လှိုင်ထိပ်ခေါင်တင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘောလယ်သီချင်းကို ကြားရတိုင်း ဘောလယ်အဖွဲ့အနွဲ့ စတင်တီထွင်ခဲ့သည်ဟု ယူဆရသူ လှိုင်ထိပ်ခေါင်တင်အား သတိရအပ်ပေသည်။

လှိုင်ထိပ်ခေါင်တင်(မြန်မာ ၁၁၉၅-၁၂၃၇)[ပြင်ဆင်ရန်]

နာဂဆဒ္ဒန်-ချီ မျက်ဖြေ ဘောလယ်ရေးသူ လှိုင်ထိပ်ခေါင်တင်မင်းသမီးမှာ သက္ကရာဇ် ၁၁၈၈-ခုနှစ်တွင် (ရွှေဘိုမင်း)သာယာဝတီမင်း အိမ်နိမ့်စံနေတော်မူခိုက် ဟင်္သာတမြို့သူ အနောက်နန်း မိဖုရားမမြလေးကို သိမ်းပိုက်ပြီးနောက် သက္ကရာဇ် ၁၁၉၅-ခုနှစ်တွင် သမီးတော်ကို ဖွားမြင်သည်။ ငယ်မည်မှာ မဖွားဖြစ်၏။ (မဖွားကြီးလည်းဟူ၏။) ၁၁၉၉ ခုနှစ်တွင် ခမည်းတော် ရွှေဘိုမင်းတရားကြီး အထွတ်အထိပ်သို့ရောက်သောအခါ မယ်တော်မမြလေးအား ဟင်္သာတမြို့ကို အပိုင်စားပေးတော်မူ၍ သမီးတော် ထိပ်ခေါင်တင်တင်အားလည်း သီရိမြတ်စွာ ရတနာဒေဝီဘွဲ့နှင့် လှိုင်မြို့ကို အပိုင်စားပေးသနားတော်မူသည်။ သို့ဖြင့် လှိုင်မင်းသမီးဟူ၍လည်းကောင်း၊ လှိုင်ထိပ်ခေါင်တင် ဟူ၍လည်းကောင်း ကျော်စောထင်ရှားလာသည်။ လှိုင်မင်းသမီးသည် အဆင်းအင်္ဂါနှင့် ပြည့်စုံသူဖြစ်၍ မြင်သူတိုင်း မင်းသမီးကို ချစ်ခင်မြတ်နိုး ကြကုန်၏။ ၁၂ဝ၂-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်နေ့ကစ၍ သျှောင်ထုံးနားထွင်း၊ တစ်ဘက်ဝတ်၊ ဒက်ဆင်မင်္ဂလာ ဆောင်တော်မူရာတွင် လှိုင်ထိပ်ခေါင်တင်မင်းသမီးကိုလည်း မိဖုရားခေါင်ကြီး၏ သမီးတော်များနှင့်အတူ မှန်နန်းတော် ဘမရာသန ပလ္လင်တော် ရှေ့တွင် ဆင်ယင်ကျင်းပစေသည်။ မယ်တော်မမြလေး ကွပ်မျက်ခံရသောအခါတွင် လှိုင်ထိပ်ခေါင်တင်မှာ အသက် ၁၂-နှစ်မျှသာရှိသေး၍ မင်းတုန်းမင်းသားမိဖုရားက သနားတော်မူသည် အလျောက် ကောက်ယူကျွေးမွေးထားလေသည်။


သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး နန်းတတ်တော် မူပြီးနောက် တနှစ်ခန့်အကြာ ၁၂၁၅ ခုနှစ်၌ ကနောင်မင်းသားနှင့် အသက် ၂၀ အရွယ်ရှိ လှိုင်ထိပ်ခေါင်တင်မင်းသမီးတို့အား စုလျားရစ်ပတ် လက်ထပ်ထိမ်းမြား၍ ညီတော်အား အိမ်ရှေ့အရာပေးသဖြင့် လှိုင်ထိပ်ခေါင်တင် မှာလည်း အိမ်ရှေ့မင်း၏မိဖုရားဖြစ်လာတော့သည်။ ထန်းတစ်ပင် မင်းသားဟူသော သားတော်တစ်ပါး ထွန်းကားခဲ့၏။ ထိုမင်းသားသည် ၁၂၄ဝ ပြည့်နှစ် သီပေါမင်းလက်ထက် ထောင်မှာလွန်သည်။ ၁၂၂၈ ခုနှစ် မြင်းကွန်းမြင်းခုံတိုင် အရေးတော်ပုံတွင် မောင်တော် ကနောင်မင်းသား နတ်ရွာစံလေသည်။မြင်ကွန်း၊ မြင်းခုံတိုင် မင်းသားများ

ရေးသားခဲ့သော စာပေများ[ပြင်ဆင်ရန်]

လှိုင်မင်းသမီးသည် ကဗျာလင်္ကာပတ်ပျိုးသီချင်းကြီးသီချင်းခံ၊ ယိုးဒယား၊ ဘောလယ်၊ တေးထပ်တို့ကို စီကုံးရေးသားရာ၌ ထီး သုံးနန်းသုံး အနှုန်းအဖွဲ့ ယဉ်ကျေးလှသောကြောင့် မယ်တော်ဘုရားကဲ့သို့ပင် စာဆိုလောကတွင် ကျော်စောထင်ရှားလေသည်။ အထူးသဖြင့် ဘောလယ်နှင့် နန်းတွင် ဇာတ်များရေးရာတွင် ကျော်စောလှ၏။ 'ဘောလယ်' ဟူသော အဖွဲ့အနွဲ့မှာ လှိုင်မင်းသမီးက စတင်တီထွင်ခဲ့သော သီချင်းဆန်းဟုပင် ဆို ကြလေသည်။ ထိုသီချင်းမျိုးကို စည်းဝါးလွတ်သော်လည်းကောင်း၊ တူရိယာ နှင့် တွဲဖက်၍သော်လည်းကောင်း သီဆိုနိုင်သည်။

မောင်တော် ကနောင်မင်းသားသည် ကိုယ်လုပ်တော် အများအပြား နှင့်သာ ပျော်ပါးနေတတ်၏။ ထိုအခါများတွင် လှိုင်မင်းသမီးသည် မောင် တော်အား မျှော်ခေါ်တမ်းတ၍ နေကြောင်းများကို ဘောလယ်များ ရေးစပ်၍ ဆက်သွင်းလေ့ရှိ၏။ မင်းသားသည် ဘောလယ်ကိုဖတ်ရသည့်အခါ လှိုင်မင်းသမီးအပေါ်၌ သနားကရုဏာ သက်ရောက်တော်မူပြီးလျှင် ပြန်လည် ယုယပိုက်ဖြားလေ၏။ ဤသည်ကိုထောက်၍ မင်းသမီး၏ အဖွဲ့အနွဲ့ စာသား တို့မှာ မည်မျှကောင်းမွန်သည်ကို သိနိုင်ပေသည်။ 'စိန်ခြူးကြာညောင်' ချီ ဘောလယ်ဖြင့် မောင်တော်မင်းသားအား မိမိဘက်သို့ စိတ်လည်လာအောင် ချော့မြှူနိုင်ပုံ၊ မောင်တော်က မျက်မာန်တော်ရှသည့်အခါ မိမိမှာ အပြစ်မရှိ ကြောင်း၊ တစ်ပါးသူတို့ ချောပစ်ဂုံးတိုက်ခြင်းများကို ယုံတော်မမူသင့် ကြောင်းများ 'နာဂဆဒ္ဒန်'၊ 'ပဏ္ဍုသေလာ' အစချီသော ဘောလယ်များဖြင့် ဖြောင်းဖျနိုင်ပုံတို့ကိုကြည့်လျှင် လှိုင်မင်းသမီးသည် စာဆိုမှုဖြင့် သူတစ်ပါး စိတ်ကို ဆွဲဆောင်နိုင်ကြောင်း ထင်ရှားစေသည်။ ယင်းသည့် ဘောလယ်များ အပြင် 'ပုလဲမြိတ်စုံ' ချီဘောလယ်၊ 'ထုံပန်းမာလာ' ချီဘောလယ်၊ 'ရှုလဲသာ ထွေ' ချီဘောလယ်၊ 'ပြဒုငယ်ချပ်ရံ' ချီဘောလယ်တို့ကိုလည်း စပ်ဆိုခဲ့သေး သည်။ လှိုင်ထပ်ခေါင်တင်သည် 'ပန်းသည်လယ်' ချီ ပတ်ပျိုး၊ 'ညဉ့်သုံး ယံခါ'ချီ ပတ်ပျိုးနှင့် 'ရေယမုန်'ချီ ပတ်ပျိုး စသည်တို့ကိုလည်း ဖွဲ့နွဲ့သီကုံး ခဲ့၏။ ထိုရေယမုန်ပတ်ပျိုးကို ဗိမ္ဗာလွှဲချင်းပတ်ပျိုးဟုလည်းခေါ်သည်။ ထို ပတ်ပျိုးမှာ မိမိ၏သားတော် မြပုခက်တင်မင်္ဂလာဆင်ယင် ကျင်းပသည့်အခါ အထိန်းတော် အချီတော်တို့ သီဆိုရွှေနားတော်သွင်းရန်အတွက် 'ရွှေဗျိုင်းညို'၊ 'ကြောင်ဖားရယ်မြီးတံတို'၊ 'ဟီးလေးပေါက်ပင် ကန်စွန်းပင်' ဟူသော အရပ် သုံး သားချော့သီချင်းသုံးပုဒ်ကို ထီးသုံးနန်းသုံးအဖြစ် ဖွဲ့နွဲ့စပ်ဆိုထားသော ပတ်ပျိုးတစ်ပုဒ်ဖြစ်လေသည်။


လှိုင်မင်းသမီးသည် ဝိဇယကာရီနှင့် ဣန္ဒာဝံသ နန်းတွင်းဇာတ် တော်ကြီး နှစ်စောင်ကိုလည်း ရေးသားခဲ့သေး၏။ အရေးအသားမှာ ထီးသံ နန်းသံပါ၍ အလွန်ယဉ်ကျေးသိမ်မွေ့လှပေသည်။ အဖွဲ့အနွဲ့ အလွန်စေ့စပ်လှ ၏။ မင်းသမီးရေးသွားအပ်သော ဘောလယ်နှင့် ပတ်ပျိုးမှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီဖြစ်သော်လည်း လူတို့၏နှုတ်ဖျားတွင် မရိုးနိုင်၊ လက် မလွတ်နိုင်အောင်ရှိသည်ကား အထူးဆိုဖွယ်ရာမရှိချေ။ ယင်းသို့လျှင် မယ် တော်၏ ခြေရာကိုနင်း၍ စာဆိုလောက်တွင် ကျော်စောခဲ့သော မင်းသမီး သည် ၁၂၃၇ ခုနှစ်၊ သက်တော် ၄၂ နှစ်တွင် ကံကုန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)