးခြိမ့်၊ ပူတေကေစပိန် အီတာလျံသွား မှတ်တမ်း၊ မန္တလေး၊ လူထု သတင်းစာတိုက်၊ ၁၉၅၉ ခု။

၆။ ဦးမောင်မောင်တင်၊ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်။

ရ။ လူထု ဦးလှ၊ သတင်းစာများသည် သမိုင်းကို ပြောနေကြသည်၊ မန္တလေးမြို့၊ ကြီးပွားရေး ပုံနှိပ်တိုက်၊ ၁၉၆၃ ခု။

၈။ အမျိုးသား စာကြည့်တိုက်၊ ကင်းဝန် ပုရပိုက်စု၊ ဦးတင် ပုရပိုက်စု။

၉။ Burma Military Proceedings, 1885-6.

၁၀။ Burma Foreign and Political Proceedings, 1886.

၁၁။ Burma Foreign Proceedings, 1886.

၁၂။ Upper Burma Proceedings (Finance and Commerce Department), 1886.

၁၃။ Upper Burma Proceedings (Revenue and Agriculture Department), 1886.

၁၄။ Burma Finance and Commerce Proceedings, 1889.

၁၅။ "Diaries of the Political Agent, Mandalay, 1860-80" India Foreign and Political Proceedings, 1860-80.

ဖော်ပြပါ အင်္ဂလိပ် အထောက်အထား များသည် လန်ဒန်မြို့၊ အိန္ဒိယရုံး ပိဋကတ် တိုက်ရှိ မှတ်တမ်းများ ဖြစ်ကြသည်။ ယင်း တို့ကို မြန်မာနိုင်ငံ သမိုင်း ကော်မရှင်တွင် မိုက်ကရိုဖလင် ရိုက်ကူး ရယူ ထားပါသည်။

နိုင်ငံတော်၏ တည်တံ့ရေး၊ တိုးတက် ဖွံ့ဖြိုးရေး၊ ခေတ်မီရေး တို့ကို ရှေးရှု၍ ရတနာပုံ ခေတ်အတွင်း မြေစမ်း ခရမ်းပျိုး တည်ထောင် ခဲ့သော စက်ရုံ များကား-

"ရွှေဒင်္ဂါး ငွေဒင်္ဂါး ပုံရိုက် လုပ်ဆောင်သော ဒင်္ဂါး စက်ရုံတော်၊ ထည်မျိုး အုပ်မျိုး ရက်လုပ်သော ရက်ကန်း စက်ရုံတော်၊ စပါး အမျိုးမျိုး ကြိတ်လုပ်သော ဆန်ကြိတ် စက်ရုံတော်၊ အမြောက်ကြီးငယ်၊ လှံဓား အမျိုးမျိုး၊ ဗုံးဆန် အမြောက်ဆန် တူဆန် အမျိုးမျိုး သွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ် များကို တိုက်ခွဲသော လွှစက်ရုံတော်၊ သကြား ချက်လုပ်သော စက်ရုံတော်၊ မဲနယ် ချက်လုပ်သော စက်ရုံတော်မှ စ၍ စက်ရုံ အမျိုးမျိုး ဦးရေ ငါးဆယ်ကျော်"

ရှိသည်ဟု ကုန်းဘောင်ဆက် မဟာ ရာဇဝင်က ဆိုထားသည်။ သို့သော် ယင်းစက်ရုံ ငါးဆယ်ကျော်၏ အမျိုးအမည် အတိအကျကို လည်းကောင်း၊ အကြောင်းအရာ များကို လည်းကောင်း ထောက်လှမ်း ရှာဖွေ မရနိုင် သေးချေ။ အထောက်အထား တွေ့ရှိရ သမျှသော အမြောက် သေနတ် စက်ရုံ၊ ရက်ကန်း စက်ရုံ၊ သင်္ဘော စက်ရုံ၊ လွှစက်ရုံ၊ သကြား စက်ရုံ၊ သံစက်ရုံ၊ ဒင်္ဂါး စက်ရုံ၊ မဲနယ် စက်ရုံနှင့် စစ်ကိုင်း သံဖို စက်ရုံ ဤစက်ရုံ ကိုးရုံ အကြောင်း ကိုသာ ဤ စာတမ်းတွင် တင်ပြ ပါသည်။

ဤ စက်ရုံများ ကို သက္ကရာဇ် ၁၂၂ဝ မှ ၁၂၃၆ ခုနှစ် (ခရစ် ၁၈၅၈ မှ ၁၈၇၄ ) အတွင်း တည်ဆောက် ခဲ့သည်ဟု ခန့်မှန်း ရပါသည်။ မည်သည့် စက်ရုံကို မည်သည့် ခုနှစ်တွင် တည်ဆောက် သည်ဟု အတိအကျ ပြောဆို နိုင်ရန်ကား ခဲယဉ်း ပါသည်။ သို့သော် မြန်မာ တို့သည် ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲ (ခရစ် ၁၈၅၂ ခု) အပြီး အောက်မြန်မာပြည်ကို လက်လွှတ် ဆုံးရှုံး ရသည်နှင့် တပြိုက်နက် မိမိတို့၏ ဘဝ ဖြစ်ရပ် မှန်ကို လည်းကောင်း၊ ဗြိတိသျှ ခြေလှမ်းကို လည်းကောင်း၊ ပတ်ဝန်းကျင် အခြေအနေကို လည်းကောင်း သဘောပေါက် နားလည် ကြလျက် မိမိတို့ထက် အရာရာ သာလွန် တိုးတက် နေပြီ ဖြစ်သော နယ်ချဲ့ တို့နှင့် ယှဉ်ပြိုင်၍ လွတ်လပ်သော နိုင်ငံ တခု အဖြစ် ရပ်တည် နေနိုင်ရန် ခေတ်မီ နိုင်ငံ အဖြစ်သို့ ပြောင်းလဲရေးကို သက္ကရာဇ် ၁၂၁၆ ခု နှစ် (ခရစ် ၁၈၅၄) ခန့်ကပင် စတင် စိုင်းပြင်း ကြကြောင်း တွေ့ရသည်။ နိုင်ငံတော် ကာကွယ်ရေး အတွက် ခေတ်မီ လက်နက်များ တပ်ဆင် နိုင်ရန်၊ စစ်သင်္ဘော၊ ကုန်သင်္ဘောများ တည်ဆောက် နိုင်ရန်၊ စက်ရုံ အလုပ်ရုံများ တည်ထောင် နိုင်ရန် ရည်သန်လျက် ၁၂၁၆ ခုနှစ် တော်သလင်းလ (စက်တင်ဘာ ၁၈၅၄) အတွင်း အင်္ဂလိပ် တို့နှင့် မဟာမိတ် အဖြစ် စေလွှတ်သည့် ဘင်္ဂလားသွား သံအဖွဲ့ ခေါင်းဆောင် ဖြစ်သူ နန်းမတော်ဝန် မင်းကြီး မင်း မဟာ မင်းခေါင် ရာဇာ သို့ သင်္ဘော ရလျှင် ဝယ်ယူ ခဲ့ရမည်၊ မရလျှင် စက်ကိရိယာနှင့် စက်ဆရာများ ဝယ်ယူ ငှားရမ်း ခဲ့ရ မည်ဟု အမိန့် ချမှတ် ညွှန်ကြား လိုက်သည်။ ထို့ပြင် သက္ကရာဇ် ၁၂၂၅ ခုနှစ် ကုန်လုနီး ပြာသိုလ၊ တပေါင်းလ (ခရစ် ၁၈၆၃ - ၄) များ အတွင်း သံတော်ဆင့် ဦးရွှေဘင်နှင့် စက်ဆရာ ဦးထွန်း တို့ကို ပွတ်စက်၊ ဖောက်စူးစက် စသည့် စက် ကိရိယာများ ဝယ်ယူရန် ဘင်္ဂလားသို့ စေလွှတ် ကြောင်းလည်း တွေ့ရသည်။ ထို့နောက် သက္ကရာဇ် ၁၂၂၉ ခုနှစ် (ခရစ် ၁၈၆၇) တွင် စက် ကိရိယာများ ဝယ်ယူ တင်သွင်းရန် ရန်ကုန် မြို့ရှိ တော့ဖှင်ဒလေ အင်ကုမ္ပဏီ ကိုယ်စားလှယ်နှင့် စာချုပ် ချုပ်ဆိုခြင်း၊ သက္ကရာဇ် ၁၂၃၃ ခုနှစ် (ခရစ် ၁၈၇၁) အတွင်း အခြား အလားတူ ကုမ္ပဏီ များနှင့် ထပ်မံ စာချုပ် ချုပ်ဆိုခြင်း များလည်း တွေ့ရသည်။ ရတနာပုံ စက်ရုံများ အတွက် စက် ကိရိယာ များကို သက္ကရာဇ် ၁၂၁၆ ခုနှစ် (ခရစ် ၁၈၅၄) ကပင် ဝယ်ယူရန် စတင် စိုင်းပြင်၍ စက်ရုံ များကိုမူ သက္ကရာဇ် ၁၂၁၆ ခုမှ ၁၂၃၆ ခုနှစ် (ခရစ် ၁၈၅၄ မှ ၁၈၇၄) အတွင်း တည်ဆောက် ထူထောင် သည်ဟု သာမန် အားဖြင့် ခန့်မှန်းသည်။ ဤ အကြောင်းကို စက်ရုံများ တခုစီ အသေးစိတ် ဖော်ပြရာ၌ ထပ်မံ ရှင်းလင်း တင်ပြ ပါမည်။

ယင်း စက်ရုံ များကို တည်ဆောက်ရာ၌ ငွေပင် ငွေရင်း မည်မျှ စိုက်ထူ ကုန်ကျ သည်ဟု စာရင်းအင်း တိတိကျကျ မတွေ့ရ သေးချေ။ မြန်မာ ဘုရင် အစိုးရသည် အစ ပထမ၌ လိုအပ်သည့် စက်များ၊ ပစ္စည်း ကိရိယာ များကို တိုက်ရိုက် ဝယ်ယူရန် စီစဉ် ကြိုးပမ်းသည်။ အထက်တွင် ဖော်ပြ ခဲ့သည့် အတိုင်း သက္ကရာဇ် ၁၂၁၆ ခုနှစ် (ခရစ် ၁၈၅၄) ဘင်္ဂလားသွား မဟာမိတ် သံအဖွဲ့သို့ သင်္ဘော ဝယ်ယူရန်၊ စက် ဆရာများ စက် ကိရိယာများ ငှားရမ်း ဝယ်ယူ ခဲ့ရန် ညွှန်ကြား ခဲ့သည်။ သို့သော် ထိုစဉ်က ယင်း ညွှန်ကြား ချမှတ် လိုက်သည့် အလုပ်အဆောင်မှာ ပြီးပြေ ဖြစ်မြောက် ခဲ့ဟန် မတူချေ။ ထို့နောက် သက္ကရာဇ် ၁၂၅၅ ခု ပြာသိုလမှ တပေါင်းလ (ဒီဇင်ဘာ ၁၈၃၆ မှ ဖေဖော်ဝါရီ ၁၈၆၄) အတွင်း သံတော်ဆင့် ဦးရွှေဘင်နှင့် စက်ဆရာ ဦးထွန်းတို့ ဘင်္ဂလားသို့ သွားရောက်ကာ ပွတ်စက်၊ ဖောက်စူး စက်ငယ်များ ဝယ်ယူ ခဲ့ကြသည်။ သို့သော် ဝယ်ယူ ခဲ့သည့် စက်များ၊ ပစ္စည်း ကိရိယာ များ၏ တန်ဖိုးကို မသိရချေ။ ထိုစဉ်က ယင်းသို့ စက်ပစ္စည်း ကိရိယာများ ဝယ်ယူ တင်သွင်း သည်ကို အိန္ဒိယပြည် ဗြိတိသျှ အစိုးရက ဟန့်တား ပိတ်ပင် ခဲ့ဟန် တူသည်။ ဝယ်ယူသည့် ပွတ်စက် ကိရိယာများ အဆောင်အယူကို မည်သည့် အတွက်ကြောင့် တားဆီးကြောင်း သိသာအောင် ဘင်္ဂလားသို့ စာပေး ပါမည့် အကြောင်း စသည်ဖြင့် ဗြိတိသျှ မြန်မာပြည် မဟာ ဝန်ရှင်တော် မင်းကြီး ဖယ်ရာနှင့် မကွေး ဝန်ကြီးတို့ အပြန်အလှန် ပေးစာ ပြန်စာများ ရှိခဲ့ကြောင်း တွေ့ရသည်။ တဖန် သက္ကရာဇ် ၁၂၂၈ ခုနှစ် တပေါင်းလ (မတ် ၁၈၆၇) အတွင်း သံတော်ဆင့် ဦးရွှေဘင်နှင့် လူငယ် နှစ်ဦး တို့ကို ပြင်သစ်ပြည်သို့ စက်ကိရိယာ အဝယ်အယူ စေလွှတ်ရန် စီစဉ် ပြန်သည်။ ဦးရွှေဘင်သည် ကာလကတ္တား မြို့တွင် ပညာ သင်ကြားဖူး သဖြင့် အင်္ဂလိပ်စာ အတန်အသင့် တတ်မြောက်သည်။ လူငယ် နှစ်ဦး မှာမူ ပဲရစ်မြို့ စစ်ပညာသင် ကျောင်းများ၌ ပညာ သင်ကြား ဆည်းပူးရန် ကနောင် မင်းသားက စေလွှတ် သဖြင့် သုံးလေးနှစ် ကြာမျှ ပဲရစ်တွင် ပညာ ဆည်းပူးကာ ပြန်ရောက် လာသည့် မော်ထွန်းအောင်နှင့် မောင်ညွန့်တို့ ဖြစ်သည်။ ယင်း လူငယ် သုံးဦးကို ငွေကြေး စုံလင်စွာ ပေးလျက် အမြောက်ဆန်၊ ဗုံးဆန်၊ တူဆန် လက်နက် ကိရိယာ ပြုလုပ် နိုင်သည့် စက်ပစ္စည်းများ အဝယ်အယူ စေလွှတ်ခြင်း ဖြစ်သည်ဟု နယ်ချဲ့ တို့၏ မှတ်တမ်း များက ဖော်ပြသည်။ ယင်း စက် ကိရိယာဝယ် အဖွဲ့ စေလွှတ်ရန် စီစဉ်ရာ၌ မြန်မာ အစိုးရ တို့သည် မိမိအား မတိုင်မပင်၊ သတင်း စကား အဖြစ်ပင် မက်ဟခြင်း မရှိဟု မန္တလေး နေပြည်တော်ရှိ ဗြိတိသျှ အစိုးရ ကိုယ်စားလှယ် အရေးပိုင်က မကျေမနပ် ရှိခဲ့သည်။ ထို့ကြောင့် ၁၈၆၇ ခု မတ်လ ၂၂ ရက် နေ့စွဲပါ သူ၏ အစီရင်ခံစာတွင် ဦးရွှေဘင် အမှူး ရှိသည့် ဤ စက်ကိရိယာဝယ် အဖွဲ့သည် စင်စစ် နိုင်ငံရေး အတွင်းရေး အမှောင့် ပယောဂ မကင်း၍ လုံးဝ ယုံကြည်ဖွယ် မရှိကြောင်း၊ အပြင်ပန်း အားဖြင့် ရက်ကန်းစက်၊ ပန်းကန်စက် စသည် တို့ကို ဝယ်ယူရန်ဟု အကြောင်းပြ သော်လည်း စင်စစ် လက်နက် ခဲယမ်း မီးကျောက် လုပ်စက်များ ဝယ်ယူရန် ဖြစ်ကြောင်းနှင့် ဖော်ပြ အစီရင်ခံရာ အဝယ်တော် အဖွဲ့ မသွား ဖြစ်အောင် မြန်မာ ဘုရင်အား ဖြားယောင်း သွေးဆောင် ရမည်ဟု ဗြိတိသျှ မြန်မာပြည် မဟာ ဝန်ရှင်တော် မင်းကြီးက မန္တလေးရှိ ဗြိတိသျှ ကိုယ်စားလှယ် အရေးပိုင်သို့ ညွှန်ကြားသည်။ ဤတွင် ဦးရွှေဘင် အမှူး ရှိသည့် စက်ကိရိယာ အဝယ်တော် အဖွဲ့သည် ရန်ကုန်မြို့မှ နေပြည်တော်သို့ ပြန်လာ ခဲ့ရသည်။ ထိုအတော အတွင်း မည်သို့ မည်ပုံ ဝယ်ယူ သည်ဟု အတိအကျ မသိရ သော်လည်း ၁၈၆၇ ခု ဇွန်လတွင် မြန်မာ ဘုရင် အစိုးရ အတွက် စက်ပစ္စည်း ငွေ ၄၀,၀၀ဝ ကျပ်ဖိုး ရန်ကုန် မြို့သို့ သင်္ဘောဖြင့် တင်ဆောင် လာကြောင်းလည်း တွေ့ရသည်။ ထို့ နောက်ပိုင်း တွင်မူ မြန်မာ ဘုရင် အစိုးရသည် လိုအပ်သည့် စက် ကိရိယာများ ဝယ်ယူရေးကို နိုင်ငံခြားသား ကုမ္ပဏီများ၊ ကိုယ်စားလှယ် များနှင့် ဆက်သွယ် လုပ်ဆောင်သည်။

မြန်မာ ဘုရင် အစိုးရသို့ စက် ကိရိယာများ ဝယ်ယူ ဆက်သွင်း မည်ဟု ပထမဆုံး စာချုပ် ချုပ်ဆိုသည့် ကိုမ္ပဏီသည် ရန်ကုန်မြို့ တော့ဖှင့်ဒလေ အင် ကုမ္ပဏီ ဟု ထင်မြင် ရသည်။ ယင်း ကုမ္ပဏီ၏ ကိုယ်စားလှယ် တဦး ဖြစ်သူ ဝီလျံရော်ဂျာသည် မန္တလေး နေပြည်တော်သို့ လာရောက်၍ ပွတ်စက်၊ ဝါကြိတ်စက် စသည်များ ဝယ်ယူ ဆက်သွင်း မည်ဟု ၁၂၂၉ ခု ဝါဆိုလပြည့်ကျော် ၁၂ ရက် (၂၇ ဇူလိုင် ၁၈၆၇) နေ့ စာချုပ် ချုပ်ဆိုသည်။ ယင်း စာချုပ် အရ သက္ကရာဇ် ၁၂၃ဝ ပြည့် တပို့တွဲလ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၁၈၆၉) အတွင်း ရွှေဘော်စက်၊ ဝန်ချီစက်၊ ပွတ်စက်၊ ဖောက်စူးစက်၊ သံပြား ကြိတ်စက်၊ အားပေး မီးစက်များ အဖိုးငွေ ဒင်္ဂါး ၁၇၉,၀၀ဝ ကျပ်ဖိုး ဝယ်ယူ ပေးသွင်း ခဲ့သည်။ ထို့နောက် ဗျူကင်နံ ကုမ္ပဏီ (မြန်မာတို့က ဘုတ်ကင်နံ ကုမ္ပဏီဟု ရေးမှတ်သည်) နှင့် သက္ကရာဇ် ၁၂၃ဝ ပြည့် တပို့တွဲလ (ဖေဖော်ဝါရီ ၁၈၆၉) အတွင်း စက်ကိရိယာ စာချုပ် အသစ် ထပ်မံ ချုပ်ဆိုကြောင်း သိရသည်။ ယင်း ကုမ္ပဏီနှင့် ပထမ စာချုပ်ကို မည်သည့် ခုနှစ်က ချုပ်ဆိုသည်၊ မည်သည့် စက်ကိရိယာများ ဝယ်ယူ ဆက်သွင်းသည်၊ တန်ဖိုးငွေ မည်မျှနှင့် စာချုပ် ချုပ်ဆိုသည် များကိုမူ မသိရချေ။ တဖန် ရန်ကုန်မြို့ အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာ ဒေါ်ဆင်သို့ သင်္ဘောတွင် တပ်ဆင်ရန် စက်ကိရိယာများ ဝယ်ယူ ဆက်သွင်း သဖြင့် ငွေတသိန်း ချီးမြှင့် သည်ဟု ၁၂၃၃ ခု သီတင်းကျွတ် လဆန်း ၉ ရက် (၂၂ စက်တင်ဘာ ၁၈၇၁) သောကြာနေ့ထုတ် မြန်မာ ဂဇက် သတင်းစာတွင် တွေ့ရ ပြန်သည်။ ယင်းကဲ့သို့ စက်များ၊ ပစ္စည်း ကိရိယာများ၊ သင်္ဘောများ၊ အမြောက် သေနတ် လက်နက်များ ဝယ်ယူ ဆက်သွင်း မည်ဟု မြန်မာ ဘုရင် အစိုးရနှင့် ကတိ စာချုပ် ပြုလုပ် လက်မှတ် ရေးထိုး ကြသည့် အခြား အလားတူ ကုမ္ပဏီ များသည် ဂလက်စတုန် ဝီလီ ကုမ္ပဏီ၊ ဆပ်သာလင် မက္ကဇီ ကုမ္ပဏီ၊ အက်ဒမန်ဂျုံး ကုမ္ပဏီနှင့် ဟယ်လီဒေး ဘူလုပ် ကုမ္ပဏီတို့ ဖြစ်ကြသည်။ ထို့ပြင် တဦးချင်း အနေဖြင့် ကိုယ်စားလှယ်တော် အဝယ်တော် ပြုလုပ် ကြသူ ဝီလျံဝါလစ်၊ ဒေါ်ဆင်၊ ဒေါက်တာ ဝီလျံ၊ ဒါဗီဒေါ် စသည့် နိုင်ငံခြားသား ကုန်သည် ပွဲစား များလည်း ရှိသည်။ သက္ကရာဇ် ၁၂၃၃ ခု (ခရစ် ၁၈၇၁) နှစ် အတွင်း ဖော်ပြပါ ကုမ္ပဏီများ၊ ကုန်သည်ကြီး များနှင့် စက်များ၊ ပစ္စည်း ကိရိယာများ၊ အမြောက် သေနတ် လက်နက်များ၊ သင်္ဘောများ ဝယ်ယူ ဆက်သွင်းရန် စာချုပ် ချုပ်ဆို ခဲ့သည့် ငွေ တန်ဖိုးမှာ သိန်းလေးဆယ် ကျော်သည်ဟု ဆိုသည်။ စစ်ကိုင်း သံဖို စက်ရုံရှိ စက်ပစ္စည်း ကိရိယာများ သည်လည်း တန်ဖိုးငွေ ငါးသိန်းကျော် ဖိုးခန့် ရှိသည် ဟုလည်း တွေ့ရသည်။ ယင်းကဲ့သို့ စက်များ၊ ပစ္စည်း ကိရိယာများ အကြိမ်ကြိမ် ဝယ်ယူငွေ အချို့ကို သာမန် အားဖြင့် ဤမျှသာ သိရသည်။ မည်သည့် စက်၊ မည်သည့် စက်ရုံ အတွက် မည်မျှ အရင်း စိုက်ထုတ် ကုန်ကျ လေသည် ဟူကား အတိအကျ စာရင်း မပြ နိုင်ချေ။

စက်ရုံ များကို တည်ဆောက်ရာ၌ ငွေပင် ငွေရင်း မည်မျှ မြှုပ်နှံ ကုန်ကျ သည်ဟု စာရင်း အတိအကျ မတွေ့ရဟု ဆိုသဖြင့် မြန်မာ တို့သည် ဤမျှ လုပ်ငန်းကြီး ကိုပင် စာရင်းအင်း မရှိ ပေါ့ပေါ့ပြေပြေ လုပ်ဆောင် လေသည်ဟု နိုင်ငံခြားသား ရာဇဝင် ဆရာ များ၏ လေသံကို လိုက်ကာ အပြစ်တင် မစောကြ စေလိုပါ။ လွှတ်တော် ပုရပိုက် အမှတ်အသား အတိုကောက် မှတ်ပုံ ပထမတွဲ၊ စာမျက်နှာ ၁၆၈ တွင် ဖော်ပြ ထားသည့် ပုရပိုက် အမှတ် ၁၃၇ သည် -

"၁၂၂၉ ခု ဝါဆို လပြည့်ကျော် ၁၂ ရက်နေ့ တပ္ပဏ္ဍလီ ကုန်သည်ကြီးက ပွတ်စက်၊ ဝါကြိတ် စက်များ ဝယ်ယူ ဆက်သမည် လက်မှတ်ထိုး စာချုပ်။ ၎င်း စာချုပ် အရ ဝယ်ယူရန် စက်ကိရိယာ အမျိုးအမည်နှင့် အဖိုးငွေ စာရင်း"

ဖြစ်ကြောင်း တွေ့ရသည်။ ထို့အတူ ယင်းစာအုပ် ဒုတိယတွဲ စာမျက်နှာ ၁၀၆ တွင် ဖော်ပြသည့် ပုရပိုက် အမှတ် ၂၉၂ သည် -

"ကလေမံ ဝီလျံနှင့် ချုပ်ဆိုသည့် သံဘိုစက်ဝယ် စာချုပ်၊ ခံဝန်ချက်၊ စက်ကိရိယာဖိုး၊ စက်ဆရာတို့ လခ၊ သင်္ဘောခ၊ ကလေမံ ဝီလျံသို့ ပေးငွေ စာရင်းများ"

ဖြစ်သည်။ ယင်းကို ထောက်၍ စာချုပ် စာတမ်း စာရင်းအင်းများ ရှိခဲ့ မည်ဟု သိသာ ပါသည်။ အဆိုပါ စာရင်းအင်း ပုရပိုက် များမှာ မန္တလေး နေပြည်တော်ကို ဗြိတိသျှတို့ တက်ရောက် သိမ်းပိုက်စဉ်က လည်းကောင်း၊ ထို့နောက် နေပြည်တော်မှ ရန်ကုန်မြို့သို့ လှည်းအစီး ၄ဝ ဖြင့် သယ်ဆောင် လာကာ အတွင်းဝန်များ ရုံးတွင် အတိုကောက် မှတ်ပုံတင် ပြုလုပ် ပြီးနောက် ဖျက်ဆီး ပစ်လိုက်သည့် ပုရပိုက် နှစ်သောင်း ကျော်တွင် ပါသွား လေပြီ ဟူ၍ လည်းကောင်း၊ ကျန်ရှိသည် များမှာလည်း နောက်ပိုင်းတွင် တိမ်မြုပ် ပျောက်ကွယ် ကုန်လေပြီ ဟူ၍ လည်းကောင်း မှတ်ယူ ဖွယ်သာ ရှိပါသည်။ စာရင်း အင်းများ မရှိခဲ့ဟု ပေါ့ပေါ့တန်တန် မတွေးထင် သင့်ကြောင်း အစီရင် ခံလို ပါသည်။

ယင်းသို့ ဝယ်ယူခဲ့သည့် စက်များ၊ စက်ပစ္စည်း ကိရိယာ များ၏ တန်ဖိုး ငွေကို မြန်မာ ဘုရင် အစိုးရသည် မည်ကဲ့သို့ ပေးဆပ် ကြောင်းကို ဆက်လက် တင်ပြ ပါမည်။ မူရင်း အားဖြင့်သော် မြန်မာ အစိုးရသည် ဝယ်ယူသည့် စက်နှင့် စက်ပစ္စည်း များ၏ တန်ဖိုးကို ငွေဖြင့်ပင် ပေးချေ ပါသည်။ အချို့ကိုမူ ပြည်ထွက် ပစ္စည်းများ ဖြစ်သည့် ရေနံ၊ သစ်၊ ရှား၊ ကြက်ပေါင်စေး၊ ဝါ စသည့် ကုန်ပစ္စည်း များဖြင့် ပေးချေသည်။ ထို့ပြင် စက်နှင့် စက်ပစ္စည်း ဝယ်ယူ ဆက်သွင်းသည့် ကုမ္ပဏီနှင့် ကုန်သည်ကြီး အချို့ကို သစ်ခုတ် လုပ်ဆောင်ခွင့်၊ ရေနံ လုပ်ဆောင်ခွင့်တို့ ပေး၍ ယင်း အခွန်တွင် ခုနှိပ် ပေးဆပ် သည်လည်း တွေ့ရသည်။ ပုံစံ ပြ၍ အတိအကျ ပြောရသော် တော့ဖှင့်ဒလေ အင် ကုမ္ပဏီမှ သက္ကရာဇ် ၁၂၂၉ ခု (၁၈၆၇) အတွင်း ဝယ်ယူ ခဲ့သည့် ပွတ်စက်၊ ဖောက်စူးစက်၊ သံပြား ကြိတ်စက် စသည် တို့၏ တန်ဖိုးငွေကို 'ပခန်းကြီးနှင့် စလင်းမြို့ ဆိပ်ကမ်း များရှိ သစ်တော် ပျဉ်တော် များကို အတားအဆီး မရှိ စုန်မျှော ရောင်းချ' ၍ လည်းကောင်း၊ 'သစ်တော် ပျဉ်တော် များပေး' ၍ သော်လည်းကောင်း၊ 'အောက်စုန် ရေနံခွန်တွင် ခုနှိမ်စေ' ၍လည်းကောင်း ပေးဆပ် ခဲ့သည်။ ထို့အတူ ပြင်သစ်မှ ဒင်္ဂါးစက် မှာထား ဆက်သွင်းသူ အင်္ဂလိပ် ကုန်သည်ကြီး ဝီလျံဝါလစ်ကို တော်ငူ သစ်တော်ရှိ သစ်များ ဝယ်ယူခွင့် ပေး၍ ဒင်္ဂါး စက်ဖိုး ငွေကို တင်ပြ တောင်းဆိုသည့် အတိုင်း အဖိုး ချေပေး ဝယ်ယူ ခဲ့သည်။

စက်နှင့် စက်ပစ္စည်း ကိရိယာ များကို နိုင်ငံခြားသား ကုမ္ပဏီများ၊ ကုန်သည် ပွဲစားများမှ တဆင့် မှာထား ဝယ်ယူ ရသည်တွင် ယင်း ကုန်သည် ပွဲစား အဝယ်တော် အချို့ တို့၏ မရိုး ဖြောင့်မှုကြောင် နစ်နာ ဆုံးရှုံးမှုများ ရှိခဲ့ ကြောင်းလည်း တွေ့ရသည်။ ယင်း အဝယ်တော် တို့သည် မြန်မာ ဘုရင် အစိုးရ အလို ရှိသည့် စက်ပစ္စည်း များကို မည်သည့် ရက်လ အတွင်း တင်သွင်း ဝယ်ယူ ဆက်သ ပါမည်ဟု ခံဝန် ချုပ်ဆိုလျက် ငွေများ၊ ကုန်ပစ္စည်း များကို တင်ကူး ထုတ်ယူ ကြသည်။ ထို့နောက် စာချုပ် လရက် လွန်သော်လည်း ခံဝန်ရင်း စက်ပစ္စည်း ကိရိယာ များကို မပေး မအပ်၊ ထုတ်ယူ ရင်းငွေ ကိုလည်း ပြန်လည် မပေး မဆပ်ဘဲ ရှိခဲ့ ကြသည်။ ထိုသို့ ကတိ ပျက်ကွက် သူများတွင် ဒေါက်တာ ကလေမံ ဝီလျံလည်း တဦး အပါအဝင် ဖြစ်သည်။ ဒေါက်တာ ကလေမံ ဝီလျံသည် စစ်တပ် ဆရာဝန် တဦး ဖြစ်သည်။ ၁၈၆၃ ခု မေလ အတွင်း ဒေါက်တာ ဝီလျံကို နိုင်ငံခြားရေး ဌာန၏ သဘော တူညီချက်နှင့် ဗြိတိသျှ အစိုးရ ကိုယ်စားလှယ် အရေးပိုင် အဖြစ် မန္တလေးတွင် ခန့်ထား နေထိုင် စေသည်။ ယင်း ရာထူးကို ဆက်လက် မထမ်းဆောင် ရသော အခါ၌ မြန်မာ ဘုရင် အစိုးရ၏ အဝယ်တော် အဖြစ် မန္တလေး နေပြည်တော် တွင်ပင် ဆက်လက် နေထိုင်သည်။ ဒေါက်တာ ကလေမံ ဝီလျံသည် သေနတ်များ၊ တိုက်သင်္ဘောများ ဝယ်ယူ ဆက်သွင်း မည်ဟု ကတိ ခံဝန် ချုပ်ဆို၍ မြန်မာ အစိုးရ ထံမှ ငွေ ၅၀,၀၀ဝ ကျပ် ထုတ်ယူသည်။ စာချုပ် လရက် လွန်လာ သော်လည်း ခံဝန်ရင်း ပစ္စည်း များကို မပေး မအပ် ရှိသည်နှင့် သက္ကရာဇ် ၁၂၃ဝ ပြည့်၊ တပေါင်း လပြည့်ကျော် ၃ရက် (၂၇ ဖေဖော်ဝါရီလ ၁၈၆၉) နေ့စွဲဖြင့် ပခန်း မင်းကြီးက အင်္ဂလိပ် အရေးပိုင် ကိုယ်စားလှယ် အီဘီ စလေဒင်သို့ မဟာ ဝန်ရှင်တော် မင်းကြီးထံ တိုင်တန်း ပေးရန် စာချုပ် ရက်လလွန် ကတိ ပျက်ကွက်လျက် ရှိသဖြင့် အလားတူ တိုင်တန်းစာများ ရေးသား ရသည်။ ထို့ပြင် ဗျူကင်နံ ကုမ္ပဏီ၏ ကိုယ်စားလှယ် ဆိုသူ ဒါဗီဒေါ် ထံ၌လည်း သံရည် ကျိုစက် ကိရိယာ ဝယ်ယူ ဆက်သွင်း မည်ဟု ယူထားသည့် ငွေ ၄၅,၀၀ဝ ကျပ်မှာ စာချုပ် ရက်လ လွန်လျက် မပေးမဆပ် တောင်းခံ မရ ရှိနေ ခဲ့သည်။ ယင်းကဲ့သို့ ဗျူကင်နံ ကုမ္ပဏီနှင့် ငွေရေး ကြေးရေး မပြတ်မရှင်း ရှိနေ သည်တွင် ရန်ကုန်မြို့၊ ဂလက်စတုန် ဝီလီ ကုမ္ပဏီက ဗျူကင်နံ ကုမ္ပဏီနှင့် ကိုယ်စားလှယ် ဒါဗီဒေါ် တို့၏ ေ့ကးများကို တာဝန် ယူကာ စာချုပ် သစ်များ ထပ်မံ ချုပ်ဆို ရမည့် အကြောင်းနှင့် မြန်မာ ဘုရင်ထံ ၁၈၆၉ ခုနှစ် အတွင်း စကား ကမ်းလှမ်း ခဲ့သည်။ ယင်း ကိစ္စကား အောင်မြင် ဖြစ်မြောက် ခဲ့ဟန် မတူချေ၊ ဗျူကင်နံ ကုမ္ပဏီ ကိုယ်စားလှယ် ဒါဗီဒေါ်ထံ ရရန်ငွေ ၄၅,၀၀ဝ ကျပ်ကို ဂလက်စတုန် ဝီလီ ကုမ္ပဏီက ကိုယ်စားလှယ် ပြုလုပ် တောင်းခံ ပေးပါမည် ဆိုလျက် နေ့ရက် ရှည်ကြာ မတောင်းမခံ လွှဲရှောင် နေသည်နှင့် ၁၂၃၂ ခု သီတင်းကျွတ်နှင့် တန်ဆောင်မုန်း လများ (အောက်တိုဘာ ၁၈၇၀) အတွင်း ဒေါက်တာ ကလေမံ ဝီလျံ ကိုပင် တဖန် လွှဲအပ် တောင်းဆို စေရ ပြန်ကြောင်း တွေ့ရသည်။ သို့သော် ယင်း ငွေကြေး ပြဿနာ များမှာ ၁၂၃၄ ခု တော်သတင်းလ (စက်တင်ဘာ ၁၈၇၂) ရောက်သည့် တိုင်အောင်ပင် မပြီးမပြတ် မပြေလည်ဘဲ ရှိနေ သေးသည်။ စင်စစ် အားဖြင့်သော် မြန်မာ ဘုရင် အစိုးရသည် ဗျူကင်နံ ကုမ္ပဏီနှင့် ယင်းတို့၏ ကိုယ်စားလှယ် ဒါဗီဒေါ်တို့ ထံမှ ရရှိရန် ငွေများကို ပြန်လည် မရမရှိ ဆုံးရှုံး လေသည်ဟု ယူဆ ရသည်။ ၁၈၇၂ ခု စက်တင်ဘာ လတွင် ဗျူကင်နံ ကုမ္ပဏီသည် ကုန်ရှုံး ပျက်စီး ဒေဝါလီ ခံသွား၍ ဒါဗီဒေါ် မှာလည်း အလုပ် ရပ်နားကာ ပြန်သွားပြီ ဖြစ်ကြောင်း တွေ့ရသည်။ ထိုစဉ်က ဒေါက်တာ ကလေမံ ဝီလျံ သည်လည်း ယူထားသည့် ငွေ ၅၀,၀၀ဝ ကျပ်ကို ပြန်လည် မပေးဆပ် သေးဘဲ ရှိသည်။ သို့သော် ယင်းငွေကို ထည့်သွင်း ခုနှိမ်၍ စစ်ကိုင်း သံဖို စက်ရုံ အတွက် စက်များ၊ ပစ္စည်း ကိရိယာများ တန်ဖိုးငွေ ရ၀,၀၀ဝ ကျပ်ဖိုး ဝယ်ယူ ပေးဆက် ပါမည်ဟု ထပ်မံ စာချုပ် ပြန်သည်။ ယင်း စာချုပ် အရ မြန်မာ ဘုရင် အစိုးရ ထံမှ နောက်ထပ် ငွေ ၃၀,၀၀ဝ ကျပ် ထုတ်ယူ ပြန်ရာ တန်ဖိုးငွေ ရ၀,၀၀ဝ ကျပ်ဖိုး စက်များ ရပြီးသည့် တိုင်အောင်ပင် ဒေါက်တာ ကလေမံ ဝီလျံ ထံ၌ ငွေ ၁၀,၀၀ဝ ကျပ် ရရန် ကျန်ရှိ နေဦးမည် ဖြစ်သည်။ ဒေါက်တာ ကလေမံ ဝီလျံသည် စစ်ကိုင်း သံဖို စက်ရုံ အတွက် စက်များ ဝယ်ယူ ပို့ဆက်ကြောင်း တွေ့ရ သော်လည်း တန်ဖိုး ငွေ ရ၀,၀၀ဝ ကျပ်ဖိုး ဟုကား တိတိကျကျ မတွေ့ရချေ။ ဒေါက်တာ ကလေမံ ဝီလျံ ထံ၌လည်း ငွေကြေး ဆုံးပါး သေးကြောင်း ထင်ရှားသည်။ ယင်း အကြောင်းကို စက်ကိုင်း သံဖို စက်ရုံ အကြောင်း ဖော်ပြ ရာ၌ ပိုမို ထင်လင်းစွာ တွေ့မြင် ရပါမည်။ အခြား ကုမ္ပဏီများ၊ ကိုယ်စားလှယ် များနှင့် ဆက်သွယ်ရာ ၌လည်း အလားတူမရိုးဖြောင့်မှု၊ ကတိပျက်ကွက်မှုများကြောင့် ဆုံးရှုံးနစ်နာမှု၊ ယိုဖိတ်မှုများ ရှိကောင်း ရှိခဲ့ ပေဦး မည်ဟု ထင်မြင် မှန်းဆ ရပါသည်။

စက်ရုံများ တည်ဆောက် စက စက်ရုံ လုပ်ငန်း အရပ်ရပ် များကို အိမ်ရှေ့စံ ကနောင်မင်း၊ မြတောင် ဝန်ကြီးနှင့် ဗန်းမော် အတွင်းဝန် တို့က ကြီးကြပ် အုပ်ချုပ် လုပ်ဆောင်သည်။ စက်ရုံ များဟု ဆိုသော်လည်း ကနောင် မင်းသားကြီး နတ်ရွာ မစံမီ ၁၈၆၄ ခုနှစ်က အမြောက် သေနတ်များ လုပ်ဆောင်ရာ လက်နက် စက်ရုံ သာလျှင် ရှိသေး သည်ဟု ထင်မြင် ရသည်။ ထိုစဉ်က ယင်း လက်နက် စက်ရုံ၌ လုပ်ငန်း အရပ်ရပ်ကို မြတောင် ဝန်ကြီး၊ ဗန်းမောင် အတွင်းဝန်နှင့် သားတော် မင်းသားကြီး သုံးလေးဦး တို့က အစဉ် မပြတ် ကြီးကြပ်ကွပ်ကဲ လုပ်ဆောင် ရသည်။ အိမ်ရှေ့မင်း ကိုယ်တိုင်လည်း မကြာခဏ ကြွရောက် ရှုစား ကွပ်ကဲ စီမံ လုပ်ဆောင်သည်။ သက္ကရာဇ် ၁၂၂၈ ခု ဒုတိယ ဝါဆို လပြည့်ကျော် ရ ရက် (၂ ဩဂုတ်လ ၁၈၆၆) ကြာသပတေးနေ့ မြင်ကွန်း မြင်းခုံတိုင် မင်းသားတို့ ထကြွမှုတွင် အိမ်ရှေ့ မင်းသား နတ်ရွာ စံခဲ့သည်။ အိမ်ရှေ့ မင်းသား မရှိ သည့်နောက် သက္ကရာဇ် ၁၂၃၄ ခု (ခရစ် ၁၈၇၂) သို့ရောက်သော အခါ စက်ရုံ ငါးဆယ် ကျော်တွင် ပြသ လုပ်ဆောင် စေသည့် လူများနှင့် အလုပ်ဝန်၊ ပညာဝန် တို့ကို လစဉ် လစာငွေ ပေးရန် အလုပ်တော်နှင့် စပ်သမျှ ဆင့်ဆိုရန် ရှိသည် များနှင့် အလုပ် ရုံတော် ဌာနပါ အမှူးအကြီး၊ အတွင်းဝန်၊ ဝန်ထောက်၊ စာရေးကြီး၊ သံတော်ဆင့်တို့ အပေါ် အုပ်ချုပ် စေရန် သားတော် မက္ခရာ မင်းသား သီရိ မဟာ သုဓမ္မ ရာဇာကို လွှဲအပ်ထားသည်။ ယင်းကဲ့သို့ စက်ရုံ ဆိုင်ရာ လုပ်ငန်း များကို ကွပ်ကဲ အုပ်ချုပ် ရသည့် အတွက် သားတော် မက္ခရာ မင်းသားကြီးကို နောက်လိုက် လက်နက်ကိုင် အမှုထမ်း တရာ ပေးအပ် ချီးမြှင့်သည်။ မက္ခရာ မင်းသားကြီးသည် ထက်မြက် ပြတ်သား တိကျသည့် မင်းသား ဖြစ်၍ မိမိ တာဝန် ကျရာ စက်ရုံများ အုပ်ချုပ်ရေးကို စေ့စပ် သေချာ ပိုင်နိုင်စွာ ကွပ်ကဲ လုပ်ဆောင်သည်။ နိုင်ငံခြားသား များနှင့် ဆက်သွယ် ပေးကမ်း လုပ်ဆောင် သမျှ ငွေရေး ကြေးရေး စသည် တို့ကိုလည်း ချုပ်ကိုင် စည်းကြပ် ထိန်းသိမ်း ခဲ့သည်။ သို့သော် ၁၈၇၃ ခုနှစ် ဦးတွင် ခမည်းတော် မင်းတုန်းမင်းက ကျေနပ်တော် မမူသည်နှင့် ယင်း ရာထူး တာဝန်များ ပြန်လည် ရုပ်သိမ်း ခံရသည်။ ထို့နောက် သီပေါမင်း လက်ထက် သက္ကရာဇ် ၁၂၄ဝ ပြည့် တန်ဆောင်မုန်းလ (နိုဝင်ဘာ ၁၈၇၈) အတွင်း တိုင်းရေးပြည်မှု ရှိသည် များကို ၁၄ ဌာန ခွဲဝေ ပိုင်းခြား၍ တဌာနလျှင် အကြီးအချုပ် တယောက်စီ ကြီးမှူး ကြပ်မတ် အုပ်ချုပ် စေရာ၌ အမှတ် ၁၄ -

စုဒ္ဒသမ ဝေပုံပါ - သေနတ် အမြောက်လုပ် စက်ကိရိယာ မှစ၍ လက်နက် စက်ရုံ အလုပ်မှု၊ သံဖိုကြီး၊ ဒင်္ဂါးတိုက်၊ ရက်ကန်း စက်ရုံမှ စ၍ အရပ်ရပ် စက်ရုံ အလုပ်မှု၊ ပန်းပဲ လက်သမား၊ ပွတ်ခံ၊ တံစည်းတိုက်မှ စ၍ စက်ရုံ အလုပ်သည် ပညာသည် တို့ကို ဆင့်ဆိုရန် အမှုများကို ဝန်ထောက် ရန်အောင်မြင် မြို့စား မင်းကြီး မဟာ မင်းခေါင်ကို အကြီးအချုပ် ပြုလုပ် စေသည်။ ဟု တွေ့ရ ပါသည်။

ယင်း စက်ရုံ များကို ဦးစီး လုပ်ဆောင် နိုင်ရန် ရတနာပုံ ခေတ်အတွင်း မြန်မာ နိုင်ငံမှ အိန္ဒိယ၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန် နိုင်ငံ များသို့ ပညာတော် သင်များ စေလွှတ် ခဲ့သည်။ ယင်း ပညာတော် သင်များကို အကြမ်း အားဖြင့် စာရင်း ကောက်ရသော် ခရစ်နှစ် ၁၈၆၃ ခုခန့်က ပြင်သစ် နိုင်ငံသို့ စေလွှတ်သော မောင်ရွှေအိုး၊ မောင်မြူး၊ မောင်အောင်သူ။ ထိုအချိန်က ပြင်သစ် နိုင်ငံမှ ပြန်လာသော ပြင်သစ်တွင် မောင်ကြီး မောင်ကလေး ခေါ် မောင်ထွန်းအောင်နှင့် မောင်ညွှန့်။ ၁၈၆၉ ခုနှစ် ဇူလိုင်လက အင်္ဂလန် နိုင်ငံသို့ စေလွှတ်သော မောင်မြဲနှင့် မောင်တရုပ်ဖြူ။ ၁၈၆၉ ခုနှစ်က အိန္ဒိယပြည် ကာလတ္တား မြို့သို့ စေလွှတ်သော မောင်ကြံသီး၊ မောင်သန်း၊ မောင်ရွှေရိုး၊ မောင်သာဘူး၊ မောင်ရှင်း၊ မောင်သာကံ၊ မောင်ဘိုးကောင်း၊ မောင်ညိုရောင်၊ မောင်ဆောင်း၊ မောင်ညို၊ မောင်ကံရေး၊ မောင်ရွှေ့ကင်း၊ မောင်လူလှ၊ မောင်ရာနှုန်း၊ မောင်ခွေး၊ မောင်မှီ၊ မောင်သောင်း၊ မောင်ပန်းဇံ၊ မောင်လူသာနှင့် မောင်ကြာ။ ၁၈၇၂ ခုနှစ်က အီတလီသို့ စေလွှတ်သူ ပညာတော်သင် မောင်သာထား၊ ပန်းပဲခေါင်း မောင်ခက်၊ လက်ဖက်ရည်တော် မောင်ဘိုးခြုံ၊ မောင်စီ၊ စေလွှတ်သည့် ခုနှစ် သက္ကရာဇ် အတိအကျ မသိရ ပြင်သစ် နိုင်ငံရှိ ပညာသင် မောင်ထွန်းလင်းနှင့် မောင်အင်း၊ အီတလီ နိုင်ငံ၊ တူရင်း မြို့ရှိ မောင်အုန်းပွင့်၊ မောင်ဘအို၊ မောင်ကံထူး၊ မောင်ထွန်းဦးနှင့် ဘင်္ဂလား မြို့ရှိ မောင်ကလေး၊ ၁၈၇၄ ခုနှစ်က ဘင်္ဂလားသို့ ပညာသင် စေလွှတ်သော လူပြန်တော် မောင်ဘိုးအစ် ကြီးကြပ် ခေါင်းဆောင်သည့် မောင်ဘိုးစော၊ ထွန်းလင်း မောင်ဘိုးထင်၊ မောင်ညို၊ မောင်ဖြူ၊ မောင်အင်း တို့နှင့် ၁၈၇၆ ခုနှစ်က ဗြဲတိုက် သံဆင့် နေမျိုး သိဒ္ဓိကျော်စွာ ကြီးကြပ်၍ အီတလီ နိုင်ငံသို့ ပို့သော ပညာသင် လူငယ် ငါးယောက်တို့ ဖြစ်ကြသည်။ ဤ စာရင်းမှာ ပြည့်စုံ သည်ဟု မဆို နိုင်ပါ။ မြန်မာ အထောက်အထား၊ အင်္ဂလိပ် အထောက်အထား စာတမ်း မှတ်တမ်း များမှ ရှာဖွေ တွေ့ရှိ သမျှသာ ဖြစ်ပါသည်။

ဤ ပညာသင်များ အနက် ၁၈၆၉ ခုနှစ်က အင်္ဂလန် နိုင်ငံသို့ စေလွှတ်သည့် မောင်မြဲနှင့် မောင်တရုပ်ဖြူ တို့သည် ဝူးလ်ဝိချ် လက်နက် တိုက်၌ ယမ်း၊ သေနတ်၊ တူဆန် လုပ်ကိုင်နည်း ပညာ များကို သင်ကြား ကြသည်။ ထို့နောက် ၁၈၇ဝ ပြည့်နှစ်တွင် ပြင်သစ်ပြည်ရှိ ပညာတော်သင် မောင်မြူလည်း အင်္ဂလန် နိုင်ငံသို့ ကူးသွား၍ မောင်မြဲ၊ မောင်တရုပ်ဖြူ တို့နှင့် အတူ သေနတ် လက်နက် ခဲယမ်း မီးကျောက် လုပ်ကိုင်နည်း ပညာ များကို ဆည်းပူးသည်။ ဤပညာသင် သုံးဦးသည် အင်္ဂလန်တွင် လေးနှစ်ခန့် ပညာ ဆည်းပူးလျက် ၁၂၃၆ ခု (ခရစ် ၁၈၇၄) တွင် မြန်မာပြည်သို့ ပြန်လည် ဆိုက်ရောက် ကြသည်ဟု ထင်မြင် ရသည်။ ယင်း သုံးဦး တို့တွင် မောင်မြူးသည် ထက်မြက်သူ တဦး ဖြစ်ဟန် တူသည်။ 'မဲနယ် ချက်လုပ်နည်းကို အစ အဆုံးတိုင် တတ်မြောက် ခဲ့သည့်ပြင် ကင်မဈတြီ ကျမ်းထွက် ဓာတ်ရည် အမျိုးမျိုး ချက်လုပ်နည်း' များကိုလည်း သင်ကြား တတ်မြောက် ခဲ့သည်ဟု သိရသည်။ ပြင်သစ်၌ ပညာ ဆည်းပူး နေစဉ် ပြင်သစ်၌ ကျင်းပသည့် ပြပွဲ ပြိုင်ပွဲ 'အက္ကရှိပိုစီရှံရုံသို့ အပါးတော်ရှိ အမတ် တို့ကို အရပ်ရပ် ဆန်းကြယ်သော ပစ္စည်း များနှင့် စေလွှတ်တော် မူရန် သင့်ကြောင်း' ကို ကုန်စရိတ် စာရင်းနှင့် တကွ ၁၂၂၈ ခု သီတင်းကျွတ် လဆန်း ၅ ရက်နေ့ (၁၃ အောက်တိုဘာ ၁၈၆၆) အိမ်ရှေ့ မင်းထံ သံတော်ဦး တင်စာ ပေးပို့ ဆက်သူ ဖြစ်သည်။ မြန်မာပြည်သို့ ပြန်လည် ဆိုက်ရောက် ပြီးနောက် မောင်မြူးသည် သံချက် ဝန်ထောက် မင်းကြီး မင်းလှ မဟာ စည်သူ ဘွဲ့နှင့် ထင်ရှားသည်။ အထက် ဖော်ပြပါ ပညာသင်တို့ အနက်မှ မည်သူ မည်ဝါ ဖြစ်မည်ဟု တိတိကျကျ မပြောနိုင် သော်လည်း လူငယ် အချို့မှာ ၁၂၃ဝ ပြည့် (ခရစ် ၁၈၆၈) နှစ် အတွင်းက ဘင်္ဂလား မြို့တွင် မဲနယ်ချက် အတတ် ပညာကို သင်ကြား စေလျက် ရှိကြောင်းလည်း သိရသည်။ ၁၈၆၉ ခုနှစ်က အိန္ဒိယသို့ စေလွှတ် လိုက်သူ မောင်ကြံသီး၊ မောင်သန်း၊ မောင်ရွှေရိုး၊ မောင်သူဘူး၊ မောင်ရှင်း၊ မောင်သာကံ၊ မောင်ဘိုးကောင်း၊ မောင်ညိုရောင်၊ မောင်ဆောင်း၊ မောင်ညို၊ မောင်ကံရေး၊ မောင်ရွှေ့ကင်း၊ မောင်လူလှ၊ မောင်ရာနှုန်း၊ မောင်ခွေး၊ မောင်မှီ၊ မောင်သောင်း၊ မောင်ပန်းဇံ၊ မောင်လူသာနှင့် မောင်ကြာ၊ လူငယ် ၂ဝ တို့ကို ကော့စီပူရ် သေနတ်လုပ် စက်ရုံနှင့် ဖို့ဒ်ဝီလျံ လက်နက်တိုက် တို့တွင် သေနတ် အမြောက်မှ စ၍ လက်နက် ကိရိယာနှင့် စပ်ဆိုင်သည့် အလုပ်များ သင်ကြား စေခဲ့သည်။ ၁၈၆၉ ခုနှစ်က ဘင်္ဂလားသို့ စေလွှတ်သည့် မောင်ဘိုးစော၊ မောင်ထွန်းလင်း၊ မောင်ဘိုးထင်၊ မောင်ညို၊ မောင်ဖြူ၊ မောင်အင်း တို့လည်း စံဇေဘီရ ကျောင်း၌ အင်္ဂလိပ်စာ၊ အင်္ဂလိပ် စကားများ ရေးတတ် ဖတ်တတ် ပြောတတ်အောင် သင်ကြား ပြီးနောက် စက်မှု ကျောင်း၌ စက်မှု အတတ်ပညာ၊ စစ်နှင့် ဆိုင်ရာ အတတ် ပညာ၊ တရား ဓမ္မသတ် ဥပဒေ ပညာ စသည် များကို ဆည်းပူး သင်ယူ ကြရသည်။ ကျန် ပညာတော် သင်များနှင့် ပတ်သက်၍မူ အထောက်အထား မတွေ့ရ သည်နှင့် မည်သည့် ပညာရပ်များ သင်ယူ ရသည်၊ မည်မျှကြာ သင်ယူသည် စသဖြင့် အတိအကျ မတင်ပြ နိုင်ပါ။ သို့သော် ရတနာပုံ စက်ရုံ များကို ဦးစီး လုပ်ဆောင် နိုင်မည့် ပညာရပ် များကို ဆည်းပူး သင်ယူ ကြသည် ဟုပင် အကြမ်း အားဖြင့် မှတ်ယူ ရပါသည်။

ရတနာပုံ စက်ရုံ များတွင် စက်များ တပ်ဆင် ဆောက်လုပ်ရန် မှစ၍ အရပ်ရပ် အလုပ်အဆောင်များ အတွက် နိုင်ငံခြားသား စက်ဆရာများ၊ အတတ်ပညာရှင် များကို ခေါ်ယူ အသုံး ပြုခဲ့သည်။ အစ ပထမ၌ စက်ရုံ များတွင် မြန်မာပြည်သို့ ရောက်ရှိ နေပြီးသူ ဥရောပ သားများ ထဲမှ စက်ကျွမ်းကျင် နားလည်သည် ဆိုသူ တို့ကို စက်ဆရာ အဖြစ် ခေါ်ယူ အမှုထမ်း စေခဲ့ဟန် တူသည်။ ၁၈၆၄ ခုနှစ်က လက်နက် စက်ရုံတွက် ပြင်သစ် လူမျိုး ကလာနက် ဆိုသူက ဦးစီး ခေါင်းဆောင် ပြုလုပ်ကာ ကြေးသွန်း အမြောက် လက်နက်များ သွန်းလုပ်သည်။ ထိုစဉ်က ဗြိတိသျှ မြန်မာပြည် ခေါ် အောက်မြန်မာပြည် ရန်ကုန်မြို့ အစိုးရ သင်္ဘောကျင်းတွင် အမှုထမ်း ခဲ့သူ အင်္ဂလိပ် လူမျိုး ဘဲရီ ကိုလည်း မြန်မာ ဘုရင် အစိုးရက စစ်ဘက် ဆိုင်ရာ အင်ဂျင်နီယာ အဖြစ် ခန့်အပ် အမှုထမ်း စေသည်။ ထို့နောက်မူ မြန်မာ ဘုရင် အစိုးရသည် တတ်ကျွမ်း နားလည်သည့် ပညာရှင်များ ခေါ်ယူရန် ဗြိတိသျှ အစိုးရ တို့မှ တဆင့် စီစဉ်သည်။ ၁၂၃၃ ခု ဝါဆို လပြည့်ကျော် ၁ ရက် (၂ ဇူလိုင် ၁၈၇၁) တွင် ပခန်း မင်းကြီးက အင်္ဂလိပ် အရေးပိုင် ထံသို့ -

သင်္ဘော အလုပ်ဆောင်နှင့် ဆိုင်သမျှ စက်ကိရိယာ အလုပ်အဆောင်များ တတ်ကျွမ်း သင်ကြား နိုင်မည့် ဆရာကြီး တယောက် အလို ရှိကြောင်း။ ၎င်းကို ရွှေမြို့တော်ရောက် ခေါ်လျှင် စရိတ် မည်မျှ ကုန်မည်၊ လခ မည်မျှ ပေးရ မည်ကို မေးမြန်၍ စာပြန်မည့် အကြောင်း

စာပေးကမ်း ဆက်သွယ်သည်။ သို့သော် ဗြိတိသျှ အစိုးရသည် ယင်း ကိစ္စနှင့် ပတ်သက်၍ အကူအညီ မပေး ခဲ့ချေ။ ဤတွင် မြန်မာ ဘုရင် အစိုးရသည် စက်ရုံများ အတွက် တတ်ကျွမ်း နားလည်သူ အင်ဂျင်နီယာ များကို နိုင်ငံခြားသား ကုမ္ပဏီများ၊ ကုန်သည်ကြီး များနှင့်ကန်ထရိုက် ပြုလုပ်လျက် စီစဉ် ခေါ်ယူ ခဲ့ရသည်။ ယင်းသို့ ခေါ်ယူသည့် စက်ဆရာများ၊ အင်ဂျင်နီယာ များကို လစာငွေ တလလျှင် ၄၀ဝ ကျပ်မှ ၆၀ဝ ကျပ်ထိ ပေးရ သည့်ပြင် လာစရိတ် ပြန်စရိတ် များလည်း ထောက်ပံ့ ရသည်။ သို့သော် ယင်း ဥရောပသား စက်မှု ပညာရှင် တို့တွင် စက်မှု အင်ဂျင်နီယာ ဘိုဟေး ကဲ့သို့ ထာဝစဉ် သောက်စား မူးယစ် နေသူ၊ ရက်ကန်းစက် ဆရာ ကာခမ်း ကဲ့သို့ မိမိ လက်အောက် အလုပ်သမား များကို နှိပ်စက်ကလူ ပြုလျက် နောက်ဆုံးတွင် စိတ်ဖောက်ပြန် ရူးသွပ် သွားသူ၊ သင်္ဘော စက်ဆရာ နစ်ကိုလ်ဆင် ကဲ့သို့ ဗြိတိသျှ ကိုယ်စားလှယ် အရေးပိုင်နှင့် လျှို့ဝှက် ဆက်သွယ်ကာ အလိုရှိသည့် သတင်းများ ပေးပို့ နေသူ စသည်တို့ ပါဝင် ခဲ့ရာ မြန်မာ ဘုရင် အစိုးရသည် ယင်း စက်မှု ပညာရှင် များကို ခေါ်ယူ အသုံးပြု ရာ၌ ငွေကြေး ကုန်ကျ သလောက် အကျိုး မဖြစ်ထွန်း ခဲ့ဟု ယူဆဖွယ် ရှိခဲ့ ပါသည်။ ဤ အကြောင်း များကို စက်ရုံ အသီးသီး အကြောင်း တခုစီ ဖော်ပြသည့် အခါ ပိုမို စေ့စုံစွာ သိမြင် ရပါမည်။

ရတနာပုံ စက်ရုံ အသီးသီးတွင် အကြီးအကြပ်မှ စ၍ အလုပ်သမား ကြီးငယ် ဦးရေ မည်မျှ ရှိခဲ့သည်၊ လစာ ကြေးငွေ မည်မျှ ရရှိ ကြသည် ဟူ၍ စာရင်း တိကျ မသိရချေ။ စက်ရုံ အသီးသီးရှိ စက်ဘက် ဌာန တတ်ကျွမ်း နားလည်သူ စက်ဆရာ ၅၇ ယောက် ရှိခဲ့သည် ဟူ၍ လည်းကောင်း၊ သီပေါမင်း လက်ထက် -

အမြောက် စက်ရုံ၊ သင်္ဘော စက်ရုံ၊ စက်အမျိုးမျိုး၊ ရက်ကန်း စက်ရုံ၊ တံဆိပ် စက်ရုံ၊ ရေစက်ရုံ၊ သကြား စက်ရုံ၊ ဂွမ်းကြိတ် စက်ရုံ၊ ဆန်ကြိတ် စက်ရုံ၊ မီးစက်ကိုင်၊ စစ်ကိုင်း သံဖိုတော်၊ ပန်းပဲ အမှုထမ်း၊ လျှပ်စစ်မီး စက်ရုံအပါအဝင် အရပ်ရပ် အလုပ် ဌာန ဦးရေ ရ၂ တွင် အစောင့်အရှောက်ပါ စုသေး အမှုထမ်း လူ ၁၅၂၄ ယောက် ရှိခဲ့သည် ဟူ၍ လည်းကောင်း သာမန် အားဖြင့်သာ သိရသည်။ ယင်း အမှုထမ်း ၁၅၁၄ ယောက် တို့၏ တနှစ်သင့် လစာငွေသည် ၂၅၉,၀၀၈ ကျပ် ဖြစ်သည်။ သို့သော် ယင်း လစာငွေ အစား ရှေး အစဉ်အလာ အတိုင်း စပါး တရာလျှင် ငွေ ၈ဝ ကျပ် နှုန်းနှင့် စပါး ၃၂၃,၇၆ဝ တင်း ချီးမြှင့် ခံရသည်ဟု ဆိုသည်။ စက်ရုံ အသီးသီး၌ စက်ဘက် ဌာန တတ်ကျွမ်း နားလည်သူ အမှုထမ်း ၅၇ ယောက်တို့ မှာမူ တလလျှင် စပါး ၁၄၄၂ တင်း ရကြကြောင်း တွေ့ရသည်။ အကြမ်း အားဖြင့် ပျမ်းမျှသော် စက်ရုံ အမှုထမ်း တဦးလျှင် တလ စပါး ၁ဝ တင်းမှ ၂၅ တင်းခန့် လစာ အဖြစ် ရရှိ ကြဟန် တူသည်ဟု မှန်းဆရ ပါသည်။

ရတနာပုံ စက်ရုံများ အနက် အထောက်အထား ခိုင်လုံစွာ တွေ့ရသည့် အမြောက် သေနတ် စက်ရုံ၊ ရက်ကန်း စက်ရုံ၊ သင်္ဘော စက်ရုံ၊ စစ်ကိုင်း သံဖိုရုံ ဤ စက်ရုံ ကိုးရုံ အကြောင်းကို တရုံစီ အသေးစိတ် သိရ သမျှ တင်ပြ ပါမည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မကြန်၏ 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' (မြန်မာ့ရတနာ စာပေ၊ ပထမ အကြိမ်၊ ၂၀၀၄ စက်တင်ဘာထုတ်) စာအုပ်မှ "ရတနာပုံ စက်ရုံများ" သုတေသန ဆောင်းပါး