ငါးထပ်ကြီးဘုရား
ငါးထပ်ကြီးဘုရား | |
---|---|
အချက်အလက်များ | |
တည်နေရာ | ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး |
ကိုဩဒိနိတ် | 16°48′30″N 96°09′45″E / 16.808389°N 96.162613°Eကိုဩဒိနိတ်: 16°48′30″N 96°09′45″E / 16.808389°N 96.162613°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | သမာဓိမြို့ဝန်မင်း ဦးဘိုးအောင်နှင့် ဇနီး ဒေါ်စိမ်းရင် |
ပြီးစီး | ၁၆၂၈ |
ငါးထပ်ကြီးဘုရား (Ngahtatgyi Buddha Temple) သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိသည်။ ခြောက်ထပ်ကြီးဘုရား၏ မျက်စောင်းထိုး ကားလမ်းတစ်ဖက်ခြမ်းတွင် တည်ရှိသည်။ ငါးထပ်ကြီးဘုရားမုဒ်ဦး၏ မျက်နှာချင်းဆိုင် ကားလမ်းတစ်ဖက်တွင် ဖောင်တော်ဦးဘုရားလမ်းမှ ၅ မိနစ်ခန့် လျှောက်လျှင် မဟာစည် ရွှေမင်းဝံ သာသနာ့ရိပ်သာကို ရောက်ရှိမည်ဖြစ်သည်။ ငါးထပ်ကြီးဘုရားသည် ရန်ကုန်မြို့တွင် ထင်ရှားသောဘုရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ရန်ကုန်မြို့၏ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်သည်။
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]သာလွန်မင်း ၏သားတော် ပင်းတလဲမင်း (Pindale Min) (မင်းရဲရန္တမိတ်) သည် စစ်ကိုင်း ငါးထပ်ကြီးဘုရားအား ခရစ်နှစ် ၁၆၅၇ ခုနှစ်တွင် စတင်တည်ထားသော မူလဘုရားဒကာဖြစ်သည်။ တင်ပျဉ်ခွေထိုင်နေသော ရုပ်ပွားတော်ဖြစ်သည်။ [၁] အဆိုပါ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားရုပ်ပွားတော်ကြီး၏ပုံတော်ကိုနမူနာပြု၍ ဘုရားဒါယကာကြီး ဦးဘိုးအောင်သည် ပန်းချီပန်းပုပညာရှင် ဆရာဉာဏ်ကို ခေါ်ဆောင်လျက် စစ်ကိုင်းမြို့သို့သွားရောက်ကာ ငါးထပ်ကြီးဘုရား၏ပုံတော်ကို ကြည့်ရှုလေ့လာပြီး ရန်ကုန်မြို့ရှိ ဆရာတော်ကြီး ဦးအာသဘ၏ အရှေ့တောရကြီးအတွင်း ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားကို မြန်မာသက္ကရာဇ် ၁၂၆၂ ခရစ်နှစ် ၁၉၀၁ ခုနှစ်မှစ၍ တည်ထားကိုးကွယ်ခဲ့သည်။ စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား၏ ရုပ်ပွားတော်ကြီး၏ပုံတော်ကို မှီငြမ်းပြုပြီး တည်ထားသည့်အတွက်ကြောင့် "ငါးထပ်ကြီးဘုရား" ဟုပင် ခေါ်ခဲ့ခြင်းဖြစ်သည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကလူကြီး သမာဓိမြို့ဝန်မင်း ဦးဘိုးအောင်သည် ကျောင်းဒကာကြီးဦးဖေကြီး၊ ကျောင်းအစ်မကြီး ဒေါ်အုန်းခိုင်တို့၏သားဖြစ်သည်။ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအား မဟာသကျအတုလမာရ်အောင်ဘွဲ့တော်ဖြင့် တည်ထားတော်မူရာတွင် ဆရာအရင်းဖြစ်သူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဟံသာဝတီဂိုဏ်းအုပ် ပထမမြောက်ငါးထပ်ကြီးဆရာတော် ဦးအာသဘကိုအမှူးထား၍ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဦးဘိုးအောင်နှင့် ဇနီး ဒေါ်စိမ်းရင်တို့မှ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ်၊ ခရစ်နှစ် ၁၉၀ဝ-၁၉၀၁ ခုနှစ်တွင် ငါးထပ်ကြီးဘုရားအား လှူဒါန်းတော်မူခဲ့သည်။ ထိုစဉ်အခါ အောက်မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းရှိ ငါးထပ်ကြီးဘုရားကြီးသည် အင်္ဂတေနှင့်ပြုလုပ်သောရုပ်ပွားတော်မြတ်ကြီးများတွင် အကြီးဆုံးရုပ်ပွားတော်ကြီးဖြစ်သည်။ ထိုစဉ်က မြန်မာပြည်တွင် စစ်ကိုင်းငါးထပ်ကြီးဘုရားမှလွဲ၍ အင်္ဂတေဖြင့်ပြုလုပ်သော ဆင်းတုဘုရားများတွင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားဆင်းတုတော်သည် အကြီးဆုံးဖြစ်လေသည်။ ဆရာတော်ဦးအာသဘသည် ၁၉၀ဝ ပြည့်နှစ်မှ ၁၉၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၂၀ တိုင်တိုင် ငါးထပ်ကြီးဘုရားကို စောင့်ရှောက်ထိန်းသိမ်းခဲ့သည်။ ဆရာတော်ဦးအာသဘပျံလွန်တော်မူပြီးနောက် ဆရာတော်ဦးအာသဘ၏မြေးတော်စပ်သူ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့မဟာနာယက ဒုတိယမြောက်ငါးထပ်ကြီးဆရာတော် ဦးဇဋိလ သည် ၁၉၂၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ငါးထပ်ကြီးမြတ်စွာဘုရားကြီးကို နှစ်ပေါင်း ၂၅ နှစ်တိုင်တိုင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ဆရာတော်ဦးဇာဂရ (ဆရာတော်ဦးဇဋိလ၏တူ) သည် ၁၉၄၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ကျောင်းတိုက်ရှိသံဃာတော်များနှင့်အတူ ကပ္ပိယဝန်ထမ်းများကို ဩဝါဒပေးကာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့သည်။ ဟောင်းနွမ်းနေသောတန်ဆောင်းတော်များအား ပြုပြင်မွမ်းမံခြင်း၊ ၂၃.၂.၁၉၆၇ ခုနှစ်တွင် မီးလောင်သွားသောတန်ဆောင်းတော်များကို ပုံစံသစ်ဖြင့် အသစ်တည်ဆောက်ခြင်း ဂန္ဓကုဋီတန်ဆောင်းတော်ကြီးအပေါ် သံစေတီတည်ထားကိုးကွယ်ခြင်း စသော လုပ်ငန်းအများအပြားကို ဆောင်ရွက်ခဲ့သည်။ [၂]
ငါးထပ်ကြီးဘုရားကြီး၏ အံ့ဩဖွယ်များ
[ပြင်ဆင်ရန်]ငါးထပ်ကြီးဘုရား တည်ရှိရာဖြစ်သော အရာမ်မြေ (တရားဝင်တည်ရှိသောသာသနာ့မြေ) သည် အံ့ဩဖွယ်အသွယ်သွယ်တို့ရှိကြလေသည်။
- မကောင်းကြံစည်သောပုဂ္ဂိုလ်များ ဒဏ်သင့်တတ်ခြင်း၊
- လူကိုသေစေတတ်သော အဆိပ်ပြင်းသော မြွေဆိုးများမနေနိုင်ခြင်း၊ မရှိခြင်း၊
- ပိန္နဲ၊ စောင်းလျား၊ ထန်းအသီးအနှံများ (၁၂) ရာသီ သီးပွင့်ခြင်း၊
- ဘုန်းသမ္ဘာရှိသူ အကြီးအကဲတို့ကိုသာလက်ခံ၍ ဘုန်းမဲ့သူများကို ဖယ်ရှား၍ ကြည်ရှည်စွာလက်မခံခြင်း၊
- ကျေးငှက်များ နေ့ရောညပါ မြူးတူးပျော်ရွှင်ခြင်း၊
- လောကီလောကုတ္တရာ ဆုတောင်းမှုပြည့်ခြင်း၊
- အဓိဋ္ဌာန်အကြံအစည်သစ္စာပြုခြင်းမျိုး အလွယ်တကူအောင်မြင်တတ်ခြင်း၊
- လောကီဂိုဏ်းဆရာတို့ အင်းအိုင်လက်ဖွဲ့ ဓာတ်ဆင်မန်းမှုတ်ပြုလုပ်ကြခြင်း၊
- ဥစ္စာစောင့်များ ပျော်မွေ့နေထိုင်ကြသည်ဟု လောကီဆရာတို့ ယုံကြည်ကြခြင်း၊
- ခေတ်အဆက်ဆက် ဘေးအန္တရာယ်လွတ်ကင်းခြင်း၊
- လျှိုမြောင် ဂနိုင်(တော) စိမ့်စမ်းတော သစ်ပင်ပန်းပင်တို့ဖြင့် စိတ်နှလုံးကို မွေ့လျော်ဖွယ် ကြည်နူးရွှင်ပျအေးချမ်းသာယာခြင်း၊ [၂]