ဦးပေါ်ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (ခေါ်) ဘိုးတော်ဦးဝိုင်း ၏ အိမ်တော်ပါ ငယ်ကျွန်ရင်းများအနက်မှ တစ်ဦးဖြစ်သည်။ ဘိုးတော်အလောင်းအလျာဖြစ်သော မောင်ဝိုင်း အိမ်နိမ့်စံဘဝကပင် ငမြတ်ထင်၊ ငစံရွေး စသောအိမ်တော်ပါ အမှုထမ်းများအနက် ပေါ်ဦးမှာ ဟာသဉာဏ်ရှိသူ ပညာရှိသူဖြစ်သည်။ ဦးပေါ်ဦးသည် လျှောက်ထုံးများထဲက ကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ဝန်ကြီးတစ်ပါးလည်း မဟုတ်ပါ။ ပြက်တီးပြက်ချော် နေတတ်သူလည်း မဟုတ်ပါ။ အားလုံးသည် စာရေးဆရာ ဖန်တီးချက်များသာဖြစ်သည်ဟု တင်နိုင်တိုး၏ အမတ်ကြီး ဦးပေါ်ဦးနှင့် သမိုင်းသုတေသနအမြင် တွင် အထောက်အထားခိုင်လုံစွာ ရေးသားဖေါ်ပြထားလေသည်။

(ပျော်တော်ဆက် သက်တော်ရှည်အမတ်မဟုတ် ဆိုသည်မှာ အငြင်းပွါးဖွယ်ကိစ္စဖြစ်သည်။ တင်နိုင်တိုး၏အမြင်ကို အမြင်အဖြစ်ဖြင့်သာယှဉ်တွဲဖေါ်ပြသင့်သည်။ အလွန်ခိုင်လုံသောအထောက်အထားများဖေါ်ထုတ်နိုင်ခဲ့ကြောင်း သေချာပါက အဆိုပါအထောက်အထားများအားလုံး ပြည့်စုံစွာ ပူးတွဲပါရှိသင့်သည်)

သမိုင်းသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ အမှာစာမှ[ပြင်ဆင်ရန်]

အမတ်ကြီးဦးပေါ်ဦး၏ အကြောင်းနှင့်ပတ်သက်၍ ဦးအောင်က လျှောက်ထုံးစာအုပ်များ ထုတ်ဝေခဲ့ဖူးသည်။ ထို့နောက် ပိဋကတ်ဆရာမြိုင်၊ စာတော်ပြန် ဆရာသိန်း၊ ဦးကျော်ထွန်းတို့က လျှောက်ထုံးစာအုပ်များ ဆက်လက်ထုတ်ဝေခဲ့ကြသည်။ မြန်မာလူမျိုးတို့သည် ဦးပေါ်ဦးအကြောင်း သက်ကြီးစကား သက်ငယ်ကြားဖြင့် ကြားဖူးနားဝရှိကြသည်။ မျက်မှောက်ခေတ်တွင်လည်း ယင်းစာအုပ်ပါ အကြောင်းအရာများကို ကိုးကားပြောဆိုနေကြဆဲ ဖြစ်သည်။ အမှန်တကယ်အားဖြင့် ဦးပေါ်ဦးသည် လျှောက်ထုံးစာအုပ်တွင် ပါသကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ထို့အတူ ဦးအောင် ဖော်ပြရေးသားထားသကဲ့သို့ ဝန်ကြီးတစ်ဦးလည်း မဟုတ်ပေ။ ဦးပေါ်ဦးသည် မြန်မာဘုရင်လက်ထက် နန်းတွင်းအဖွဲ့အစည်းတွင် မြေတိုင်အတွင်းဝန်တစ်ဦး မျှသာ ဖြစ်ပါသည်။

တင်နိုင်တိုးက အစဉ်အဆက် မှတ်သားလာခဲ့ပြီး ဦးပေါ်ဦးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သမိုင်းသုတေသနအမြင်ဖြင့် ချေဖျက်ထားသည်။ အချို့အချက်အလက်များကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပယ်ဖျက်ထားသည်။

တင်နိုင်တိုး၏ အမှာစာမှ[ပြင်ဆင်ရန်]

ဦးပေါ်ဦးသည် ပြင်ပလောကတွင် အမှန်တကယ်ရှိခဲ့ပါသည်။ သို့သော်ငြားလည်း ဦးပေါ်ဦးသည် လျှောက်ထုံးများထဲက ကဲ့သို့ ပျော်တော်ဆက် တစ်ဦးမဟုတ်ပါ။ ဝန်ကြီးတစ်ပါးလည်း မဟုတ်ပါ။ ပြက်တီးပြက်ချော် နေတတ်သူလည်း မဟုတ်ပါ။ အားလုံးသည် စာရေးဆရာ ဖန်တီးချက်များသာ။ သို့သော် စာအုပ်စာတမ်းအချို့တွင် ယင်းလျှောက်ထုံးများထဲမှ သမိုင်းအချက်အလက်များအား အကိုးအကား ပြုနေကြသည်ကို တွေ့နေရပါသည်။ ဤစာရေးသူအနေဖြင့် နောင်တစ်ချိန်တွင် လျှောက်ထုံးထဲမှ ဦးပေါ်ဦးကို စာဖတ်သူအများက အစစ်အမှန်ဟု ယုံကြည်သွားကြမည်ကိုလည်း စိုးရိမ်မိပါသည်။

သို့ကြောင့်လည်း အမတ်ကြီးဦးပေါ်ဦး၏ ဘဝသရုပ်မှန်နှင့် သူ၏ လျှောက်ထုံးများကို သမိုင်းသုတေသနအမြင်ဖြင့် ချဉ်းကပ်ကြည့်ရှုရန် ကြိုးစားဖြစ်ပါသည်။ (တင်နိုင်တိုး)

ဦးပေါ်ဦး အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

အမတ်ကြီး ဦးပေါ်ဦးသည် သက္ကရာဇ် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် (၂.မတ်လ.၁၇၆၀)ရက်၌ ရေဦးနယ်၊ တန့်ဆည်ရွာ(ယခု-တဇယ်)တွင် အဖဦးစံခိုင် နှင့် အမိဒေါ်ပိုးဇီမှ မွေးဖွားခဲ့သည်။ ဦးပေါ်ဦး၏ မျိုးရိုးသည် သူကြီးမျိုးရိုး ဖြစ်သည်။

ဦးပေါ်ဦး၏ ဇာတာခွင်
  • ဤတွင်လည်း မွေးနေ့ သက္ကရာဇ်အတိအကျ အမှန်ဖြစ်ကြောင်းကို-
  1. မောင်သုတ(ဗိုလ်မှူးဘသောင်း)၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့ (၃.မတ်လ.၁၇၆၀)ဟု ဖော်ပြထားသည်။ သို့သော် ဒေါ်ရီရီပြုစုသော မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်အရ ယင်းနေ့မှာ တနင်္ဂနွေနေ့မဟုတ်ဘဲ တနင်္လာနေ့ ဖြစ်နေသည်။
  2. ဒေါက်တာတိုးလှရက်ချုပ်စစ်တမ်းဆောင်းပါးတွင်မူ `တင်္ခဏုပတ္တိဉာဏ် ရှင်သန်လှသည်ဟု ကျော်ကြားခဲ့သော အမတ်ကြီး ဦးပေါ်ဦးကား ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်ဟု ပညာရှင်တို့က တညီတညွတ်တည်း ဆိုမိန့်ခဲ့ကြသည်။ ထိုအဆိုအမိန့်အရ ရက်ချုပ်ကို စစ်ဆေးကြည့်သောအခါ တနင်္ဂနွေနေ့မဟုတ်ဘဲ တနင်္လာနေ့ ဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ဖြစ်ရသည်မှာ လဆန်းနှင့် လဆုတ်လွဲမှား မှတ်သားမိသောကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အမတ်ကြီး၏ ရက်ချုပ်ကို ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက်၊ တနင်္ဂနွေနေ့ (၁၇.ဖေဖေါ်ဝါရီလ.၁၇၆၀)ဟု ပြင်ဆင်သတ်မှတ်မှ မှန်မည်ဖြစ်ပါသည်။
  3. စာဆိုတော်မောင်းထောင်ဦးကျော်လှ တစ်ကြိမ်တွင် အမတ်ကြီးဦးပေါ်ဦး၏ ဇာတိရပ်ရွာသို့ ရောက်ခဲ့လေရာ သံချိုတစ်ပုဒ်ကို အမှတ်တရ ရေးဖွဲ့ခဲ့လေသည်။ ယင်းသံချိုကို- `မွေးသက္ကရာဇ်ကယ်က၊ ဧဧက်ကယ်အံဧကာတဲ့၊ တစ်ထောင့်တစ်ရာနှစ်တစ်ခုရဲ့၊ ရတု နွေတန်ခူးတွင်မှ၊ ကြက်ဦးတွန်ရောင်ဖြူလင်းခဲ့၊ တနင်္ဂနွေရက်တွင်မှ၊ နေထွက်တွင် မြော်မြင်သွားသတဲ့၊ ထင်ရှားအောင် အထူးခေါ်သမုတ်တယ်၊ ဦးပေါ်ဦး သူ့နာမည်။´ ဟု အစပြုခဲ့ပေသည်။ သံချို၏ အလိုအရ အမတ်ကြီး ဦးပေါ်ဦး၏ မွေးသက္ကရာဇ်ကို ၁၁၂၁-ခု၊ နှောင်းတန်ခူးလ၏ တနင်္ဂနွေရက်တစ်ရက်ဟု ဆိုလိုဟန်ရှိပေသည်။
  4. ဆရာဒဂုန် ရေးသားပြုစုသော မြန်မာ့ရိုးရာ ကောဇာဂြိုဟ်စီးဂြိုဟ်နင်း ဗေဒင်ပညာစာအုပ် (တတိယတွဲ) ဗဟုသုတအဖြစ် မှတ်သားထားရန် ဇာတာများ ကဏ္ဍတွင် အမတ်ကြီး ဦးပေါ်ဦး၏ ဇာတာကို တွေ့ရှိရသည်။ ဇာတာတွင် သက္ကရာဇ် ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော်(၁)ရက်၊ (၃.မတ်လ.၁၇၆၀) ဟူ၍ ဖော်ပြထားသည်။ ဇာတာအနေအထားအရ တပေါင်းလဆန်း မဟုတ်ဘဲ လပြည့်ဝန်းကျင်ကို ရည်ညွှန်းနေပါသည်။ ထို့ကြောင့် မွေးသက္ကရာဇ်အမှန်မှာ ၁၁၂၁-ခု၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ တနင်္ဂနွေနေ့ ခရစ်သက္ကရာဇ် (၂.မတ်လ.၁၇၆၀)ရက်သာ ဖြစ်သင့်ပါသည်။ ဇာတာကို လေ့လာကြည့်လျှင် တနင်္ဂနွေဂြိုဟ်သည် ကုမ်ရာသီ၌ ရပ်တည်လျှက်ရှိပြီး လဂ်မှာ ပြိဿရာသီသို့ ရောက်ရှိနေပေရာ ဇာတာရှင်မှာ နေမွန်းတက်ဝန်းကျင်၌ ဖွားမြင်ကြောင်း မှန်းဆနိုင်ပါသည်။ မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် အမတ်ကြီး ဦးပေါ်ဦးကို နေမွန်းတက်ချိန်၌ ဖွားမြင်ကြောင်း ဖော်ပြထားပုံနှင့်လည်း ကိုက်ညီမှုရှိပါသည်။

မျိုးရိုးဆက်နွယ်[ပြင်ဆင်ရန်]

မောင်သုတ၏ စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ဦးပေါ်ဦး၏ မိဘမျိုးမည်အကြောင်း မှတ်သားချက် မတွေ့ရပါ။ သို့သော် သန်းဝင်းရှိန်၏ မြတ်ဗုဒ္ဓ အမွေတော်များစာအုပ် စာမျက်နှာ(၁၄၉)၌မူ ဦးပေါ်ဦး၏ မိဘများကို ဦးစံခိုင် နှင့် ဒေါ်ပိုးဇီတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖခင်ဘက်မှ မျိုးရိုးမှာ တန့်ဆည်ရွာသူကြီးမျိုး ဖြစ်သည်။ အမိ၏မျိုးရိုးမှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရွှေလင်းဆွဲရွာမှ ဖြစ်သည်။ ရွှေလင်းဆွဲရွာသူကြီး မိသားစုသည် သူကြီးအာဏာ အလုခံရသဖြင့် သူကြီးသစ်၏ရန်ကို ကြောက်ရွံ့ကာ ရေဦးနယ်၊ တန့်ဆည်ရွာသို့ တိမ်းရှောင်ခဲ့ကြသည်။ ယင်းမိသားစုနှင့်အတူ သူကြီးသမီး မပိုးဇီလည်း လိုက်ပါလာခဲ့၏။ မပိုးဇီ အရွယ်ရောက်လာသောအခါ တန့်ဆည်သူကြီးသား မောင်စံခိုင်နှင့် လက်ဆက်ခဲ့သည်။ မောင်စံခိုင်နှင့် မပိုးဇီမှ အမတ်ကြီးဦးပေါ်ဦး ဖြစ်လာမည့် မောင်ပေါ်ဦး ဖွားမြင်ခဲ့သည်။ သို့ုဖြစ်၍ ဦးပေါ်ဦးကို တည့်ဆည်ရွာသူကြီး မျိုးရိုးဟု ဆိုနိုင်ပါသည်။

မွေးချင်းများ[ပြင်ဆင်ရန်]

ဦးပေါ်ဦးတွင် ဦးတုတ်ကြီး ဆိုသူ အစ်ကိုတစ်ဦးရှိကြောင်း သန်းဝင်းရှိန်၏ မြတ်ဗုဒ္ဓ အမွေတော်များစာအုပ်က ဆိုပါသည်။ သို့သော် အမည်သာပါပြီး အခြားအမှတ်အသား တစ်စုံတစ်ရာမတွေ့ရပေ။ ပုဂံမင်းလက်ထက် ခရစ်နှစ်၁၈၅၁-ခုနှစ်တွင် မင်းလှသီရိသီဟသူ ရေးသားပြုစုခဲ့သည့် `စာဆိုတော်သံဃာတော်တို့စာရင်း´ ပေမူအရ ဆိုပါလျှင် ဦးပေါ်ဦး၌ ဒေါ်နီဆိုသည့် အစ်မတစ်ယောက်ရှိသေးကြောင်း သိရသည်။ ဒေါ်နီသည် တတိယကျော်အောင်စံထား ဆရာတော် လူထွက် ဦးလွန်းပေါ်နှင့် စုံဖက်ခဲ့၏၊ သို့သော် ၁၇၉၈-ခုနှစ်တွင် ဒေါ်နီ သီလရှင်ဝတ်သွားပါသည်။

ဦးပေါ်ဦး၏အစ်မ ဒေါ်နီနှင့်ပတ်သက်၍ တတိယကျော်အောင်စံထား ဆရာတော်၏ ထေရုပ္ပတ္တိတွင် အတော်အတန် သိရှိရပါသည်။ ဒေါ်နီသည် တစ်ခုလတ်အမျိုးသမီး ဖြစ်ပြီး ၁၇၉၃-ခုနှစ်တွင် ငစင်ရိုင်းရွာသူကြီး ဦးရွှေပေါ်နှင့် ဒေါ်အေးသာတို့၏သား ရဟန်းလူထွက် ဦးလွန်းပေါ်နှင့် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဦးလွန်းပေါ်မှာ ထိုစဉ်က လွှတ်တော်စာရေး အဖြစ်အမှုထမ်းနေဆဲ ဖြစ်သည်။ သို့သော် ဦးလွန်းပေါ်သည် ဒေါ်နီနှင့် ငါးနှစ်မျှသာ ပေါင်းသင်းပြီး ၁၇၉၈-ခုနှစ်၌ ရဟန်းဘောင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ၁၈၃၉-ခုနှစ်တွင် ဒေါ်နီ၏ခင်ပွန်းဖြစ်ခဲ့သူ တတိယကျော်အောင်စံထား ဆရာတော် ရှင်ရဝသာမိ ပျံလွန်တော်မူသည်။ ဒေါ်နီသည် ဦးလွန်းပေါ်နှင့် သားသမီး မထွန်းကားခဲ့ပေ။

Who's who in Burma(Myanmar)စာအုပ် စာမျက်နှာ(၁၁၂)တွင် သာယာဝတီမင်းလက်ထက် ရွှေလှံဝန်ကြီး ဦးစိုသည် အမတ်ကြီးဦးပေါ်ဦးနှင့် ညီအစ်ကို တော်စပ်သူဟု မှတ်သားဖွယ် တွေ့ရှိရသည်။ သို့သော် ညီအစ်ကိုအရင်းအချာ မဟုတ်ဘဲ ဝမ်းကွဲညီအစ်ကို တော်စပ်သူသာ ဖြစ်ဟန်တူသည်။ ဦးစိုသည် အိမ်ရှေ့ရုံးစာရေးကြီး ဦးဘော်၏သား ဖြစ်သည်။ ၎င်းဦးဘော်သည် ဦးပေါ်ဦး၏ ဖခင်(သို့မဟုတ်)မိခင် နှင့် မောင်နှမတော်စပ်သူ ဖြစ်ပေလိမ့်မည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးပေါ်ဦးသည် ငယ်စဉ်က တန့်ဆည်ရွာတွင် နေထိုင်ပြီး အရွယ်ရောက်သောအခါ မိမိတို့မိသားစုအား ပစ်ပယ်ထားသော အဘိုးဖြစ်သူ တည့်ဆည်ရွာသူကြီးကို စိတ်နာသဖြင့် ရွှေဘိုသို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုပေသည်။ သူသည် ရွှေဘိုတွင် ရဟန်းဝတ်ကာ စာပေကျမ်းဂန်များ လေ့လာဆည်းပူးခဲ့သည်။ ဦးပေါ်ဦး လျှောက်ထုံးတစ်နေရာ၌ ရဟန်းသုံးဝါ ရခဲ့ကြောင်း တွေ့ရသည်။ ထူးချွန်စွာ လေ့လာပြီးသောအခါ ဗဒုံမင်းသား(ဘိုးတော်ဘုရား)နှင့် အဆက်အသွယ်ရကာ လူထွက်၍ အိမ်တော်၌ သွားရောက်အမှုထမ်းခဲ့သည်။

ဗဒုံမင်းသားထံ အမှုထမ်းစဉ် ဗဒုံမင်းသားမှာ ရာထူးကျလျက် စစ်ကိုင်းဘက်တွင် နွမ်းပါးစွာ နေထိုင်ရချိန်ဖြစ်သည်။ မော်ပီဆရာသိန်း၏ ပါးစပ်ရာဇဝင်စာအုပ်အရ ဗဒုံမင်းသား၏ အိမ်တော်၌ အမှုထမ်းရွက်ရသည့် မောင်ကျော်ရွေးက မန်ကျည်းရွက်နုခူးပေးရပြီး မောင်ပေါ်ဦးက ရောင်းချရကြောင်း၊ မောင်မြတ်ထင်က ဗန်းမော်ကောင်းတုန် အရောက် လှေထိုးလိုက်ကာ ဗဒုံမင်းသား မိသားစုကို ကျွေးမွေးပြုစုရကြောင်း ဆိုပါသည်။ ပါးစပ်ရာဇဝင်ဆိုသည့်အတိုင်း မည်မျှမှန်ကန်သည်ကို မသိရပေ။ ထိုစဉ်က ဦးပေါ်ဦးအသက်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိပါသေးသည်။ ဦးပေါ်ဦး အနေဖြင့် စစ်ကိုင်း၌ ညှိုးငယ်စွာနေရသော ဗဒုံမင်းသား၏ အိမ်တော်သို့ မည်သို့မည်ပုံ ရောက်လာခဲ့သည်ကိုမူ အထောက်အထား မတွေ့ရပေ။

မင်းမှုထမ်းအစ[ပြင်ဆင်ရန်]

၁၇၈၂-ခုနှစ် ဗဒုံမင်းသား ဘုရင်ဖြစ်လာသောအခါ မဟာဇေယျသူရသင်္ခယာဘွဲ့ နာခံတော်ရာထူး ခန့်အပ်ခံရကြောင်း ဆိုပါသည်။ ဤအဆိုမှာ ကဝိသေတ္တုမဥ္ဇူသာကျမ်း လာဖြစ်သည့်အလျောက် များစွာသံသရ ဖြစ်ဖွယ်ရှိပါသည်။ အထောက်အထား အခိုင်အမာ သိရှိရသော ရာထူးမှာ မြေတိုင်ရာထူးသာ ဖြစ်ပါသည်။ မြေတိုင်းမဟုတ်ပါ။

မြေတိုင်ဟူသည် မြို့ရွာအုပ်ချုပ်သူ အရာရှိဖြစ်၏။ အချို့မြို့ရွာများတွင် သူကြီးအစား မြေတိုင်ကို တွေ့ရှိရပြီး အချို့ဒေသများ၌ မြေတိုင်ကို သူကြီးလက်အောက်ခံ ရာထူးအဖြစ် တွေ့ရှိရလေသည်။ ကုန်းဘောင်ခေတ်ဦးကာလတွင် စလေ၊ မက္ခရာ၊ မြစ်သား စသည့်မြို့များ၌ မြေတိုင်သူကြီးများ အုပ်ချုပ်ခဲ့ကြပါသည်။ ဗဒုံမင်းလက်ထက်တွင် ရှေးကရှိခဲ့ဘူးသော မြို့သူကြီးနှင့် မြေတိုင်ရာထူးနှစ်ခုကို အဆင့်တူပေါင်းစပ်ကာ တစ်ဦးတည်း ထားရှိသတ်မှတ်ခဲ့သည်။ သို့သော် ယင်းသို့ သတ်မှတ်လိုက်သည့်တိုင် မြေတိုင်ရာထူးကို မြို့ငယ်များနှင့် ကျေးရွာများ၌ တွေ့ရှိနေရဆဲဖြစ်သည်။

တစ်ခါတရံ မြို့ရွာတစ်ခုတည်း၌ပင် ပြည်စိုးနှင့် မြေတိုင်ဟူ၍ သူကြီးမျိုးရိုးနှစ်မျိုးကို တွေ့ရှိရ တတ်ပါသေးသည်။ ၁၄.မေ.၁၇၉၅-ခုနှစ်တွင် ရတနာသိင်္ဃ(ရွှေဘို)မြို့၌ ပြည်စိုးနှင့် မြေတိုင်သူကြီးမျိုးရိုးနှစ်မျိုး ရှိနေ၍ အမိန့်တော်ဖြင့် တားမြစ်ခဲ့ရသည်။ ဦးပေါ်ဦးသည် တန့်ဆည်ရွာသူကြီး အဆက်အနွယ်မှ ပေါက်ဖွားလာသူ ဖြစ်သဖြင့် မြေတိုင်ရာထူးကိုသာ ဦးစွာရရှိခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် မြေတိုင်အမတ်ဟူ၍ အမည်တွင်လာခြင်း ဖြစ်၏။ မြေတိုင်ရာထူးရရှိပြီးမှသာ အဆင့်ဆင့်ရာထူးတိုးမြှင့် ခန့်ထားခံရခြင်းဖြစ်ဖြစ်ပေလိမ့်မည်။

  • စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်တွင် ၁၇၈၂-ခုနှစ်၊ ဘိုးတော်ဘုရားနန်းတက်စ၌ ဦးပေါ်ဦးကို မဟာဇေယျသူရသင်္ခယာဘွဲ့ဖြင့် နာခံတော်ရာထူး ခန့်အပ်ခံရကြောင်း ကဝိသေတ္တုမဥ္ဇူသာကျမ်းကို ကိုးကားလျက် ဖော်ပြခဲ့သည်။ ဘိုးတော်ဘုရား၏ အမိန့်တော်များကို ဒေါက်တာသန်းထွန်း၏ Royal Orders of Burma(Myanmar)တွင် လေ့လာကြည့်သောအခါ ခရစ်နှစ် ၁၈၀၀-ပြည့်နှစ် မတိုင်မီအထိ အမှုထမ်းခဲ့သော နာခံတော်များစာရင်းကို အောက်ပါအတိုင်း တွေ့ရသည်။
  1. ကျော်စွာနော်ရထာ(၁၂.၉.၁၈၀၆ကွယ်လွန်)
  2. ဇေယနော်ရထာ
  3. ဇေယသိင်္ခသူ
  4. နေမျိုးသင်္ကြန်
  5. နန္ဒမိတ်စည်သူ
  6. သီရိနန္ဒမိတ်ကျော်ထင်
  7. သီဟနော်ရထာတို့ ဖြစ်ကြသည်။

ယင်းစာရင်းတွင် ဦးပေါ်ဦးရရှိခဲ့သည်ဆိုသော မဟာဇေယျသူရသင်္ခယာ ဘွဲ့မည်ကို မတွေ့ရှိရပေ။ ထို့ကြောင့် အမတ်ကြီးဦးပေါ်ဦးသည် ယင်းဘွဲ့ဖြင့် နာခံတော်ရာထူး ရရှိခဲ့ခြင်း မရှိဟု မှတ်ယူမိပါသည်။

မြေတိုင်အတွင်းဝန်[ပြင်ဆင်ရန်]

ဦးပေါ်ဦးသည် အိမ်တော်ပါအမှုထမ်းဟောင်း တစ်ဦးဖြစ်သည့်အားလျော်စွာ ဗဒုံမင်းနန်းတက်လာပြီး များမကြာမီ၌ အတွင်းဝန်ရာထူး တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ အတွင်းဝန်ရာထူး ရရှိလာပြီးနောက် မြေတိုင်အမတ်ဟူ၍၎င်း၊ မြေတိုင်အတွင်းဝန်ဟူ၍၎င်း ခေါ်ဝေါ်ခြင်း ခံရသည်ကို တွေ့ရှိရသည်။

ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များ[ပြင်ဆင်ရန်]

ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များသည် ကိုလိုနီခေတ်ကာလတွင် အရောင်းရ အတွင်ကျယ်ဆုံးသော စာအုပ်များ ဖြစ်ခဲ့သည်။ ဦးပေါ်ဦး လျှောက်ထုံးစာအုပ်များကို အဓိကရေးသားပြုစုခဲ့ကြသူများနှင့် စာအုပ်အမည်များမှာ-

  1. ဦးအောင် - ကဝိသေတ္တုမဉ္ဇူသာကျမ်း (ပထမတွဲ)
  2. ပိဋကတ်ဆရာမြိုင် - ဝန်ရှင်တော်အမတ်ကြီး ဦးပေါ်ဦးလျှောက်ထုံး (ပထမတွဲ)၊ (ဒုတိယတွဲ)
  3. စာတော်ပြန် ဆရာသိန်း - ကဝိသေတ္တုမဉ္ဇူသာကျမ်း (ဒုတိယတွဲ)
  4. ဦးကျော်ထွန်း - ကဝိစက္ခုပဿဒကျမ်း တို့ ဖြစ်သည်။ [၁]

ထို့အပြင်-

  1. ဦးပေါ်ဦး၏ စကားအလင်္ကာ
  2. ရဲဘော်ကျော်ဆန်း - ရဟန်းပညာရှင်၊ လူပညာရှင်များနှင့် အမတ်ကြီး ဦးပေါ်ဦး လက်ရွေးစင်ဟာသများ
  3. မြန်မာမြေ သိန်းလွင် - ဦးပေါ်ဦး၏ စကားပညာ တို့ ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ အမတ်ကြီး ဦးပေါ်ဦးနှင့် သမိုင်းသုတေသနအမြင်