ရွှေဘုံသာမုနိ (ပြည်)

ဝီကီပီးဒီးယား မှ

ရွှေဘုံသာမုနိ ဘုရားသည် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်ရှိ ရွှေဘုံသာစေတီတော်မြတ်ကြီးဌာပနာတိုက်အတွင်း၌ တည်ရှိပေသည်။

မုနိလေးဆူ သွန်းလုပ်တော်မူသော ဘုရားသမိုင်း[ပြင်ဆင်ရန်]

ရိုးရာစဉ်ဆက် ဘုရားသမိုင်းအရ သက္ကရာဇ် ( ၁၂၃ ) ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် ရခိုင်ဘုရင် စန္ဒသူရီယမင်း၏ အဓိဌာန်ပြုပင့်ဆောင်ချက်အရ နောက်ပါ ရဟန္တာ ( ၅၀၀ ) ခြံရံကာ ဓညဝတီရခိုင်ပြည်သို့ ကြွချီတော်မူပြီး ကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သေလာဂီရိတောင်ထိပ်၌ သီတင်းသုံးစံပယ်တော်မူခဲ့သည်။ စန္ဒသူရိယမင်းနှင့်တကွ မှူးကြီးမတ်ရာ သေနာပတိများ၊ ပြည်သူပြည် သားများတို့သည် မြတ်စွာဘုရားနှင့် ရဟန္တာ(၅၀၀)တို့အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာတိုင်တို့ဖြင့် (၃)လတိုင်တိုင် မပြတ်မလပ် ပူဇော်အလုပ်အကျွေးပြု ကြပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို နာယူကြသည်။

မုနိ (၄)ဆူ သွန်းလုပ်ခြင်း[ပြင်ဆင်ရန်]

(၃)လပြည့်မြောက်၍ ဓညဝတီရခိုင်ပြည်မှ ဘုရားရှင်ပြန်လည်ကြွချီတော်မူမည်ပြုသောအခါ စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်၏ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်ရန်အတွက် ကိုယ်ပွားရုပ်ရှင်တော်မြတ်တစ်ဆူ သွန်းလုပ်ရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် စန္ဒသူရိယမင်းသည် လူ၊ နတ်၊ ဗြဟ္မာတို့ ထံမှ စုဆောင်းရရှိသော ရတနာ ( ၆၅ )တင်းကို ကျိုချက်၍ ဘုရားရှင်၏ ရင်ငွေ့တော်ကို လှုံပြီး ဉာဏ်တော်အမြင့် (၉)ပေ(၆)လက်မရှိသော မဟာမုနိရုပ်ရှင် တော်မြတ်ကို သွန်းလုပ်ရာမှ ပိုလျှံသောရတနာများဖြင့် ဉာဏ်တော်အမြင့် (၆)ပေ(၈)လက်မရှိသော ရှင်ကျော်မုနိ၊ ဉာဏ်တော်အမြင့် (၅)ပေ (၄)လက်မ ရှိသော ရွှေဘုံသာမုနိ၊ ဉာဏ်တော်အမြင့် (၃)ပေ(၉)လက်မရှိသော မာန်အောင်မြင်မုနိ၊စသည့် ညီတော်ကိုယ်ပွားရုပ်ပွားတော်မြတ် ( ၃ ) ဆူအား ထပ်မံသွန်းလုပ်ခဲ့သည်ဟု ဆိုကြသည်။

ထိုဘုရားလေးဆူကို စန္ဒာသူရိယမင်းမှ စ၍ ရခိုင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဓညဝတီသည် ဘိုးတော်ဘုရား၏သားတော် အိမ်ရှေ့ဥပရာဇာမှ သိမ်းယူခြင်းကို ခံခဲ့ရသည်။ သားတော်အိမ်ရှေ့မင်းသည် စစ်နိုင်ပစ္စည်းအဖြစ် မဟာမြတ်မုနိ၊ မာရ်အောင်မြင်မုနိ နှင့် ရွှေဘုံသာမုနိ ဘုရားတို့ကို သိမ်းယူကာ တောင်ကုတ်လမ်းမှ ပင့်ဆောင်ခဲ့သည်။ ဒေသခံရခိုင်များအတွက် ရှင်ကျော်မုနိဘုရားကို ထားရစ်ခဲ့သည်ဟု သမိုင်းကြောင်းအရ ဆိုသည်။ ဘုရားသုံးဆူကို ပန်းတောင်းဆိပ်ကမ်းမှ ရတနာရွှေဖောင်တော်ကြီးနှင့်ပင်ဆောင်လာရာ ပြည်မြို့သို့ရောက်ရှိခဲ့သည်။ ရွှေဘုံသာမုနိကို ပြည်မြို့တစ်ဖက်ကမ်း၌ ထားပေးခဲ့သည်။ အိမ်ရှေ့မင်းသားသည် ကျန်ရုပ်ပွားတော် နှစ်ဆူကို ဧရာဝတီ မြစ်အတိုင်း ဆန်တက်ပင့်ဆောင်ခဲ့ပြီး အမရပူရသို့ ဆိုက်ရောက်လျှင် မြို့တော်၏ မြောက်ပြင် ( ယခုမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးတည်ရှိရာ ) နေရာတွင် မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပျော်ရန် တန်ဆောင်းကြီး ဆောက်လုပ်လျှက် ကိုးကွယ်ခဲ့သည်။ မာရ်အောင်မြင်ဗုဒ္ဓရုပ်ပွားတစ်ဆူကိုကား နန်းတော်အတွင်းသို့ ပင့် ဆောင်ကာ နန်းတော်ဦး၌ ထားလျှက် ရွှေပြာသာဒ်တော်ကြီး ဖြင့်တည် ထားကိုးကွယ်ခဲ့သည်။ ဘိုးတော်မင်း၊ အိမ်ရှေ့မင်း၊ ဘကြီးတော်၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်းတို့တိုင်အောင် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။ မာရ်အောင်မြင် ဗုဒ္ဓရုပ်ပွားတော်မှာ ရခိုင်မှပင့်ဆောင်စဉ်က ဘွဲ့ပေး အမည်ဖြစ်ခဲ့သော်လည်း ဘုရင်အဆက်ဆက် နန်းတော်ဦးတွင်တည်ထား ကိုးကွယ်ခဲ့သဖြင့် မာရ်အောင်မြင်အမည်ပျောက်ကာ' နန်းဦးဘုရား ဟု အမည်တွင်ခဲ့သည်။ ကနောင်မင်းသားကြီးက ဤရုပ်ပွား တော်အား အမြဲမပြတ်ကိုးကွယ်ခဲ့သဖြင့် မင်းတပ်ဘုရား´ ဟုလည်း အမည်တွင်ခဲ့ပါသေးသည်။ ( မင်းတပ်မှာ ကနောင်မင်းသား၏ ငယ်နာမည်ဖြစ်ပြီး အကြီးမင်းတုန်း၊ အငယ်မင်းတပ်ဟု သိမှတ်ကြသည်။ ) ပုဂံမင်းလက်ထက်တွင် ပုဂံမင်းမိဖုရား မဟာရတနာဒေဝီ၏မောင် ဇလွန်မြို့သူကြီး ဦးရွှေပွင့်ကို အကြောင်းပြု၍ မာန်အောင်မြို့သို့ ရောက်ရှိခဲ့ပြီး နောင်တွင် ဇလွန်ပြည်တော်ပြန်ဘုရားဟု အမည်တွင်ခဲ့သည်။

ယခုအခါ မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်များဖြစ်ကြသော မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သည် မန္တလေးမြို့၌လည်းကောင်း၊ ရှင်ကျော် မုနိ သည်ကျောက်တော်မြို့၌လည်းကောင်း၊ ရွှေဘုံသာမုနိ သည် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်ရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း၊ မာန်အောင်မြင်မုနိ သည် ဇလွန်ပြည်တော်ပြန်ဘုရား ´အဖြစ် ဇလွန်မြို့၌လည်းကောင်း၊ အသီးသီး ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]