စုဖုရားကြီး
ထိပ်စုဖုရားကြီး | |||||
---|---|---|---|---|---|
မြန်မာပြည်၏မိဖုရားခေါင်ကြီး | |||||
နန်းသက် | ၃၀ အောက်တိုဘာ ၁၈၇၈ - ၁၂ ဧပြီ ၁၈၇၉ | ||||
ရှေ့မင်းဆက် | သီရိပဝရမဟာရာဇိန္ဒာ ရတနာဒေဝီ | ||||
Successor | သီရိပဝရတိလောကမင်္ဂလာမဟာရတနာဒေဝီ | ||||
မွေးဖွား | ၁၈၅၄ မန္တလေးမြို့ | ||||
ကွယ်လွန် | ၂၅ ဖေဖော်ဝါရီ၊ ၁၉၁၂ | (အသက် ၅၇–၅၈)||||
အိမ်ထောင်ဖက် | သီပေါမင်း | ||||
| |||||
စံအိမ် | ကုန်းဘောင်ခေတ် | ||||
ခမည်းတော် | မင်းတုန်းမင်း | ||||
မယ်တော် | ဆင်ဖြူမရှင် | ||||
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
စုဖုရားကြီးသည် သီပေါမင်း၏ မိဖုရားခေါင်းတစ်ပါးဖြစ်ခဲ့ကာ မင်းတုန်းမင်းတရားကြီးနှင့် ဆင်ဖြူမရှင်မိဖုရားကြီး၏ သမီးတော်ကြီးဖြစ်သည်။ မြန်မာ့ သမိုင်းတွင် သီပေါမင်း၊ စုဖုရားလတ်တို့နှင့် တွဲကာ ထင်ရှားကျော်ကြားခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ဖွားမြင်ခြင်း
[ပြင်ဆင်ရန်]မင်းတုန်းမင်းနှင့် အလယ်နန်းစံ ဆင်ဖြူမရှင်မိဖုရားကြီးတို့မှ ဖွားမြင်သော သားတော်၊ သမီးတော် (၆)ပါးအနက် အကြီးဆုံးဖြစ်သည်။
မိဖုရားဖြစ်လာခြင်း
[ပြင်ဆင်ရန်]စုဖုရားကြီးသည် သီပေါဘုရင် နန်းတက်စဉ်က အဂ္ဂမဟေသီ တောင်နန်းမတော်မိဖုရားကြီး အဖြစ်ဖြင့် မဟေသီ ဘိသိက်ခံခဲ့သူ ဖြစ်သည်။ သူသည် ဝိပဿနာ ကျမ်းကို ပြုစုခဲ့သော စာဆိုမိဖုရားကြီးလည်း ဖြစ်သည်။ သို့သော် မြန်မာ့သမိုင်း၌ စုဖုရားကြီး အကြောင်းကား မမှေးမှိန်သင့်ဘဲ မှေးမှိန်နေရသည်။
သီပေါဘုရင်ကား အခြားဘုရင်များထက် ထူးကဲစွာ မိဖုရား နှစ်ပါးကို နန်းမတော် မိဖုရား များ အဖြစ် တစ်ချိန်တည်း တစ်ပြိုင်တည်း မဟေသီ ဘိသိက် ခံစေကာ မိဖုရားမြှောက်ခဲ့သူ ဖြစ်သည်။ စုဖုရားကြီးကို တောင်နန်းမတော် အဖြစ်ဖြင့် လည်းကောင်း၊ စုဖုရားလတ်ကို မြောက်နန်းမတော် အဖြစ်လည်းကောင်း ထားကာ တစ်ပြိုင်တည်း တစ်ချိန်တည်း မဟေသီ ဘိသိက်သဘင် ဆင်ယင် ကျင်းပခဲ့သည်။
ယင်းစုဖုရား ကြီးနှင့် စုဖုရားလတ် မိဖုရား နှစ်ပါးတို့၏ မဟေသီ ဘိသေက ပွဲသဘင် အခမ်းအနား အကြောင်းကို ပုဂံဝန်ထောက် ဦးတင်က သူ၏ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်း ဒုတိယတွဲ၌ -
၁၂၄၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ( ၇ ) ရက် နေ့တွင် သီပေါမင်းသားသည် ရှင်ဘုရင် ဖြစ်သည်။ ၁၂၄၀ ပြည့်နှစ်၊ တန်ဆောင်မုန်း လဆန်း ( ၁၃ ) ရက် နေ့၊ ညနေ ( ၄ ) ချက်တီးကျော် ( ၂ ) မောင်းတွင် မှန်နန်းတော် ဘမရာသန ရာဇပလ္လင်တော်ထက် မိဖုရားနှစ်ပါး အရှေ့သို့မူလျက် လက်ယာဘက်က ထိပ်စုဖုရားကြီး၊ လက်ဝဲဘက်က ထိပ်စုဖုရားလတ် စံနေပြီးလျှင် မိဖုရားနှစ်ပါး မဟေသီ ဘိသိက် ခံစေသည်။
မိဖုရားကြီးနှစ်ပါး ထားပုံကိုလည်း ထိုအခမ်းအနားတွင် ရတုများ ဖတ်ကြား လျောက်ထားရသည်။ ဘိသိက်ခံဆဲအခါမှာ တောင်နန်းတော်တွင် ရှင်ဘုရင်စံတော်မူသည်။
မိဖုရားကြီး နှစ်ပါး တင်ထား သေချာသည့် အတွက် နန်းမတော်ဝန်နှစ်ယောက် ခန့်ထားရသည်။ အဝမြို့တော် ဦးဖိုးရောက်ကို အဝမြို့ဝန်အရာနှင့်လဲ၍ တောင်နန်းမတော်ဝန်ခန့်သည်။ နန်းမတော် ဆိုသည်ကား ဘိသက်ခံစဉ်အခါက လက်ယာဘက်က နေရသော ထိပ်စုဖုရားကြီးကို တောင်နန်းမတော် မခေါ်ဝံ့ကြရုံမက နန်းမတော် အခြေအနေ ကွယ်ပျောက်၍ ဦးဖိုးရောက်မှာ အဝမြို့ဝန်အရာလည်း လက်လွတ်၊ တောင်နန်းမတော်ဝန် အရာမှလည်း ဧးကျ ကျရှာတော့သည်။ ‘ဧးကျ’ ဆိုသည်မှာ အရာနုတ်သည်ဟု အမိန့်တော် မပြန်ဘဲ ဆောင်ရွက်မြဲ ဝတ္တရား မဆောင်ရွက်ရ လက်လွတ်ရသည်ကို ဆိုလိုသည်။ ထိပ်စုဖုရားကြီး မှာလည်း နန်းမတော်ဆောင်မှ မယ်တော် ဆင်ဖြူမရှင် အဆောင်သို့ ပြန်၍ စံနေတော်မူရသည်။
ဟူ၍ ကိုယ်တွေ့ အဖြစ်ဖြင့် ရေးသားဖော်ပြထားသည်။ ပုဂံဝန်ထောက်ဦးတင် ဖော်ပြသည့်အတိုင်း စုဖုရားကြီးမှာ အဂ္ဂမဟေသီ တောင်နန်းမတော် မိဖုရားခေါင်ကြီး အဖြစ် တင်မြှောက်ခြင်း ခံရသော်လည်း မိဖုရားခေါင်ကြီး ဖြစ်ဖို့ မဆိုထားဘိ၊ သာမန်မိဖုရားပင် ဖြစ်ခွင့် မရခဲ့ပေ။ စုဖုရားလတ်သည်သာ သီပေါမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့လေသည်။
စုဖုရားကြီး ကို မိဖုရားခေါင်ကြီး မဖြစ်အောင်၊ ယုတ်စွ အဆုံး နန်းမတော် အဆောင်၌ ပင် စုဖုရားကြီး မနေနိုင်အောင် စုဖုရားလတ်သည် နည်းအမျိုးမျိုး ဖြင့် ကြိုးစားခဲ့သည်။ နောက်ဆုံး စုဖုရားလတ်သည် အောက်လမ်း ဆရာများ၏ အကူအညီကို ယူကာ ကြိုးစားခဲ့သည်ဟု သမိုင်းမှတ်တမ်းအချို့က ဆိုသည်။
သို့ ဖြစ်ရာ နန်းမတော် အဆောင်တွင် ရှေ့ဆက်လက် နေထိုင်ပါက ဘေးအန္တရာယ် ပိုမိုများပြားလာမည် ဖြစ်သဖြင့် စုဖုရားကြီးသည် နန်းမတော်အဆောင်မှ မယ်တော် ဆင်ဖြူမရှင် မိဖုရားကြီး အဆောင်တော်သို့ ပြောင်းရွှေ့စံနေတော်မူခဲ့ရလေသည်။
၁၂၄၀ ပြည့်နှစ်က သီပေါမင်း၏ မိဖုရားခေါင်ကြီး မဖြစ်ခဲ့ရသော်လည်း စုဖုရားကြီးအဖို့ ၁၂၄၅ ခုနှစ်တွင် နောက်တစ်ကြိမ် မိဖုရားခေါင်ကြီး ဖြစ်ရန် အခွင့် ကြုံလာပြန်သည်။
သီပေါမင်းနှင့် စုဖုရားကြီး၊ စုဘုရားလတ် တို့ ကို မင်းမိဖုရားများအဖြစ် တင်မြှောက်ခဲ့ခြင်းမှာ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီးတို့၏ အစီအမံ ဖြစ်သည်။ ယင်းအစီအမံမှာ အောင်မြင်လည်း အောင်မြင်သည်။ သို့သော် ရာဇဘိသေက သဘင်၊ မဟေသီ ဘိသေက သဘင်များ ကျင်းပပြီးသည့်နောက်တွင် သမီးတော်နှစ်ပါးလုံး နန်းမတော် မိဖုရားများ မဖြစ်တော့ဘဲ စုဖုရားလတ် တစ်ဦးတည်းသာ နန်းမတော် မိဖုရားခေါင်ကြီး ဖြစ်နေသဖြင့် မယ်တော် ဆင်ဖြူမရှင်မိဖုရားကြီးမှာ ပထမဆုံး အကြိမ် စိတ်ပျက်ခဲ့ရသည်။ ထို့နောက် ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ကင်းဝန်မင်းကြီး တို့ အဖို့ မင်းမိဖုရား နှစ်ပါးအပေါ် စိတ်ပျက်စရာများနှင့် ဆက်ကာ ဆက်ကာ တွေ့ခဲ့ကြရသည်။ ယင်းအကြောင်းကို ဂန္ဓာလစက္ကဇာတိဋ္ဌဒီပနီကျမ်းတွင် - မယ်တော် ဖြစ်သော မင်းတုန်းမင်းတရားကြီး၏ အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရားကြီးသည် ဤသို့ အကြံဖြစ်လေသည်။ ငါသည် သီပေါဘုရင် နှင့် သမီးဖြစ်သော တောင်ညာစံ မိဖုရားကြီး ကို ကြီးကျယ်မြင့်မြတ်သော မင်း၏ အဖြစ်သို့ ရောက်စေခြင်းငှာ မင်းကြီးများနှင့် တိုင်ပင်ညှိနိုင်း၍ ကြံဖန် အားထုတ်သောကြောင့် မင်းမိဖုရား အဖြစ်သို့ ရောက်ကြသည်။ ယခု မင်းမိဖုရား အဖြစ်သို့ ရောက်ကြလျှင် ငါ၏ စကားလည်း နားမထောင်၊ ဆည်ပေါ် ငါးကျော်ဆိုသကဲ့သို့ သဘောရှိတိုင်းကိုသာ ပြောဆို နေထိုင် လုပ်ကိုင်ကြသည်။ ဤကဲ့သို့ လုပ်ကိုင် နေထိုင် ခံစားကြလျှင် ငါ အားထုတ်ရသော အကျိုး မရှိချေ။ ငါ၏ စကားကိုနာယူ၍ ငါ၏ ဩဇာရှိမှသာလျှင် ငါကြံစည်အားထုတ်သော အကျိုးရှိချေမည်ဟု သဘောထားပြီးလျှင် အင်္ဂလိပ်မင်းတို့၏ တိုင်းနိုင်ငံတွင်း၌ ရှိနေသော ညောင်ရမ်းမင်းသားကို ဆောင်ယူ၍ သမီး အကြီး ဖြစ်သော စုကြီးနှင့် လက်ထပ်ပြီးလျှင် ထီးနန်းတင်ရသော် ငါ၏ ဩဇာကို နာခံယူဖွယ်ရာ အကြောင်းရှိ၏ ဟု မင်းကြီးများနှင့် တိုင်ပင်ညှိနှိုင်းသည့်အတိုင်း ညောင်ရမ်းမင်းသားကြီးသည် မကျန်းမမာ ရောဂါ ဝေဒနာ ကပ်ရောက်ပြီးလျှင် စုတိကျ၍ ဘဝပြောင်းသွားလေ၏။ ညောင်ရမ်းမင်းသားကြီး မရှိလျှင် ညီတော် ဖြစ်သော ညောင်အုပ်မင်းသားကို ဆောင်ယူပြီးလျှင် သမီးအကြီး ဖြစ်သော စုကြီးကို တောင်ညာတင်၍ ညောင်အုပ်မင်းသားကို နန်းတင်ရလျှင် ကောင်း၏ဟု အကြံဖြစ်၍ မင်းကြီးများနှင့် တိုင်ပင်ပြန်လေသည်။ မင်းကြီးများကလည်း အရှင်သဘောတော်ကျလျှင် ကောင်းပါ၏ ဟု တင်လျှောက်ကြသောအခါ ဆင်ဖြူရှင်မိဖုရားကြီးက ညောင်အုပ်မင်းသား ထံ တင်ဘျှောက်ရန် စာနှင့်တကွ တမန်စေလွှတ်လိုက်၏။ စသည်ဖြင့် အကျယ်တဝင့် ဖော်ပြထားသည်။ ဂန္ဓာလစက္ကဇာတိဋ္ဌဒီပနီကျမ်း မှာ အာစရာဘိဓဇသီရိပဝရ ရာဇဂုရု တံဆိပ်တော်ရ ဗန်းမော်မြို့ သိမ်တော်ဆရာတော် အရှင်အာဓရ ပြုစုသော ကျမ်း ဖြစ်သည်။ ယင်းဆရာတော် အရှင်အာစာရမှာ သစ်ဆိမ့်ဆရာတော်၏ တူဖြစ်၍ မင်းတုန်းမင်းတရားကြီး ပဉ္စမ သင်္ဂါယနာကျောက်ထက် အက္ခရာတင်စဉ်က ကျောက်စာကြပ် အဖြစ် တာဝန်ယူခဲ့ရသော ဆရာတော် ဖြစ်သည်။ ထိုအချိန်က ညောင်အုပ်မင်းသားမှာ ကာလကတ္တားမြို့တွင် စံနေတော်မူသည်။ သို့သော် ဆင်ဖြူမရှင် မိဖုရားကြီး ပေးလိုက်သောစာသည် ညောင်အုပ်မင်းသားထံသို့ မရောက်ဘဲ စလေဒင်လက်ထဲသို့ ရောက်သွားသည်။ ဆင်ဖြူမရှင်နှင့် ကင်းဝန်မင်းကြီးတို့၏ နန်းတွင်း နိုင်ငံရေး လှည့်ကွက်ကို စလေဒင် သိရှိသွားခြင်းမှာ ‘ဗမာအခက်သည် အင်္ဂလိပ်အချက်’ ဖြစ်ဖို့ အကွက်ကောင်း ဝင်သွားခြင်းပင် ဖြစ်၏။ ထို့ကြောင့် တတိယအင်္ဂလိပ် - မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ဝန်ထောက် ဦးအုန်း၏ သား မောင်ဘသန်းဆိုသူကို ညောင်အုပ်မင်းသား အသွင့် ဝတ်ဆင်စေကာ အင်္ဂလိပ်တို့၏ သင်္ဘောပေါ်၌ တင်ဆောင်ခေါ်ငင်လာခဲ့သည်။ ကင်းဝန်မင်းကြီးထံသို့လည်း ‘ညောင်အုပ်မင်းသားကြီး ချီတက်လာပြီ ဖြစ်ကြောင်း’ အကြောင်းကြားထားသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း မန္တလေးဆိပ်ကမ်းသို့ အင်္ဂလိပ်စစ်တပ်များ ဆိုက်ရောက်လာသောအခါ ၌ ကင်းဝန်မင်းကြီးက သူ၏ လူယုံတစ်ယောက်အား ကမ်းနားသို့ စေလွှတ်ကာ ‘ညောင်အုပ်ကိုယ်တော်ကြီး တကယ်ပါ၊ မပါ’ အြကည့်ခိုင်းလိုက်သည်။ ယင်းလူယုံတော်အား နောင်ဗြိတိသျှ တို့လက်ထက်၌ ပုဂံဝန်ထောက် ဦးတင်ဟု ထင်ရှားလာမည့် လွှတ်စာရေး မောင်တင် ဖြစ်ကြောင်း စတုတ္ထသမီးတော်က သူ၏ ‘အရေးတော်ပုံစာတမ်း’ ၌ ဖော်ပြထားသည်။ ထိုအချိန်က ညောင်ရမ်းမင်းသား သို့မဟုတ် ညောင်အုပ်မင်းသားသည် အင်္ဂလိပ်စစ်တပ်များနှင့် အတူ မန္တလေးရွှေမြို့တော်သို့ ပါလာသည်ဟူသော သတင်းမှာ ထိပ်တန်းလျှို့ဝှက် နိုင်ငံ ရေးသတင်း အြဖစ်ဖြင့် နန်းတော်တွင်း၌ ပျံ့နှံ့နေဟန်တူသည်။ အင်္ဂလိပ်တို့၏ လက်သို့ သီပေါဘုရင် ပါတော်မူ၍ သင်္ဘောပေါ်သို့ ရောက်ရှိနေသည့်တိုင်အောင် ထိုသတင်းသည် အချို့နန်းတွင်း သူ နန်းတွင်းသားများ အဖို့ ဇဝေဇဝါ ဖြစ်နေတုန်းပင် ရှိသေးသည်ဟု ယူဆရသည်။ အဘယ့်ကြောင့် ဆိုသော်… သီပေါဘုရင်သည် ရေဆိပ်သင်္ဘောပေါ်တွင် ရှိနေစဉ် ပင်းယ မင်းသမီးက အခြား သင်္ဘောတစ်စင်းဦးတွင် ရှိသူမှာ ညောင်ရမ်းမင်းသား ဟု ပြောကြကြောင်း၊ သီပေါဘုရင်ကို နန်းချပြီး ညောင်ရမ်းမင်းသားနှင့် ထိပ်စုဘုရားကြီးကို လက်ဆက်ပြီး နန်းတင်မည် ဟု ပြောကြပါကြောင်း လျှောက်ထားလေ၏။ ထိုအခါ သီပေါဘုရင် သည် ကိုယ်တော်တိုင် ထ၍ သင်္ဘောခန်း တရုတ်ကပ်ကို လှန်၍ ကြည့်ရှုတော်မူပြီး ‘နောင်တော် ညောင်ရမ်းမင်း မဟုတ်ပါဘူး။ ငါ့နောင်တော် ငါသိပါတယ်။ ဘယ်က လူမှန်းမသိ’ ဟူ၍ ‘ပါတော်မူ အရေးတော်ပုံ’ ၌ ဖော်ပြထားသောကြောင့် ဖြစ်သည်။ ဤတစ်ကြိမ်၌လည်း စုဘုရားကြီးမှာ မိဖုရားခေါင်ကြီး မဖြစ်ရဘဲ ကံချော်ခဲ့ရပြန်သည်။
ကံတော်ကုန်ခြင်း
[ပြင်ဆင်ရန်]စုဘုရားကြီးသည် မယ်တော် ဆင်ဖြူမရှင် ကံကုန်ပြီးနောက် ဝင်ဆာလမ်း ( ယခု ရှင်စောပုလမ်း ) စံအိမ်တော်မှ မင်းကွန်းသို့ ပြောင်းရွှေ့၍ သီလရှင်ဘဝဖြင့် ၁၉၁၂ ခု၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကံကုန်ခဲ့လေသည်။
ကျမ်းကိုးစာရင်း
[ပြင်ဆင်ရန်]( က ) မြင့်ဆွေ ‘မိဖုရားခေါင်ကြီး ဖြစ်ခွင့် မရရှာသော မိဖုရားခေါင်ကြီး’ မြဝတီ မဂ္ဂဇင်း၊ တွဲ ၃၀၊ မှတ် ၃ ( ၁၉၈၂ ခု၊ ဇန်နဝါရီလ ) စာ ၂၉၊ ၃၃။
( ခ ) ‘မြတောင်သာသနာနှစ် ၁၀၀’၊ မန္တလေးမြတောင်တိုက်၊ ပြကိမ်၊ ၁၉၈၃ ခု၊ ဇန်နဝါရီလ။