ဖေငယ်၊ မောင်၊ တောင်သမန်လယ်စား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တောင်သမန်လယ်စား မောင်ဖေငယ် သည် ကုန်းဘောင်ခေတ် ဒုတိယပိုင်း စာဆိုတော် တစ်ဦးဖြစ်သည်။ တေးထပ် ဘိုးအေကြီးများ ဖြစ်ကြသော စလေဦးပုည အချုပ်တန်း ဆရာဖေတို့နှင့် တစ်ခေတ်တည်း ပေါ်ထွန်းသည်။ သို့သော်လည်း ထိုအချိန်က ထင်ပေါ် ကျော်ကြားမှု မရှိသေး၊ သီပေါမင်း နန်းတက်မှသာ ဘွဲ့မည်ပေး၍ သူကောင်းပြုခံရသည်။ သူရရှိခဲ့သော ဘွဲ့မည်များကား မင်းကျော်ရာဇနန္ဒ၊ ရွှေတိုက်စိုး၊ တောင်သမန်လယ်စား၊ ရေနံ့သာစား၊ စီးတော်မြင်းဝန်၊ လက်သုံးတော်ကြီးကိုင် ဟု ဖြစ်ပေသည်။ ၎င်းပြင် တိုင်တားမင်းကြီး၏ ရွှေနန်းလက်သုံးပုံ ပုရပိုက်မူတွင် မဟာမင်းလှမင်းထင်စည် ဘွဲ့ရရှိသေးကြောင်း တွေ့ရသည်။

မောင်ဖေငယ်သည် ရုပ်ရည်သန့်သူ ဖြစ်သည်။ သူ၏ မွေးသက္ကရာဇ်ကို ယနေ့အထိ ပညာရှင်များ မဖော်ထုတ်နိုင်သေးပေ။ သို့သော် မိဘမျိုးရိုးကို ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ဝတ္ထု၌ မူ ‘မောင်ဖေငယ်ကား ဘိုးတော်ဘုရား၏ သားတော်တစ်ပါး ဖြစ်တော်မူသော ရွှေကူမင်းသား၏ မြေးဖြစ်သည်။ နောင်တွင် သီပေါမင်း အထွတ်အမြတ် ရောက်မှ ကျော်ကြားသူ ဖြစ်၏။’ ဟု မှတ်ချက်နှင့် ဖော်ပြထားသည်ကို တွေ့ရသည်။ ဖွားသက္ကရာဇ်ကိုမူ ဗိုလ်မှူးဘသောင်း(မောင်သုတ)က စာဆိုတော်များ အတ္ထုပ္ပတ္တိစာမျက်နှာ(၄၄၇)တွင် မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်လောက်တွင် ဖွားမြင်ခဲ့၍ ၁၂၄၃ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့ဟန် ရှိသည်ဟု ခန့်မှန်းထားသည်။


သမိုင်း သုတေသီ စာရေးဆရာ မောင်သန်းဆွေ ( ထားဝယ် ) က ၁၉၉၈၊ ဒီဇင်ဘာလထုတ် ရနံ့သစ် မဂ္ဂင်း(အမှတ်- ၆၄)တွင် တောင်သမန် ရှင်းတမ်း ( ၂ ) ဆောင်းပါး၌ တောင်သမန်လယ်စား၏ ဆွေစဉ်မျိုးဆက် ဇယားကို ရှာဖွေဖော်ထုတ် တင်ပြထားသည်မှာ သမိုင်းတန်ဖိုး ရှိလှပေသည်။ အဆိုပါဆောင်းပါးအရ မောင်ဖေငယ်သည် ဗဒုံမင်း ( ဘိုးတော်ဘုရား )၏ မတ္တရာမြို့စား မိဖုရား မှ ဖွားမြင်သော ရွှေကူမင်းသား မင်းရဲကျော်စွာ နှင့် ဘိုးတော်ဘုရား၏ ကိုယ်လုပ်တော် အန္တသီရိတို့မှ ဖွားမြင်ခဲ့သော မန်ကျည်းတုံရွာစား သီရိမုတ္တာ မင်းသမီးတို့ လက်ဆက်၍ ထွန်းကားခဲ့သော သမီးတော် (အမည်မသိ) မှတဆင့် ဖွားမြင်ခဲ့သော သားတော် ဖြစ်သည်။ ထို့ကြောင့် မောင်ဖေငယ်သည် ဘိုးတော်ဘုရား နှင့် မြစ်တော်၍ ရွှေကူမင်းသား မင်းရဲကျော်စွာ နှင့် မြေးတော်စပ်ပေသည်။ မောင်ဖေငယ်၏ ဇနီးကား ရွှေဘိုမင်း၏ နန်းကျ မိဖုရားတစ်ပါး ဖြစ်သည့် သင်္ဂမော် မိဖုရား ဖြစ်သည်။ ငယ်မည်ကား တင်တင် ဟု ခေါ်ကြသည်။ ထို့ကြောင့် မောင်ဖေငယ် အသတ်ခံခါနီးတွင် ရေးစပ်ခဲ့သော တေးထပ်တွင် ::ချစ်ရသူ တင်တင်ငဲ့၊ ဘဝမြင့် သက်ညှာ၊

ဆင်မသင့်ခက်ပါလျှင်၊ သက်သာရာမရ ဟု ဖော်ပြထားသည်။ အဆိုပါ သင်္ဂမော် မိဖုရား နှင့် မောင်ဖေငယ် လက်ဆက်၍ သားတော် မောင်ယော ထွန်းကားခဲ့သည်။


မောင်ဖေငယ်သည် သင်္ဂမော် မိဖုရား အပြင် အခြား ဇနီး နှစ်ယောက် ရှိသေးသည်။ ထိုဇနီး နှစ်ဦးအနက် တစ်ဦးမှာ မြန်မာဖြစ်၍ ကျန်တစ်ဦးမှာ ချင်းအမျိုးသမီး ဖြစ်သည်။ မြန်မာဇနီး ( အမည်မသိ ) မှ သမီး တင်တင်ဦးကို ထွန်းကားသည်။ ညိုချောကလေးဟု သိမှီသူတိုင်းက ပြောကြသည်။ ချင်းအမျိုးသမီး ( အမည်မသိ ) မှ သား မောင်မောင်ဖြိုး ( လူပျိုကြီး ) ကို ထွန်းကားသည် ဟု မောင်သန်းဆွေ ( ထားဝယ် ) ကပင် ဖော်ထုတ် တင်ပြထားသည်။


စစ်ကိုင်း ဇေတဝန် ဆရာတော်၏ ကဗျာမှတ်စုတွင် မောင်ဖေငယ်၏ တေးထပ်တစ်ပုဒ် အဆုံး၌ မှတ်ချက်တစ်ခု ခပ်ရှည်ရှည် ရေးထား၏။ ထိုမှတ်ချက်တွင် မောင်ဖေငယ်သည် ရွှေမြို့တော်ကြီးတွင် အခန့်သားနေ၍ စိတ်ကူးယဉ် ကဗျာ တေးထပ်များကို ရေးစပ်နေသူ မဟုတ်။ အထက်အညာဒေသများသို့ သွားရောက်၍ နိုင်ငံတော်၏ သစ်မှု ကိစ္စရပ်များကိုလည်း ထမ်းဆောင်ရသေးကြောင်း ဖော်ပြထားသည်။ ထိုတေးထပ်နှင့် မှတ်ချက်ကား *ရွှေမျက်နှာ နှစ်စုံထပ်စဉ်က ငုံမတတ်နဲ့နှယ်၊ ပုံအပ်သူ နွဲ့တမယ်ကို၊ ကယ့်တကယ် ယုံမိ၊ မြေခွေးတော် ခါးတမာလို၊ ကျ အကြာဝါးမှ မောင်သိ၊ နှိပ်စက်ကြီး နှိပ်စက်လေတယ်၊ စိတ်ပျက်ဖွေ မရှိ၊ မိတ်ဖက်တွေ ကုဋေရှိရော့ထင့်၊ ဆွေမိတင့်ပုံ၊ ရင်ကလိုသူ မဟုတ်လေဘု၊ မူသရုပ်ဆန်း ထေ့ထေ့သုံ၊ မန္တလ ဇေယျ စံဆွေ နှစ်စုံကြုံရမှ၊ မှုံပပ နုပါး နှယ်သွယ်၊ သားလက်ဖြန့်ရွယ်၊ သားတို့လို ပိုက်တွယ် မိလျှင်၊ ရိုက်ကြည်စယ် စမ်းချင်လှသေး..။


အထက်ပါတေးထပ်ကို တောင်သမန်လယ်စား မောင်ဖေငယ်သည် သစ်မှုကိစ္စ အတွက် အညာရွှေကူသို့ ခေတ္တသွားရောက် အမှုထမ်းနေရာခိုက် မန္တလေးက ကြင်ရာတော် မင်းသမီးထံမှ မောင်တော်သောက်ရန် ဆေးလိပ်များကို မပြတ်တင်ပို့နေရာတွင် ဆေးလိပ်များကို မပို့လဲ ကာလကြာမြင့်၍ ဆေးလိပ်သောက်ရန် မရှိသဖြင့် ကြင်ရာတော်မင်းသမီးကို လွန်စွာ စိတ်မာန်တော်ရှသဖြင့် ကြင်ရာတော်သည် ရှေးကလို မဟုတ်တော့ဘဲ စိတ်သဘောထားပြောင်းလျက် သူမရှိသည့်နောက် အခြားမင်းသားတစ်ပါးနှင့် အရောတဝင်နေ၍သာ ယခုလို ဆေးလိပ်မတင်ဘဲ နေဟန်တူသည်ဟု အထင်တော်ရောက်သဖြင့် မန္တလေးရောက်မှ မင်းသမီးပါးကို ရိုက်ပစ်မည်ဟု ဒေါမာန်နှင့် ရေးသော်လည်း တစ်ဖက်သားမှာ လွန်စွာ ပါးရိုက်ခံချင်လာအောင် သီကုံးဖွဲ့နွဲ့ရေးသားထားခဲ့၏ ဟူ၍ ဖြစ်သည်။


မောင်ဖေငယ်ကား တေးထပ်များကြောင့်သာ ထင်ရှားသည် မဟုတ်သေး။

‘သင်းပျံ့အေးကြည်၊ အီစတန်ပတ်ပါလို့၊
ကတီယံထက်မှာလေ၊ စက်တော်ခေါ်၊
မပျော့်တပျော်၊ ပျော်နိုင်ပဲငယ်လေး၊ လှဲ့ရက်နဲ့နော်’ အစချီသော ဘောလည်ကြောင့်သော်လည်းကောင်း၊ တောင်သမန်လယ်စား မောင်ဖေငယ်ကို ယနေ့တိုင်အောင်ပင် စာဆိုတော် တစ်ဦး အဖြစ် မြန်မာစာပေကို လေ့လာလိုက်စားသူတိုင်းက အသိအမှတ် ပြုထားကြသည်။


သို့ရာတွင် ထိုခေတ် ထိုအခါက မင်းခယောက်ျား ကမ်းနားသစ်ပင် စစ်စစ်ဖြစ်ကြသည့် အတိုင်း သက္ကရာဇ် ၁၂၄၃ ခုနှစ်၊ တပေါင်းလအတွင်းတွင် ရနောင်မင်းသား ခေါ် လက်သုံးတော်ကိုင် မြောက်ထားဝယ်ဗိုလ် ရနောင်မြို့စား၊ ပင်းသာမင်းသား ခေါ် သူရဲ ဝန်ကျပင်းမြို့စား တို့ကို အပေါင်းအသင်းများကြောင့် မတရားသဖြင့် ပြုကျင့်ကြောင်း၊ မသင့်သောအကြံကို ကြံစည်ကြောင်းများနှင့် ရွှေသေတ္တာတွင် တင်လွှာအများပါရှိသောကြောင့် အမျက်တော် ရှိသဖြင့် ရနောင်မြို့စား၊ ညီကျပင်းမြို့စား တို့ကို ငယ်မည်နှင့် အရာမှ နုတ်၍ ထောင်အကျဉ်းတွင် ထား၏။ ၎င်းတို့နှင့် အကြောင်းသင့်သူ စီးတော်မြင်းဝန် တောင်သမန်စား ငဖေငယ်ကိုလည်း အရာမှ နုတ်၍ မိုးကောင်းမြို့သို့ အကျဉ်းပို့ရသည်။ နောင် စီးတော်မြင်းဝန် တောင်သမန်လယ်စား ငဖေငယ်ကိုပါ ဗန်းမော်မြို့တွင် ကွပ်လေ၏ ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး တတိယတွဲ၊ စာမျက်နှာ ၁၅၆၁ နှင့် ၁၅၆၂ တွင် ဖော်ပြထားသည်။ သူကိုကွပ်မျက်သော အခါကား ၁၂၄၃၊ တပေါင်းလအတွင်း ဖြစ်မည်ဟု အတိအကျ ဖော်ပြထားသည်။ အမျိုးသား ပညာဝန် ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ စာအုပ်ထဲတွင် ဤအမှုမှာ မင်းတရားနှင့် ဒိုင်းခင်ခင် တို့ကိစ္စက စသော အမှု ဖြစ်သည်။ ဤအမှုနှင့် ပတ်သက်သောသူတို့ အဆက်အနွယ်များမှာ ယခုတိုင် ရှိသေးသဖြင့် အစုံအလင် မရေး မဖော်ပြသေးပါ ဟု ဆိုထားသည်။ မောင်ဖေငယ်၏ ဇနီးသည် မောင်ဖေငယ် အပြစ်ဒဏ် ခံရပြီးကတည်းက မထင်မရှားနေခဲ့သည်။ ကျောင်းကန်ဘုရား အမြဲသွား၍ ဥပုသီတင်းဆောက်တည်ကာ တရားဘာဝနာများ ပွားများနေသည်ဟု သိရသည်။ သမီးလည်း ထိုနည်းလည်းကောင်း နေထိုင်ကာ ဂျပန်ခေတ်တွင် မန္တလေး မျက်ပါးရပ်၌ ကွယ်လွန်သွားကြလေသည်။ မောင်ဖေငယ် အပိုင်စားရစဉ်က တောင်သမန်ရွာ( ၁၂ )ရွာမျှ ရှိသည်။ လယ်မြေဧကပေါင်း မည်မျှဟု ရှာမတွေ့သေးပေ။ ယနေ့တောင်သမန် လယ်မြေဧကပေါင်းမှာ ( ၁၅၀၂ ) မျှ ရှိသည်။ သီပေါမင်းလက်ထက်ကလည်း ထို့ထက်နည်းမည် မဟုတ်ဟု ထင်သည်။ ယခု အချို့ရွာများသည် နာမည်မျှ ပင် မရှိတော့ချေ။ တောင်သမန်၏ အရှေ့ဘက် မယ်ဘရက် တံတားအနီးတွင် မြေခုံမြင့်မြင့်တစ်ခု တွေ့ရသည်။ လူကြီးသူမတို့ အပြောအရ မောင်ဖေငယ်သည် ဘုရားတည်ရန် အုတ်မြစ်ချခဲ့သည့်ကုန်းမြေဟု သိရသည်။ အပြစ်ရသဖြင့် ဘုရားမတည်သွားရ ဟု ငွေတာရီမဂ္ဂဇင်း တွင် ကိုပညာ အမရပူရ က မောင်ဖေငယ်၏ ဘွဲ့အမည်နှင့် တေးထပ်များ ဆောင်းပါး၌ ရေးသားဖော်ပြထားသည်။ [၁]


ယမုန္နာ သီတာသောင်ခြေဦးမှာလလေ-ချီ သီတာသောင်ခြေဖွဲ့ ပတ်ပျိုးရေးသူ တောင်သမန်လယ်စား ဦးဖေငယ်မှာ စလေဦးပုညအချုပ်တန်းဆရာဖေ တို့နှင့်ခေတ်ပြိုင်စာဆိုတစ်ဦးဖြစ်ခဲ့လေသည်။ မည်သည့်ခုနှစ် သက္ကရာဇ်တွင် ဖွားမြင်သည်မသိရ။ သက္ကရာဇ် ၁၂၄၀-ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆-ရက် အင်္ဂါနေ့တွင် ဘဝရှင်မင်းတုန်းမင်းတရားကြီး လူ့ပြည်ငြီး၍ နတ်ထီးစံတော်မူလေလျှင် သီပေါမင်းသည် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံစိုးစံတော်မူလေသည်။ ထိုအခါ မိမိအပါးတော်မြဲလက်သုံးတော် များကို သူကောင်းပြုတော်မူရာ မောင်ဖေငယ်လည်း သူကောင်းပြုခံရသဖြင့် ရွှေတိုက်စိုးရာထူး၊ စီးတော်မြင်းဝန်ရာထူးနှင့် တောင်သမန်လယ်ကို အပိုင်စား သနားတော်မြတ် ခံရသည်။ နောက် အမျက်တော်ရှိ၍ ရာထူးမှ နုတ်ပြီး မိုးကောင်းမြို့သို့ အကျဉ်းပို့ထားခံရရုံသာမက မကြာမီပင် ကွပ်မျက်ခြင်းကို ခံရလေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. တောင်သမန်လယ်စား မောင်ဖေငယ်။ 20 ၊ 2012 တွင် ပြန်စစ်ပြီး။January 2012 တွင် ပြန်စစ်ပြီး။
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)

--ကိုရွက်ဝါ 15:23, 22 အောက်တိုဘာ 2008 (UTC)

  • ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး ( တတိယတွဲ ) စာ - ၁၅၆၁၊ ၁၅၆၂၊
  • ဦးဖိုးကျား၊ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ၊ စာ - ၂၇၊ ၂၈။
  • မောင်သုတ၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ စာ ၄၄၇ - ၄၄၉။
  • မောင်သန်းဆွေ၊ ထားဝယ် တောင်သမန်ရှင်းတမ်း - ၂ ရနံ့သစ်မဂ္ဂဇင်း။ မှတ် ၆၄၊ ၁၉၉၈၊ ဒီဇင်ဘာ။