ကျော်လှ၊ ဦး(မောင်းထောင်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အရွယ်မှာ အစွယ်ကျိုးပြီမို့ - ချီ ရွာတံခါးစောင့်ဖွဲ့ သံချိုရေးသူ ဆရာကြီး ဦးကျော်လှမှာ မုံရွာခရိုင်ဘုတလင်မြို့နယ်မောင်းထောင်ရွာတွင် သက္ကရာဇ် ၁၂၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၅-ရက်၊ ဗုဒ္ဓဟူးနေ့ (တပေါင်းလဆန်း ၁၄ ရက်၊ အင်္ဂါနေ့ဟု တစ်ချို့စာပေများတွင် တွေ့ရသည်။)တွင် အဖ မောင်းထောင်ရွာခုံမင်းကြီး ဦးတောင်ရိပ်၊ အမိဒေါ်မင်းအိတို့မှ ဖွားမြင်၍ အချိန်အရွယ်ရောက်က မိမိတို့ရွာကျောင်း ဘုန်းတော်ကြီးထံတွင် ပညာသင်ပြီး ၁၄-နှစ်အရွယ်တွင် သာမဏေပြုကာ ၄-နှစ်တိုင်တိုင် စာပေကျမ်းဂန်တို့ကို ဆည်းပူးသင်ကြားလေသည်။

နောင် ကျောင်းမှထွက်၍ စာဆိုတော်ပညာရှိ ဦးမြတ်ဝင်းထံမှ ကဗျာလင်္ကာများကို ၂−နှစ်တိုင် သင်ကြားပြီး၊ အသက် ၂၀-သို့ ရောက်သောအခါ သဘင်ပညာ၌ သံချိုကိုင်၍ အလုံးစုံသော ကဗျာလင်္ကာတို့ကို တခဏချင်းဖွဲ့ဆိုသီကုန်းရေးသားနိုင်ရုံသာမက လိုအပ်သောအကြောင်းအရာကို နဘေကာရန်မလွတ် နားဝင်ချိုအောင် ရွတ်ဆိုဟောပြနိုင်သော စွမ်းရည်ရှိသဖြင့် သံချို ဦးကျော်လှ ဟူ၍၎င်း၊ မောင်းထောင် ဦးကျော်လှ ဟူ၍၎င်း၊ တပေါင် ဦးကျော်လှ ဟူ၍၎င်း ကျော်စောထင်ရှားလေသည်။ အကြောင်းအားလျော်စွာ လောကီ၊ လောကုတ္တရာ ခဲရာခဲစစ်များကိုလည်း သားချင်းတော်စပ်သည့် (ဝိမလ လင်္ကာရ) တံဆိပ်တော်ရ မောင်းထောင်ဆရာတော် ဘုရားကြီးအား လျှောက်ထားမေးမြန်း စုံစမ်းဆွေးနွေးလေ့ရှိသည်။


ဦးကျော်လှနှင့် စောင်းချိတ်ဖက် ခတ်ဖက် ဉာဏ်ကျယ် ဆိုသောသူတစ်ဦးက ၁၂၀၈-ခုနှစ်အတွင်း ပန်းထိမ်းမင်းသား အရေးအခင်း ဖြစ်သောအခါ “အကျွန်ုပ်ဉာဏ်ကျယ်နှာ ကိုးမြို့ဝန် မင်းလက်ဝါးနှင့်အတူ ရင်ကိုမြေကတုတ်ပြု၍ အမှုတော်ကို ထမ်းရွက်သူဖြစ်သည်။ ဦးကျော်လှ ဆိုသူမှာမူ တော်ရာလျော်ရာထောင့်က သေနတ်ကိုပစ်ကာ ချုံကြိုချုံကြား ပြေးရှောင်ပုန်းအောင်းနေသူ ဖြစ်ပါသည်။” ဟု မိမိကိုယ်ကို အမွှန်းတင် ကိုယ်ရည်သွေးပြု၍ ဦးကျော်လှကိုမူ အမှုတော်မထမ်းမရွက် အလွတ်ရုံးထွက်၍ တစ်ကိုယ်ကောင်းနေသူ ဖြစ်သည်ဟု သီပေါမင်းတရား၊ မင်းမိဖုရားနှစ်ပါးနှင့် မှူးမတ်ဗိုလ်ပုံအလယ်တွင် အရှက်ကွဲအောင် စာချိုးတစ်ခု ရွတ်ဆိုလိုက်လေသည်။

သီပေါမင်းကလည်း ဉာဏ်ကျယ်နှင့် ဦးကျော်လှတို့ အပြန်အလှန်စောင်းချိတ်ပြောဆိုရန် အခွင့်ပေးထားသည် ဖြစ်ရကား ဦးကျော်လှက တခဏချင်း ပြန်လည်ချေပကာ အောက်ပါ စာပုဒ်ကို ရွတ်ဆိုချေပလိုက်လေသည်။

ထောင့်နှစ်ရာ နှစ်ဆယ်ယွန်းလို့၊ အစွန်းမှာ ရှစ်ခုကြိမ်းငယ်က၊ ပန်တိမ်းငယ်ရွှေဘိုကို ခြုံမိလို့၊ ပြေအလုံမြေကုန်ပြေးကြရ၊ မုံရွေးရွာ ခင်မွန်ထိရောက်ကရော့၊ အများတကာအသွားအလာ ကြောက်ကြရ၊ ထားမိုးပေါက်စွေလို့ရွာ။

အလွဲဘက်ဟာမို့ ရဲထွက်ပြန် အကြံမှားပါလိမ့်၊ လှံထားစုံသေနတ်စွဲလို့၊ တပ်ထဲမပုန်စားဝံ့တူး၊ စုံဖျား မြိုင်ဂနိုင်ကောင်းရာသို့၊ မယားပါ သားပါအောင်းပေငဲ့၊ မောင်းထောင်ဆရာ…။

ဉာဏ်ပညာ ယှဉ်ကာဖက်လို့၊ မပျက်ကယ်မကြွေဘူး၊ အသက်ရှေ လူမှာကျန်းပေလို့၊ ရာနန်းပိုင်နှစ်ကြိမ်ဆက်လို့၊ ထမ်းရွက်ရရှေ့တော်မှာ၊ မွေ့လျော်စွာ ခ-ယမ်း။

ကိုးမြို့ဝန်ဗိုလ်ချုပ်မှူးနှင့်၊ ချောင်းဦးဆယ်ရွာက၊ နယ်အညာ ဒီပရင်းသို့၊ ထောင်ကုဋေ အောင်မြေနင်းကြတော့ တပ်တွင်းမရောက်ပဲရယ်နှင့်၊ နောက်ဆွဲအတန်ဝေးတွင်မှ၊ အကလေးတွေ သူငယ်ချင်းနှင့်၊ ကောက်သင်းကို လိုက်ကာကောက်သူက၊ စာလျောက်တင် ဝါ၍လျှမ်းပြန်ခဲ့၊ ရာနန်းပိုင် တကယ်မှတ်အောင် တဲ့။ ဉာဏ်ကျယ်မှာ ဆန်စလွယ်ခပတ်ကယ်နှင့်၊ အချိုးဆို ကိုးဗိုလ်တပ်တွင်မှ အိုးဘိနပ်ထမ်း။ ။

ဟူသောစာချိုးကိုချိုး၍ ဖြေလိုက်သောအခါ မင်းပွဲပရိတ်သတ်တို့ ကောင်းချီးဩဘာ ထောပနာပြုသည့်ပြင် မင်းတရားကြီးကလည်း ဦးကျော်လှစာက ပြောင်၍ ကောင်းသော်လည်း စာပြိုင်သူတစ်ဦးဖြစ်သူ ဉာဏ်ကျယ်အားလည်း နှိမ်ချရာမကျလေအောင် ညီတူညီမျှ ဆုတော်လပ်တော်များ ပေးသနားချီးမြှင့်တော်မူလေသည်။

သက္ကရာဇ် ၁၂၄၇-ခုနှစ် မန္တလေးရတနာပုံ ထီးကျိုးစည်ပေါက်ရောက်လတ်သော် ဦးကျော်လှသည် နေပြည်တော်မှ ခွာခဲ့၍ အလုံ၊ မုံရွာ၊ အင်းဝ၊ ပင်းယ စသောအားဖြင့် မြန်မာပြည်အနှံ့ သဘင်ပညာဖြင့် လှည့်လည်လာရာ ရန်ကုန်သို့ရောက်သောအခါတွင် အသက် ၂၀-အရွယ်မျှဖြင့် နာမည်ကြီးနေသော ဇာတ်ဆရာကြီး ဦးဖိုးစိန်နှင့် ခင်မင်သိကျွမ်းလျက် သဘင်ပညာနှင့် စပ်ဆိုင်ရာရာများကို ဦးဖိုးစိန်အား သင်ကြားပြသပေးလေသည်။

ဆရာကြီး ဦးကျော်လှ အသက် ၇၀-ကျော် လောက်တွင် မျိုးချစ်စိတ် ဇာတိမာန် ထက်သန်လွန်းလှသဖြင့် အင်္ဂလိပ်တို့ စိုးမိုးခြင်းကို မခံလို၍ “ဘိလပ်စံ တပ်ခံမြဲပါ့မလား” စသော စာမျိုးဖြင့် အင်္ဂလိပ်တို့ မကြာခင်ပြေးရတော့မည်ဖြစ်ကြောင်း စာတစ်ပုဒ် ရေးသားလိုက်ရာ၊ လူအများနှစ်ခြိုက်လှသဖြင့် တစ်နိုင်ငံလုံး ပြန့်နှံ့သွားလေ၏။ ထိုအခါ အင်္ဂလိပ် အလိုတော်ရိများက တိုင်ကြားသဖြင့် ဦးကျော်လှ အဖမ်းခံရ၏။

ထိုအခါ ဆရာကြီးဦးဖိုးစိန်က မိမိနှင့် ခင်မင်ရင်နှီးသည့် ဧရာဝတီတိုင်းမင်းကြီး စတီဝါဒ်အား ပြောကြားပေးသဖြင့် ဦးကျော်လှ အချုပ်မှလွတ်မြောက်ရလေသည်။ ဆရာကြီး ဦးကျော်လှကား ဇာတိမာန် အမြဲတမ်းရှိသူဖြစ်သဖြင့်၊ အင်္ဂလိပ်တို့ စိုးမိုးခြင်းကို မခံချင်လှသဖြင့် “မြန်မာများအားမငယ်ကြနှင့်၊ မကြာခင် ကုန်းဘောင် ၁၂-ဆက်မြောက် မင်းလောင်းပေါ်ပြီး မင်းဖြစ်မည်၊ အင်္ဂလိပ်တို့ မကြာမီ ထွက်ပြေးရမည် တို့မြန်မာများ ကောင်းစားတော့မည်” ဆိုသည့် တပေါင်သိုက်ဝင် တေးထပ်ကို ရေးသားသီကုံးလိုက်သည်မှာ-

နဘာ ဂြဟာတွေ့၊ ခါအစေ့ ရောက်လာ၊ ကြာသာပတေ့ သောကြာ၊ ဖောက်ထာကို မြင်ရ၊ မြေကြီးလက်ခတ်ဆိုမည်၊ တတ်ကပ်လို ကောင်းမည့် ဘဝ၊ ရွှေလမင်းစန်းရည်ရောင်နှယ် မန်းပြည်ဘောင် ဌာန၊ ချမ်းကြည်အောင် သာလှလို့၊ မြန်မာများတင့်ပြီ၊ စနေနံ ဧကန်လျှောမည်ကြောင့်၊ ငွေအန္တော ဓာတ်ခိုက်လို့ညီ၊ ဖဂ္ဂုဏ ပန်းသရဖီငယ်၊ မနွမ်းမီ ဘုန်းရောင်မြင့်မှာမို့၊ ကုန်းဘောင်မင့် ဆယ့်နှစ်ကြိမ်၊ ထွန်းတောက်လို့ထိန်၊ အသီတိ စန်းလဂ်အိမ်မှာ၊ နန်းတတ်ချိန် နီးပြီမို့လေး။

ဟုစီကုံးရေးသားပြန် လေသည်။ ဇာတိမာန်ကြီးလှသော မျိုးချစ်ပုဂ္ဂိုလ်ကျော် ဆရာကြီး ဦးကျော်လှသည် သက္ကရာဇ် ၁၂၈၃-ခုနှစ် ဝါခေါင်လဆန်း ၅-ရက်နေ့တွင် အနိစ္စရောက်လေသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၀)ရှိပြီ ဖြစ်သည်။ [၁]

ရေးသားခဲ့သော ကဗျာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)