သဗ္ဗညုဘုရား(ပုဂံ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သဗ္ဗညုဘုရား(ပုဂံ)ကို အဝေးမှ မြင်ရပုံ
  • စေတီပုထိုးအမှတ်=၁၅၉၇/၉၀၆

သဗ္ဗညုဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ပုဂံနန်းမြို့ရိုး အတွင်း အာနန္ဒာ လိုဏ်ဂူတော်ဘုရားကြီး၏ အနောက်တောင် ယွန်းယွန်း ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိသည်။ သဗ္ဗညု လှိုဏ်ဂူတော် ဘုရားကြီးသည် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားတွင် ထုထည်ကြီးမားသော ဘုရားကြီးများအနက် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူပင် ဖြစ်သည်။ ဉာဏ်တော် ပေ (၂၀၀)ကျော် မြင့်သဖြင့် အခြားဘုရားပုထိုးများ အကြားတွင် ထီးထီးမားမားကြီး တည်ရှိနေသည်။ သဗ္ဗညုဟူသော ဝေါဟာရကို ပုဂံခေတ် ရေးထိုးကျောက်စာများတွင် သိစပ်မြင်နှံ့ ဟူ၍ ပြန်ဆိုရေးသားလေ့ ရှိသဖြင့် ဗုဒ္ဓဘုရားသခင်၏ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြုခေါ်ဝေါ် သမုတ်သည်ဟု ယူဆကြသည်။

သဗ္ဗညုဘုရားဒါယကာမှာ ကျန်စစ်မင်းကြီး၏ အရိုက်အရာကို ဆက်ခံသည့် မြေးတော် အလောင်းစည်သူမင်းကြီးဖြစ်သည်။ အလောင်းစည်သူ မင်းကြီးသည် ခရစ် ၁၁၄၄-ခုနှစ်တွင် ရှင်မဟာမောဂ္ဂလ္လာန် ကြပ်မတ်၍ တည်ဆောက်ခဲ့သော ကျောင်းအမကြီး ဝိသာခါ၏ ပုပ္ဖာရုံကျောင်းတော်ကြီးကို အတုယူကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသမိုင်းများတွင် ဆိုလေသည်။ ထို့ကြောင့် ထိုလိုဏ်ဂူမှာ ဘုရားဝတ်ပြုရန် သက်သက်ချည်းသာ မဟုတ်ပဲ ရှေးခတ်က သံဃာတော်များ သီတင်းသုံးရန်နှင့် ပိဋကတ်တိုက်ထားရှိ သုံးစွဲရန်လည်း လျာထားစီမံခဲ့သည်ဟု ထင်ရန်ရှိလေသည်။

အမြင့်ဉာဏ်တော်မှာ ဖိနပ်တော်မှ ငှက်မြတ်နားထိ ၂၀၁-ပေမျှ ရှိသည်။ အခြားစေတီ ပုထိုးများကို လွှမ်းမိုးနေဘိ သကဲ့သို့ ရှိနေရာ ပုဂံမျှော်စင်ဟုပင် ခေါ်ဆိုကြသည်။ သဗ္ဗညု လိုဏ်ဂူတော် ဘုရားကြီးသည် ရှေးအခါက သံဃာတော်များ ပရိယတ္တိစာဝါ လေ့လာရန်နှင့် ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြသည်။ ပုဂံ၏ အလှဆုံးအချိန်ဟု သတ်မှတ်ထားသော ညနေနေဝင်ရီတရော အချိန်၌ ပုဂံ၏ အလှရှုခင်းအရသာကို သဗ္ဗညုဘုရားပေါ်မှ ကြည့်ရှုခံစားနိုင်သည်။ [၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၄၇၄ ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်တော်မူသော အလောင်းစည်သူမင်းကြီးသည် ထီးနန်းစိုးစံတော်မူ၍ ၁၁ နှစ်အကြာ တစ်နေ့သောအခါ၌ ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်၏ အရှေ့မျက်နှာရှိ ဝိသာခါသူဌေးမ၏ ကောင်းမှုဖြစ်သောပုပ္ဖာရုံ ကျောင်းတော်သဏ္ဌာန် စေတီတည်ရသော်ကောင်းလေစွဟု အကြံဖြစ်တော်မူ၏။ ပုပ္ဖာရုံကျောင်းတော်ကား လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်ဖြင့် မကြာမြင့်မီပင်တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးခြင်းမရှိ၊ အောင်အောင်မြင်မြင်ပြီးစီးခြင်းသို့ ရောက်ရသောကျောင်းတော်ကြီး ဖြစ်သည်။ ယင်းကျောင်းကြီးသည် ဘုံတိုက်ခန်း ၅ဝဝ၊ အထက်ဆင့်၌တိုက်ခန်း ၅ဝဝ အားဖြင့်တိုက်ခန်း ၁ဝဝဝတို့ဖြင့် ဆန်းကြယ်စွာ တန်းဆာဆင်ယင်ထားသည်။

အလောင်းစည်သူမင်းကြီးသည် ရှင်အရဟံ၊ စိမ်းညက်မင်းသားတော် မဟာထေရ်ရှင်အာနန္ဒာစသော သံဃာတော်အရှင်မြတ်များ၊ ပညာရှိ မှူးတော်မတ်တော်များနှင့် တိုင်ပင်၍ အရှင်မောဂ္ဂလာန်စီရင်တော်မူသော ပုပ္ဖာရုံကျောင်းနှင့်သဏ္ဌာန်တူစွာ အမြင့်သံတောင် ၁၆ဝ ရှိသော သဗ္ဗညုစေတီကို သက္ကရာဇ် ၄၈၆ ခုနှစ် ၌ တည်ထားကိုးကွယ်တော်မူ၏။

တိုင်းနိုင်ငံအသီးသီးမှ ဆက်သအပ်သော ဓာတ်တော်များကိုလည်း ဌာပနာ၍ မလည်တောင်ခြေအရပ်မှ ရအပ်သောပတ္တမြားများကို ပေါက်ပေါက်ပြုကာ ကြဲဖြန့်ပူဇော်တော်မူ၏။ အခန်းကြီး အခန်းငယ်နှင့်တကွ အသွယ်သွယ်သော ကြောင်လိမ်တို့ကိုလည်း အံ့မခန်းမျှစီမံတော်မူ၏။ အချိန်တစ်သောင်းရှိသော ကြေးစင်ခေါင်းလောင်းကြီးကိုလည်း သွန်းလုပ်လှူဒါန်းတော်မူ၏။ ဘုရား၏အရှေ့တောင် ထောင့်တွင်ခေါင်းလောင်း ချိတ်ဆွဲသည့် ကျောက်တိုင်ကြီးများမှာ ယခုတိုင်ရှိနေသည်။

ဗိသုကာ လက်ရာများ[ပြင်ဆင်ရန်]

သဗ္ဗညုဘုရား၏ အရှေ့မြောက်စောင်းတန်းတွင် ကပ်လျက်ရှိသည်။ သဗ္ဗညုဘုရားတည်ဆောက်ထားပုံမှာ အာနန္ဒာဘုရားတည်ဆောက်ထားပုံကဲ့သို့ အာရုံခံ လေးဘက် လေးမျက်နှာမရှိဘဲ အရှေ့ဘက်တစ်မျက်နှာတွင်သာ အာရုံခံရှိသည်။ ယင်းအာရုံခံသည် ကုလားကျောင်းမှ ထိုးထွက်နေသောကြောင့် ဘုရား၏စံနစ်ပုံစံမှာ အာနန္ဒာဘုရားကဲ့သို့ ကြက်ခြေလေးဘက် မညီချေ။ အာရုံခံ တစ်ဘက်သာရှိသော် လည်း အုတ်နံရံထုအကြား၌ ဆောက်လုပ်ထားသော ကြောင်လိမ်လှေခါးတို့ဖြင့် တက်ရသည့် အဆင့်ဆင့်ရှိသော အဆောက်အအုံဖြစ်သည်။

ပထမနှင့်ဒုတိယအဆင့်များသည် ရဟန်းတော်များ သီတင်းသုံးရန်ဖြစ်၍ တတိယအဆင့်တွင် ရုပ်ပွားတော်များထားရှိသည်။ စတုတ္ထအဆင့်ကိုမူကား ပိဋကတ်တိုက်အတွက်အသုံးပြု၍ ပဉ္စမအဆင့်တွင်မှ စေတီတည်၍ ဓာတ်တော်များ ဌာပနာထားသည်။ သို့ဖြင့် အဆောက်အအုံမှာ စေတီလည်းဖြစ် ကျောင်းလည်းဖြစ်လေသည်။ ထုထည်ကြီးမားသော ပုဂံခေတ် ကုလားကျောင်းခံဘုရားများတွင် သဗ္ဗညုဘုရားလည်း တစ်ဆူအပါအဝင် ဖြစ်လေသည်။[၂]

သဗ္ဗညုလိုဏ်ဂူသည် ပုဂံဝန်းကျင်တွင် ထုထည် အကြီးမားဆုံး အဆောက်အအုံ ဖြစ်သည်။ ဘုံနှစ်ဆင့် ရှိသည်။ အောက်ဘုံတွင်လည်းကောင်း၊ အထက်ဘုံတွင် လည်းကောင်း၊ စိန်တောင် ထောင့်စေတီ၊ ပစ္စယာသုံးဆင့်တို့ဖြင့် တန်ဆာဆင်ထားသည်။ ဘုံနှစ်ခုစလုံးတွင် လေသာပြတင်း နှစ်ဆင့်စီ ရှိသဖြင့် နံရံအတွင်း၌ အလင်းရောင် ကောင်းစွာရနိုင်လေသည်။ ထိုလိုဏ်ဂူသည် ဖိနပ်တော်မှ ငှက်မြတ်နားအထိ ဉာဏ်တော် (၂၀၁) ပေ ရှိလေသည်။

အရှေ့ဘက် အာရုံခံမှာ အခြားဘက်များထက် ပို၍ ကျယ်ပြန့်သည်။ အတွင်းသို့ ဝင်လိုက်သော် အထက်တက်ရန် လှေကားမကြီးကို မြင်ရသည်။ လှေကားမကြီးအစ ဝဲဘက်ယာဘက်တွင် ဒွာရပါလ အစောင့် နတ်ရုပ်များသည် မုခ်ဝကို မျက်နှာမူ၍ မတ်တပ်ရပ်နေသည်။ လှေကားမကြီးအဆုံးတွင် အထပ်ငယ် တစ်ထပ်ရှိသည်။ ထို အထပ်ငယ်၌ အလယ်မဏ္ဍိုင်ကြီးကို စင်္ကြနှစ်ထပ် ပတ်ဝိုင်းထားသည်။ ထိုအထပ်ငယ်မှ တစ်ဆင့် နှစ်ဖတ် နံရံအတွင်း ဖောက်ထွင်းပြုလုပ်ထားသော လှေကားများဖြင့် ဆက်တက်လိုက်သော် အရှေ့ဘက် အာရုံခံအမိုးပေါ်ရှိ လေသာဆောင်သို့ ရောက်လိမ့်မည်။ ထိုမှ လှေကားဖြင့် အနောက်ဘက်တက်သော် ဂန္ဓကုဋိတိုက်တွင်း၌ တင်ပျဉ်ခွေ ရုပ်ပွားတော်ကြီးတစ်ဆူကို ဖူးတွေ့ရလိမ့်မည်။ ဤသည်မှာ တတိယထပ်ဖြစ်သည်။ ထိုအထပ်မှ ပုဂံပတ်ဝန်းကျင်ကို ကောင်းစွာ မြင်နိုင်သည်။

တတိယထပ် တစ်ဖက်တစ်ချက်ရှိ နံရံတွင်း လှေကားဖြင့် တက်ပြန်သော် စတုတ္ထအထပ်ငယ်သို့ ရောက်လိမ့်မည်။ ထိုအထပ်၏ အပြင်ဘက်အာရုံခံမှ နတ်လှေကားဖြင့် အပေါ်တက်ပြန်သော် ကွမ်းထောင် အထက်၌ကား စေတီပေါက်ထားလေသည်။ [၃]

သဗ္ဗညုလိုဏ်ဂူကို ခေတ်အဆက်ဆက် ကုသိုလ်ရှင်များက ထုံးသတ်ခဲ့လေ၍ ယခုအခါ အင်္ဂတေပန်းများ မပေါ်တော့ပြီ။ အနောက်ဘက် မျက်နှာအာရုံခံ အမိုးတွင်မူ ကျိုက်တငို ပန်းဝိုင်းများ ရှိနေသေးသည်။

လိုဏ်ဂူဘုရား၏ အနောက်ဘက် ဘုန်းကြီးကျောင်းဝင်းအထဲတွင် အလောင်းစည်သူမင်း၏ ကောင်းမှု ခေါင်းလောင်းတိုင်ကြီးများ ရှိသည်။ မူလက ကြေးစင်အချိန် တစ်သောင်းကို သွန်းသော ခေါင်းလောင်းကြီးကို ချိတ်ဆွဲထားခဲ့သော်လည်း ယခုအခါ မတွေ့နိုင်တော့ပေ။

ဂရို့ချိုးဘုရား[ပြင်ဆင်ရန်]

သဗ္ဗညုလိုက်ဂူနှင့် ကပ်လျက်ရှိသော ဂူဘုရားငယ်တစ်ဆူသည် ဂရို့ချိုးဘုရားဟု အမည်တွင်သည်။ အဆိုရှိသည်မှာ သဗ္ဗညုလိုဏ်ဂူကို တည်ဆောက်စဉ်က အုတ်တစ်သောင်းပါ အုတ်တစ်ဖိုလျှင် အုတ်တချပ်ကျဖြင့် ဂရို့ချိုးမှတ်ပြီး တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြတ်မင်းလှိုင်၏ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ (ပ-တွဲ) ၂၀၀၃-ခု၊ ဇန်နဝါရီလထုတ်
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  3. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ