ခင်သဲ (မြောက်နန်းမိဖုရား)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခင်သဲ (၁၈၁၃-၁၈၇၂) သည် မင်းတုန်းမင်း၏ မြောက်နန်းမိဖုရားနှင့် စာဆိုတော် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၁၇၅ ခု (ခရစ်နှစ် ၁၈၁၃) တွင် မုံရွာခရိုင်၊ ညောင်ကန်ရွာ၌ မွေးသည်။ [၁] မိဘများမှာ စစ်ကိုင်းမင်းလက်ထက် ကနောင်၊ မြန်အောင် နှစ်မြို့ဝန် ဦးသာဖြူနှင့် သခင်ကြီးတို့ ဖြစ်သည်။ ငယ်မည်မှာ မယ်ညွန့် ဖြစ်သည်။ သဲအုံ ဟူသော အိမ်အမည်လည်း ရှိသည်။

မွေးချင်းအစ်မမှာ နောက်တော်ပါ မြင်းဝန်ကတော် ကျောက်တလုံးသခင် ဖြစ်သည်။ ဦးသာဖြူမှာ နောက်အိမ်ထောင်နှင့် လင်ပန်းမိဖုရားသက်ပန်းမိဖုရားနှင့် ရေနံ့သာမြို့စားဦးရွှေမောင်တို့ကို ရသေးသည်။ ဦးသာဖြူ ကွယ်လွန်ပြီးနောက် ဝန်ကတော်က ပုဂံမင်းလက်ထက် ကျောက်ပန်းတောင်းမင်းကြီး ဦးရွှေကြည်နှင့် နောက်အိမ်ထောင်ပြုရာ သရစိမ်းမိဖုရား၊ မောင်လေးငယ်နှင့် မောင်သူတော်တို့ကို မွေးသည်။

ညောင်ကန်ဆရာတော် ဦးကျီးညိုက ဇာတာအရ မိဖုရားဖြစ်မည်ဟု ဟောထားသဖြင့် ငယ်စဉ်ကပင် စာသင်ရသည်။

မိဖုရားဖြစ်ခြင်း[ပြင်ဆင်ရန်]

ဖခင် ဦးသာဖြူ စစ်ကိုင်းမင်းထံတွင် နှစ်မြို့ဝန်အဖြစ် ထမ်းရွက်စဉ် ခင်သဲ (၁၃) နှစ်သမီးအရွယ်တွင် နန်းမတော်မယ်နုထံတွင် အပျိုတော်အဖြစ် ခစားသည်။ ၁၁၉၆ ခုတွင် တောင်ဆောင်တော်မိဖုရားအား ခွင့်ပန်ကာ မင်းတုန်းမင်းသားက ကိုယ်လုပ်တော်ကောက်သည်။

မင်းတုန်းမင်း၊ ကနောင်မင်းသားတို့ ရွှေဘိုသို့ ပြေးစဉ် ခင်သဲလည်း ပါသည်။ အရေးတော်ပုံ မပြီးခင် ရွှေဘိုတွင် စံတော်မူစဉ် မင်းတုန်းမင်းနှင့် ခင်သဲတို့သည် ရွှေတန်ဆာဘုရားတွင် နှင်းပန်းလှူကာ အထွတ်အမြတ်ရောက်လျှင် မိဖုရားခေါင်ကြီးအရာပေးမည်ဟု သစ္စာဆို ဆုတောင်းခဲ့ကြသည်။

ထီးနန်းရကြသောအခါ မင်းတုန်းမင်းအဖို့ နန်းမတော်တင်ရန်အရေး အခက်တွေ့ရသည်။ ရှေးမင်းတို့သည် နန်းမတောင်ညာ မဟေသီမိဖုရားအဖြစ် ထီးဖြူရိပ်သွေးမဝေး သော မင်းသမီးများကိုသာ ရွေးချယ်မြဲ ဖြစ်သည်။ ညီတော် ကနောင်မင်းသားကလည်း ခမည်းတော် ရွှေဘိုမင်း ၏ တောင်နန်းမတော်မှ မွေးသည့် စကြာဒေဝီမင်းသမီးကိုသာ ရွေးစေလိုသည်။ ထို့အတွက် မင်းတုန်းမင်းသည် ကတိရှိခဲ့သော်လည်း ရှေးရှေးမင်းများ၏ထုံးကို နှလုံးမူကာ အများဆန္ဒကို လိုက်လျောပြီး ခင်သဲကို မြောက်နန်း မိဖုရားအဖြစ်သာ တင်ရရှာသည်။

သို့ဖြင့် ၁၈၅၂ ခု၊ ဧပြီလ ၆ ရက်တွင် ပုဂံမင်း၏ နှမတော်အား သီရိပဝရတိ လောကရတနာ မင်္ဂလာဒေဝီဘွဲ့နှင့် တောင်နန်းမိဖုရားအဖြစ်လည်းကောင်း၊ ခင်သဲအား သီရိမဟာရတနာ မင်္ဂလာဒေဝီဘွဲ့နှင့် မြောက်နန်းမိဖုရားအဖြစ်လည်းကောင်း၊ ဆင်ဖြူမရှင်အား သီရိတိလောကမဟာဒေဝီဘွဲ့နှင့် အလယ်နန်းမိဖရားအဖြစ်လည်းကောင်း၊ ခမည်းတော်၏ မြောက်ဆောင် ကနောင်မြို့စား မိဖုရား မွေးသည့် ပင်းတလဲမြို့စား မင်းသမီး သီရိရတနာသုစန္ဒာဒေဝီဘွဲ့နှင့် အနောက်နန်းမိဖုရားအဖြစ်လည်းကောင်း အပ်ကာ မင်းတုန်းမင်း နန်းတက်သည်။

မွေးစားသမီးတော်များ[ပြင်ဆင်ရန်]

သားသမီး မထွန်းကားပေ။ ညီမတော် လင်ပန်းမိဖုရား၏ သမီးတော် စလင်းစုဘုရားနှင့် တမာပင်တိုက်စားမိဖုရား၏သမီးတော် ကွပ်ရွာမင်းသမီး သီရိမလ္လာဒေဝီတို့ကို မွေးစားခဲ့သည်။

ကုသိုလ်တော်များ[ပြင်ဆင်ရန်]

မိဖုရားဖြစ်ပြီးနောက် ညောင်ကန်ရွာတွင် သီရိနန္ဒာကန်တော်နှင့် တို့ကို သက္ကရာဇ် ၁၂၁၆ ခု တွင် ပြုပြင်မွမ်းမံသည်။ ၎င်းရွာရှိ ရတနာမဉ္ဖူကျောင်း တိုက်အတွင်း ကွန်းသုံးဆင့် စမြင့်ခံကျောင်းနှင့် ပိဋကတ်များလည်း လှူသည်။

မန္တလေးမြို့ မြောက်ပြင် မန္တလေးတောင်ခြေ မဏ္ဍလာရာမတိုက်၌ ကျောင်းရံ (၂၀) နှင့်တကွ လေးထပ်စမြင့်ခံ ကျောင်းတော်ကြီးတစ်ဆောင် ဆောက်လုပ်ကာ ညောင်ကန်ရွာမှ မေဓာသီရိကဝိဓဇပရမ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ရ ပြည်ဆရာတော် ဦးကျီးညိုအား လှူသည်။

မန္တလေးမှ ရန်ကုန်အထွက် ကားလမ်း၊ အမရပူရမြို့အဝင် ပြည်မင်းသားကျောင်း အရှေ့ဘက် ပေ (၆၀ဝ) ခန့် အကွာတွင် မြောက်နန်းမိဖုရား ကောင်းမှူ၊ အုတ်ဖြင့် တည်ဆောက်ထားသော သာရမဉ္ဖူသိမ်တော်ကြီး တည်ရှိ ပါသည်။

ကံကုန်ခြင်း[ပြင်ဆင်ရန်]

မိုးကြိုးဒဏ်ဖြင့် အသက်ပျောက်ရသော သားအဖသုံးယောက်၏ အလောင်းကို အမှတ်မထင် မြင်လိုက်မိသဖြင့် သွေးလန့်တော်မူပြီး အဖျားတော်ခသည် ဆိုသော်လည်း တုပ်ကွေးမိကာ ကံကုန်ခြင်း ဖြစ်သည်။ ကံမကုန်မီ မိမိအခြေအနေကို ရိပ်မိသော မြောက်နန်းမိဖုရား သည် မင်းတုန်းမင်းအား အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် နှင်းပန်းခိုင်ဖြင့် ကန်တော့ပါသည်။

မြောက်နန်းမိဖုရားသည် ၁၈၇၂ ခု၊ မေလ ၃ ရက်တွင် ကံကုန်သည်။ အလောင်းကို ကောင်းစွာသင်္ဂြိုလ်ပြီး နန်းအနောက်မြောက်ထောင့်အရပ်တွင် အုတ်နန်းပြသာဒ်နှင့် ထားသည် ဆိုသော်လည်း ယနေ့ မရှိတော့။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြကေတု (၁၉၇၁) "နန်းဓလေ့ မှတ်တမ်းများ"။ မြန်မာ့ပဒေသာ စာပေတိုက်၊ ရန်ကုန်။
  2. မောင်သန်းဆွေ(ထားဝယ်) ၏ ကုန်းဘောင်ရှင်းတမ်း