ရန္တပိုစာချုပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ရန္တပိုစာချုပ်သည် ခရစ်နှစ် ၁၈၁၅-ခုနှစ်၊ ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာနိုင်ငံတို့၏ကိုယ်စား လက်မှတ်ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့၏တောင်ဘက် မိုင် (၄ဝ)ခန့်ကွာ၍ မြင်းခြံမြို့အထက် (၆)မိုင်ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် ရန္တပိုစာချုပ်ဟုခေါ်တွင်သည်။ ထိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၄)ရက် (ခရစ် ၁၈၂၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်)နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှ သီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီဘော်ကံဘက်(ဆာအာခီဗေဒကင်းဗဲ)၊ အရေးပိုင်ရော်ဘစ်စံ(ရောဗတ်ဆန်)၊ တိုက်သမ္ဗာန်အုပ်ချုပ်သူ မင်းစပ်(ချတ်) တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ်ထားကြသည်။

စာချုပ်ပါ အချက်များမှာ -

  1. မြန်မာက ရခိုင်၊ တနင်္သာရီ၊ အာသံကို ဗြိတိသျှတို့ထံ ပေးရမည်။
  2. မဏိပူရ၊ ကချာနှင့် ဂျိန်းတိယ နယ်များသို့ မြန်မာတို့ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။
  3. စစ်လျော်ကြေးငွေ ၁ ကုဋေကို အရစ်ကျ ပေးဆပ်ရမည်။
  4. အင်းဝတွင် ဗြိတိသျှ ကိုယ်စားလှယ် ထားခွင့်ပြုကာ၊ ကလကတ္တားတွင် မြန်မာသံ နေခွင့်ပြုသည်။
  5. ကူးသန်း ရောင်းဝယ်ရေး အတွက် စာချုပ် သီးခြား ချုပ်ဆိုမည်။ စသည်တို့ ဖြစ်သည်။

နိုင်ငံတကာရေးရာ အဆင့်အတန်းနှင့် ယှဉ်သော် စာချုပ်ပါအချက်များသည် ပြင်းထန်လှသည်ဟု မဆိုသာပေ။ ဗြိတိသျှတို့သည် စစ်အတွင်း၌ လူပေါင်း ၁၅,၀၀၀ ဆုံးရှုံးခဲ့၍၊ စတာလင်ပေါင် (၁၃)သန်း သို့မဟုတ် ငွေသိန်းပေါင်း ၁,၃၀၀ သုံးစွဲခဲ့ရသည်။ မည်သို့ဖြစ်စေ မြန်မာတို့အဖို့ ထိုထက်ပို၍လည်း ပေးဆပ်နိုင်ခြင်း မရှိချေ။ ဤအခြေတွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်လည်း မဖြစ်နိုင်သေးပေ။

ရခိုင်နှင့် တနင်္သာရီဒေသကို ရခြင်းဖြင့် နောက်စစ်ပွဲများ ထပ်မံ ဖြစ်ပွားလျှင် မြန်မာနိုင်ငံတွင်းသို့ တဖက်တချက်မှ အလွယ်တကူ ဝင်ရောက်နိုင်သည်ဟု ဗြိတိသျှတို့က ယူဆသည်။ ထို့ပြင် ဒေသနှစ်ခုမှ မကြာမီ အကျိုးအမြတ်များစွာ ခံစားရလိမ့်မည် ဟုလည်း ဗြိတိသျှတို့က မျှော်လင့်ကြသည်။

မြန်မာမင်းဘက်မှ ကြည့်လျှင် ဆုံးရှုံး လက်လွှတ်ရသော နယ်မြေများအတွက် မထောင်းသာလှသည်ကို တွေ့ရသည်။ ရခိုင်နှင့် တနင်္သာရီတို့ကို ပိုင်ဆိုင်ထားရခြင်းမှာ မြန်မာမင်းအဖို့ ဝန်ထုတ်ဝန်ပိုးသဖွယ် ရှိနေ၍ ထိုဒေသနှစ်ခုကို ဗြိတိသျှ လက်တွင်းသို့ အပ်လိုက်ရသော အခါ မြန်မာမင်းသည် မြန်မာနိုင်ငံ ပြည်မတွင် ပိုမို အာရုံ စူးစိုက်နိုင်၍ အကျိုးခံစားဖွယ် ရှိသည်။[၁]

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ခရစ် ၁၈၁၉ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ဘိုးတော်မင်းတရားခေါ် ဗဒုံမင်း နတ်ပြည်စံလွန်တော်မူရာ မြေးတော် စစ်ကိုင်းမင်းက ဆက်ခံ စိုးစံခဲ့သည်။ နောင်တွင် ဘကြီးတော်မင်းတရားဟု အမည်တွင်သော မင်း စစ်ကိုင်းမင်း နန်းတက်သောအခါ ဗဒုံမင်း၏ ဆိုးမွှေ ကောင်းမွှေ အားလုံးကို ဆက်ခံခဲ့ရသည်။ ဗဒုံမင်းလက်က ယိုးဒယား(ထိုင်း) နှင့် စစ်အကြိမ်ကြိမ် ဆင်နွှဲခဲ့သဖြင့် မြန်မာပြည်သူပြည်သားတို့ စိတ်ရော ကိုယ်ပါ နွမ်းနယ်လျက်ရှိကာ စီးပွားရေးလည်း ကျဆင်းခဲ့သည်။ စစ်ကိုင်းမင်းအဖို့ ဤပြဿနာကိုသာမက ဗြိတိသျှ – မြန်မာ နယ်စပ် မပြေလည်မှုများကိုလည်း ရင်ဆိုင်ရသေးသည်။ စစ်ကိုင်းမင်းနန်းတက်ချိန်တွင် ဥရောပ၌ နပိုလီယန် စစ်ပွဲပြီးသည်မှာ ၄ နှစ်မျှ ရှိလေပြီ။ ဗြိတိသျှတို့မှာ အောင်နိုင်သူများ ဖြစ်ရကား ပိုမို၍ နယ်ချဲ့မာန်တက်လာကြသည်။ ဥရောပတိုက်၌ ပြိုင်ဘက်ရှင်းလျှက် အရှေ့တစ်လွှား၌ ပြိုင်ဘက်များကို ဖယ်ရှားကာ ရသမျှနယ်တို့ကို ကိုလိုနီအဖြစ် သိမ်းယူရန် စိုင်းပြင်းလျက် ရှိကြသည်။ ပြင်သစ်တို့မှာမူ ဥရောပနှင့် အိန္ဒိယတွင် စစ်ရေးအရ အင်္ဂလိပ်တို့ကို အလျှော့ပေးခဲ့ရသော်လည်း ကိုလိုနီရှာဖွေပွဲတွင် အပြိုင်ကြဲရန် အားခဲဆဲပင် ရှိသည်။ ဗြိတိသျှနယ်ချဲ့တို့သည် ဗဒုံမင်းလက်ထက်၌ ကပ္ပတိန်ဆိုင်းကို စေလွှတ်သည့် ၁၇၉၅ ခုနှစ်မှသည် စစ်ကိုင်းမင်း နန်းတက်သည့် ၁၈၁၉ ခုနှစ်ထိ နှစ်ပေါင်း ၂၄ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ နယ်ပေါင်းများစွာကို သိမ်းပိုက် ကျွန်ပြုခဲ့ကြသည်။ ၁၇၉၅ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက် ၁၇၉၉ ခုနှစ်တွင် မိုင်ဆိုး (Mysone) နယ်နှင့် မဒရပ်စ် (Madras) နယ်ကိုလည်းကောင်း ၊၁၈ဝ၁ ခုနှစ်တွင် ယူနိုက်တက် ပရော့ဗင်ဆက် (United Provinces) (ယခု အတ္တာပရာဒက်ချ်နယ်) ဟု ခေါ်သော နယ်မြေ၏ အထက်ဒေသများကို လည်းကောင်း၊ ၁၈ဝ၂ ခုနှစ်တွင် ဘုံဘေနယ်တွင်းမှ ဘာရိုဒါ (Baroda) ဒေသကိုလည်းကောင်း၊ ၁၈ဝ၃ ခုနှစ်တွင် ဩရိသ (Orissa) နယ်ကိုလည်းကောင်း၊ ၁၈၁၈ ခုနှစ်တွင် ပက်သျှဝါ (The Peshwa) နယ်နှင့် ရာဇပုတ္တန (Rajaputana) နယ်ကိုလည်းကောင်း ဗြိတိသျှတို့သည် သိမ်းပိုက်လိုက်ကြသည်။ ၁၇ ရာစုကတည်းက ခြေကုပ်ယူကာနယ်ချဲ့ခဲ့သော ဗြိတိသျှတို့မှာ ၁၉ ရာစုအစတွင် အိန္ဒိယနိုင်ငံ၏ သုံးပုံနှစ်ပုံကျော်မျှကို လက်ဝယ်ပိုက်ထားနိုင်သည့် အခြေသို့ ရောက်နေလေပြီ။ စစ်ကိုင်းမင်းအဖို့ ဤသို့လျှင် အခြေအနေရှိသော ဗြိတိသျှနှင့်ဆက်ဆံရန် အကြောင်းများ ပေါ်ပေါက်ခဲ့လေသည်။ ဗဒုံမင်းလက်ထက်မှပင် စတင်၍ ရခိုင် စစ်တကောင်း နယ်စပ်ပြဿနာနှင့် စပ်လျှဉ်း၍ ဗြိတိသျှ မြန်မာ ဆက်ဆံရေး တင်းမာလာခဲ့ရာ ဗဒုံမင်းလက်ထက် ၁၈၁၃ ခုနှစ်က မြန်မာတို့ နန်းတင်ပေးခဲ့သော မဏိပူရစော်ဘွား မာဂျစ်ဆင်း(Marijit Singh) သည် စစ်ကိုင်းမင်း၏ ရာဇဘိသိက်သွန်းပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ ယင်းသို့ ပျက်ကွက်သည်မှာ တော်လှန်ခြားနားခြင်း ဖြစ်သည်ဟု စစ်ကိုင်းမင်းက မှတ်ယူသည်။ ထို့ကြောင့် နန်းတက်သည့် ၁၈၁၉ ခုနှစ်တွင်ပင် မဏိပူရသို့ မြန်မာတပ်များကို စေလွှတ်သည်။ မာဂျစ်ဆင်းသည် မြန်မာတပ်များ၏ တိုက်ခိုက်မှုကို မခံမရပ်နိုင်ဘဲ ကချာ (Cachar) နယ်သို့ ထွက်ပြေးသွားသည်။ ကချာနယ်မှာ ဗြိတိသျှပိုင် ဆီလဟတ် (Sylhet) နယ်နှင့် ကျောခိုင်းနံစပ် ဖြစ်သည်။ ကချာနယ်တွင် မာဂျစ်ဆင်း၏ တပ်များက လုယက်သောင်းကျန်းကြသည်။ ထို့ကြောင့် ကချာစော်ဘွား ဂေါဝိန္ဒချန္ဒရာ (Govinda Chandra) သည် ဗြိတိသျှပိုင်နက်အတွင်းသို့ ပြေးဝင်ကာ ဗြိတိသျှတို့ထံမှ အကူအညီကို တောင်းခံလေသည်။ အိန္ဒိယဘုရင်ခံချုပ်သည် စစ်တကောင်းနယ်၏ နောက်ဖေးတံခါးပေါက်သဖွယ်ဖြစ်သော ကချာနယ်ကို သိမ်းပိုက်ရန် ရှေးမဆွကပင် စီစဉ်ပြီးဖြစ်သည်။ ကချာနယ်အတွင်း၌ အချင်းချင်း မညီမညွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူရန် မိမိမည်သို့ စီစဉ်ထားကြောင်း ၁၈၂၃ ခုနှစ် ဇွန်လခန့်ကပင် အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်သည်။ မြန်မာတို့ကလည်း ဤအချက်ကို ရိပ်စားမိသောကြောင့် ကချာနယ်ဘက်သို့ အာရုံစူးစိုက်လာပြီး ၁၈၂၃ ခု နိုဝင်ဘာလတွင် ဆီလဟတ်နယ်နှင့် အာသံနယ်စပ် တစ်လျှောက်၌ တပ်အင်အား အခိုင်အမာ ချထားလိုက်သည်။ ကချာနယ်ကို မတိုက်ခိုက်ရန် မြန်မာတပ်မှူးအား ဗြိတိသျှတို့က ချက်ချင်းပင် စကားဆိုလာသည်။ ကချာနယ်ကို ကာကွယ်စောင့်ရှောက်ပေးရေးနှင့် နေသားတကျ ရှိအောင် စီစဉ်ပေးရေးအတွက် ဝင်ရောက်စွတ်ဖက်ရန် အခွင့်အရေးမှာ ဗြိတိသျှအစိုးရ၌သာ ရှိသည်ဟု အကြောင်းပြလေသည်။ ဗြိတိသျှတို့သည် မြန်မာများလက်တွင်းသို့ ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ကြသည်။ ကချာနယ် ကျသွားလျှင် ဘင်္ဂလားနယ် အရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူ တိုက်ခိုက်နိုင်မည်ဟု ယူဆကြသည်။ ထို့ကြောင့် ကချာနယ်ကို မြန်မာတို့ထက် လက်ဦးအောင် သိမ်းပိုက်လိုက်ပြီး အစောင့်အရှောက်ခံ နယ်တစ်နယ်အဖြစ် ကြေညာလိုက်ကြသည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့ မြန်မာတပ်များ ဝင်ရောက်ကာ မာဂျစ်ဆင်း၏ တပ်များကို တိုက်ခိုက်သည်။ ကချာနယ်တွင် ထိုစဉ်က ဗြိတိသျှတပ်များ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှတပ်များနှင့် မြန်မာတပ်များ ရင်ဆိုင်တွေ့ကာ တိုက်ပွဲများ ဖြစ်ပွားသည်။ ၁၈၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိသျှတို့ဘက်မှ အထိနာ၍ ခံစစ်အဖြစ်သာ ရပ်ခံကြသည်။ ဤသို့ဖြင့် မဏိပူရအရေးအခင်းမှ ကချာအရေးသို့ ကူးပြောင်းသွားပြီး ဗြိတိသျှတို့နှင့် မသင့်မတင့် ဖြစ်ရသည့် အခြေသို့ ရောက်ရှိခဲ့ရပေသည်။ ထိုစဉ်အခါကပင် အိန္ဒိယနိုင်ငံအပါအဝင် အရှေ့အာရှတစ်ခွင်လုံး၌ မွှေနေသူမှာ အရှေ့အိန္ဒိယကုမ္ပဏီပင်ဖြစ်သည်။ အရှေ့အိန္ဒိယကုမ္ပဏီသည် အခွင့်သာလျှင် ဘနဖူး သိုက်တူးမည် ဆိုသော အရင်းရှင်တို့ ပူးပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။ အမြတ်အစွန်း ရမည်ဆိုပါက စစ်ဖြစ်ရန်လည်း မရွံ့၊ လူမျိုး သိက္ခာကျမည်ကိုလည်း မစိုးရိမ်ချေ။ ထို့ကြောင့် နပိုလီယန်စစ်ပွဲ အပြီးတွင် အင်အားပြန်လည်တောင့်တင်းလာပြီ ဖြစ်သောအခါ၌ ဗြိတိသျှတို့၏ ကမ္ဘာ့အရှေ့ခြမ်းဘက်ရှိ တပ်စွယ်ကြီးသဖွယ်ဖြစ်သော အရှေ့အိန္ဒိယကုမ္ပဏီသည် မြန်မာနိုင်ငံကို အမျိုးမျိုး အဖုံဖုံ ရန်စခဲ့လေ၏။ မြန်မာတို့က မည်သို့ပင်ပြေလည်အောင် ကြိုးစားဆောင်ကြဉ်းစေကာမူ ဗြိတိသျှနယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့ကလို အရှေ့အိန္ဒိယကုမ္ပဏီ၏ စေသည့်ကျွန်၊ ထွန်သည့်နွား ဖြစ်သော အိန္ဒိယအစိုးရနှင့် အိန္ဒိယဘုရင်ခံချုပ်တို့၏ အကြံပက်စက်မှုကြောင့် နောက်ဆုံးတွင် ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲမှာ ရှောင်လွှဲ၍ မရတော့ဘဲ ပေါက်ကွဲဖြစ်ပေါ် လာရပေတော့သည်။ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်အင်းဟတ် (Lord Amherst) က မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင် ကြေညာသည်။ ထို့နောက် အာသံ၊ မဏိပူရ၊ ပန်းဝါ ဒေသများ၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားသည်။ ဤတိုက်ပွဲများသည် ဗြိတိသျှတို့အား တပ်လန်အောင် ဦးဆောင်တိုက်သူများမှာ မဟာဗန္ဓုလနှင့်နှင့် မင်းကြီးမဟသီဟသူရ (မြဝတီမင်းကြီးဦးစ) တို့ ဖြစ်သည်။ မဟာဗန္ဓုလတပ်များက ပန်းဝါကို သိမ်းပိုက်လိုက်သောအခါ ကာလကတ္တား၌ ရုတ်ရုတ်သဲသဲ ထိတ်လန့်တုန်လှုပ် ရှိခဲ့ကြလေသည်။ မင်းကြီးမဟာသီဟသူရသည် ပန်းဝါတွင် အောင်ပွဲဆင်လိုက်ပြီးနောက် “စစ်တကောင်းမြို့သို့ ချီတက်သိမ်းယူဦးမည် ရှိသည်ကို မချီမတက် မသိမ်းမယူနှင့်၊ တပ်မက အကြိမ်ကြိမ် လာရောက်သောကြောင့် မချီမတက် ရင်ဆိုင်နေရသည်” ဟု ဆိုရာ မဟာဗန္ဓုလက “ ပန်းဝါအရပ်တွင် တပ်အပြီးအပိုင် တည်လုပ်ပြီးလျှင် မျိုးရိက္ခာသွင်း၍ မိုးတွင်းကာလကို ရပ်နေရမည်” ဆင့်ဆိုမှာထားသောကြောင့် ပန်းဝါ အနီးအပါး ဘလောင်ချိပ်၊ ဟရဆင်း၊ မဟာခိုကျွန်း ကျေးရွာများမှာ ရှိသည့် ဆန်စပါးများကို စုပုံ၍ တပ်ခိုင်တပ်လုံတည်ပြီးလျှင် အတွင်းဝန်မင်းကြီး မဟာသီဟသူရ၊ မင်းကြီးမဟာမင်းလှရာဇာ၊ ဓညဝတီမြို့ဝန် မဟာမင်းကြီး ကျော်စွာတို့ သုံးတပ် ရပ်နေရ၏။

ပန်းဝါ၌ ဗြိတိသျှတို့ အရေးနိမ့်မှုကြောင့် စစ်တကောင်း၌ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်လျက် ရှိသည်။ ဒက္ကာနှင့် ကာလကတ္တား၌ပင်လျှင် စိုးရိမ်ထိတ်လန့်လျက် ရှိကြသည်။ စစ်တကောင်းမြို့ အရေးပိုင်သည် မြန်မာတို့ချီတက် တိုက်ခိုက်လာမည်ကို ခုခံကာကွယ်ရန် စစ်အင်အားဖြည့်တင်းခြင်း၊ စစ်သား စုဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။ အကယ်၍သာ ကာလကတ္တားသို့ မြန်မာတပ်များ ချီတက်လာမည် ဆိုပါက ချီတက်ရောက်ရှိနိုင်သည်ဟု အများက ယူဆခဲ့ကြသည်။ သို့သော် ပန်းဝါတွင် အနိုင်ရပြီးနောက် မဟာဗန္ဓုလက ဆက်လက်၍ အပြီးတိုင် အောင်ပွဲဆင်ခြင်း မပြုဘဲနေသည်ကို ဗြိတိသျှတို့ မတွေးတတ် ဖြစ်ခဲ့ကြ၏။ မြန်မာတပ်များသာ စစ်တကောင်းသို့ ချီတက်မည် ဆိုပါလျှင် စစ်တကောင်း အရေးပိုင်၏ ဖြစ်သလို အမြန်အဆန် စုဆောင်းဖွဲ့စည်းထားသော တပ်များသည် စစ်တကောင်းမြို့ မကျအောင် ခုခံကာကွယ်နိုင်ဖွယ် မရှိချေ။ စစ်တကောင်းအနီးသို့ မြန်မာတပ်များ ရောက်လာပြီဆိုသည်နှင့် အရှေ့ပိုင်း ဘင်္ဂလားနယ် တစ်နယ်လုံး အုပ်မနိုင်ထိန်းမရ အထိတ်တလန့်ဖြစ်ကာ ဗြိတိသျှအစိုးရ၏ အစီအစဉ်များမှာ ပျက်ပြားသွားခဲ့ပေလိမ့်မည်။ အကယ်၍ မဟာဗန္ဓုလသာ မြန်မြန်ထက်ထက် ချီတက် တိုက်ခိုက်ခဲ့ပါမူ စစ်ပွဲအနေအထားမှာ ပြောင်းလဲသွားဖွယ် ရှိချေသည်။ မင်းကြီးမဟာသီဟသူရ၏ အစီအစဉ်အတိုင်း စစ်တကောင်းသို့ ချီတက်တိုက်ခိုက်ဖြစ်ခဲ့ပါလျှင် အင်္ဂလိပ် – မြန်မာ စစ်ပွဲ၏ ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ကြောင်း ထိုစဉ်က ကိုယ်တိုင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များသာမက ခေတ်သစ် သမိုင်းပညာရှင်တို့ကပါ ယုံကြည်ကြပေသည်။ ဗြိတိသျှတို့သည် မူလ စစ်ရေး အစီအစဉ်အတိုင်း ရခိုင် ၊မဏိပူရဒေသတို့၌ စစ်တစ်မျက်နှာ ဖွင့်တိုက်နေစဉ် စစ်သည်ပေါင်း ၁၁၅ဝဝ ဖြင့် ဆာအာချီဘောကင်းဘဲလ်ကို ရန်ကုန်သို့ ရေကြောင်းဖြင့် ချီတက်စေသည်။ ဤရေကြောင်းချီတပ်များက မာန်အောင်ကျွန်း၊ မော်တင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကို သိမ်းပိုက်လိုက်ကြသည်။ ပန်းဝါသို့ မင်းကြီးမဟာသီဟသူရ ချီတက်တိုက်ခိုက်ရခြင်းမပြုမှီ မဟာဗန္ဓုလသည် “စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင်သော်လည်း ကုလားတို့ ငြိမ်ဝပ်မည် မဟုတ်၊ ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါး နှောင့်ယှက်ရန် ရှိပါသည်။ ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့် ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ သင့်ပါမည့်အကြောင်း” ကြိုတင်၍ စစ်ကိုင်းမင်းထံ လျှောက်ထားလိုက်လေသည်။ ထိုလျှောက်ထားချက်အတိုင်း စစ်ကိုင်းမင်းက ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်နှင့် ဝန်ကြီး သတိုးမဟာသေနာပတိ တို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းစေသည်။ ၁၈၂၄ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့ ရောက်လာသောအခါ မြန်မာတို့ဘက်မှ မြို့စောင့်တပ်မျှသာ ရှိ၍ မြို့တွင်းမှ ဆုတ်ပေးခဲ့ရသည်။ ထို့နောက် မြန်မာတပ်များသည် ကြည်မြင့်တိုင်တွင် ခံတပ် အခိုင်အခံ့ဆောက်လုပ်ကာ စစ်ပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က စစ်မျက်နှာ၌ အရေးမလှဖြစ်နေ၍ မဟာဗန္ဓုလသည် အုပ်စီးမပျက် တပ်များကို ကွပ်ကဲ၍ ရုတ်ခြည်း ရောက်ရှိလာသောအခါ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။ မြန်မာတပ်တို့၏ စစ်ချီ၊ စစ်တက်၊ တိုက်ခိုက်လှုပ်ရှားမှုများမှာလည်း အဆင့်အတန်း မနိမ့်ချေ။ တပ်ဗိုလ် တပ်သားများ၏ သူရသတ္တိမှာလည်း ရန်သူများပင် အံ့ဩရလောက်အောင် ထူးခြားလှသည်။ သို့ရာတွင် ဗြိတိသျှတို့၏ လက်နက်နှင့် မြန်မာတပ်များ ကိုင်ဆောင်သော လက်နက်ချင်းကား မယှဉ်သာအောင် ကွာခြားသောကြောင့် မဟာဗန္ဓုလသည် ရပ်တန့်မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့ ဆုတ်ပေးခဲ့ရလေသည်။ ထို့နောက် ဓနုဖြူခံတပ်တွင် စစ်သည်များကို ကွပ်ကဲနေသော နယ်ချဲ့အင်္ဂလိပ် ပစ်ခတ်ခဲ့သော ဗုံးဆန်ထိမှန်၍ ၁၈၂၅ ခု ဧပြီလ ၁ ရက်နေ့တွင် ကျဆုံးသွားခဲ့ရလေသည်။ မဟာဗန္ဓုလသည် ဘိုးတော်မင်းတရား လက်ထက်ကပင် အိမ်ရှေ့မင်းအိမ်တော်၌ အမှုထမ်းရွက်ခဲ့သူ ဖြစ်သည်။ အိမ်ရှေ့ ကိုယ်ရံတော်၊ ဗြဲတိုက်သံတော်ဆင့် စသော ရာထူးများဖြင့် အမှုထမ်းခဲ့ပြီးနောက် ၁၈၁၃ ခုနှစ် ဇွန်လတွင် နေမျိုးသူရရဲခေါင်ဘွဲ့ခံ ဒီပဲယင်းမြို့ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် ဒီပဲယင်းမြို့ဝန် ဘဝ၌ပင် မဏိပူရတိုက်ပွဲ၊ အာသံတိုက်ပွဲများ၌ ပါဝင်စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၁၈၁၉ ခုနှစ် စစ်ကိုင်းမင်း နန်းတက်လာသောအခါ အလုံမြို့ဝန်အဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ ထိုစဉ်အတွင်း မင်းကြီးမဟာဗန္ဓုလဘွ့ဲ ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲ မတိုင်မှီ၌ပင် အလုံမြို့ဝန် မင်းကြီးမဟာဗန္ဓုလကို ဝန်ကြီးရာထူး တိုးမြှင့်ခန့်အပ်လိုက်သည်။ သတိုးသုဓမ္မမဟာဗန္ဓုလသည် ဝန်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး နှစ်နှစ်အကြာ၌ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ မဟာဗန္ဓုလ ကျဆုံးပြီ ဆိုသည့်နောက် မြန်မာတပ်များသည် ဓနုဖြူမြို့ကို လက်လွှတ်လိုက်ရ၍ အထက်ပိုင်းသို့ ဆုတ်ခွာပေးခဲ့ကြရလေသည်။ မင်းကြီး သတိုးသုဓမ္မမဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက် ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ကြည်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ ဆက်လက် ချီတက်ကြသည်။ မြန်မာတပ်များသည် ပြည်မြို့အနီးတစ်ဝိုက်မှ ဆီးဆို့ခုခံကြသည်။ ပြည်မြို့တစ်ဝိုက် ဖြစ်ပွားသော တိုက်ပွဲများကို ဦးဆောင်သည့် မြန်မာတပ်မတော် တပ်မှူး တပ်ဗိုလ်များတွင် ရှမ်းအမျိုးသမီး သုံးဦး ပါဝင်သည်။ ဤတိုက်ပွဲများ၌ ရှမ်းစော်ဘွား မြို့စားတို့၏ တပ်များသည်လည်း မြန်မာတပ်များနှင့်အတူ လက်တွဲ၍ ဗြိတိသျှတို့အား ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြရာ ဗိုလ်ချုပ် မဟာနေမျိုးနှင့်အတူ မောက်မယ်စော်ဘွား ကျဆုံးခဲ့ရလေသည်။ ဤသည်မှာ တိုင်းရင်းသားအချင်းချင်း အရေးကြီးက သွေးနီးခဲ့သည့် သာဓက တစ်ရပ်ပင် ဖြစ်သည်။ သို့သော် ဗြိတိသျှတို့က စစ်နှစ်ဖက်ညှပ်ကာ ခဲယမ်းမီးကျောက်တို့ကို သုံး၍ တိုက်ခိုက်မှုကြောင့် ပြည်မြို့မှ မြန်မာတပ်များ ဆုတ်ခွာ၍ ဝက်ထီးကန်အရပ်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်သို့ ချီတက် တိုက်ခိုက်သော ကာနယ်မက်ဒူးဝေါ (Col.Mc Dowall) ၏ ဗြိတိသျှတပ်များသည် အထိနာလှ၏။ ဤတိုက်ပွဲ၌ ဗိုလ်မှူးကြီး မက်ဒူးဝေါ အပါအဝင် အင်္ဂလိပ်အရာရှိ ငါးယောက်နှင့်တကွ အင်္ဂလိပ်စစ်သား အမြောက်အမြား၊ ကုလားစစ်ဗာရီ အမြောက်အမြား ကျဆုံးလေသည်။ ဗြိတိသျှတို့ မခံမရပ်နိုင်တော့ဘဲ ပြည်မြို့သို့ ပြန်လည်ဆုတ်ခွာကြရသည်။ သို့သော် များမကြာမီကပင် အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ ဗြိတိသျှတို့က တိုက်ခိုက်သောအခါ မြန်မာတပ်များ ဆုတ်ရလေ၏။ ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့တပ်မတော်သည် မြေထဲ မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆမိတ်ခုံ အစရှိသည့် မြို့ရွာများမှ ခုခံတိုက်ခိုက်နိုင်သမျှ တိုက်ခိုက်ရင်း အခြေအနေအရ အဆင့်ဆင့် ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ်များသည် ရန္တပိုရွာ အထိ ချီတက်နိုင်ခဲ့ကြလေသည်။ ထိုအခါ မြန်မာ့လွှတ်တော်သည် အခြေအနေအမှန်ကို သိလာသည့်အလျောက် စစ်ပြေငြိမ်းစကားဆိုရန် စစ်ကိုင်းမင်းအား တိုက်တွန်းလေတော့သည်။ ထို့ကြောင့် ယုဒသန် (Dr.Adoniram Judson) နှင့် ဒေါက်တာ ပရိုက် (Dr.Price) တို့ကို ဗြိတိသျှတပ်များ ရှိရာသို့ စေလွှတ်၍ စစ်ပြေငြိမ်းရေး အစီအစဉ်ကို ဆွေးနွေးစေသည်။ ဤသို့ဖြင့် မြန်မာအစိုးရက အာဏာကုန် လွဲအပ် အပ်နှင်းထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ဗန့်ကျီဝန် အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူရတို့သည် ဆာအာချီ ဘောကင်းဘဲလ် အပါအဝင် အခြားအင်္ဂလိပ်အရာရှိတို့နှင့် ရန ္တပိုရွာတွင် တွေ့ဆုံကာ နောင်တွင် ရန ္တပိုစာချုပ် ဟု ထင်ရှားသည့် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ဤစာအုပ်ဖြင့် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲသည် ၁၈၂၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့လေသည်။ ရန္တပိုစာချုပ်၏ ပုရပိုက်ပါ မူရင်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် - (၁) ရန္တပိုရွာမှာ ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ သက္ကရာဇ် ၁၁၈၇ ခု တပေါင်း လပြည့်ကျော် ၃ ရက်နေ့၊ ဘိလပ်အရေးပိုင် ဗိုလ်ချုပ်မင်းတို့နှင့် မြန်မာအရေးပိုင် ၊ လယ်ကိုင်းမြို့စား ဝန်ကြီးမင်း၊ ရွှေခွန်ဝန်၊ အတွင်းဝန်မင်းကြီးတို့သည် အချင်းချင်း စိတ်သဘောတူ၍ ပြောဆိုကြသည့် စကား။ ပြည်ကြီး နှစ်ပြည်၊ တိုင်းကြီး နှစ်တိုင်း၊ ခိုက်ရန် မဖြစ်မပွားကြအောင်၊ မကောင်းကြံ လူဆိုးများ၊ အချင်းချင်း မသင့်မတင့် ရန်မဖြစ်ရအောင်၊ ပြည်ကြီးနှစ်ပြည်၊ တိုင်းကြီးနှစ်တိုင်း၊ မကောင်းသောအကျိုး မရောက်မရှိရအောင်၊ ပြည်မြို့မှာ အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ မထွက်မသွားမှီ၊ ပြည်မြို့ပတ်လည် ခရီး သုံးသောင်းကွာအတွင်း မြန်မာတပ် မချီမတက်စေရ ဆင့်ဆို သိမ်းဆည်းပါ ဆိုသည့်အတိုင်း သိမ်းဆည်းပါမည်။ ၎င်းရန်ကုန်မြို့မှာ အင်္ဂလိပ် ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ အင်္ဂလိပ်မြို့သို့ မစုန်မသွားမှီ ရန်ကုန်မြို့ပတ်လည် ခရီးလေးသောင်းကွာ၊ မြန်မာတပ် မချီမတက်စေရ။ ဆင့်ဆိုသိမ်းဆည်းပါ ဆိုသည့်အတိုင်း သိမ်းဆည်း ပါမည်။ ၎င်းဧရာဝတီမြစ်တွင်း အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့က လှေတက် သမ္ဗာန်နောက်ကျန်၍နေလျှင် မသိမ်းမယူ မတားမဆည်းပါနှင့်။ သူခိုး လူဆိုးတို့ကိုလည်း မတိုက်မယူစေရ ဆင့်ဆိုမစပြီးလျှင် ရန်ကုန်မြို့ဖြစ်စေ ၊ ပင်လယ်ရောက်ဖြစ်စေ၊ ဘုန်းတော်ကို ခိုလှုံ၍ ကောင်းကောင်းလာရောက်ပါစေ ဆိုသည့်အတိုင်း မြန်မာအရေးပိုင် လယ်ကိုင်းမြို့စားကြီး ရွှေခွန်ဝန် အတွင်းဝန်မင်းကြီးတို့က အသာအယာ လာရောက်စေမည်။ ၁။ လယ်ကိုင်းမြို့စားဝန်ကြီး။ ၂။ ရွှေခွန်ဝန် အတွင်းဝန်။

အိန္ဒိယတိုင်းကို အစိုးရသော အင်္ဂလိပ်ကုမ္ပဏီ (East India Company) ဘုရင်က ခန့်ထားသော အရေးပိုင် ဗိုလ်မှူးမင်းကြီး မှူးမတ်ကြီး အာစီသောကပ်ဘက် (Archibald Campbell)၊ အရေးပိုင်မင်း ရောအစ်စံ (Robertson)၊ ဧရာဝတီမြစ်တွင်းရှိသော အင်္ဂလိပ်တိုက်၊ သမ္ဗန်များကို အုပ်စိုးသော မင်းဆက် (Capt.Richart Birch) တို့နှင့် မြန်မာရှင်ဘုရင်ခန့်ထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ရွှေခွန် (ဗန့်ကျီ)ဝန် မင်းကြီးမဟာမင်းလှသီဟသူတို့က သက္ကရာဇ် ၁၁၈၇ ခု တပေါင်းလပြည့်ကျော် ၄ ရက်နေ့ (ခရစ် ၁၈၂၆ ခု ဖေဖော်ဝါရီလ ၂၄ ရက်)၊ (ရန္တပို)မှာတွေ့၍ ကုမ္ပဏီမင်း၊ မြန်မာဘုရင်အချင်းချင်း စစ်ငြိမ်း၍ မိတ်သဟာယဘွဲ့သော စာချုပ်စကား။[၂]

စာချုပ်[ပြင်ဆင်ရန်]

  • (၁) အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ်ငြိမ်း၍ မိတ်သဟာယ အစဉ်အဆက် ဖြစ်စေ။
  • (၂) မြန်မာရှင်ဘုရင်က အာသံပြည်မြို့ရွာ၊ အက္ကပတ်ပြည် (ကချာ)၊ ဝေသာလီပြည် (ဂျိန်တိယ) တို့ကို အစိုးရ မပိုင်၊ နောက်တစ်ဖန် မစီရင်ရ။ မဏိပူရမြို့မှာလည်း ဂမ္ဘီရရှိန်တို့သည်

မိမိပြည်သို့ ပြန်၍ မင်းပြုလိုလျှင်၊ မြန်မာဘုရင်က အဆီးအတား အနှောင့်အရှက်မပြု နေရမည်။

  • (၃) နောက် ပြည်ကြီးနှစ်ပြည် အပိုင်းအခြားကို မငြင်းခုံရအောင် အင်္ဂလိပ်တို့ကအောင်ခဲ့သော ရခိုင် ရမ်းဗြဲ မန်အောင် သံတွဲတို့ကို အစဉ်ယူ၍၊ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ၊ ရိုးမ၊

ဘိုးခေါင်တောင်တန်း၊ မော်တင်စွန်းစေတီကြီးထိ စပ်ကြားအပိုင်း အခြားဖြစ်စေ။ နောက်အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင်၊ အင်္ဂလိပ်မင်း မြန်မာမင်းတို့က ခန့်ထားသောသူတို့သည် အထက်နယ်နိမိတ်အတိုင်း မှန်ကန်အောင် စီရင်စေ။ ခန့်ထားသော သူတို့လည်း အရာရှိ မှူးမတ်သူကောင်း ဖြစ်စေရမည်။

  • (၄) မြန်မာရှင်ဘုရင်သည် အင်္ဂလိပ်မင်းကို ရေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီမြို့ရွာ နယ်နိမိတ် တောင်ကမ်း ကျွန်းများနှင့်တကွ အပိုင်ပေးသည်။ သံလွင်မြစ်အပိုင်းအခြား ဖြစ်စေရ

မည်။ နောက်မှ အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင် အထက်က ပြဆိုခဲ့ပြီးသည့်အတိုင်း စီရင်စေ။

  • (၅) မြန်မာရှင်ဘုရင်သည် ပြည်ကြီးနှစ်ပြည် အစဉ်မိတ်ဖွဲ့ စေချင်သော စေတနာထင်ရှားစေခြင်းငှာ၊ ၎င်း အင်္ဂလိပ်က စစ်တိုက်၍ ကုန်ကျသော စရိတ်အနက်၊ အနည်းငယ် ပြေကြေ

အောင် ကျပ်သုံး ဒင်္ဂါးပြားရေ တစ်ကုဋေပေးရမည်။

  • (၆) ယခုစစ်တိုက်ကြသည်အတွင်း ကုလားဘက် ဝင်သော မြန်မာ၊ မြန်မာဘက်ဝင်သောကုလားတို့ကို အလိုလို ဝင်သည်ဖြစ်စေ၊ အနိုင်အထက်ပြု၍ ဝင်သည်ဖြစ်စေ ဝင်ရောက်မှု

အတွက် ရာဇဝတ်ပြစ်ဒဏ် အနှောင့်အယှက် မရှိစေရ။

  • (၇) ပြည်ကြီးနှစ်ပြည် ယခုဖွဲ့သော မိတ်သဟာယ မြဲစေခြင်းငှာ၊ အင်္ဂလိပ်အရာရှိတစ်ယောက်၊ အခြွေ အရံ ၅ဝ လက်နက်ကိရိယာအစုံနှင့် မြန်မာမြို့တော်မှာ ဖြစ်စေ၊ မြန်မာ

အရာရှိတစ်ယောက်၊ အခြွေအရံ လူ ၅ဝ လက်နက်အစုံနှင့် ကုမ္မဏီဘုရင်မြို့တော်မှာဖြစ်စေ၊ ကုလားပြည်ရှိ မြန်မာမင်း၊ မြန်မာပြည်ရှိ ကုလားမင်းတို့သည် မိမိတို့နေရန် အိမ်ကို ဝယ် လိုလျှင် ဝယ်၍နေစေ။ အသစ်တည်လိုကလည်း တည်လုပ်စေ။ ၎င်းနိုင်ငံနှစ်ပါး အကျိုးစီးပွားကို ဖြစ်ထွန်းစေခြင်းငှာ၊ ရွှေလမ်းငွေလမ်းဖွင့်၍ အချင်းချင်း ဖောက်ကားရောင်းဝယ်မှုနှင့် ဆိုင် သော စာချုပ်ကို ထပ်၍ လုပ်စေရမည်။

  • (၈) စစ်မရှိ မတိုက်မီ၊ ကြွေးဟောင်းရှိသမျှ မင်းအရာရှိ ဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသားဆိုင်သည်ဖြစ်စေ သစ္စာရှိသည့်အတိုင်း ကုန်အောင် ဆပ်ပေးစေရမည်။ ကြွေးတင်ပြီးမှ ဖြစ်

သည်ဆို၍ မကပ်မခိုစေရ။ သူ့ဥစ္စာကို အသိမ်းအယူ မရှိစေရ။ အင်္ဂလိပ်ရှင်ဘုရင်ကျွန်တို့သည် မြန်မာနိုင်ငံတွင် သေ၍ အမွေခံမရှိလျှင်၊ ကျန်ရစ်သော ဥစ္စာပစ္စည်းများကို မြန်မာနိုင်ငံတွင်းရှိ အင်္ဂလိပ်အရေးပိုင်လက်သို့ ကုလားဖြူထုံးစံအတိုင်း အပ်ရမည်။ မြန်မာကိုလည်း ထိုနည်းအတူ ဖြစ်စေရမည်။

  • (၉) အင်္ဂလိပ် သင်္ဘောများကို မြန်မာမြို့ဆိပ်သို့ ဝင်ရောက်လျှင်၊ တက်မချွတ် အမြောက်မချဘဲ နေသကဲ့သို့ အင်္ဂလိပ်မြို့ဆိပ်သို့ ဝင်ရောက်လာသော မြန်မာသင်္ဘောများသည်လည်း အနှောင့်အယှက်မရှိဘဲ နေစေရမည်။
  • (၁ဝ) အင်္ဂလိပ်မင်းနှင့် မိတ်သာဟာယဖွဲ့သော ယိုးဒယားဘုရင်သည် အင်္ဂလိပ်ဘက်သို့ စစ်ကူဝင်လာ သည်မှာ ယခုပြု လုပ်ကြသော မိတ်သဟာယစာချုပ်အပါအဝင် ဖြစ်ရမည်။
  • (၁၁) ယခုပြုလုပ်သော မိတ်သဟာယ စာချုပ်ကို မြန်မာဘုရင် ခန့်ထားတော်မူသည့် အရေးပိုင်သံတမန်တို့က လက်မှတ်တံဆိပ် ခတ်မှတ်ရမည်။ အချုပ်နှင့်ထားသော အင်္ဂလိပ်လူမျိုး

များနှင့် အင်္ဂလိပ်တိုင်းသားကုလားလူမျိုး ရှိသမျှတို့ကို အင်္ဂလိပ် အရေးပိုင် သံတော်လက်သို့ အပ်ရမည်။ ၎င်းအတိုင်း အိန္ဒိယကုမ္ပဏီအစိုးရက ခံဝန်ပြု၍ လက်မှတ်တံဆိပ်ခတ်သော စာချုပ်ကို လေးလအတွင်း မြန်မာဘုရင်လက်တော်သို့ပြန်၍ ပေးလိုက်ရမည်အပြင်၊ အင်္ဂလိပ်မင်းချုပ်ထားသည့် မြန်မာတို့ကိုလည်း မြန်မာမင်းထံသို့ အပ်ပေးရမည်။ ၎င်းစာချုပ်အတိုင်း မြန်မာမှူးမတ်များနှင့် အင်္ဂလိပ်တို့ ရေးကူးကြသည်။

စစ်ပြေငြိမ်းရန် ပြောဆိုရာ၌ မြန်မာတို့ဘက်က ဆရာ ယုဒသန် (ဒေါက်တာဂျပ်ဆင်)နှင့် ဆရာပရိုက်တို့ စကားပြန် အဖြစ်ဖြင့် ပါလာသည်၊ စာချုပ်ကို လက်မှတ်ထိုးပြီးသောအခါ အင်္ဂလိပ်တပ်များ ရန်ကုန်သို့ ပြန်ကြသည်။ ဒုတိယအရစ် ပေးပြီးသောအခါ အင်္ဂလိပ်တို့ ရန်ကုန်က ထွက်ခွာသွားကြ လေသည်။[၃]

နောက်ထပ်၍ ချုပ်သော စကားအကျယ်[ပြင်ဆင်ရန်]

အင်္ဂလိပ် အရေးပိုင် သံတမန်တို့က စစ်ပြေငြိမ်းစေချင်သော စေတနာ အလို ထင်ရှားစေရအောင် ၎င်းအထက်၊ ပဉ္စမစာချုပ် လာသည့်အတိုင်း၊ မြန်မာရှင်ဘုရင် ဒင်္ဂါးပြားရေ တကုဋေကို ပေးရမည်ဆိုသော် အလွယ်တကူ ပေးရအောင် ၊ ၎င်းဒင်္ဂါး တကုဋေတည်းဟူသော မြန်မာအချိန် ငွေကောင်း ၇၅ဝဝဝ အနက်တွင် ၄ ပုံ တပုံ တည်းဟူသော ၁၈၇၅ဝ ကို ပေးပြီးမှ အင်္ဂလိပ်ဘက်က ရန်ကုန်မြို့တိုင် ဆုတ်သွားလိမ့်မည်။ ယခုနေ့မှစ၍ ရက်ပေါင်း ၁ဝဝ အတွင်း ၁၈၇၅ဝ ကို ထပ်၍ပေးလျှင် အင်္ဂလိပ်ဘက်၊ မြန်မာနိုင်ငံထဲမှ အလျင်အမြန် ထွက်သွားလိမ့်မည်။ ကျန်ငွေ ၂ ပုံမှာ ယခုနေ့မှစ၍ တစ်နှစ်အတွင်း တပုံ၊ ၎င်းနှစ်အတွင်း တပုံကို မြန်မာနိုင်ငံအတွင်း နေရသော အင်္ဂလိပ်မင်း အရာရှိတွင် ပေးရမည်။

လယ်ကိုင်းမြို့စားဝန်ကြီး ။ ၁ ။

ရွှေခွန်ဝန် အတွင်းဝန် ။ ၁ ။

(မူရင်းပုရပိုက်ပါ စာလုံးပေါင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် ရေးသားသော 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း'
  2. ဆရာမောင်ခင်ညွန့်၊ရန္တပိုစာချုပ်၊ကျိုက်လတ်မြို့ခါတော်မှီပိဋကတ်တိုက်၊ပကြိမ် ၁၉၂၃။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)