စန္ဒကူးကျောင်းတော်ရာဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
စန္ဒကူးကျောင်းတော်ရာဘုရား

စန္ဒကူးကျောင်းတော်ရာဘုရားသည် မကွေးတိုင်းဒေသကြီးပွင့်ဖြူမြို့ ကျောင်းတော်ရာမြို့သစ်တွင် တည်ရှိသည်။ ကျောင်းတော်ရာ စေတီတော်၏ အချိုးအစားမှာ အမြင့်ဉာဏ်တော် ၉၂ တောင်ထွာ၊ သပိတ်မှောက်အဝ (လုံးပတ်) ၈၈ တောင် ၂ မိုက်၊ ဖိနပ်တော်(အောက်ခြေ) အနားတစ်ဖက် ၇၅ တောင်ထွာ၊ ဖောင်းရစ်လုံးရေ ၂၇ လုံး၊ ကြာမှောက်ကြာလန် ၁၂ တောင်ထွာ၊ ချရားသီးလုံးပတ် ၁ဝ တောင် ၃ လက်မ၊ ချရားသီးအရပ် ၇ တောင်၊ ထီးတော်အဝ ၆ တောင်၊ ထီးတော်အရပ် ၁၅ တောင်၊ စေတီရံ ၁ဝ၄ ဆူ ပေါင်း ၁ဝ၈ ဆူ၊ မုခ်ဘုရား ၄ ဆူ ဖြစ်သည်။ ထီးတော်သုံးဆင့်ရှိရာ အထက်ဆုံးထီးတော်(အဆင့်)မှာ ငွေသား အစစ်ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား သာဝတ္ထိ၌ သီတင်းသုံးနေစဉ် သုနာပရန္တတိုင်းမှ မဇ္ဈိမသို့ ကုန်ရောင်းသွားကြသည့် ကုန်သည်အကြီးအမှူး မဟာပုဏ္ဏသည် တရားနာခွင့်ရခဲ့သည်။ ထို့နောက် လှည်းစခန်း၌ပင် ဆွမ်းချက်ကပ်လှူရာမှ ကုန်သည်တို့အပြန်တွင် မဟာပုဏ္ဏက ရဟန်းပြုကျန်ရစ်ခဲ့သည်။ မဟာပုဏ္ဏမထေရ်၏ ညီ စုဠပုဏ္ဏသူကြွယ်သည် ဝါဏိဇ္ဇဂါမရွာသား ငါးရာသော ကုန်သည်တို့နှင့်အတူ ကုန်ရောင်းဝယ်မှုအတွက် သမုဒ္ဒရာခရီးဖြင့် သင်္ဘောလွှင့်သွားကြလေသည်။ သင်္ဘောသည် မကြာမြင့်မီ သမုဒ္ဒရာ၏အလယ် စန္ဒကူးနီပင်များကို တွေ့မြင်ကြလေရာ အားရဝမ်းသာဖြင့် သင်္ဘောတွင်ပါသမျှကုန်တို့ကို ထိုကျွန်း၌ချပြီးမှ စန္ဒကူးနှစ်တို့ကို သာခုတ်ဖြတ်၍ သင်္ဘောအပြည့် တင်ဆောင်ထွက်လာကြ၏။

ကျွန်းမှဆုတ်ခွာ၍ အနည်းငယ်ကွာသောအရပ်သို့ ရောက်လျှင်ပင် စန္ဒကူးတောကို စိုးမိုးကြကုန်သော နတ်ဘီလူးတို့သည် ကောင်းကင်ခရီးဖြင့် လိုက်လာကြပြီးလျှင် လှိုင်းတံပိုးတို့ ထစေခြင်း၊ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်အဆင်းသဏ္ဌာန်၊ အသံ၊ အနံ့တို့ကိုဖြစ်စေခြင်းဖြင့် ဝိုင်းဝန်းချောက်လှန့်ကြကုန်၏။ ထိုအခါ စူဠပုဏ္ဏသူကြွယ်သည် နောင်တော် မဟာပုဏ္ဏမထေရ်အား တမ်းတတိုင်တန်းကာ ကူညီပါမည့်အကြောင်း တောင်းပန်လေသည်။ ထိုခဏ၌ပင်လျှင် မဟာပုဏ္ဏမထေရ်သည် ဒိဗ္ဗစက္ခုအဘိဉာဏ်ဖြင့် မြင်တော်မူ၍ ကောင်းကင်ခရီးမှ ကြွလာတော်မူပြီးလျှင် ညီတော်နှင့်တကွ ငါးရာသောရွာသားတို့အား ဝါဏိဇ္ဇဂါမသို့ ဘေးအန္တရာယ်မရှိစေဘဲ လျင်မြန်စွာခေါ်ဆောင်ခဲ့လေသည်။

မဟာပုဏ္ဏမထေရ်၏ ကျေးဇူးတော်ကြောင့် အသက်ဘေးမှ ချမ်းသာရာရသော ရွာသားတို့သည် စန္ဒကူးနှစ်တို့ကို အခြားပြုဖွယ်ကိစ္စ၌ မသုံးတော့ဘဲ မဟာပုဏ္ဏမထေရ်အား လှူဒါန်းလိုက်ကြ၏။ မဟာပုဏ္ဏမထေရ်လည်း မြတ်စွာဘုရားအားရည်မှန်း၍ စန္ဒကူးဖြင့်ပြီးသော ကျောင်းတော်ကို စီမံဆောက်လုပ်လေသည်။ ကျောင်းတော်မပြီးမချင်း မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်မှ ညချမ်းသောအခါတို့၌ ကျောင်းတော်ဆောက်ရာသို့ အကြိမ်ကြိမ်ကြွလာတော်မူပြီးလျှင် မြတ်သောဈာန်ချမ်းသာဖြင့် သီတင်းသုံးနေတော်မူလေသည်။ ကျောင်းတော်ပြီးစီးသွားသောအခါ မဟာပုဏ္ဏမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ကောင်းကင်ခရီးဖြင့်ကြွသွားတော်မူပြီးလျှင် မြတ်စွာဘုရားအား စန္ဒကူးနှစ်ကျောင်းတော်ကို အလှူခံတော်မူပါမည့် အကြောင်း ပင့်လျှောက်လေသည်။ မြတ်စွာဘုရားလည်း ပြာသာဒ်ယာဉ်ပျံ ၅ဝဝ တွင် ရဟန္တာငါးရားတို့အား အခြွေအရံပြုလျက် လိုက်ပါစေပြီး ကောင်းကင်ခရီးဖြင့် ကျောင်းတော်သို့ ကြွလာတော်မူခဲ့သည်။ ဂန္ဓာရုံကျောင်းတော်၌ ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေတော်မူပြီးလျှင် ရောက်လာကုန်သော ပရိသတ်တို့အား စရိုက်နှင့်လျော်စွာ ဒေသနာရေအေး တိုက်ကျွေးတော်မူလေသည်။ ထို့နောက် ဆွမ်းခံကြွတော်မူရာ နမ္မဒါမြစ်နားသို့ ရောက်တော်မူသည်။ ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းက ဘုရားသခင်အား ကိုးကွယ်ဆည်းကပ်ရန် တစ်စုံတစ်ရာကို ပေးသနားတော်မူခဲ့ပါရန် လျှောက်ထားသည့်အတွက် ခြေတော်ရာပါဒစေတီကို တည်ထားတော်မူခဲ့သည်။ ထိုစက်တော်ရာကို အောက်စက်တော်ရာဟုခေါ်သည်။ ထိုမှတစ်ဆင့် သစ္စဗန္ဓတောင်ထိပ်သို့ ကြွရောက်တော်မူပြန်ရာ သစ္စဗန္ဓရသေ့ လျှောက်ထားတောင်းပန်ချက် အရ စက်တော်ရာပါဒစေတီတစ်ဆူကို ချတော်မူခဲ့ပြန်သည်။ ဤဒုတိယခြေတော်ရာကို အထက်စက်တော်ရာဟု ခေါ်တွင်လေသည်။[၁]

နောက်ပိုင်းကျောင်းတော်ရာမှာ မဟာပုဏ္ဏထေရ်၏ အဓိဋ္ဌာန်ကြောင့် ကွယ်ပျောက်ခဲ့ရသည်ဟု ဆိုသည်။ သာသနာတော် ခေတ္တခဏကွယ်ပခဲ့သော် အဖိုးထိုက်တန်သော စန္ဒကူးသားဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကြီးအား သတ္တဝါများ လောဘ၊ မောဟ၊ ဒေါသ ဖုံးလွှမ်းကာ ဖျက်ဆီးယူငင်သုံးစွဲမိလျှင် အပါယ်လားကြမည်စိုးသဖြင့် ဖြစ်သည်ဟု ဆိုသည်။

သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်သို့ မြတ်စွာဘုရား ပြန်ကြွသွားတော်မူပြီး နောက်ကာလများတွင် မဟာပုဏ္ဏမထေရ်သည် ထိုကျောင်းတော်၌နေခဲ့ရလျက် ဘုရားရှင်အား အစဉ်ထာဝရသတိရ၍ ကြည်ညိုမှုပွားများရန် ရည်သန်လျက် 'မြတ်စွာဘုရား ကိန်းဝပ်တော်မူရာ သရက္ခန်ဂန္ဓာရုံ ကျောင်းတော်ရာ' ဟု ကမ္ပည်းကျောက်စာ ရေးထိုးထားတော်မူခဲ့လေသည်။ ထိုကာလမှနောက် ပုဂံပြည် အလောင်းစည်သူမင်းကြီးလက်ထက်သို့ ရောက်သောအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကန်၊ ချောင်း၊ ဆည်မြောင်း အသစ်အဟောင်း စုပေါင်းပြုပြင်၊ တိုင်းခွင်လှည့်လည်ခိုက်ကြုံ သည်နှင့် ဤလယ်ကိုင်းရှိ မပင်စယဆည်ကိုလည်း ပြန်လည်ဆည်ဖို့တော်မူလေသည်။ ဤသို့ ဆည်တော်ကိုပြုပြင်၍ မြောင်းတာအသစ်ကိုလည်း တူးဖော်မှု ဆက်လက်၍ပြုကြရာ မြောင်းတာတော်တစ်သောင်း အဆုံး၌ ကျောက်ထပ် မြက်နွယ်တို့ ဖုံးလွှမ်းနေသည်ကို ရှင်းလင်းလေလျှင် ညီညွတ်သောမြေပြင်ကုန်းမှ သခင်မဟာ ပုဏ္ဏမထေရ် ရေးထိုးခဲ့သော ကမ္ပည်းကျောက်စာကို တွေ့ရှိရလျှင် အလောင်းစည်သူမင်းကြီးသည် သက်တော်ထင်ရှား ဘုရားသခင်ကို ဖူးတွေ့ရသကဲ့သို့ များစွာဝမ်းမြောက်တော်မူလှ၍ ထိုကမ္ပည်းကျောက်စာနေရာ၌ မုခ်ထွတ် လေးမျက်နှာရှိသော စေတီတော်၊ ကျောင်း၊ သိမ်၊ စင်္ကြံစသည့် လေးဌာနတို့ကို တည်ထားဆောက်လုပ်တော်မူခဲ့သည်။ ဤကား ကျောင်းတော်ရာနေရာ၌ ပထမဆုံးစေတီ တည်ထားခြင်းပေတည်း။ ထို့နောက် မင်းအဆက်ဆက်တို့သည် အကြိမ်ကြိမ် ထပ်ဆင့် မွမ်းမံပြင်ဆင်တော်မူခဲ့ကြသည်။

ကျောင်းတော်ရာနေရာတွင် ပုဂံခေတ်ဦးကာလ ၁၀၉၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စေတီတော် တည်ထားကိုးကွယ်ခဲ့သည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင် ကျောင်းတော်ရာစေတီ ဟောင်းနွမ်းပျက်စီးလျက်ရှိရာ ၁၇၆၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အသစ်ထပ်မံပြုပြင်ခဲ့သည်။ ထို့နောက် ဘကြီးတော်လက်ထက် ၁၈၂၂ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ထပ်မံပြုပြင်ခဲ့သည်။ မင်းတုန်းမင်းလက်ထက် ၁၈၇၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ (မြန်မာ ၁၂၃၈ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၆ ရက်)တွင် မိုးလေသည်းထန်မှုကြောင့် ပြိုကျပျက်စီးခဲ့ရာ လယ်ကိုင်းမြို့ဇေယျဘုမ္မိ ဂိုဏ်း ထောက်ကြီး ဆရာတော်ဦးဘယသာမိ မေတ္တာစာရေးသွင်းချက်အရ မင်းတုန်းမင်းတရားကြီး၏ အမိန့်တော်နှင့် အဂ္ဂမဟာ သေနာပတိ ဘွဲ့ခံလယ်ကိုင်းမြို့စား ကင်းဝန်မင်းကြီးဦးကောင်းအား ကြီးကြပ်ပြင်ဆင်စေခဲ့သည်။ ကျောင်းတော်ရာဆရာတော် ဦးသုမနနှင့် ညှိနှိုင်းတိုင်ပင် ပြင်ဆင်မွမ်းမံခဲ့၍ ဖောင်းရစ်တော် ၁၈ လုံးမျှ အပြီး ထီးတော်မတင်ရသေးမီ မင်းတုန်းမင်းတရားကြီး နတ်ရွာစံရလေသည်။ ၁၂၄၂ ခုနှစ်တွင် သီပေါမင်းတရားသည် ကင်းဝန်မင်းကြီးကိုပင် ထပ်မံစေလွှတ်၍ စေတီတော်ကို အပြီးသတ်စေပြီးလျှင် ထီးတော်တင်ရလေသည်။ [၂]

ဘုရားပွဲတော်[ပြင်ဆင်ရန်]

ထိုကျောင်းတော်ရာ စေတီတော်မြတ်တွင် ယခင်က တစ်နှစ်လျှင် ပွဲတော်နှစ်ကြိမ် ခင်းကျင်းပြုလုပ်ခဲ့သော်လည်း ယခုအခါတွင် တပေါင်းလပြည့်နေ့ကစ၍ တပေါင်းလပြည့်ကျော် ၈ ရက်နေ့ထိ တစ်နှစ်လျှင်တစ်ကြိမ်သာ ပွဲတော်ခင်းကျင်းပြုလုပ်တော့သည်။ ကျောင်းတော်ရာ ရှေ့မုန်းမြစ်ကွေ့၌ တွေ့ရသော ငါးရာ တစ်ထောင်ကောင်ရေဖွဲ့စည်း အုပ်လိုက်ကြီးရှိသော ငထွေခေါ်သည့် ငါးများကို ဘုရားငါးခေါ်ကြသည်။ ထိုငါးများသည် နှစ်စဉ်ဝါဆိုလပြည့်နေ့ (ဝါထပ်သော ဒုတိယဝါဆိုလပြည့်နေ့)တွင် ရောက်လာကာ ဘုရားအနီး မုန်းမြစ်ထဲ၌ စုဝေးနေကြပြီးနောက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် နှစ်စဉ်မှန်မှန်ပြန်ကြသည်။ ထိုငါးများကို ဖမ်းဆီးစားသောက်သူများသည် ဝမ်းသွားသွေးအန် အသေမြန်ကြ၍ ယင်းတို့အား ဖမ်းဆီးသတ်ဖြတ်မည်ကြံလျှင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့အား အိပ်မက်ပေး၍ လိုက်အပို့ခိုင်းခြင်းဖြင့် သေဘေးမှလွတ်မြောက်အောင် ကြံဆောင်နိုင်ကြသည်ဟု ဆိုလေသည်။ ထိုငါးများသည် စန္ဒကူးသစ်များ သင်္ဘောဖြင့် သယ်ဆောင်လာကြစဉ် ငါးအသွင် ပြောင်းလဲလိုက်ပါလာကြသည့် အစောင့်ဘီလူးများ ဖြစ်သည်ဟု ယုံကြည်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. တင်နိုင်တိုး (စက်တင်ဘာ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၁၂၆။