ဆင်ဖြူမရှင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆင်ဖြူမရှင်သည် မင်းတုန်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး ဖြစ်ပြီး စုဖုရားလတ်၏ မယ်တော်ဖြစ်သည်။ ဘကြီးတော်မင်းနှင့် နန်းမတော်မယ်နု (ဖလံဂုဏ်ရွာ သူ)တို့၏ သမီးဖြစ်သည်။ နန်းမတော်မယ်နုကို သာယာဝတီမင်းက ကွပ်မျက်ရာတွင် စကြာဒေဝီမင်းသမီးက အသက်ကိုအသနားခံကာ မိမိအိမ်သို့ခေါ်ပြီး စောင့်ရှောက်ထားခဲ့သည်။ သို့ဖြင့် မင်းတုန်းမင်းနန်းတက်ရာ ကျေးဇူးရှင် စကြာဒေဝီမင်းသမီးကြီးကို မထီမဲ့မြင်ပြုပြီး နန်းပလ္လင်ပေါ်သို့ အတင်းတက်သဖြင့် နာမည်ဆိုးဖြင့် စတင်ကျော်ကြားသည်။ စကြာဒေဝီမိဖုရားကြီး နှင့် ကနောင်မင်းသားတို့ မရှိတော့သည့်နောက် နန်းတွင်းအရေးအားလုံးကို ကြီးစိုးချယ်လှယ်လေသည်။ မင်းတုန်းမင်း၏ နောက်ဆုံးအချိန်များတွင်လည်း ကင်းဝန်မင်းကြီးဦးကောင်းနှင့် ပူးပေါင်းကာ အစွမ်းအစရှိသော၊ ထက်မြက်သော နန်းလျာမင်းသားများကို ဖမ်းဆီးသုတ်သင်ပြီး သူမ ဩဇာသက်ရောက်နိုင်မည် ထင်သည့် လောင်းရှည်မိဖုရား၏သား သီပေါမင်းသားကို သမီးတော်ကြီး စုဖုရားကြီးနှင့် လက်ဆက်ပြီး နန်းတင်လေသည်။ သို့သော် သီပေါမင်းသားသည် သမီးတော်လတ် စုဖုရားလတ်နှင့် ရည်ငံပြီး ဖြစ်သဖြင့် နန်းတက်ပွဲတွင် စုဖုရားလတ်က သီပေါမင်းနှင့် စုဖုရားကြီးတို့၏ အလယ်မှ ဝင်ထိုင်သဖြင့် မိဖုရား နှစ်ပါးနှင့် တစ်ပြိုင်နက်တည်း နန်းတက်ပွဲ ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် စုဖုရားလတ်ကသာ သီပေါမင်းကို ချယ်လှယ်တော့သည်။ [၁] ၁၉၀၀-ပြည့်နှစ်၊ ဖေဖော်ဝါရီ(၂၆)ရက်နေ့တွင် ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ဝင်ဆာလမ်း(ယခုရှင်စောပုလမ်း) ၌ နတ်ရွာစံတော်မူသည်။

ကုန်းဘောင် ခေတ်နှောင်းသမိုင်းတွင် အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်သော ဆင်ဖြူမရှင်မိဖုရားအား ရတနာပူရ စတုတ္ထမြို့တည်နန်းတည်မင်းတရားကြီး ဖြစ်သော ဘကြီးတော်မင်း ( စစ်ကိုင်းမင်းတရားကြီး ) နှင့် မိဖုရားခေါင်ကြီး ရှင်မင်းနု ( နန်းမတော်မယ်နု ) တို့မှ မြန်မာသက္ကရာဇ် ၁၁၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၃ )ရက် ၊ ကြာသပတေးနေ့တွင် မနောမယ ထီးဖြူတော်အောက်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ငယ်မည်မှာ ရွှေနန်းရှင်မယ် ဖြစ်သည်။

ရွှေနန်း ရှင်မယ်အား မွေးကင်းစကပင် ဖခမည်းတော် ဘကြီးတော်မင်းတရားကြီးသည် စစ်ကိုင်းမြို့နှင့် စဉ့်ကူးမြို့များကို လက်ဖွဲ့ခဲ့သည့်အပြင် ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားများကိုလည်း လက်ဖွဲ့ခဲ့သည်။ မြပုခက်လည်း တင်စေခဲ့သည်။ မန္တလေးမြို့ ရတနာပုံ ရွှေမြို့တော်ကြီးကို လက်မွန်အစ ပထမ တည်ထောင်တော်မူသော ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးနန်းတက်သောအခါ သီရိပဝရတိလောက မဟာရာဇိန္ဒာဓိပတိ၊ ပဒုမရတနာဒေဝီ အလယ်နန်းမတော်မိဖုရားကြီး ဖြစ်လာ၏။ ထို့နောက် ၁၂၃၉ ခု၊ တန်ဆောင်မုန်းလဆုတ် ( ၆ ) ရက် နေ့တွင် ထားဝယ်မြို့မှ ဆက်သသည့် သီရိမဟာသုဘတ္တရတနာ ဆင်ဖြူတော်မကို မင်းတုန်းမင်းက ပေးသနားတော်မူ၍ ဆင်ဖြူမရှင်မိဖုရားကြီးဟု တွင်လာခဲ့သည်။

အလယ်နန်းမတော်မိဖုရားကြီး တွင် သားသမီး ( ၇ ) ပါးထွန်းကားခဲ့သော်လည်း ငယ်ကလွန်ခဲ့သဖြင့် မိုင်းနောင်မြို့စား စုဘုရားကြီး သုသီရိရတနာ မင်္ဂလာဒေဝီ၊ ညီမတော် မြတောင်မြို့စား စုဘုရားလတ်၊ သီရိသုပတာရတနာဒေဝီ စုဘုရားကလေး စသော သမီးတော်သုံးပါး အဖတ်တင်ခဲ့သည်။ ဆင်ဖြူမရှင်သည် မင်းတုန်းမင်း၏ အလယ်နန်းမတော် မိဖုရား အြဖစ်ဖြင့် ၁၂၃၅ ခုနှစ်တွင် မဟာဝိဇယရံသီ ပုထိုးတော်ကြီးဘုရားကို ပြင်ဆင်၍ ထီးတော်တင်လှူခဲ့လေရာတွင် သံတော်ဆင့် ဦးမောင်ကြီး ရေးသားဆက်သွင်းသည့် ‘ထီးတော်တင်ဘွဲ့လေးချိုး’ တွင် ‘ညာအခေါင်ဝယ်၊ မောင်ဝိနာမ၊ နန်းလှလှမှာ၊ ခရွေညီလာ၊ ဖြူရိပ်ကာသို့၊ ရာနားရေးဆင့်၊ နော်ကြာလင့်ထက်၊ ရွှေချင်းတင်စံ၊ သွားခံစတဲ့၊ သမ္ဘိန်နြေမင် ဧကရာဇ်၏၊ ရွှေရင်နှစ်ကယ်၊ ချစ်ဆုံးမလဲလဲ၊ အံ့ဘွယ်မကုန်၊ မြတ်စည်းခံကို၊ ကြည်းစုံရေဘက်၊ ဖြန့်ချိထွက်လို့၊ ဖြန့်စက္ကဝါ၊ ဆယ်ဒီသာကို၊ ဂီဝါချက်ပြွန်၊ ရေစက်တော်ညွှန်ခဲ့တယ်၊ ကျောက်စွန်ငယ်ရွှင်သည်၊ ပဲ့တင်ကြည်နူး’ စသည်ဖြင့် စပ်ဆိုထားသည်တွင် မီးရှူးဖွားစဉ်က ရွှေလင်ပန်းဖြင့် အချင်းဆေးခံခဲ့ရသည်အထိ ဖော်ပြထားသည်ကို တွေ့ရလေသည်။

ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ အဂ္ဂမဟေသီဒေဝီတောင်ညာစံ သီရိပဝရ အတုလတိလောက မဟာရာဇိန္ဒာဓိပတိရတနာဒေဝီဘွဲ့ခံကာဒေဝီမိဖုရားခေါင်ကြီး ကောဇာသက္ကရာဇ် ၁၂၃၈ ခု၊ တန်ဆောင်မုန်းလြပည့်ကျော် ၁၂ ရက် ( ၁၂ - ၁၁ -၁၈၇၆ ) ၊ တနင်္ဂနွေနေ့ သက်တော် ( ၆၃ ) နှစ်အရွယ်တွင် နတ်ပြည်စံတော်မူသောအခါ နန်းတော်ကြီးတစ်ခုလုံးကို အလယ်နန်းမိဖုရားကြီး ဆင်ဖြူမရှင်၏ ဩဇာသည် လွှမ်းမိုးလျက် ရှိသည်။ မိဖုရားကြီး၏ သမီးလတ်ဖြစ်သော မြတောင်မြို့စားမင်းသမီး စုဘုရားလတ်ကား သီပေါမြို့စားမင်းသားနှင့် ရည်ငံရင်းရှိကြသည်။ ကင်းဝန်မင်းကြီး၏ ဆန္ဒမှာ မင်းတုန်းမင်း နတ်ပြည်စံလျှင် မိမိကြိုးဆွဲရာပါမည့် မင်းသားသာလျှင် နန်းတက်သည်ကို လိုလားသည်ဟု အဆိုရှိလေသည်။ မင်းတုန်းမင်း၏ သားတော်ကြီးများ ဖြစ်ကြသော သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသား တို့မှာ ထက်မြက်ကြသည်။ သီပေါမင်းသားထက် ကြံရည်ဖန်ရည်သာကြ၍ ဆွဲရာပါမည် မဟုတ်။ အသက်ငယ်၍ သဘောထားနူးညံ့သော သီပေါမင်းသားကိုသာ နန်းတင်ရန် ကင်းဝန်မင်းကြီး၊ ဆင်ဖြူမရှင်မိဖုရားကြီးစသည်တို့က ရွေးချယ်ခဲ့ကြသည်။

၁၂၄၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ( ၆ ) ရက်နေ့တွင် မင်းတုန်းမင်း နတ်ပြည်စံသောအခါ ၎င်းလဆန်း ( ၇ ) ရက်နေ့တွင် အသက် ( ၁၉ ) နှစ်၊ ( ၉ ) လ အရွယ်ရှိ သီပေါမင်းသား နန်းတက်လေသည်။ သီပေါမင်းသည် ဆင်ဖြူမရှင်၏ သမီးတော်သုံးပါးစလုံးကို လက်ဆက်ခဲ့လေသည်။ နောင်တွင် စုဖုရားကြီးမှာ ဥပေက္ခာပြုခြင်းခံခဲ့ရလေသည်။

သီပေါမင်းနန်းတက်၍ ( ၅ ) လ အကြာတွင် နန်းတွင်းတော် ဥယျာဉ်တော်တွင် ချုပ်ထားသော မင်းတုန်းမင်း၏ သားတော်၊ သမီးတော် ၊ မြေးတော်ပေါင်း (၄၀) ကျော်တို့ကို မြောက်ဒဝယ်ဗိုလ်ရနောင်မြို့စား ( မောင်တုတ် )၊ ၎င်း၏ညီ ပင်းသာမြို့စား (မောင်ပြောင်း)၊ ရွှေလက်ဝဲဗိုလ်၊ မာရဘင်ဗိုလ် စသော လက်သုံးတော်ကြီးကိုင်တို့က ခေါင်းဆောင် သုတ်သင် သတ်ပစ်လိုက်ကြသော လုပ်ရပ်တွင် ဆင်ဖြူမရှင် ( မိဖုရားကြီး စုဘုရားလတ်၏ မယ်တော် ) ၏ စီမံကိန်း ဖြစ်သည်ဟု အချို့က စွပ်စွဲကြလေသည် ။ ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်းများစွာ သမိုင်းကထိက အဖြစ် ဆောင်ရွက်သွားဖူးသော ဒေဆိုင်း၏ အဆိုအားဖြင့်ကား ထိုမင်းညီမင်းသား တို့ကို အစုလိုက်သတ်ပစ်သည့် လုပ်ရပ်တွင် ဆင်ဖြူမရှင်မိဖုရားကြီးသည် နံပါတ်တစ်တရားခံပါ ဟု စွပ်စွဲရန် အထောက်အထားများ မပေါ်လွင်ပါဟု ဆိုထားသည်လည်း ရှိခဲ့လေသည်။ သီ ပေါမင်းနန်းတက်သော အခါ ယောက္ခမတော် ဆင်ဖြူမရှင်မိဖုရားကို အမြင့်မြို့စီရင်စု၊ ချောင်းဦးဆယ်ရွာရှိ ဘိုးတော်ဘုရားက ဆင်းသက်ပိုင်ဆိုင်သည့် လယ်ယာတော်နှင့် စလင်းမြို့၊ တလုတ်မြို့များကို အသုံးကံကျွေးပေးတော်မူ၏။ အမြင့်လေးမြို့ကို ထီးမိုးယဉ်ခံ၊ ဗန်းမော်မြို့၊ ဝန်းသိုမြို့များကိုလည်း အသုံးကံကျွေးပေးတော်မူ၏။

မြန်မာနိုင်ငံသည် အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲ အဆုံးအဖြတ်ဖြင့်ပင် ၁၈၈၅ ခု၊ နိုဝင်ဘာလ ( ၂၉ ) ရက်နေ့တွင် နယ်ချဲ့ဗြိတိသျှတို့လက်တွင်းသို့ သက်ဆင်းကျရောက်သွားခဲ့ရသည်။ သီပေါဘုရင်နှင့် မိဖုရား တို့ကို နိုဝင်ဘာလ ( ၂၈ ) ရက်နေ့ ညနေတွင် အခြံအရံများနှင့် နန်းမှ ထုတ်၍ ‘သူရိယ’ သင်္ဘောဖြင့် တင်ဆောင်ကာ ဧရာဝတီ မြစ်လယ်တွင် ကျောက်ချထားလိုက်သည်။ သီပေါဘုရင်နှင့် မိဖုရားတို့သည် ရန်ကုန်သို့ ဒီဇင်ဘာလ ( ၅ ) ရက်နေ့တွင် ရောက်ရှိကြသည်။ ဘုရင်နှင့်အတူ မိဖုရားခေါင်ကြီး စုဘုရားလတ်၊ မိဖုရား ရမည်းသင်း စုဘုရားကလေး၊ သမီးတော်နှစ်ပါး ဖြစ်သော အရှင်ထိပ်စုမြတ်ဘုရားကြီးနှင့် အရှင်ထိပ်စုမြတ် ဘုရားလတ်၊ မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီး နှင့် သမီးတော်ကြီး မိုင်းနောင်စုဘုရားကြီး၊ မဟာမျိုးမဟာနွယ် အပျိုတော် ( ၁၀ ) ယောက်၊ မိန်းမ အစေအပါး ( ၅၀ ) နှင့် ၎င်းတို့၏ ယောက်ျား ငါးယောက်၊ ပေါင်း (၈၀) ခန့်ပါသွားကြသည်။ ရန်ကုန်သို့ ရောက်သောအခါ ၎င်း ( ၈၀ ) အနက် ( ၆၀ ) ခန့်သည် ဘုရင်နှင့် အတူ ပြည်ပသို့ မလိုက်ချင်ကြပေ။ ပြည်ပသို့ လိုက်ပါကြသူများမှာ မိဖုရားနှစ်ပါး၊ သမီးတော်နှစ်ပါး၊ အပျိုတော် ( ၁၃ ) ယောက်နှင့် ပန်းထိမ်ဝန် နှင့် ၎င်း၏ သား ပေါင်း ( ၂၀ ) ခန့်သာ ရှိသည်။ သီပေါဘုရင် နှင့် အဖွဲ့သည် ‘သူရိယ’ သင်္ဘောမှ ပင်လယ်ကူး သင်္ဘော ‘ကင်းနင်း’ ပေါ်သို့ ပြောင်းရွှေ့၍ ဒီဇင်ဘာလ ( ၁၀ ) ရက်နေ့တွင် ရန်ကုန်မှ ထွက်ခွာကြရာ မဒရပ်သို့ ဒီဇင်ဘာ ( ၁၅ ) ရက်နေ့တွင် ရောက်ရှိကြသည်။ ပါတော်မူစဉ်က သီပေါမင်းသည် သက်တော် ( ၂၆ ) နှစ်၊ (၁၀ )လ၊ (၂၅ ) ရက် အရွယ်သာ ရှိသေးသည်။

မယ်တော်ဆင်ဖြူမရှင်နှင့် သမီးတော်ကြီး၊ ကင်းဝန်မင်းကြီး၊ မြို့သစ်အတွင်းဝန်နှင့် ကျောက်မြောင်းအတွင်းဝန်တို့မှာ ရန်ကုန်မြို့တွင် ကျန်ရစ်ခဲ့ကြသည်။ ထို့နောက် ဆင်ဖြူမရှင်မိဖုရားကြီးနှင့် သမီးတော်ကြီး မိုင်းနောင်စုဘုရားကြီး၊ အထိန်းတော် အပျိုတော် (၁၂) ယောက်တို့ကို ကလိုက် ( S.S.Cliv ) မီးသင်္ဘောဖြင့် ထားဝယ်သို့ ပို့လိုက်လေသည်။ မဒရပ်ရောက် သီပေါမင်းက ယောက္ခမတော် ဆင်ဖြူမရှင်ထံ မဒရပ် သို့ ချောမောစွာရောက်သည်။ ကောင်းမွန်စွာကြိုဆိုနေရာချထားသည်။ စာရေးလိုက်မည် ဟု သံကြိုးစာ ပို့ခဲ့သည်။ ဆင်ဖြူမရှင် မိဖုရားကြီးကလည်း ‘သံကြိုးရရှိ၊ ကျွန်ုပ်တို့ ကလိုက်သင်္ဘောပေါ်တွင် ရောက်ရှိ၊ ထားဝယ်’ ဟု သီပေါမင်းထံ သံကြိုးပြန်လိုက်သည်။ ‘တစ်ဖန် ကျန်းမာသည်၊ သင့်ထံ စာပြန်ပြီးပြီ ’ ဟု သမက်တော် သီပေါမင်းထံ ဆင်ဖြူမရှင် မိဖုရားကြီးက သံကြိုးထပ်ရိုက်ခဲ့သည်။

ဗြိတိသျှ အစိုးရအနေနှင့် ဆင်ဖြူမရှင် မိဖုရားကြီးနှင့် သမီးတော်ကြီးတို့ကို မင်း၊ မိဖုရားနှစ်ပါးနှင့် အတူ ပြည်ပသို့ ထည့်လိုက်ရန်သာ ရှိပါသည်။ မထည့်လိုက်ဘဲ ယခုကဲ့သို့ ထားဝယ်သို့ ပို့ခြင်းမှာ အကြောင်းရှိပေသည်။ ပါတော်မမူမီ အချိန်လောက်ကပင် နန်းတွင်း အရေးများကြောင့် သမီး၊ သမက်နှင့် ယောက္ခမတို့ အကြား ပြေလည်မှု မရှိခဲ့ပေ။ သမီးတော်ကြီး မိုင်းနောင်စုဘုရားကြီးမှာ ဆင်ဖြူမရှင်၏ အစီအမံကြောင့် သီပေါမင်း၏ တောင်နန်းစံ မိဖုရားခေါင်ကြီး အဖြစ် တင်မြောက်ခြင်းခံခဲ့ရသည်။ သို့ရာတွင် ငယ်ချစ် ဖြစ်သူ စုဘုရားလတ်က မဟေသီ ဘိသိက်ခံပွဲတွင် အတူယှဉ်တွဲ ၍ ဝင်ရောက် ဘိသိက်ခံခဲ့ဖြင့် မြန်မာ့သမိုင်းတစ်လျောက် တစ်ကြိမ်မျှ မဖြစ်ပေါ်ဖူးသည့် တောင်နန်းစံ စင်ပြိုင် မဟေသီ ဘိသိက်ခံပွဲကြီး ဖြစ်ပွားခဲ့ရသည်။ နောက်ပိုင်း စုဘုရားလတ် ၏ စနက်ကြောင့် သီပေါမင်းနှင့် စုဘုရားကြီးတို့သည် မဆက်သွယ်ခဲ့ရပေ။ မိုင်းနောင် စုဘုရားကြီးသည်လည်း နန်းမတော်ဆောင်မှ မယ်တော် ဆင်ဖြူမရှင် အဆောင်သို့ ပြောင်းနေခဲ့ရသည် အထိ ဖြစ်ခဲ့သည်။ ဤအကြောင်းများကို ဗြိတိသျှအစိုးရအနေနှင့် သိထား၍သော်လည်းကောင်း၊ စုဘုရားကြီးနှင့် မယ်တော်ဆင်ဖြူမရှင် တို့၏ တောင်းဆိုမှုကြောင့်လည်းကောင်း ယခုကဲ့သို့ ထားဝယ်သို့ တသီးတခြား ပို့လိုက်ခြင်း ဖြစ်ပေမည်။

ဆင်ဖြူမရှင်မိဖုရားခေါင်ကြီး အဖွဲ့ကို ထားဝယ်တွင် ယခု ထားဝယ်ကောလိပ် အဆောက်အအုံရှိသည့် နေရာတွင် တသီးတခြား စံအိမ်တော်ဖြင့် ထားခဲ့သည်။ ယခု ထားဝယ်ကောလိပ် ပြုလုပ်ထားသော အဆောက်အအုံသည် ယခင်က မောရိုးကရင် အထက်တန်းကျောင်းကြီး၏ နေရာဖြစ်သည်။ ဤအဆောက်အအုံကြီး မဆောက်ခင်က ဤနေရာတွင် မိဖုရားကြီး အိမ်တော်ရှိခဲ့သည်။ အရှေ့မြောက်ဘက်တွင် မျှော်တော်ကန် ရှိခဲ့သည်။ မြောက်ဘက်တွင် ဇီဝစိုးကျောင်းနှင့် စေတီတော်ရှိခဲ့သည်။ မိဖုရားကြီး၏ အိမ်တော်ကို တသီးတခြား ဝင်းခြံဖြင့် ထားကာ ထားဝယ်အရေးပိုင်က တာဝန်ယူရသည်။ ဝင်ထွက်သွားလာ ခစားသူများကိုလည်း မိဖုရားကြီးက အတိုင်းအဆမရှိ ဆုတော် လာဘ်တော်များ ချီးမြှင့်နေသဖြင့် ဗြိတိသျှအစိုးရ အနဖြင့် နောက်ပိုင်းတွင် အဝင်အထွက်များကို ကြပ်မတ်လိုက်ကြသည်။

ဆင်ဖြူမရှင်မိဖုရား ကြီးနှင့် သမီးတော် စုဘုရားကြီးတို့ကို ဗြိတိသျှ အစိုးရက နိုင်ငံရေး ပင်စင်လစာများ ပေးရာတွင် ပထမတန်းများ အဖြစ် သတ်မှတ် ပေးကမ်းခဲ့သည်။ ထိုစဉ်က မင်းဆွေ စိုးမျိုးများ၏ ပင်စင်လစာ မှာ ပထမတန်း ( ၁၅၀ ) ကျပ် ၊ ဒုတိယတန်း ( ၁၀၀ ) ကျပ်၊ နှင့် တတိယတန်း ( ၅၀ ) ကျပ် အသီးသီးတို့ ဖြစ်ကြသည်။ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် စုဘုရားကြီးတို့မှာ ပထမတန်းများ အဖြစ် ( ၁၅၀ ) ကျပ်သာ ရရှိခဲ့သည်။ သို့ရာတွင် ၁၈၈၆ ခု၊ ဇန်နဝါရီလ ( ၁၇ ) ရက်နေ့မှ အစြပု၍ အထူးခွင့်ပြုချက်ဖြင့် ဆင်ဖြူမရှင် မိဖုရားကြီးကိုပင် ပင်စင်လစာ ( ၃၀၀ ) ကျပ်နှူန်းပေးခဲ့သည်။ ထားဝယ်မြို့ရှိ အစိုးရက စီစဉ်ချထားပေးသည့် အိမ်တော်တွင် ထိုစဉ်က မိဖုရားကြီးနှင့် သမီးတော်တို့တွင် နောက်ပါ အခြံအရံ ( ၁၃ ) ယောက်ရှိခဲ့သည် ဟု ဆိုသည်။ ဆင်ဖြူမရှင် မိဖုရားကြီး၏ ပင်စင်လစာကို ၁၈၉၃ ခုနှစ်တွင် ( ၃၀၀ ) ကျပ်မှ ( ၃၆၅ ) ကျပ်သို့ တိုးမြှင့်ပေးသည်။ နောက်ဆုံး ( ၄၅၀ ) ကျပ် ရသည်။ စုဘုရားကြီးကို ၁၈၉၂ ခုနှစ်တွင် ပင်စင်လစာ (၁၅၀ ) ကျပ်မှ ( ၂၀၀ ) အထိ တိုးမြှင့်ပေးသည်။ ၁၈၉၃ ခုနှစ်မှ စ၍ ကွယ်လွန်သည် အထိ ( ၂၆၉ ) ကျပ်နှုန်းရသည် ဆိုသည်။

၁၈၈၆ ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင် မယ်တော် ဆင်ဖြူမရှင်က ထားဝယ်မှ နေ၍ ရန်ကုန်ရှိ ဝန်ရှင်တော်မဟာမင်းကြီး ဆာချာလ်ဘားနာဒ် ( ဘားနာဒ်ပိဋကတ်တိုက် တည်ထောင်ခဲ့သူ ) ထံသို့ စာတစ်စောင် ပေးပို့ကာ မန္တလေးတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် တောင်းဆိုသည်။ ဘားနဒ်က ပစ္စည်းများကို အတည်ပြု၍ မရနိုင်ကြောင်း၊ ထိုပစ္စည်းများသည် ပါတော်မူစဉ်က နန်းတော်ထဲသို့ ဝင်ရောက်ယူငင်ကြသော မြန်မာ အမျိုးသမီးတို့ လက်သို့ ပါသွားသလော၊ သို့တည်းမဟုတ် အစိုးရ၏ ပစ္စည်းသိမ်း ကော်မတီ ( Prize Committee ) ထံတွင် ရှိသလော ဆိုသည်ကို မပြောဆိုနိုင်ကြောင်းဖြင့် အကြောင်းပြန်သည်။ ဤတွင် ဆင်ဖြူမရှင်က အိန္ဒိယ ဘုရင်ခံချုပ်ထံ စာရေးကာ မန္တလေးတွင် ကျန်ရစ်ခဲ့သည့် ပစ္စည်းစာရင်းကိုလည်း ပူးတွဲပေးပို့သည်။ ဆင်ဖြူမရှင်၏ စာမှာ အောက်ပါအတိုင်း ဖြစ်ပြီး ၁၈၈၇ ခုနှစ်၊ ဩဂုတ်လ ( ၂၀ ) ရက်စွဲထိုးထားသည်။

ဆင်ဖြူမရှင် မိဖုရားကြီးသည် ၁၈၈၇ ခုနှစ်၊ ဩဂုတ်လ ( ၂၀ ) ရက် နေ့စွဲဖြင့် အိန္ဒိယ ဘုရင်ခံချုပ်ထံ အောက်ပါအတိုင်း စာရေးသား ပေးပို့ခဲ့သည်။ “၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်နေ့ ( ၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ) နံနက်တွင် နိုင်ငံရေး အရာရှိချုပ် ဖြစ်သည့် ကာနယ် ဆလေဒင် ( ယခု ဆာအက်ဒွပ် ) နှင့် အဖွဲ့သည် နန်းတွင်းသို့ ဝင်လာကာ ကျွန်ုပ်တို့အား တောင်ဥယျာဉ်နန်းသို့ ပြောင်းရွှေ့စံတော်မူရန်ညွှန်ကြားခဲ့သည်။ ညွှန်ကြားချက်သည် ချက်ချင်း လက်ငင်းဖြစ်သဖြင့် ကျွန်ုပ်၏ အဖိုးတန် ရတနာများနှင့် ပတ်သက်၍ မည်ကဲ့သို့ သိမ်းဆည်းသမှု ပြုလုပ်ရမည်ကို မတွေးနိုင်တော့ပေ။ အနာဂတ်တွင် ကျွန်ုပ်နှင့် ကျွန်ုပ်ကလေးများ၏ အရေးအတွက် ဆလေဒင်ကို ခေါ်ယူကာ ကျွန်ုပ်၏ မြောက်မြားစွာသော အဖိုးထိုက်ရတနာများ အနက်မှ အချို့ကိုသာ သယ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ အချို့ငွေထည်၊ ရွှေထည်၊ စိန်ထည်များကိုလည်း ပြသကာ မီးခံသေတ္တာခြောက်လုံးဖြင့် ထည့်သွင်း အပ်နှံခဲ့ပါသည်။ ဆလေဒင်က ဗြိတိသျှ အစိုးရ အနေနှင့် နန်းစဉ် ပစ္စည်းများကို ယူမည်မဟုတ်၊ ဘုရင်နှင့် နိုင်ငံကိုသာ အလိုရှိကြောင်း၊ သို့ကြောင့် ဤအဖိုးထိုက်ရတနာများမှာ ပျောက်ဆုံးမည် မဟုတ်ကြောင်း အာမခံပြီး မိဖုရားကြီး အလိုရှိသည့် အချိန်တွင် အချိန်မရွေး ပြန်၍ ရရှိနိုင်ကြောင်းပြောဆိုကာ နန်းစဉ်ရတနာများကို ထိန်းသိမ်းလိုက်ပါသည်။ ထိုစဉ်က မီးခံသေတ္တာသော့များမှာ ယခုအထိ ကျွန်ုပ်နှင့် အတူ ရှိနေပါသည်။ ကြွေထည်၊ ဖန်ထည်၊ နှင့် အဝတ်အထည်များကို အခန်းများတွင် လုံခြုံစွာ ပိတ်ထားကာ သော့များကို ကျွန်ုပ်အား အပ်ခဲ့၍ အချိန်မရွေး ထုတ်ယူနိုင်ကြောင်းလည်း ပြောခဲ့ပါသည်။ ကျွန်ုပ်၏ ရှေ့တွင်ပင် ကာနယ်ဆလေဒင်သည် ၎င်း၏ စာရေးကြီးနှင့် ကုလား လူမျိုး အခိုင်းအစေ နှစ်ဦးအား ပစ္စည်းများ ထိန်းသိမ်းရန် တာဝန်ပေးပါသည်။ ထို့နောက် ကျွန်ုပ်တို့အား တောင်ဥယျာဉ်နန်းသို့ ပြောင်းရွှေ့စံနေစေကာ ညနေ ( ၃ ) နာရီတွင် သင်္ဘောတော်သို့ စတင်ပို့ဆောင်ပါသည်။ ကျွန်ုပ်က နေခဲ့ချင်ကြောင်း တောင်းဆိုရာ ဆလေဒင်က ကျွန်ုပ်သာ မဟုတ်၊ ကျွန်ုပ်၏ သမီး စုဘုရားကြီးပါနေခဲ့နိုင်ကြောင်း ပြောဆိုပါသည်။ ကျွန်ုပ်သည် နေပြည်တော်တွင် နေခဲ့မည်ဟု ဆုံးဖြတ်သောအခါ ကျွန်ုပ်၏ ကလေးများက ရန်ကုန်အထိ အတူ လိုက်ပါရန် တောင်းဆိုခဲ့ကြပါသည်။ ကျွန်ုပ်သည် ဆလေဒင်အား ရန်ကုန်သို့ ရောက်သော အခါ နြေပည်တော်သို့ ပြန်လည်ပို့ပေးပါမည်လား ဟု မေးရာ ဆလေဒင်က ပို့ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်သာမက ကာလကတ္တားအထိ လိုက်ပါလျှင်လည်း ဘုရင်ခံချုပ်က ကျေနပ်စွာဖြင့် နေပြည်တော်သို့ ပြန်လည်ပို့ပေးမည် ဖြစ်ကြောင်း၊ ဗြိတိသျှလူမျိုးများသည် ကတိကို မပျက်စေကြောင်း ပြောကြားခဲ့ပါသည်။ သို့ကြောင့် ကျွန်ုပ်သည် ရန်ကုန်အထိလိုက်ပါခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက ထားဝယ်သို့ ပို့ဆောင်ခဲ့ပြီး တိုင်းပြည်ငြိမ်ဝပ်ပိပြားသည့် အချိန်အထိ နေထိုင်ရန် ညွှန်ကြားခဲ့ပါသည်။ ကျွန်ုပ်သည် ငြင်းဆန်ခြင်းမပြုဘဲ အရေးပိုင် နေရာချထားသည့် အိမ်တွင် နေထိုင်ခဲ့ပါသည်။ ကျွန်ုပ်၏ ဆွေတော်မျိုးတော် အစေခံများအတွက် မလုံလောက်ပါသဖြင့် ပါလာသည့် ပစ္စည်းအချို့ကို ရောင်းချသုံးစွဲနေခဲ့ရကြောင်း၊ ကျွန်ုပ်သည် ငြိုငြင်ခြင်း မရှိဘဲ ယခုကဲ့သို့ နေထိုင်လာခဲ့ရာ မန္တလေးတိုက်တွင် ဆလေဒင် လက်အပ်ခဲ့သည့် ကျွန်ုပ်၏ ပစ္စည်းများနှင့် ပတ်သက်၍ ကျွန်ုပ်နှင့် ဆွေတော်မျိုးတော် အခြံအရံများ ကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ပြန်လည် ပေးအပ်စေလိုကြောင်း ။ မြောက်တံခါး အနောက်ဘက် ပေါင်းကုန်းအတွင်း တိုက်တော်တွင် ထားခဲ့သည့် ပစ္စည်းစာရင်း

၁။ စိန်နားကပ်တော် ၁ဝရန်
၂။ ပတ္တြမားနားကပ်တော် ၁၇ ရန်
၃။ စိန်ဘယက် ၇ ကုံး
၄။ စိန်ခရာသီး လည်ဆွဲတော် ၁ ကုံး
၅။ စိန်ကြိုးတပ်နာရီ ၁ လုံး
၆။ ရွှေထွေးခံ ၂ လုံး
၇။ ရွှေကြုတ် ၁ လုံး
၈။ စိန်စီရွှေခြေချင်း ၁ ရန်
၉။ နဂါးပုံရွှေခြေချင်း ၁ ရန်
၁၀။ နဂါးပုံရွှေခြေချင်း အသေး ၁ ရန်
၁၁။ ရွှေဖလားကြီး ၁ လုံး
၁၂။ အယ်လ်ဘမ်စာအုပ် ၁ အုပ်
၁၃။ ကျောက်ရောင်စုံများ စီထားသည့် ဓာတ်ပုံဘောင် ၂ ခု
၁၄။ စိန်စီထားသည့် ဝေလမင်းသားပုံပါသော ကြုတ် -
၁၅။ စိန်ဘယက်ကြီး ၁ ကုံး
၁၆။ စိန်ဒေါင်းရုပ်ပါ ရွှေဘီး ၁ ချောင်း
၁၇။ ငွေဒင်္ဂါးများပါသည့် အိတ် ၁ အိတ်
၁၈။ ငွေသားများ ပါသည့် အိတ် ၅ အိတ်
၁၉။ စိန်ကြိုးတပ်နာရီ အလုံး ၂၀
၂၀။ ရူဘီငွေ ၃၀,၀၀၀ ( ငွေသုံးသောင်း )
၂၁။ တစ်လုံးလျှင် ငွေချိန် ၁၅၀ ရှိ ငွေဖလား ၉ လုံး
၂၂ ။တစ်လုံးလျှင် ငွေချိန် ၁၀၀ ရှိ ငွေဖလား ၉ လုံး
၂၃။ ငွေကလပ် ၂ ခု
၂၄။ ငွေမီးဖို ၁ လုံး
၂၅။ ငွေမီးညှပ် ၂ ချောင်း
၂၆။ ငွေဟင်းအိုး ၂ လုံး
၂၇။ ငွေထမင်းအိုး ၁ လုံး
၂၈။ ငွေကရား ၁ လုံး
ကာနယ်ဆလေဒင် အား အပ်ခဲ့သည့် ပစ္စည်များ စာရင်း
၁။ ကျောက်မျက်ရတနာများ စီခြယ်ထားသော ရွှေချိန် တစ်ပိဿာ ရှိ ရွှေကွမ်းအစ် ၁ လုံး
၂။ ရွှေချိန် တစ် ပိဿာ ရှိ ခြင်္သေ့ခံ ရွှေကလပ် ၁ ခု
၃။ ကျောက်မျက်ရတနာ များ မြှုပ်နှံထားသော ရွှေချိန် တစ် ပိဿာ ရှိ ရွှေကွမ်းအစ် ၁ လုံး
၄။ ရွှေချိန် တစ် ပိဿာ ရှိ နဂါးရုပ်ခံရွှေကလာပ် ၁ ခု
၅။ ကျောက်မျက်ရတနာများ စီခြယ်ထားသော ရွှေထွေးခံ
၆။ ရွှေချိန်တစ် ပိဿာ ရှိ ရွှေကတော့ ၂ လုံး
၇။ ရွှေကလပ် ၁ ခု
၈။ ရွှေချိန် တစ် ပိဿာ ရှိ စိမ်းရောင်မှုန်များ စီခြယ်ထားသော ရွှေကလပ် ၁ ခု
၉။ ရွှေချိန် ၇၀ သား ရှိ သောက်တော်ရေခွက် ရွှေကလပ် ၁ ခု
၁၀။ ရွှေချိန် ၆၀ သားရှိ ရွှေဖလားကြီး ၁ လုံး
၁၁။ ရွှေချိန် ၁၀ သားရှိ ရွှေဖလားငယ် ၁ လုံး
၁၂။ ရွှေချိန် ၅၀ သားရှိ ရွှေမျက်နှာသစ်တော် ရေခွက်
၁၃။ ရွှေချိန် ၅၀ သားရှိ ရွှေမျက်နှာသစ်တော်ရေခွက် ၁ လုံး
၁၄။ ရွှေချိန် တစ် ပိဿာ ရှိ ဖောင်းတော်ကြုတ် ၁ ခု
၁၅။ ရွှေချိန် ၆၀ သားရှိ ရွှေလက်ဆေး ဖလား ၁ လုံး
၁၆။ ရွှေချိန် ၅၀ သားရှိ ရွှေကြုတ် ၄ လုံး
၁၇။ ရွှေချိန် ၄၀ သားရှိ ရွှေကလပ် ၁ ခု
၁၈။ ရွှေချိန် ၅၀ သားရှိ သုံးချောင်းထောက်ခံ ရွှေကလပ် ၁ ခု
၁၉။ ရွှေချိန် ၄၀ သားရှိ မှန်စိမ်းစီ ရွှေကလပ် ၂ ခု
၂၀။ ရွှေချိန် ၄၀ သားရှိ ကွမ်းအစ်တော်တင် ရွှေကလပ် ၂ ခု
၂၁။ ရွှေချိန် ၁၅ ကျပ်သားရှိ ရွှေထမင်းအိုး ၁ လုံး
၂၂။ ရွှေချိန် ၇၀ သားရှိ ရွှေပန်းကန်လုံး ၈ ခု
၂၃။ ရွှေချိန် ၄၅ ကျပ်သားရှိ ရွှေပန်းကန်ပြား ၉ ခု
၂၄။ ရွှေချိန် ၁၅ ကျပ်သားရှိ ရွှေရေမှုတ် ၁ လုံး
အထက်ပါ အတိုင်း စာရေးသားပို့၍ ပါတော်မူချိန်က ကာနယ်ဆလေဒင်ထံသို့ အပ်နှံခဲ့သည့် ပစ္စည်းစာရင်းနှင့် တကွ တင်ပြကာ ပြန်ပေးရန် တိုင်ကြား တောင်းဆိုခဲ့သည်။ သို့ရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ကာနယ်ဆလေဒင်ကို ဆိုင်ရာတို့က မေးမြန်းသည့် အခါတွင် ကာနယ်ဆလေဒင်က အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။

“မယ်တော်ဆင်ဖြူမရှင် က သူ့ခန်းဆောင်အတွင်းသို့ ခေါ်ကာ အခိုင်အမာ သော့ခတ်ထားသည့် သေတ္တာကြီး သုံးလုံးကို ကျွန်ုပ်အား ပြပီးနောက် ထိုအထဲတွင် ငွေ ၃၀,၀၀၀ ရှိသည်ဟု ပြောသည်ကို မှတ်မိပါသည်။ ကျွန်ုပ်က သေတ္တာများမှာ စိတ်ချရကြောင်း၊ သို့ရာတွင် သေတ္တာထဲမှ ပိုက်ဆံများ နှင့် ပတ်သက်၍ ကျွန်ုပ်ကတိမပေးနိုင်ကြောင်း ပြောပါသည်။ ကျွန်ုပ်အား မည်သည့် သော့ကိုမျှ မအပ်ပါ။ ထိုအချိန်ကာလ ဆင်ဖြူမရှင် ၏ အခန်းဆောင်ထဲတွင် အမျိုးသမီး အခြွေအရံများသာမက သာမန် အမျိုးသမီးများလည်း ပြည့်နှက်နေပါသည်။ ယင်းတို့မှာ အထုတ်အပိုးတို့ကို ထုပ်ပိုးပြီး တခြားသို့ ရွှေ့ပြောင်းရန် ခေါ်ထားခြင်း ဖြစ်ပါသည်။ သီပေါဘုရင် နန်းကျပြီးနောက် ချ၍ ထားပစ်ခဲ့သည့် ဆင်ဖြူမရှင်၏ ကိုယ်ပိုင်ပစ္စည်းများမှာ နန်းတော်မှ အခြားသော ပစ္စည်းများနှင့် ရောထွေးသွားပြီး ပစ္စည်းသိမ်း ကော်မတီလက်ထဲသို့ ရောက်သွားနိုင်ပါသည်။ အကယ်၍ ထိုပစ္စည်းများထဲမှ သူပိုင်ပစ္စည်းဟု ရွေးထုတ်ပြနိုင်မည် ဆိုလျှင် သူ့ပိုင်ဆိုင်မှုကို ခွင့်ပြုသင့်ပါသည်။” ဟု ထွက်ဆိုထားသည်။

အိန္ဒိယ ဘုရင်ခံချုပ်က ဆင်ဖြူမရှင်ပစ္စည်များ ပျောက်ဆုံးသည့် အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုကာ ယင်းကိစ္စနှင့် ပတ်သက်၍ အောက်မြန်မာနိုင်ငံ ဝန်ရှင်တော်မင်းကြီး ဆာချားလ်ကရော့စဝိတ်က ဆုံးဖြတ်ပြီးသည့် အလျောက် လိုက်ပါလာခြင်း ဖြစ်ကြောင်း၊ သူနှစ်သက်ရာသို့ သွားနိုင်သည်ဟု ဆလေဒင်က အာမခံပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ရာ ထိုစာပါ အချက်အလက်တို့ကို ဗြိတိသျှ အစိုးရက ယုံကြည်မှု မရှိ။ ဗြိတိသျှအစိုးရ အမြင်၌ ဆင်ဖြူမရှင်သည် ၁၈၇၈ ခုနှစ်တုန်းက ‘သီပေါဘုရင်တင်သူ’ ဖြစ်ခဲ့ပြီး မင်းဆွေမင်းမျိုးတို့ကို သတ်ဖြတ်မှုတွင်လည်း တာဝန်ရှိသူ ဖြစ်သည့် အပြင် ဆင်ဖြူမရှင်သည် အလောတကြီးဖြင့် လက်ရဲဇက်ရဲရှိသူ ဟုလည်း နားလည်ထားသည်။

ပစ္စည်း များကို ပြန်ရရေးနှင့် ပတ်သက်၍ သမိုင်းဆရာ တစ်ဦးက ‘ဥပဒေအရ ပြောရလျှင် ရှုံးနိမ့်သူတို့သည် အောင်နိုင်သူတို့၏ လက်ခုပ်ထဲမှ ရေပမာ ဖြစ်ဩဖင့် သနားသဖြင့် ပေးကမ်းသော အရာမှ အပ အခြားမည်သည့်အရာကိုမျှ ပိုင်ဆိုင်ခွင့် မရှိပေ’ ဟု ဆိုသည်။ ထိုအတောအတွင်း ထားဝယ်တွင် အင်္ဂလိပ် အုပ်စိုးမှုကို ဆန့်ကျင်သော ပုန်ကန်မှုသည် ၁၈၈၅ ခုနှစ်တွင် ပေါ်ပေါက်ခဲ့လေသည်။ ထိုပုန်ကန်မှုတွင် ဆင်ဖြူမရှင်မိဖုရားကြီးက အားပေးအားမြှောက်မှု ရှိရမည်ဟု အင်္ဂလိပ်က ယုံကြည်၍ ဆင်ဖြူမရှင် မိဖုရားကြီး၊ သမီးတော်ကြီး စုဘုရားကြီးနှင့် မြိတ်မြို့၌ အပို့ခံနေရသည့် ( ၂၁ ) နှစ်အရွယ် ကောလင်းမင်းသားတို့ကို ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့လေသည်။ ရန်ကုန်မှ တစ်ဆင့် ပင်လယ်လမ်းမှ ခေါ်ဆောင်သွားရာ ကာလကတ္တားသို့ ၁၈၈၅ ခု၊ ဇွန်လ ( ၁၀ ) ရက်တွင် ဆင်ဖြူမရှင် တို့ အဖွဲ့ ရောက်ရှိခဲ့လေသည်။ မိဖုရားကြီးက ကာလကတ္တားတွင် ပင် နေထိုင်လိုသော်လည်း ဘုရင်ခံချုပ်က ရတနာဂီရိရောက်လျှင် သီးသန့်စံအိမ်တစ်ဆောင်ဖြင့် ထားမည် ဖြစ်သည်ဟု အကြောင်းပြန်သည်။ ပင်လယ်ခရီး မသွားလို၊ မောသည်ဟု ဆိုသဖြင့် သူတို့ကို ကာလကတ္တားမြို့တွင် နှစ်လခန့် ဆိုင်းထားပြီးမှ မီးရထားဖြင့် ဘုံဘေမြို့သို့ ခေါ်ဆောင်၍ ဘုံဘေသင်္ဘောဖြင့် သီပေါမင်း ရှိရာ ရတနာဂီရိသို့ ပို့ပေးရာ ၁၈၈၅ ခု၊ ဩဂုတ်လ (၂၂ ) ရက်နေ့တွင် ရတနာဂီရိသို့ ဆိုက်ရောက်ကြလေသည်။

ဆင်ဖြူမရှင်မိဖုရား သည် တစ်နှစ်ခန့် ရတနာဂီရိတွင် နေထိုင်ပြီးနောက် ရန်ကုန်သို့ ပြန်လာ၍ ဘုရင်ခံ စံအိမ်တော် အနီး ဝင်ဆာလမ်း ( ယခု ရှင်စောပုလမ်း ) တွင် အိမ်တစ်လုံး ဝယ်၍ နေထိုင်ခဲ့လေသည်။ (သမိုင်းကထိက ဒေဆိုင်း၏ စာအုပ်တွင် ဘုရင်ခံအိမ်တော်အနီး ဘောင်ဒရီလမ်း ) ( ယခု ဓမ္မစေတီလမ်း ) တွင် အိမ်ဝယ်နေသည်ဟု ရေးသားထားလေသည်။) ဆင်ဖြူမရှင်နှင့် အတူနေသော သမီးတော် အကြီး စုဖုရားကြီးသည် မယ်တော်ထံမှ ခွင့်ပြုချက်ဖြင့် အထက်မြန်မာနိုင်ငံ ပြန်ကြွ၍ မင်းကွန်းတွင် သီလရှင်ဝတ်၍ နေထိုင်ရာ မင်းကွန်းတွင် ဆင်ဖြူမရှင် မိဖုရားကြီး နတ်ရွာစံပြီး နောက် ( ၂ ) နှစ် အြကာ ၁၉၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၅ ) ရက်နေ့တွင် ဘဝတစ်ပါးသို့ ပြောင်းသွားခဲ့လေသည်။ ဆင်ဖြူမရှင် မိဖုရားကြီးကား ရန်ကုန်စံအိမ်တော်တွင် သက်တော် ( ၇၈ ) အရွယ်၌ လူကြီး ရောဂါဖြင့် ၁၉၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၂၆ ) ရက်နေ့တွင် နတ်ရွာစံသောအခါ သီပေါမင်းက မယ်တော် ထားခဲ့သည့် ပစ္စည်းများကို တောင်းဆိုသည်။ သူ့တောင်းဆိုချက်ကို ဆိုင်ရာတို့ကလည်း အသိအမှတ်ပြုကြသည်။ သို့ရာတွင် ဆင်ဖြူမရှင်တွင် ကြွေးမြီများ အများအြပားကျန်ရစ်ခဲ့ပြီး ဈာပနစရိတ်မှာလည်း ကြီးလွန်းလှသည်။ ထို့ကြောင့် ကြွေးမြီများ နုတ်လိုက်သည့်အခါ တွင် ဘာမှ မကျန်တော့ပေ။ အင်္ဂလိပ်အစိုးရက ဆင်ဖြူမရှင်၏ မသာတော်အတွက် စရိတ်ငွေ ( ၁၀၀၀ ) ထုတ်ပေးလေသည်။ အလောင်းတော်ကို ရန်ကုန်မှ မန္တလေးသို့ သင်္ဘောဖြင့် တင်ဆောင်သယ်ယူခဲ့သည်။

အလောင်းတော်ကို မန္တလေးမြို့သို့ ဆောင်ယူရာရန်ကုန်မြို့နေ မိတ်ဆွေ အပေါင်းတို့က အလောင်းတော်ကို ကြည်ညိုလေးမြတ်စွာ ပူဇော်ချီးမြှောက်ချင်၍ လမ်းခရီးတစ်လျှောက် ရပ်နားရန် လှပတင့်တယ်စွာ ကနားမဏ္ဍပ် ဆောက်လုပ်ပြီး အထူးထူးသော စားဖွယ်သောက်ဖွယ် အကျွေးအကမ်းအလှမ်း အမျိုးမျိုးတို့ဖြင့် တည်ခင်းကာ အလောင်းတော်ကို သင်္ဘောပေါ်သို့ ခြံရံ ပို့ဆောင်ကြသည်။ လမ်းခရီးတစ်လျှောက် အထောက်ထောက်ရပ်နား၍ မန္တလေးမြို့သို့ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ( ၁၂ ) ရက် ( ၁၉၀၀ ပြည့်နှစ်၊ မေလ ၉ ရက် ) ဗုဒ္ဓဟူးနေ့ မွန်းတည်ချိန် ဆိုက်ရောက်ခဲ့သည်။ ထို့နောက် အသင့်ပြုလုပ်ထားသော တန်ဆောင်းတော်၌ ခေတ္တရပ်တန့်ထားကာ ၎င်းကဆုန်လြပည့်ကျော် ( ၁ ) ရက် ( မေလ ၁၃ ရက် ) တနင်္ဂနွေနေ့ နံနက် ( ၉ ) နာရီ အချိန်တွင် အလောင်းတော်ကို သံလျင်းနှင့် တင်ဆောင်ပြီးလျင် ရှေးမြန်မာဧကရာဇ်မင်း အဆက်ဆက်တို့လက်ထက် ချီးမြောက်မြဲ အစဉ် ထုံးစံနှင့်အညီ ကြီးကျယ်ခမ်းနားစွာ စီစဉ်ကျင်းပလျက် တောင်ကျုံး ထိပ်လမ်းအတိုင်း ဆောင်ယူကာ တောင်မျက်နှာ အလယ်တံခါးမှ နန်းမြို့တွင်းသို့ ဝင်၍ နန်းမြို့တော်အတွင်း ရှိ မန္တလေးမြို့တည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်း တရားကြီး၏ အုတ်နန်းပြသာဒ်တော်အနီး ဝယန္တာဩကိုးတွင် အနောက်မြောက်ထောင့်အရပ်တွင် အစိုးရမင်း ချီးမြှောက်သည့် အမိန့်အရ အသင့်လုပ်ဆောင်ထားသော အုတ်ပြသာဒ်တော်အတွင်း သွင်းနှံသင်္ဂြိုဟ်လိုက်လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စာဆိုတော်၊ ဒဂုန်ခင်ခင်လေး

( က ) မောင်သန်းဆွေ ( ထားဝယ် ) ၊ ရတနာဂီရိနိဒါန်း
( ခ ) မောင်သန်းဆွေ ( ထားဝယ် ) ၊ ကုန်းဘောင် အလွန် ( ပထမအုပ် )
( ဂ ) သန်းဝင်းလှိုင် ၊ ဥဩအောင်မြည်ကုန်းဘောင်တည်။