ရွှေတိဂုံစေတီတော်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ရွှေတိဂုံစေတီတော်
ကျာ်ဒဂုင်
Shwedagon-Pano.jpg
ရွှေတိဂုံစေတီတော်
ရွှေတိဂုံစေတီတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေတိဂုံစေတီတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ သိင်္ဂုတ္တရ ကုန်းတော်၊ ရန်ကုန်မြို့မြန်မာနိုင်ငံ
ကိုဩဒိနိတ် 16°47′54″N 96°08′59″E / 16.798354°N 96.149705°E / 16.798354; 96.149705ကိုဩဒိနိတ်: 16°47′54″N 96°08′59″E / 16.798354°N 96.149705°E / 16.798354; 96.149705
ဘာသာရေး နှီးနွယ်မှု ဗုဒ္ဓဘာသာ
Sect ထေရဝါဒ ဗုဒ္ဓဘာသာ
အုပ်ချုပ်မှု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့
ဗိသုကာ
ဗိသုကာပညာရှင် ဆင်ဖြူရှင်မင်း
ပြီးစီး c. ၆ ရာစု
အသေးစိတ်
အမြင့် ၁၀၅ m (၃၄၄ ft)
ခေါင်ချွန်းအမြင့် ၁၁၂.၁၇ m (၃၆၈ ft)

ရွှေတိဂုံ စေတီတော်မှာ ၃၂၆ ပေ မြင့်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ရွှေတိဂုံ စေတီတော်

အမည်ခေါ်တွင်ပုံ[ပြင်ဆင်ရန်]

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်ဒဂုင် ဟုရေးသားပြီး ကျိုက်ဒဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ (Golden land) ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

ရွှေတိဂုံဘုရားအား ညဘက်ဖူးမြင်ရပုံ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ (၅၈၈) တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။ [၁]မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။ သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ "ရာပဒတန်သတ္တဟ" ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ဗုဒ္ဓဝင် သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။

ကုန်သည်ညီနောင်[ပြင်ဆင်ရန်]

ဘီစီ (၅၈၈)၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀ဝ)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက္ခစိုးနတ်အား မြင်လျှင် အံ့ဩသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက္ခစိုးနတ်က "အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့" ဟုပြောသည်။ ကုန်သည်ညီနောင်က "အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း"ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက္ခစိုးနတ်က"နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့"ဟုဆိုလျှင် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် "ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်" ဟုပြော၏။ ထို့နောက် ရုက္ခစိုးနတ်သည် တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။

ပထမဆုံး သရဏဂုံတည်သူ[ပြင်ဆင်ရန်]

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏ ဂစ္ဆာမိ ဟူသည့် "ဒွေဝါစိက" သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က ဘုရားရတနာ၊ တရားရတနာ တည်းဟူသည့် ရတနာနှစ်ပါးသည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ[ပြင်ဆင်ရန်]

ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင် "အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား" ဟုလျှောက်ထား လေ၏။ "ကောင်းပြီးချစ်သားတို့" မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ[ပြင်ဆင်ရန်]

ထို့အတူ ဆံတော်(၄)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား သိင်္ဂုတ္တရကုန်းတော် ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိင်္ဂုတ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ္ဘုရားရှင်၏ ဆံတော်(၄)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် နောင်တော်ကြီးစေတီဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး[ပြင်ဆင်ရန်]

ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိင်္ဂုတ္တရကုန်းတော် အလယ်တည့်တည့်၌ ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

  1. ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
  2. ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
  3. ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
  4. တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၄)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

သာသနာအစရွှေတိဂုံက[ပြင်ဆင်ရန်]

ဥက္ကလာပမင်းကြီးနှင့် ပြည်သူများပူးပေါင်း၍ ဌာပနာ တိုက် ကျောက်ဖျာအထက်၌ ဉာဏ်တော်(၄၄)တောင် အမြင့်ရှိသည့် စေတီတော်မြတ်တစ်ဆူအား တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီအား "တိဂုမ္ဗစေတီတော်"ဘွဲ့ချီမော်ကွန်း ထိုးခဲ့၏။ ထို တိဂုမ္ဗစေတီတော်သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ "သာသနာအစ ရွှေတိဂုံက"ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။[၂]

အာရုဏ်တက်အချိန်ဖူး​မျှော်ရပုံ

ထူးခြားဖြစ်စဉ်[ပြင်ဆင်ရန်]

၁၉၀၃-ခုနှစ်၊ မတ်လ(၂)ရက် (၁၂၆၄ ခု၊ တပေါင်းလဆန်း ၅ ရက်) တနင်္လာနေ့တွင် ရွှေတိဂုံ စေတီတော် အင်္ဂါထောင့်သို့ ကျားတစ်ကောင် တက်ရောက်လာသဖြင့် သက်ဆိုင်ရာ အာဏာပိုင်တို့က ပစ်သတ်ခဲ့ကြသည်။ [၃]


ကျားသည်ခေါင်းလောင်းပုံ အနားလန်အစွန်းတွင် တက်၍ ဝပ်နေသည်ကို ဘုရားဖူးများသည် တွေ့ကာအုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့သည်။ ဘုရားလူကြီး တစ်ဦးဖြစ်သည့် ဦးရွှေဝိုင်းသည် ရန်ကုန်အရေးပိုင်၏ စာဖြင့် ထိုနေ့ နံနက် ၈ နာရီတွင် ဗိုလ်မှူးကြီး အီးလောဖို့ဒ် ကို သွားခေါ်ခဲ့သည်။ ဗိုလ်မှူးကြီးကို အပြင်မှပြန်အလာ လမ်ူတွင် တွေ့ခဲ့သည်။ နီးရာအိမ်များမှ သေနတ်ရှာခဲ့သည်။ နှစ်လုံးပူးသေနတ်တစ်လက်ကို ကပ္ပတိန်ဂျင်းနင်း၏အိမ်မှ ရခဲ့သည်။ အီလောဖို့ဒ်နှင့်အတူ ကပ္ပတိန် ဘီဗီးလ်၊ ကပ္ပတိန်ဂျင်းနင်း တို့လည်း အတူလိုက်ပါလာကြသည်။

ကျားမှာတစ်ကောင်လုံးကို မမြင်ရဘဲ ကျောကုန်း၊ နောက်ခြေထာက်နှင့် အမြီးတို့သာ မြင်ရသည်။ ဗိုလ်မှူးကြီးလောဖို့ဒ်သည် ဂျင်းနင်းအား တန်ဆောင်ပေါ်သို့ တက်၍ နေရာယူခိုင်းခဲ့သည်။ ကပ္ပတိန် ဘီးဗီးလ်အား လီဗာပူဘုရင့်တပ်ရင်းမှ ရိုင်ဖယ်သေနတ်ကိုင် စစ်သားဆယ်ဦးကို ခေါ်ခိုင်းခဲ့သည်။ စစ်သား ၁၄ ဦးမျှ ရောက်လာကြသည်။ စစ်သားများကို နှစ်စုခွဲလိုက်သည်။ ထို့နောက် ကပ္ပတိန်ဂျင်းနင်းရှိသော တန်ဆောင်း၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူခိုင်းသည်။ ထို့နောက်ကျားကို ဗိုလ်မှူးကြီးက အမိန့်ပေးသောအခါ ပစ်သတ်စေခဲ့သည်။ ကပ္ပတိန်ဂျင်းနင်းပစ်လိုက်သော ကျည်ဆံတို့သည် ရင်အုပ်၊ ဘယ်နှင့်ညာ ပခုံးတို့တွင် ထိမှန်ခဲ့သည်။ဆက်လက်ပစ်ခန်ရာ ကျားသည် ထိုနေရတွင်ပင် ငြိမ်ကျသွားသည်။ သို့တိုင် ကျားသည် မသေသေးဘဲ ညည်းသံပြုနေသေးသည်း။ ဂျင်းနင်းသည် ကျားဆီသို့ ငြမ်းတွင်ချည်ထားသော ဝါးလှေကားဖြင့် တက်သွား၏။ ထို့နောက် ကျား၏ ရင်အုပ်တည့်တည့်ကို တစ်ချက်ပစ်လေသည်။ ထိုအခါမှ ကျားသည်သေလေသည်။

ကျားသည် ငယ်ရွယ်သောကျားမ ဖြစ်သည်။ ကိုယ်မှာ ရှစ်ပေတိတိဖြစ်သည်။ ကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ငါးချက်ထိမှန်ခဲ့သည်။ ဂျင်းနင်းပစ်ခတ်ခဲ့သော ကျည်ဆံလေးချက်မှာ ရင်အုပ်၊ ကျောရှေ့၊ ကျောနောက်နှင့် နှလုံးတည့်တည့်ကို ထိမှန်ခဲ့သည်။ ဂေါ်ရာစစ်သားတို့ ပစ်၍ထိသော ဒဏ်ရာမှာ တစ်ချက်သာ ရှိသည်။ နောက်ခြေထောက်အနားမှ ဖြတ်ကာ အမြီးကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ အမြီးသည် ပြတ်ပြီး အုတ်စွန်းတွင် တွဲလောင်းကျနေသည်။

ထိုကျားသည် ဘုရားပေါ်မတက်ခင်က ပုဇွန်တောင် အမဲသတ်ရုံအနီးတွင် ရှိသော တရုပ်လူမျိုးတို့၏ ဟင်းခင်းထဲသို့ ရောက်ခဲ့သည့် ခြေရာများ တွေ့ခဲ့သည်။ ထို့ပြင် ကုတ်ကိုင်းရေကူးဖက်ရှိ ခြံတစ်ခြံထဲတွင် နွားမတစ်ကောင်ကို ကိုသတ်ကာ စားသွား၏။

ထိုအချိန်ကာလ ဘုရားပေါ်သို့ ကျားတက်သည့် ဖြစ်ရပ်မှာ လူတို့ပါးစပ်ဖျားတွင် အပြောများသော ကိစ္စဖြစ်ခဲ့သည်။ ကျေးလက်တောရွာများအထိ သတင်းမှာ ပျံ့နှံ့သွားသဖြင့် အရပ်ရပ်မှ ဘုရားဖူးများ ရောက်လာကြလေသည်။ ထိုအဖြစ်ကို ထားဝယ်ဒိန်းသီချင်းများ ဖွဲ့ဆိုကြသည်။ အငြိမ့်၊ ဇာတ်များတွင် စည်းလွတ်၊ ကာရန်လွတ်သီချင်းများ ဖွဲ့ဆိုကြသည်။ စည်းလွတ်သီချင်းမှာ "ရွှေတိဂုံဘုရားမှာ ကျားတက်တာ၊ ငါးရက်ကြာ။ အို ... ရွှေတိဂုံ ဘုရားမှာလ၊ ကျားတက်တာ ငါးရက်ကယ်ကြာဗျ၊ ဂေါ်ရာတွေဝိုင်း၊ သေနတ်နဲ့ပစ်၊ ကျားစင်းစင်းသေ" ဟူ၍ ဖြစ်၏။ ရွှေတောင်ဆရာလွမ်း၏ ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ပြဇာတ် မှာ လူကြိုက်များကာ ရောင်းမလောက်ခဲ့ပေ။ အရပ်ထဲတွင်လည်း ဘုရားပေါ်ကျားတက်သည်ကို မှော်ဘီနတ်ကြီး ဘုရားဖူးလာသည်ဟုလည်း ပြောဆိုကြလေသည်။[၄]

လှို့ဝှက်ချက်များ[ပြင်ဆင်ရန်]

သိဖွယ်မှတ်ဖွယ်များ[ပြင်ဆင်ရန်]

ခေါင်းလောင်းများ[ပြင်ဆင်ရန်]

ရွှေတိဂုံ စေတီတော်၊ ရင်ပြင်၌ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။

  1. သာယာဝတီမင်း ခေါင်းလောင်းတော်
  2. စဉ့်ကူးမင်း ခေါင်းလောင်းတော်
  3. သက္ကရာဇ်(၈၃၈) ခုနှစ်တွင် မွန်ဘုရင်ဓမ္မစေတီမင်းကြီးသည် အဝိန္ဒဆောက်အမည်ရဓမ္မစေတီ ခေါင်းလောင်းကြီး ကြေးပိဿာချိန်(၁၈၀၀၀၀)ရှိ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီး တင်လှူတော်မူသည်။
ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ဦး

သတင်း[ပြင်ဆင်ရန်]

ရွှေတိဂုံစေတီတော်ကြီးကို သက္ကရာဇ် ၁၇၆၈ ခုနှစ်တွင် မြေဒူးမင်းလက်ထက် တွင်ငလျင်ကြီးစွာ လှုပ်ခဲ့သည့် အတွက် ဖောင်းရစ် အဝထိပြိုကျခဲ့သည့် အတွက် ဆင်ဖြူရှင်မင်းတရားကြီးမှ ယခုဖူးတွေ့ရသည် ၃၂၆ ပေ မြင့်သော စေတီးတော်ကြီးကို ယခင်စေတီကို ငုံကာ တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း၊ ယခုစေတီတော် သက်တမ်းမှာ ၂၆၀ဝ နှစ်ရှိပြီး ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်တွင် ကပ်လှူထားသော ရွှေပြား ရွှေသင်္ကန်းများမှာ ရွှေပြား အချပ်ရေ ၃၃၆၀၀ ခုရှိပြီး ရွှေစင်ရွှေသား ၃ တန်ခွဲ ရှိပါသည်။ နာဂစ်မုန်တိုင်း ကြောင့် လွင်စင်ကျခဲ့သော ရွှေစ ရွှေနများမှာ ၉ ပိသာခန့်ကို ပြန်လည် ကောက်ယူခဲ့ကြောင်း ။ ယခုအခါ နာဂစ်မုန်တိုင်း လေတိုက်နှုန်းထက် ပိုမိုပြင်ထန်းသော လေတိုက်နှုန်းများကို ခံနိုင်ရည်ရှိအောင် စီစဉ်ကြရာတွင် ငလျင်ဒဏ်ကြီးများကို ပင် ခံနိုင်ရည် ရှိအောင် ပြင်ဆင်ရကြောင်း ၊ ထီးတော်မှ ခေါင်းလောင်းတော်အထိ အလေးချိန် တန် ၆၀၀ ခန့် ထမ်းထားရကြောင်း ၊ ကြာမှောက်ကြာလှန်ကို စတီးတိုင်း ၊ စတီး သံကွင်းနှင့် စတီး သံပတ် များ ဖြင့် ချုပ်၍ အတွင်းရှိ ရှေ့ယခင် စေတီဟောင်းနှင့် လက်ရှိ ငုံထားသော စေတီတော်ကြား ကွာဟနေသော နေရာများကို စလစ် လောင်းသွားမည် ဖြစ်ပါသည်။ကြာမှောက် ကြာလှန် အတွင်းပိုင်း ခိုင်ခံ့အောင် ပြုလုပ်သည့် ကဏ္ဍ တွင် ငွေကျပ် သိန်း ၁၀၀၀ ကျော် ကုန်ကျမည် ဖြစ်ပြီး လိုအပ်သည့် ပစ္စည်းများမှ ဖေါ်ပြပါ စတီး ၊ သံ နှင့် ဘိလပ်မြေများကို စေတနာရှင် အလှူရှင်များမှ ငွေသားများ လှူဒါန်းထားပြီး ဖြစ်ပါသည်။

ရွှေတိဂုံဖွဲ့စာများ[ပြင်ဆင်ရန်]

ရွှေတိဂုံဖွဲ့စာများ

သမိုင်းရက်စွဲများ[ပြင်ဆင်ရန်]

  • ၁၃၇၂ − ရွှေတိဂုံ စေတီတော်ကို ဟံသာဝတီဘုရင် ဗညားဦး ပြင်ဆင်ခဲ့သည်။ ပြင်ပြီးသည့် အချိန်တွင် စေတီ၏ ဉာဏ်တော်မှာ အတောင် ၄၀ ( ပေ ၆၀) ရှိသည်။
  • ၁၄၃၆ − ငလျင်လှုပ်၍ ခေါင်းလောင်းအထိ ပြိုကျခဲ့သည်။ ဗညားရန်း၊ ဗညားဗရူး၊ ဗညားကင်းဒေါ၊ ရှင်စောပုတို့ ပါဝင်ပြီး အဆက်ဆက်ပြုပြင်ခဲ့သောကြောင့် ဉာဏ်တော်မှာ ၃၀၂ ပေ ဖြစ်လာသည်။
  • ၁၄၇၆ − ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ ဆက်လက် ပြုပြင်ခဲ့သည်။ ကြေးချိန်ပိဿာ ၃၀၀၀ ရှိဓမ္မစေတီခေါင်းလောင်းကို လှူဒါန်းခဲ့သည်။
  • ၁၄၈၅ − ရွှေတိဂုံ ကျောက်စာတိုင်ကို ရေးထိုးစိုက်ထူခဲ့သည်။
  • ၁၅၆၄ − ဘုရင့်နောင်မင်းလက်ထက်တွင် ငလျင်ကြီးလှုပ်၍ ပြိုသည်။
  • ၁၅၇၂ − ၁၅၆၄ ခုနှစ်တွင် ငလျင်လှုပ်၍ ပြိုကျခဲ့သော အပျက်အစီးတို့ကို ဘုရင့်နောင်က ပြင်ဆင်ပြီး ထီးတင်ခဲ့သည်။ မကိုဋ်လှူသည်။ သဘင်ပွဲခံသည်။
  • ၁၅၈၂ − ငါးဆူဒါယကာ နန္ဒဘုရင် လက်ထက်တွင် ထီးသစ်တင်ခဲ့သည်။ ကြေးချိန်ပိဿာ ၁၄၀ ရှိ ခေါင်းလောင်းလှူသည်။
  • ၁၅၈၃၊ နိုဝင်ဘာလ − အီတလီပြည်၊ ဗင်းနစ်မြို့သားကုန်သည် ဂတ်စ်ပရိုဗာလဗီ မြန်မာနိုင်ငံသို့ ရောက်ရှိပြီးရွှေတိဂုံ စေတီတော်သို့ ရောက်ခဲ့သည်။
  • ၁၅၈၃ − အင်္ဂလိပ်အမျိုးသား ရပ်ဖစ်ချ် ဒဂုန်ရောက်၍ စေတီတော်အကြောင်းကို မှတ်တမ်းတင်သည်။
  • ၁၆၁၀၊ ဇူလိုင်လ − ၁၆၀၈ ခုနှစ် ငလျင်ကြောင့် အပျက်အစီးများကို ပြင်၍ ပထမဆုံး ပြည်သူများ စုပေါင်းတင်လှူသည့် ထီးတော်ကို တင်ခဲ့သည်။ အင်္ဂဗုဓ် ဆရာတော်က ဦးစီးသည်။
  • ၁၆၁၂ − ဓမ္မစေတီခေါင်းလောင်းကို ငဇင်ကာ ဖြုတ်ယူသည်။ ဒေါပုံမြစ်အတွင်းသို့ ကျခဲ့သည်။
  • ၁၆၁၃ − အနောက်ဖက်လွန်မင်းက ငဇင်ကာကို နှိမ်နင်းပြီး ဒဂုန်သို့လာရောက်၍ စေတီတော်တွင် ကြေးခေါင်းလောင်း ဆွဲလှူသည်။
  • ၁၆၁၉၊ ဖေဖော်ဝါရီလ ၁၉ − အနောက်ဖက်လွန်မင်းလက်ထက် ထီးတော်အသစ်တင်သည်။ ငွေခေါင်းလောင်းများကို လှူပြီး စောင့်ရှောက်ရန်အတွက် လူ ၄၂၀ ထားခဲ့သည်။
  • ၁၆၂၀၊ နိုဝင်ဘာလ − အနောက်ဘက်လွန်မင်းလက်ထက်တွင် ငလျင်လှုပ်ပြီး စေတီတော်အထက်ပိုင်း ပြိုကျသည်။ မဟာရံတံတိုင်းများလည်း ပြိုကျခဲ့သည်။
  • ၁၆၂၂၊ မတ်လ − ငလျင်ကြောင့် ပျက်စီးသည်များကို ပြုပြင်၍ ထီးတော်အသစ်တင်သည်။ ရွှေသင်္ကန်း ကပ်လှူသည်။
  • ၁၆၄၄၊ ဒီဇင်ဘာလ ၂၆ − ငလျင်လှုပ်၍ ပြိုသည်ကို သာလွန်မင်းက ထီးတော်ဟောင်းကို ပြုပြင်ပြီး ပြန်၍ ထီးတင်သည်။
  • ၁၆၅၂၊ မေလ ၆ − ငလျင်လှုပ်၍ ပြိုကျသည်ကို ပင်းတလဲမင်းက ထီးပြန်တင်သည်။
  • ၁၆၆၂၊ ဖေဖော်ဝါရီလ − ပြင်မင်းလက်ထက်တွင် ငလျင်လှုပ်၍ ထီးတော်ဘုံသုံးဆင့် လွင့်စဉ်၍ မြေခခဲ့သည်။
  • ၁၆၆၃၊ စက်တင်ဘာလ − ပြည်မင်းက ထီးတော်ဟောင်းကို အင်းဝသို့ ယူ၍ ပြုပြင်ပြီးနောက် ပြန်တင်သည်။
  • ၁၆၆၄ ဒီဇင်ဘာလ − ငလျင်လှုပ်သဖြင့် စိန်ဖူးနှင့်တကွ ထီးတော် အနောက်မြောက်ထောင့်သို့ ကျသည်။ ငှက်ပျောဖူးနှင့် ခေါင်းလောင်းပုံပြိုသည်။
  • ၁၆၆၇၊ ဖေဖော်ဝါရီလ − စေတီကြီးကို ပြုပြင်ပြီး၍ ထီးအသစ်တင်ခဲ့သည်။
  • ၁၆၇၉၊ ဩဂုတ်လ − နိုဝင်ဘာလ − ငလျင်အကြိမ်ကြိမ်လှုပ်ခဲ့သောကြောင့် စေတီကြီးပြိုသည်ကို အများဝိုင်းဝန်းပြုပြင်သည်။
  • ၁၇၅၅၊ ဇွန်လ − အလောင်းဘုရား ရွှေတိဂုံကို ပူဇော်ရန် တက်ရောက်ခဲ့သည်။ ရင်ပြင်တော်တွင် ဂုဏ်တော်ကိုးပါးကို အကြိမ်တစ်ထောင်ပြည့်အောင် ရွတ်ဆိုပူဇော်သည်။
  • ၁၇၅၇၊ ဇူလိုင်လ − အလောင်းဘုရားကောင်းမှု ရွှေသင်္ကန်းကပ်လှူပူဇော်သည်။ သုဓမ္မာစရပ်ကြီးများကို ဆောက်လုပ်လှူဒါန်းသည်။
  • ၁၇၆၈၊ ဇွန်လ ၁၃ − ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် ငလျင်လှုပ်၍ စေတီတော်၏ သပိတ်မှောက် အထက်ပိုင်း ပျက်စီးသည်။ စေတီပစ္စယာ ပန်းတင်လည်း ပျက်သည်။ ဆင်ဖြူရှင်က ပြင်ဆင်ရန် ထီးတော်အသစ်လုပ်၍ ရွှေ ကိုယ်လေးချိန် မျက်ပါးခတ်စေသည်။
  • ၁၇၇၅၊ မတ်လ ၁ − ဆင်ဖြူရှင်မင်း ထီးတော်တင်ရန် ရန်ကုန်သို့ရောက်သည်။ ရန်ကုန်မြို့ အနောက်ဘက်ယွန်းတွင် သဘင်နန်းနှင့် စံ၏။
  • ၁၇၇၅၊ မတ်လ ၁၅ − ဆင်ဖြူရှင်ကောင်းမှု၊ အမြင့် ၃၈ ပေ၊ ၉ လက်မရှိသော ဘုံခုနှစ်ဆင့် ထီးတော်သစ်ကို တပေါင်းလပြည့်နေ့တွင် စေတီတော်မြောက်အရပ်မှ စက်သီးဖြင့် တင်သည်။ ထိုအချိန်တွင် ဉာဏ်တော်သည် ၃၃၈ ပေရှိသည်။
  • ၁၇၇၉၊ ဇန်နဝါရီလ ၂၇ − ဆင်ဖြူရှင်၏ အမိန့်ဖြင့် ရွှေတိဂုံစေတီတော်တွင် ဆွဲလှူရန် သွန်းသောကြေးချိန် ၁၅၅၅၅ ရှိ ခေါင်းလောင်းကြီးကို မဟာဃဏ္ဍဘွဲ့ပေး၍ ဆွဲလှူသည်။ အများက စည့်ကူးမင်းခေါင်းလောင်းဟု ခေါ်ကြသည်။
  • ၁၇၈၆၊ ဖေဖော်ဝါရီလ ၆ − ဘိုးတော်ဘုရားခေါ် ဗဒုံမင်းသည် ရင်ပြင်တော်ပေါ်၌ ကြေးနီအုတ်ကြွပ်မိုး စရပ် ဆောက်လုပ်လှူဒါန်းသည်။
  • ၁၇၉၅၊ ဧပြီလ − အင်္ဂလိပ်သံကိုယ်စားလှယ် မိုက်ကယ်ဆိုင်း ရန်ကုန်သို့ရောက်၍ စေတီရင်ပြင်သို့ ရောက်သည်။
  • ၁၇၉၆၊ နိုဝင်ဘာလ ၁၄ − အင်္ဂလိပ်သံ ဟီရမ်ကောက် ဒဂုန်သို့ရောက်၍ ရွှေတိဂုံစေတီ တောင်ဘက်မုတ်ခြေရင်းမှ သွားကြည့်ပြီး ဘုရားဖူးများ စည်ကားပုံကို မှတ်တမ်းရေးခဲ့သည်။
  • ၁၈၁၇ − အများကောင်းမှုဖြင့် စေတီတော်ကို ရွှေချသည်။
  • ၁၈၁၄၊ မေလ ၁၂ − ရွှေတိဂုံကုန်းတော်ကို အင်္ဂလိပ်စစ်တပ်တက်၍ သိမ်းပြီး ခံတပ်လုပ်သည်။ ဌာပနာတိုက်များ ဖောက်၍ အဖိုးတန် ရတနာတွေ ယူသည်။ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ဖြုတ်ယူသယ်ဆောင်၍ သင်္ဘောပေါ်တင်ရာ မြစ်ထဲကျသည်။
  • ၁၈၂၆၊ ဇန်နဝါရီလ − အင်္ဂလိပ်စစ်တပ်မှ ဖြုတ်ယူ၍ မြစ်ထဲကျသွားသော စဉ့်ကူးမင်းခေါင်းလောင်းကြီးကို မြန်မာတို့ ရအောင်ဆယ်ယူပြီး ပြန်လည်ဆွဲယူသည်။
  • ၁၈၂၆၊ ဒီဇင်ဘာလ ၉ − ရွှေတိဂုံကုန်းတော်ကို အင်္ဂလိပ်လက်ထဲက ပြန်၍ရသည်။ ဟံသာဝတီဝန်ကြီး မဟာမင်းလှရာဇာက လက်ခံသည်။ အပျက်အစီးများကို ပြုပြင်သည်။
  • ၁၈၄၁၊ အောက်တိုဘာလ ၃ − သာယာဝတီ (ရွှေဘိုမင်း) စေတီတော်ကို ဖူးမြော်ရန် တက်သည်။ ရန်ကုန်တွင် နန်းသစ်ဆောက်၍ ငါးလမျှ စံသည်။
  • ၁၈၄၁၊ ဒီဇင်ဘာလ ၂၀ − စေတီတော်ကြီးကို သာယာဝတီမင်း ရွှေပုဇွန်ခွံ ကပ်လှူသည်။
  • ၁၈၄၁၊ ဒီဇင်ဘာလ ၂၆ − ရွှေဘို (သာယာဝတီ) မင်းက ရွှေတိဂုံရင်ပြင်တွင် အလှူတော် ရေစက်ချသည်။ မိဖုရား မမြကလေးက စောင်းတန်းဖိုး လှူသည်။
  • ၁၈၄၂၊ ဇန်နဝါရီလ ၂၀ − ရွှေဘိုမင်းသည် ရွှေတိဂုံကို ဖူးမြော်ရန် တက်ပြီ သံသေခေါင်းလောင်း နှစ်လုံးနှင့် ဆည်းလည်းများ လှူသည်။ သွန်းလုပ်ဆဲ ခေါင်းလောင်းကြီး မပြီးသော်လည်း မစောင့်နိုင်သောကြောင့် ဆက်လက်သွန်းစေပြီး ပြန်ရန် ပြင်သည်။
  • ၁၈၄၂၊ ဇန်နဝါရီ ၂၂ − ရန်ကုန်မှ သာယာဝတီမင်းနှင့် အခြွေအရံများ အမရပူရသို့ ပြန်ကြွသည်။
  • ၁၈၄၃၊ ဖေဖော်ဝါရီလ ၁၉ − သာယာဝတီမင်းကောင်းမှု မဟာတိသဒ္ဒဃဏ္ဍခေါင်းလောင်းတော်ကြီးကို လူ ၅၀ ဖြင့် သွန်းလုပ်ပြီးစီးသည်ကို ဘုရင်မကြွရောက်နိုင်သဖြင့် အသည်ဝန် မဟာစည်သူနှင့် ပန်းတဉ်းဝန်တို့က တန်ဆောင်း ပြာသာဒ်နှင့် ဆွဲလှူသည်။
  • ၁၈၅၂၊ ဧပြီလ ၁၄ − အင်္ဂလိပ် − မြန်မာ ဒုတိယစစ်ပွဲတွင် အင်္ဂလိပ်တပ်များ ကုန်းတော်ကိုတက်၍ တိုက်ခိုက်သိမ်းယူတပ်စွဲ၍ ဌာပနာတိုက်များ ဖောက်ကြသည်။
  • ၁၈၅၂၊ ဇူလိုင်လ ၂၀ − အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီ ကုန်းတော်ပေါ်သို့ တက်သည်။
  • ၁၈၅၂၊ နိုဝင်ဘာလ ၁ − ကုန်းတော်ပေါ်တွင် လက်တက်တိုက် ဖောက်ခွဲမှုဖြစ်၍ လူငါးဦး ဒဏ်ရာရခဲ့သည်။
  • ၁၈၅၃၊ နိုဝင်ဘာလ ၂၂၊၂၃ − ကုန်းတော်ကို တက်ရောက်သိမ်းမည်ဟု သတင်းရသဖြင့် အစောင့်များချထာပြီး ဆူပူမည့် သူများကို ဖမ်းသည်။
  • ၁၈၅၃ − အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီက စေတီတော်ကြီးတွင် အင်္ဂလိပ်တပ်သားများ ဆက်ပြီးဖောက်ထွင်း လုယူခြင်းမပြုရဟု အမိန့်ထုတ်သည်။
  • ၁၈၅၅ − ၁၈၅၂ ခုနှစ်မှစ၍ စစ်ကြောင့် အပျက်အစီးများကို အင်္ဂလိပ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြုပြင်၍ ဦးထော်လေးက စတင်စောင့်ရှောက်သည်။ ဦးထော်လေးသည် စေတီတော်အတွက် ထီးတော်ကို ပြင်ဆင်ခြင်း၊ ခေါင်းလောင်းစာရင်းပြုလုပ်ခြင်း၊ ပြန်လည်ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်သည်။ အလှူဒါနများ စုဆောင်းပြီး စေတီတော်ပြန်လည်ပြုပြင်ရန်အတွက် ငြမ်းဆင်သည်။ တပေါင်းလတွင် ခေါင်းလောင်းများ ပြန်၍ တင်လှူသည်။
  • ၁၈၆၇ − ကုန်းတော်ပတ်လည်ကို အင်္ဂလိပ်ခံတပ်အဖြစ် အခိုင်အမာ စတင်ပြုပြင်သည်။
  • ၁၈၆၉− ရွှေတိဂုံစေတီတော်ကြီးကို စောင့်ရှောက်ရန် ဘုန်းတော်ကြီး ဦးပဏ္ဍိတ ခေါ် ဦးပြားကို နာယကထားပြီး ဂေါပက ဖွဲ့သည်။
  • ၁၈၆၉၊ နိုဝင်ဘာလ ၁၁ − ဂေါပကအဖွဲ့က စည်းဝေး၍ ထီတော်အသစ်တင်၍ ပြည်သူ့အားနှင့် မဖြစ်နိုင်၍ မန္တလေးမှ မင်းတုန်းမင်းကို ဆောင်ရွက်ပါရန် လျှောက်ထားဖို့ ဆုံးဖြတ်သည်။
  • ၁၈၆၉၊ ဒီဇင်ဘလ ၂၆ − မင်းတုန်းမင်း၏ တိဂုံဆံတော်ရှင် ထီးတော်သစ် တင်စေအမိန့်ကို ညီလာခံတွင် ချမှတ်သည်။
  • ၁၈၇၀၊ ဇန်နဝါရီလ ၁၁ − မင်းတုန်းမင်း၏ ထီးတော်သစ်တင်ရန် အမိန့်ချမျတ်ခြင်းကို စေတီတော်ရင်ပြင် သာယာဝတီခေါင်းလောင်းအနီးတွင် မှတ်လွှာဖတ်ပွဲ ပြုလုပ်သည်။
  • ၁၈၇၀၊ မေလ − ထီတော် မန္တလေးတွင် ပြုလုပ်ရန်အတွက် အလှူပါဝင်ရန် ရန်ကုန်မှ ငွေများ၊ ပစ္စည်းများ ပို့သည်။
  • ၁၈၇၁၊ အောက်တိုဘာလ ၂ − ထီးတော်ကြီးကို မန္တလေးတွင် ပြုလုပ်ပြီး၍ မင်းတုန်းမင်းက ရေစက်ချ လှူဒါန်းသည်။
  • ၁၈၇၁၊ အောက်တိုဘာလ ၂၂ − ထီးတော်သစ် ပင့်ဆောင်လာသောအဖွဲ့ ရေနန်းစကြာ သင်္ဘောဖြင့် ရန်ကုန် လမ်းမတော်ဆိပ်သို့ ဆိုက်ရောက်သည်။
  • ၁၈၇၁၊ အောက်တိုဘာလ ၂၆ − ထီးတော်အဖွဲ့ခေါင်းဆောင် မင်းကြီးမဟာမင်းကျော် မင်းထင် (ပုပ္ပါးဝန်ထောက်) က အင်္ဂလိပ် မဟာမင်းကြီးကို အခမ်းအနားဖြင့် အတွင်းဝန်ရုံးတွင် ထီးတော်ပေးအပ်ပွဲလုပ်သည်။
  • ၁၈၇၁၊ အောက်တိုဘာလ ၂၈ − ထီးတော်သစ်သည် ရွှေတိဂုံကုန်းတော်ရှိ ဒေါ်ဖွားစရပ်သို့ ရောက်သည်။
  • ၁၈၇၁၊ နိုဝင်ဘာလ ၁၄ − ထီးတော်ဟောင်းကို တပိုင်းစီ စပြီးချရာ ၁၈ ရက်နေ့တွင် ပြီးသည်။
  • ၁၈၇၁၊ နိုဝင်ဘာလ ၁၉ − ထီးတော်သစ်ကို စ၍တင်ရာ စက်ပျက်၍ မအောင်မြင်။
  • ၁၈၇၁၊ နိုဝင်ဘာလ ၂၁ − ထီးတော် ပထမဘုံကိုတင်၍ ပြီးသည်။
  • ၁၈၇၁၊ နိုဝင်ဘာလ ၂၆ − ထီးတော်သစ်နှင့်တကွ စိန်ဖူးငှက်မြတ်နားတင်၍ ပြီမြောက်အောင်မြင်သည်။
  • ၁၈၇၁၊ နိုဝင်ဘာလ ၂၇ − ပုပ္ပါးဝန်ထောက်နှင့်အဖွဲ့ ရန်ကုန်မှ ထွက်၍ နေပြည်တော်သို့ ပြန်သည်။
  • ၁၈၇၂၊ ဖေဖော်ဝါရီလ ၂၂ − စေတီတော် တပေါင်းပွဲမှာ ခါတိုင်းနှစ်များထက်ထူပြီး စည်ကားခဲ့သည်။ တောရွာများမှ ဘုရားဖူများ အများအပြား လာရောက်ကြသည်။
  • ၁၈၇၂၊ မတ်လ ၁၅ − ကင်းဝန်မင်းကြီးခေါင်းဆောင်သော လန်ဒန်သွားသံအဖွဲ့ ရွှေတိဂုံကုန်းတော်မှာ တက်ပြီး မြောက်မျက်နှာ စရပ်တွင် ဆွမ်းကျွေးသည်။ စေတီတော် အရှေ့ဘက်ရှိ ကျောင်းတော်ရာသို့ သွားကြည့်၏။
  • ၁၈၇၂၊ ဧပြီလ ၁၁ − အင်္ဂလိပ် မဟာရှင်တော်ဝန်မင်းကြီးက နောက်ထပ်ဘဏ္ဍာထိန်း လူကြီးငါးဦးခန့်ထားကြောင်း အမိန့်ထုတ်သည်။ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းပေးသည်။
  • ၁၈၇၄၊ မတ်လ ၂၆ − ကင်းဝန်မင်းကြီး ဦးဆောင်သော ပြင်သစ်ပြည် ပါရီသွား သံအဖွဲ့ စေတီတော်ကို ဝင်ဖူးရင်း ဆွမ်းတော်ကပ်သည်။
  • ၁၈၇၄၊ စက်တင်ဘာလ ၂၀ − ကင်းဝန်မင်းကြီး၏ ပါရီပြန် သံအဖွဲ့ အပြန်ရန်ကုန်ဝင်ပြီး စေတီတော်ကြီးတွင် တစ်ကြိမ် ဆွမ်းတော်ကြီး ကပ်သည်။
  • ၁၈၈၅၊ ဧပြီလ ၂၉ − ရန်ကုန်ခရိုင် တရားသူကြီးရုံးက ရွှေတိဂုံစေတီ ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ကိုးဦး ခန့်အပ်သည့် ဂေဇက် ထုတ်ပြန်သည်။
  • ၁၈၈၆၊ ဖေဖော်ဝါရီလ − ရုရှား ပါဠိပညာရှင် မိနေယဲ့ မြန်မာနိုင်ငံသို့ရောက်၍ ရွှေတိဂုံစေတီတော်သို့ အဖူးအမြော် တက်ရောက်သည်။ မှတ်တမ်းရေးသည်။
  • ၁၈၈၈၊ အောက်တိုဘာလ ၉ − ငလျင်လှုပ်၍ ငှက်မြတ်နားနှင့် စိန်ဖူတော် အောက်သို့ကျသည်။ ရွဲအထက်မှ အင်္ဂတေများ ကွာကျသည်။
  • ၁၈၈၉၊ မတ်လ ၁၇ − ၁၈၈၈ ခုနှစ် ငလျင်ကြောင့် ပြုတ်ကျသော စိန်ဖူးတော်နှင့် ငှက်မြတ်နားကို ပြင်ဆင်ပြီးနောက် တပေါင်းလ ပွဲတော်တွင် ပြန်၍ တင်လှူသည်။
  • ၁၈၉၈ − မြို့လူထုက မဲဆန္ဒဖြင့် ပထမဆုံး ရွေးကောက်သော ဘဏ္ဍာထိန်းအဖွဲ့ စတင်ဆောင်ရွက်သည်။
  • ၁၉၀၀ − စေတီတော်ကြီးအား ရွှေပြားသင်္ကန်း ကပ်လှူရန် ကြေညာ၍ အလှူရှင်များ ဖိတ်ခေါ်သည်။
  • ၁၉၀၃၊ မတ်လ ၂ − စေတီတော် ခေါင်းလောင်းပုံ တောင်ဖက် အနားလန်စွန်းတွင် ကျားမတစ်ကောင် တက်နေ၍ ဂေါ်ရာများ လာရောက်ပြီး သေနတ်ဖြင့် ပစ်၍ သတ်ရသည်။
  • ၁၉၀၄၊ မတ်လ ၂၆ − စေတီတော် ကိုယ်လုံ:ပြည့် ရွှေသင်္ကန်း ကပ်လှူသည်။
  • ၁၉၀၆ − ပဉ္စမမြောက် ဂျော့ဘုရင်လောင်း ဝေလမင်းသားနှင့် ကြင်ယာတော် မေရီမင်းသမီး ရွှေတိဂုံ ကုန်းတော်ပေါ် တက်ရောက်ကြည်ညိုသည်။
  • ၁၉၀၈၊ အောက်တိုဘာလ ၂ − ဘုရားပိုင် မြေကွက်အကျယ် ၄၉.၇၄ ဧကအတွက် အင်္ဂလိပ်အစိုးရက ဂရန်ထုတ်ပေးသည်။
  • ၁၉၁၈၊ ဖေဖော်ဝါရီလ နှင့် ဇွန်လ − သူရိယမဂ္ဂဇင်းတွင် ကာတွန်း ဦးဘကလေးက ဘုရားပေါ်တွင် မျက်နှာဖြူများ ဖိနပ်စီးသည့် အကြောင်းနှင့် ဖိနပ်စီးသည့် ကိစ္စကြောင့် ဝိုင် အမ် ဘီ အေ အဖွဲ့ကြီး၌ သဘောကွဲပုံကို ကာတွန်းများ ရေးဆွဲ၍ သရော်သည်။
  • ၁၉၁၉၊ ဩဂုတ်လ ၁၉ − ငလျင်လှုပ်၍ ငှတ်မြတ်နားတိုင် ယိုင်သည်။
  • ၁၉၁၉၊ အောက်တိုဘာလ ၂၉ − ဘုရားစေတီများတွင် ဖိနပ်မစီးရဟု အင်္ဂလိပ်အစိုးရက အမိန့်ထုတ်သည်။ သို့ရာတွင် တာဝန်အရ သွာရောက်လျှင် စီးနိုင်သည်ဟု ခြွင်းချက်ပါရှိသည်။
  • ၁၉၁၉ − အင်္ဂလိပ်စစ်တပ်များ ဘုရားကုန်းတော်ပေါ်မှ ပြောင်းရွေ့သွားရန် စပြီး အရေးဆိုသည်။
  • ၁၉၂၀၊ ဒီဇင်ဘာလ ၅ − ရန်ကုန်ကောလိပ်မှ သပိတ်မှောက်ကျောင်းသားများသည် အရှေ့ဘက်၊ ဗဟန်း ဦးအရိယ ကျောင်းတိုက်၌ စခန်းချသည်။
  • ၁၉၂၀၊ ဒီဇင်ဘာလ ၁၂ − အင်္ဂလိပ်အတိုက်အခံ လေဘာပါတီ အမတ်ကာနယ်ဝက်ဂျ်ဝုဒ် ဇနီးမောင်နှံ ဘုရားပေါ်သို့ ဖိနပ်ချွတ်၍ တက်သည်။ ကောလိပ် သပိတ်မှောက်ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။
  • ၁၉၂၁၊ မတ်လ ၁၆−၂၃ − ၁၉၁၉ခုနှစ် ငလျင်ကြောင့် ပျက်စီးသော ငှက်မြတ်နားကို ပြုပြင်ပြီး အသစ်တင်ပွဲ ပြုလုပ်သည်။ ဆရာလင်း မော်ကွန်းရေးသည်။
  • ၁၉၂၉၊ ဇန်နဝါရီလ ၂၂ − ကုန်းတော်ပေါ်မှ အင်္ဂလိပ် စစ်သင်္ချိုင်းကို ကန်တော်မင် အင်္ဂလိပ်သင်္ချိုင်းသို့ အခမ်းအနားဖြင့် ပြောင်းသည်။
  • ၁၉၂၉၊ နိုဝင်ဘာလ ၂၇ − ဘဏ္ဍာတော်ထိန်းအဖွဲ့က လက်မှတ်ထိုး၍ ဘုရင်ခံနှင့် ဘုရားလူကြီးတို့ စစ်တပ်ပြောင်းရေး သဘောတူညီချက်ကို ကြေညာသည်။
  • ၁၉၂၉၊ နိုဝင်ဘာလ ၂၉ − အင်္ဂလိပ်စစ်တပ်များ ကုန်းတော်ပေါ်မှ အပြီးအပိုင် ရွှေ့ပေးသည်။
  • ၁၉၃၀၊ ဖေဖော်ဝါရီလ ၈ − အရှင်ဦးဝိစာရ၏ အလောင်းတော်ကို အနောက်ဖက်မုတ်အနီးတွင် ပြည်သူတို့ မီးသင်္ဂြိုဟ်သည်။
  • ၁၉၃၀၊ မတ်လ ၂ − စစ်တပ်များ ရှိစဉ်က ပြည်သူပြည်သားများ တက်ခွင့်မရခဲ့သော အနောက်ဖက်စောင်းတန်းကြီးကို သံဃာအပါး ၄၀၀၀ အားဆွမ်းကျွေး၍ ဖွင့်သည်။ မဏ္ဍပ် ၁၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံသည်။
  • ၁၉၃၀၊ မေလ ၅ − ငလျင်ကြီးလှုပ်၍ ငှက်မြတ်နားတိုင်ကျိုးပြီး စိန်ဖူးတော် တွဲလွဲကျသည်။
  • ၁၉၃၀၊ ဇူလိုင်လ ၂၀ − ဦးစံထွန်း တန်ဆောင်းတွင် ဒို့ဗမာသီချင်းဆိုပွဲ ပြုလုပ်ရာ ဝိုင်−အမ်−ဘီ−အေ ဆရာတင်က တိုင်ပေးသည်။
  • ၁၉၃၀၊ စက်တင်ဘာလ − ကုန်းတော်ပေါ်မှာ လူငယ်များ ၅၀၀၀ ကျော် စုဝေးပြီး အစည်းအရုံ:ဖွဲ့သည်။
  • ၁၉၃၁၊ မတ်လ ၆ − ကုန်းတော်ပေါ်မှာ မီးကြီးလောင်သည်။ အဖိုးတန်လက်ရာများနှင့် တန်ဆောင်း ၂၀ ကျော်မီးထဲပါသွားပြီး သိန်း ၂၀ ဖိုး ဆုံးရှုံးသည်။
  • ၁၉၃၁၊ ဧပြီလ ၃၀ − ၁၉၃၀ ငလျင်ကြောင့် ပျက်စီးသော စိန်ဖူးတော် ပြုပြင်ပြီး၍ ပြန်လည် ကပ်လှူသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး ဩဘာရတု ရေးသည်။
  • ၁၉၃၂၊ ဇူလိုင်လ ၁၀ − အနောက်ဘက်မုတ် စောင်းတန်းကို ဆောက်ရန် အလယ်တောရ ဆရာတော် အုတ်မြစ်ချသည်။
  • ၁၉၃၅ − စေတီဖိနပ်တော်ရင်း ပတ်လည်တွင် ဂေါပကလူကြီး ဦးဘသော်နှင့် ဒေါ်သဲမေတို့က သံစည်းရိုးကာရန် လှူဒါန်းသည်။
  • ၁၉၃၆၊ ဖေဖော်ဝါရီလ ၂၅ − တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများ ကုန်းတော်ပေါ်တက်၍ သပိတ်စခန်းချသည်။
  • ၁၉၃၉၊ ဇန်နဝါရီလ ၈ − ရေနံမြေ သပိတ်မှောက် အလုပ်သမားများနှင့် ရန်ကုန်ဝန်းကျင်မှ သပိတ်သမားများ ရွှေတိဂုံကုန်းတော်ကို ဗဟိုပြု၍ စခန်းချသည်။
  • ၁၉၃၉၊ ဇန်နဝါရီလ ၉ − ကုန်းတော်ပေါ်တွင် နယ်ချဲ့ဆန့်ကျင်ရေး လူထုအစည်းအဝေးပွဲကြီး ပြုလုပ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကာလ ဖြစ်သည်။
  • ၁၉၃၉၊ ဇန်နဝါရီလ ၂၃ − တောင်ဖက်စောင်းတန်းရှိ မော်လမြိုင်ဇရပ်တွင် ဖွင့်လှစ်ထားသော ဒို့ဗမာအစည်းအရုံးဌာနချုပ်သို့ ပုလိပ်မင်းကြီး ပရက်စကော့နှင့်အဖွဲ့ ဖိနပ်စီး၍ တက်ရာ ပြင်းထန်စွာ ကန့်ကွက်ကြသည်။
  • '၁၉၃၉၊ ဇွန်လ ၂၂ − လက်ရှိ ရွှေတိဂုံစေတီတော် ဥပဒေကို တရားလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပေးသည်။
  • ၁၉၄၂၊ ဒီဇင်ဘာလ ၉ − ဂျပန်စစ်သေနာပတိနှင့် မြန်မာဝန်ကြီးချုပ် ကုန်းတော်ပေါ်တက်၍ ဖူးပြီး စစ်အောင်နိုင်ရေးအတွက် ဆွမ်းကျွေးသည်။
  • ၁၉၄၃၊ ဩဂုတ်လ ၁ − နိုင်ငံတော် အဓိပတိ ဒေါက်တာဘမော် ဘုရားဖူးတက်သည်။
  • ၁၉၄၅၊ ဇန်နဝါရီလ ၁ − ဒုတိယကမ္ဘာစစ်တွင် ဂျပန်ရှုံးနိမ့်တော့မည့် အခြေရှိသဖြင့် နိုင်ငံတော် အဓိပတိ ဘုရားဖူးတက်ပြီး စစ်အောင်နိုင်ရေး ဆုတောင်းသည်။
  • ၁၉၄၅၊ မတ်လ ၁၇ − ရွှေတိဂုံစေတီ အနောက်ဘက်ကွင်းမှ မြန်မာ့တပ်မတော်က ရန်သူကို တိုက်ရန် စစ်ထွက်ပွဲ ပြုလုပ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောသည်။
  • ၁၉၄၅၊ နိုဝင်ဘာလ ၁၈ − ဖ−−ဆ−−ပ−−လ ပြည်လုံးကျွတ်ညီလာခံကို စေတီတော်ကုန်မြေ အလယ်ပစ္စယာ၌ တက်ရောက်သည်။ ပရိတ်သတ် တစ်သိန်းကျော် တက်သည်။
  • ၁၉၄၆၊ ဇွန်လ ၁၂ − စစ်ဘေးရန်ကြောင့် ကုန်းတော်ပေါ်တွင် ခိုလှုံနေထိုင်ခဲ့ကြသူများအား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ အမိန့်ဖြင့် ပြောင်းရွှေ့ရန် အကြောင်းကြားသည်။
  • ၁၉၄၆၊ စက်တင်ဘာလ − နယ်ချဲ့ကို ဆန့်ကျင်သော အစိုးရအမှုထမ်းပေါင်းစုံ သပိတ်များ ကုန်းတော်ပေါ်တွင် စခန်းချသည်။ ပုလိပ်သပိတ်အဖွဲ့လည်း ပါဝင်သည်။
  • ၁၉၄၈၊ ဇန်နဝါရီလ ၂ − မြန်မာနိုင်ငံမှ ပြန်ရတော့မည့် အင်္ဂလိပ်နောက်ဆုံး ဘုရင်ခံ ဟူးဘတ်ရန့်စ် ကုန်းတော်ပေါ်သို့ လာရောက်၍ ကြည်ညိုသည်။
  • ၁၉၇၀၊ စက်တင်ဘာလ ၅၊၆ ငလျင်များလှုပ်သည်။ စေတီတော် ပိန္နဲတိုင်စောင်း၍ ဆည်းလည်းအချို့ ပြုတ်ကျသည်။
  • ၁၉၇၁၊ မတ်လ ၇ − ယမန်နှစ်အတွင် ငလျင်ကြောင့် ပိန္နဲတိုင် တိမ်းစောင်းသွားသည်ကို ပြုပြင်ခြင်းနှင့် ထီးတော်တင် စစ်ဆေးခြင်း၊ ငှက်မြတ်နား ပြုပြင်ခြင်း၊ ရွှေပြားနှင့် ရတနာများ၊ ဆည်းလည်းများ လှူခြင်းများ၏ ကုသိုလ်အစုစု သိန်း ၁၀၀ ကျော်ဖိုးကို ရင်ပြင်တွင် ရေစက်ချ လှူဒါန်းသည်။
  • ၁၉၇၂၊ ဧပြီလ/မတ်လ - စေတီတော် ပထမ ဖောင်းရစ် အထက်တွင် ၁၉၀၃ ခုနှစ်မှစ၍ ရှစ်ကြိမ်မျှခွဲပြီး တစ်ပေပတ်လည် ရွှေပြား ၁၃၁၅၃ ပြား ကပ်လှူထားခဲ့ရာမှ ကျန်းဖောင်းရစ်အားလုံး ရွှေပြားကပ်လှူနိုင်ရန် အလှူရှင်တို့၏ နောက်ထပ်ရွှေပြား ၁၁၂၉ ပြား ပူဇော်ရန် စီစဉ်သည်။ တစ်ပြားလျှင် ခြောက်ကျပ်သားရှိ၍ ကာလတန်ဖိုး ၃၀၀၀ ကျပ်ဖြစ်သော ရွှေပြားများကို မေလဆန်း ၄ ရက်နေ့မှ စ၍ ကပ်လှူသည်။ တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း လှူဒါန်းကြသည်။[၄]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.knowledgerush.com/kr/jsp/db/viewuser.jsp?userId=21915&penname=Doctrine+of+Lord+Buddha
  2. ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)
  3. သန်းဝင်းလှိုင် (၂ဝဝ၉ ခု၊ မေလ). ၂၀ရာစု မြန်မာ့သမိုင်း. ကံကော်ဝတ်ရည် စာပေ. 
  4. ၄.၀ ၄.၁ မြတ်ဘုရားရွှေတိဂုံ. ၃၆၁၊ ပြည်လမ်း၊ ရန်ကုန်မြို့: စာပေဗိမာန်. 

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]