ချစ်ညို (ခင်ဦးမြို့စား)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဦးချစ်ညိုသည် ကုန်းဘောင်ခေတ် ခင်ဦးမြို့စားဖြစ်သည်။ အလောင်းဘုရားကဲ့သိုပင် လက်ရုံးရည်နှင့်ပြည့်စုံ၏။ ဦးချစ်ညိုသည် ဦးအောင်ဇေယျနှင့် သင့်မြတ်မူ မရှိသောကြောင့် နောက်ဆုံးတွင် မွန်များနှင့် ပူးပေါင်းသွားသော်လည်း အင်းဝပျက်စဉ်က သူသည် အညံ့မခံဘဲ မိမိ ဇာတိချက်ကြွေ ခင်ဦးနယ်သို့ ပြန်ကာ မင်းလောင်းတစ်ဦး အနေဖြင့် တပည့်နောက်လိုက်များ သိမ်းသွင်းနေ၏။

အင်းဝပျက်သောအခါ ဟံသာဝတီသို့ မပါသော မြန်မာအရာရှိ၊ အရာခံ စသည့်တို့သည် အရည်အချင်းရှိမည်ဟုထင်သော မင်းလောင်းတို့ထံတွင် ခိုလှုံကြသည်။ အင်းဝ ကောင်းစားစဉ်က ခင်ဦးစား ဦးလုံသည် နေပြည်တော်၌ မင်းကြီးကျော်စွာ ဟူသော ဘွဲ့ နှင့် အမူတော်ထမ်းသည်။ ဇနီး ဒေါ်ဇံကလားသည် နက္ခတ်ဗေဒင် တတ်မြောက်၏။ သူတို့၌ သား ၃ ယောက်ရှိရာ မောင်ချစ်ဝ၊ မောင်ချစ်ညို၊ မောင်ချစ်မြ၊ တို့ဖြစ်ကြပြီး သားအလတ် မောင်ချစ်ညိုကို အင်းဝဘုရင်ကပင် `လက်ယာပျံချီ´ဘွဲ့ ပေးကာ ခင်ဦးစား ခန့်အပ်ခဲ့သည်။ ဦးချစ်ညိုကား မြင်းစီး၊လှံထိုး၊ ကြိုးပစ် ဟူသော သူရဲကောင်း အတတ်တို့ ၌ ကျွမ်းကျင်၏။ သူ့မိခင် ဒေါ်ဇံကလားက `ငါ့သား၊ မင်းဖြစ်လိုလျှင် မုဆိုးဘိုသား အောင်ဇေယျကို ဦးစွာ သုတ်သင်ရမည်။ အောင်ဇေယျကား ကိန်းခန်းကြီးလှသည်။ အောင်ဇေယျကို စောစော ကပင် မသုတ်သင်နိုင်လျှင် သင့်အဖို့ခက် လိုက်မည်။´ ဟုဆို၏။ တစ်နေ့သော မိခင်မှ အခါကောင်းပေးပြီး ဦးအောင်ဇေယျကို အဖမ်းအယူ ထွက်ရန် သားအား တိုက်တွန်းလေ၏။

ဦးချစ်ညိုလည်း ညီမောင်ချစ်မြကို ခေါ်ပြီး မုဆိုးဘိုရွာဆီသို့ သွားလေ၏။ ထိုနေ့ပင် ဦးအောင်ဇေယျလည်း ဦးချစ်ညိုကို သိမ်းသွင်းရန် မြင်းစီးပြီး ခင်ဦးမြို့ဆီ သို့ ထွက်ခဲ့၏။ လမ်းတွင် သူတို့နှစ်ဦး ရင်ဆိုင်မိရာ ဦးချစ်ညိုက ကြိုးကွင်းပစ်ကာ ဦးအောင်ဇေယျ၏ လည်ပင်းကို ရစ်ပတ်လေသည်။ ထိုသို့ ရစ်ပတ် ဆွဲငင်ရာတွင် ဦးအောင်ဇေယျနှင့်တကွ မြင်းလည်းလဲလေသည်။ ဦးအောင်ဇေယျသည် လဲရာ မှထပြီး ကြိုးဓားနှင့် ဖြတ်နေခိုက် ဦးချစ်ညိုက လှံ နှင့် ပစ်သည်။ ထိုလှံကို ဦးအောင်ဇေယျ က ဓားနှင့် ကာသဖြင့် လွဲလေသည်။ ဦးချစ်ညို၏ ညီ ဦးချစ်မြက အစ်ကိုဘက်မှ ကူညီရန် လိုက်လာ၏။ သို့သော် ထန်းပင်ထက်မှ ထန်းသမားက "တစ်ဦးချင်း ရန်ဖြစ်နေသည်ကို ဘာလို့ ကူရမည်လဲ" ဆိုကာ ထန်းပင်မှဆင်း ပြီး ချစ်မြ၏ လည်ပင်းကို ညစ်၏။ ထိုအခါ ချစ်မြက "ကယ်ပါ"ဟုအော် သည်ကို သူ့အစ်ကို ချစ်ညိုက ညီကို ကယ်ရန် ထန်းသမားဆီသို့ ပြေးလာရာ ဦးအောင်ဇေယျလည်း တစ်ဦးနှင့် တစ်ဦး ဖြစ်သောကြောင့် မြင်းစီးကာ အပြင်းဆုတ်ခွာလေသည်။ ခင်ဦးသို့ ချစ်ညိုတို့ပြန်ရောက်သော် မိခင်မှ အကြောင်းစုံ သိရသော် "အောင်ဇေယျကို ယနေ့တွင်မှ မအောင်လျှင် သူ့ကို တစ်ကိုယ်ချင်း မခုခံလေနှင့်"ဟုဆိုကာ မွန်တို့ထံ ခိုဝင်စေခဲ့သည်။

ဟံသာဝတီစစ်သူကြီးဒလပန်းထံ သစ္စာခံပြီး လက်ယာပျံချီဘွဲ့ခံကာ အလောင်းဘုရားနှင့် တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အလောင်းဘုရား၏ စစ်ပရိယာယ် ကြောင့် ရှုံးနိမ့်ကာ ထွက်ပြေးပုန်းအောင်းနေခဲ့သည်။ အတန်ကြာမှ သားများနှင့်အတူ မွန်အိမ်ရှေ့မင်းထံတွင် ပြန်ခိုလှုံခဲ့သည်။ သို့သော် စစ်သူကြီးဒလပန်းက မယုံကြည်ပဲ အလောင်းဘုရားသစ္စာခံသွားပြီဟု ထင်မြင်ကာ အိမ်ရှေ့မင်းထံမှ တောင်းယူ၍ ကွပ်မျက်ခဲ့သည်။