မာရ်အောင်မြင် ပြည်တော်ပြန်ဘုရား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားသည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ဇလွန်မြို့ရှိ ဂန္ဓကုဋိတိုက်တွင် စံပယ်တော်မူသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဓညဝတီခေတ်မှ စန္ဒသူရိယမင်းသည် မဟာမုနိဘုရား သွန်းပြီးနောက် ပိုလျှံသော ရတနာများဖြင့် ရုပ်ပွားတော်သုံးဆူကို ပြုလုပ်ခဲ့သည်။ ထိုရုပ်ပွားတော်တို့မှာ ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိ၊ မာရ်အောင်မြင်မုနိတို့ ဖြစ်ကြသည်။ ရုပ်ပွားတော်လေးဆူအား မင်းကြီးသည် ပြဿဒ်အတွင်း ကိုးကွယ်ပူဇော်ထား၏။ စန္ဒသူရိယမင်းနောက်ပိုင်း ဓညဝတီမင်းအဆက်ဆက်သည် အမြတ်တနိုး ကိုးကွယ်ကြ၏။

ဘိုးတော်ဘုရား၏သားတော် သီဟသူသည် သက္ကရာဇ် ၁၁၄၆ ခုနှစ်တွင် ဓညဝတီကို ချီတက်တိုက်ခိုက်ခဲ့သည်။ ထို့နောက် အမရပူရမင်းနေပြည်တော်တွင် ကိုးကွယ်ရန် ရုပ်ပွားတော်လေးဆူအား ဓညဝတီမှ ပင့်ဆောင်ခဲ့လေသည်။ ဓညဝတီပြည်သူပြည်သားတို့လည်း မိမိတို့ ကိုးကွယ်ရန်အတွက် ရုပ်ပွားတော်တစ်ဆူကို ထားခဲ့ရန် တောင်းပန်သောကြောင့် ရှင်ကျော်မုနိ ရုပ်ပွားတော်ကို ထားခဲ့လေသည်။ ထို့နောက် ရုပ်ပွားတော် သုံးဆူအား ပင့်ဆောင်ခဲ့ကြလေသည်။ လမ်းခုလပ် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ဆင်တဲရွာ အထက်နားတွင် စခန်းချရပ်နားကြ၏။ ထိုအခါ အနီးအနားရှိ ရွာသူရွာသားများက ကိုးကွယ်ရန်အလို့ငှာ ရုပ်ပွားတော်မြတ် တစ်ဆူကို တောင်းခံလေရာ ရွှေဘုံသာမုနိ ရုပ်ပွားတော်ကို ထားခဲ့၏။ မင်းသားသည် မဟာမုနိနှင့် မာရ်အောင်မြင်မုနိ ရုပ်ပွားတော်တို့ကိုသာ ပင့်ဆောင်လာခဲ့သည်။ အမရပူရရှိ ဂန္ဓကဋိတိုက် အတွင်းတွင် မဟာမုနိရုပ်ပွားတော်ကိုလည်းကောင်း၊ မာရ်အောင်မြင် ရုပ်ပွားတော်ကိုမူ နန်းတော်ဦးရှိ ရွှေပြဿဒ်တွင်ထား၍ ကိုးကွယ်တော်မူကာ နန်းဦးဘုရားဟု ဘွဲ့အမည် တွင်စေသည်။ မာရ်အောင်မြင်ရုပ်ပွားတော်သည် ကြေးဆင်းတု ရုပ်ပွားတော်မြတ် ဖြစ်၏။ အလေးချိန်အားဖြင့် ကြေးပိဿာချိန် ၆၆၆ ပိဿာနှင့် ၆ ကျပ်သားရှိသည်။ ဉာဏ်တော်အမြင့်မှာ သုံးပေဆယ်လက်မ ရှိသည်။

ဤသို့ဖြင့်မင်းအဆက်ဆက်တို့သည် မာရ်အောင်မြင်ဘုရားအား ကိုးကွယ်တော်မူလာခဲ့ကြသည်။ ပုဂံမင်းလက်ထက်ရောက်သောအခါ ဇလွန်မြို့သူကြီး ဦးရွှေပွင့်သည် အကောက်ခွန်တို့ကို နေပြည်တော်ရှိ အတွင်းဝန်ထံသို့ သွားရောက်ဆက်သ၏။ ထိုအခါ ဦးရွှေပွင့်သည် မာရ်အောင်မြင် ဆုတောင်းပြည့် ရုပ်ပွားတော်အား ဦးခိုက်ပူဇောခွင့် ကြုံခဲ့သည်။ ရင်ထဲတွင် အလွန်ကြည်ညိုသော သဒ္ဒါတရားတို့ ဖြစ်ပေါ်လာကာ မြို့သူမြို့သားတို့ ပူဇော်ရန် ပုံစံတူ ရုပ်ပွားတော် ပြုလုပ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။ ဇလွန်သို့ ပြန်ရောက်သောအခါ ဆရာတော် ဦးအရိန္ဒမနှင့် တိုင်ပင်၏။ ဆရာတော်ကလည်း မွန်မြတ်သော အကြံဖြစ်ကြောင်း ပြောလေ၏။ မြို့သူမြို့သားအပေါင်းတို့ကလည်း ရုပ်ပွားတော်ပြုလုပ်ရာတွင် ပါဝင်ကူညီရန် သဒ္ဒါတရား ယိုဖိတ်လျက်ရှိကြသည်။ ဦးရွှေပွင့်လည်း ပုဂံမင်းထံမှ ခွင့်ပြုမိန့် ရယူရန် အမရပူရနေပြည်တော်သို့ ပြန်သွားလေ၏။ မင်းကြီးက ခွင့်ပြုသော်ကြောင့် မြို့သူမြို့သားများထံမှ ရွှေ၊ ငွေ၊ ကြေး စသည်တို့ကို အလှူခံလေသည်။ အလှူပစ္စည်းများကို လှေဖြင့်တင်ကာ အမရပူရသို့ ယူဆောင်ခဲ့၏။ အလှူပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကြေး ပိဿာ ၁၅၀၀ မျှရှိ၏။ ၁၂၁၄ တပို့တွဲလဆန်း ၁ ရက်နေ့တွင် စတင်ထွက်ခွာလာရာ ၂ရက်နေ့မှ အမရပူရသို့ရောက်၏။ ထို့နောက် ဦးရွှေပွင့်သည် ဆွေမျိုးတော်စပ်သူ ဆွေမျိုးတော်စပ်သူ မိဖုရား သီရိတိလောကအား ရုပ်ပွားတော် ပြုလုပ်ကိုးကွယ်မည့်အကြောင်း ပြောလေ၏။ မိဖုရားကလည်း နန်းဦးဘုရားထက် ဉာဏ်တော်တစ်မိုက် ပိုမြင့်အောင် ဆောင်ရွက်ခိုင်းတော်မူ၏။ မိဖုရားသည် ရုပ်ပွားတော်ပြုလုပ်ရာတွင် ပန်းထိမ်ဝန် မောင်မောင်လတ်ကို ဦးစီးစေသည်။

ရုပ်ပွားတော်ပြုလုပ်ဆဲကာလတွင် မင်းတုန်းမင်းနှင့် ညီတော် ကနောင်မင်းသားတို့သည် အကိုဖြစ်သူ ပုဂံမင်းအား ပုန်ကန်လေ၏။ ထိုတစ်ချိန်တည်း၌ပင် အောက်မြန်မာပြည်ကိုလည်း နယ်ချဲ့အင်္ဂလိပ်တို့က တိုက်ခိုက်သိမ်းပိုက်လျက်ရှိ၏။ ညီတော်နှစ်ပါးပုန်ကန်သည်ကို သွားရောက်နှိမ်နင်းသော ပုဂံမင်းသည် အရေးနိမ့်ကာ ကံတော်ကုန်ခဲ့သည်။ တိုင်းရေးပြည်ရေး မငြိမ်မသက်ဖြစ်နေသောကြောင့် အစ်မတော်သည် ဦးရွှေပွင့်ကို ဇလွန်သို့ပြန်ကာ ငြိမ်ဝပ်အောင် အုပ်ချုပ်စေရန် ပြောကြား၏။ ဦးရွှေပွင့်က ရုပ်ပွားတော်မပါဘဲ ပြန်ပါက မြို့သူမြို့သားတို့ ပြောစရာဖြစ်ကာ ရှင်းရခက်မည် ဖြစ်ကြောင်းပြော၏။ နန်းဦးဘုရားအား ခဏပင့်ဆောင်သွားမည်ဖြစ်ပြီး ရုပ်ပွားတော်ပြီးစီးတော်မူမှ နန်းဦးဘုရားကို ပြန်လည်ပင့်ဆောင်တော်မူလာမည်ဖြစ်ကြောင်း ပြောပြလေ၏။ ထိုအခါ မိဖုရားခေါင်ကြီးအား ခွင့်ပန်မှ ပြီးမည်ဖြစ်သောကြောင့် အခွင့်ပန်လေရာ ခွင့်ပြုတော်မူ၏။ ဤသို့ဖြင့် မာရ်အောင်မြင် ရုပ်ပွားတော်အား ဧရာဝတီမြစ်ကြောင်းမှ တစ်ဆင့် ပင့်ဆောင်လာ၏။ ၁၂၁၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်တွင် ဇလွန်သို့ရောက်၏။ ဆရာတော် ဦးအရိန္ဒမက ရုပ်ပွားတော်၏ လက်ဝဲလက်ရုံးတော်တွင် ပုလဲအဆင်းရှိသော ဓာတ်တော်ခြောက်ဆူကိုလည်းကောင်း၊ လက်ယာလက်ရုံးတော်တွင် ရွှေအဆင်းရှိသော ဓာတ်တော်ခြောက်ဆူကိုလည်းကောင်း ရွှေကြုတ်ဖြင့်ထည့်ကာ ဋ္ဌာပနာ၏။ ဆရာတော်ကပင် ဦးစီကာ ၁၂၁၅ ခုနှစ် တန်ခူးလပြည့်နေ့တွင် အနေကဇာတင်တော်မူသည်။

ထိုအချိန်၌ပင် အမရပူရတွင် ပြုလုပ်နေသော ရုပ်ပွားတော်မှာ ပြီးစီး၍ လာရောက်ပင့်ဆောင်ရန် မိဖုရားခေါင်ကြီးက မှာကြားတော်မူ၏။ မာရ်အောင်မြင်ဘုရားတွင် ဘုရားဖူးသူများ တဖွဲဖွဲ လာရောက်နေသောကြောင့် ပြန်လည်ပို့ဆောင်ရန် အခက်အခဲ ဖြစ်နေ၏။ ထို့ကြောင့် ဆိုင်းငံ့ပေးရန် မိဖုရားခေါင်ကြီးအား မှူးမတ်တို့မှတစ်ဆင့် မှာကြားလိုက်၏။ ဤနည်းဖြင့် မိဖုရားခေါင်ကြီးသည် နှစ်ကြိမ်တိုင်တိုင် စေလွှတ်ကာ အကြောင်းကြားခဲ့သော်လည်း အခက်အခဲရှိနေပြန်သဖြင့် ထပ်မံဆိုင်းငံ့ရပြန်သည်။ ထိုအချိန်တွင် အင်္ဂလိပ်တို့သည် ဇလွန်မြို့အပါအဝင် အောက်မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်လေ၏။ ထိုကာလမှာ ၁၂၁၄ ခုနှစ်ဖြစ်၏။ နယ်ချဲ့တို့သည် အမြောက်ဆံ၊ ကျည်ဆံ အစရှိသော လက်နက်ခဲယမ်းများကို ပြုလုပ်ရန်အတွက် ကြေးဖြင့်ပြုလုပ်ထားသော ရုပ်ပွားတော်များ၊ ဆင်းတုတော်များ၊ ခေါင်းလောင်းတော်များကို အိန္ဒိယပြည်၊ ဘုံဘေမြို့သို့ ယူဆောင်သွားလေ၏။ ၁၂၁၇ တွင် အင်္ဂလိပ်စစ်ဗိုလ် ဂျွန်ဆင်က မာရ်အောင်မြင်ဘုရားကို ယူဆောင်သွား၏။ ထို့နောက် ကြေးဆင်းတုတော်အမျိုးမျိုးကို အရည်ကျိုကြ၏။ သို့သော် မာရ်အောင်မြင်ဘုရားသည် ဖိုလေးလုံးဆိုင်ကာ မိုးသော်လည်း အရည်မပျော်၊ အလုပ်သမားတို့က သံတူအစရှိသည်တို့ဖြင့် နှက်သော်လည်း အရာမယွင်းပေ။ ရုပ်ပွားတော်မြတ်ကြီးအား ဖျက်ဆီးနေချိန်တွင် ဘုံဘေမြို့၏ ကောင်းကင်သည် မှောင်မိုက်လာ၏။ မြူနှင်းတို့သည် ဝေဆိုင်းလာ၏။ ရုပ်ပွားတော်ဖျက်ဆီးသူ (၆၄) ယောက်သည် သွေးအန်သူအန်၊ ဝမ်းလျှောသူလျှောကာ သေပွဲဝင်ကြရလေ၏။

ဝိတိုရိယဘုရင်မသည် ၁၂၁၇ တွင် အိန္ဒိယပြည် ဘုံဘေသို့ ခေတ္တရောက်ရှိနေ၏။ ထိုအချိန်တွင် ဘုရင်မကြီးသည် ခေါင်းကိုက်ရောဂါကို ခံစားရလျက် ရှိ၏။ ကုသသော်လည်း မသက်သာချေ။ တစ်ညသော ကာလ ဘုရင်မသည် အိပ်ပျော်နေစဉ် ထူးဆန်းသော အိပ်မက်ကို မြင်မက်၏။ အိပ်မက်သည် "အသက်မဆုံးရှုံးစေချင်ပါက၊ ရောဂါပျောက်ကင်းချင်ပါက မြန်မာပြည်မှ ယူဆောင်လာသော မာရ်အောင်မြင်ဘုရားကို မူလနေရာသို့ ပြန်လည်ပို့ဆောင်ပေးရမည်" ဟူ၍ ဖြစ်၏။ နောက်တစ်နေ့ နံနက်တွင် ဘုရင်မသည် ရုပ်ပွားတော်အားရှာဖွေစေလေရာ ဘုံဘေရှိ ဂိုထောင်ထဲမှ ရုပ်ပွားတော်များအကြားတွင် ရောင်ခြည်တော်များ ဖြာထွက်နေသော မာရ်အောင်မြင်ဘုရားကို တွေ့ကြ၏။ ရုပ်ပွားတော်ကို မူလဋ္ဌာနသို့ အမြန်ဆုံးပို့ဆောင်စေ၏။ ၁၂၁၉ တွင် အိန္ဒိယပြည်မှ မြန်မာပြည်သို့ သင်္ဘောဖြင့် ယူဆောင်ခဲ့ကြ၏။ ထို့နောက် ဇလွန်နှင့် ဟင်္သာတကြား ဧရာဝတီမြစ်သဲသောင်ပြင်ပေါ်တွင် ပစ်ထားခဲ့ကြသည်။ ဟင်္သာတရေလုပ်သားတို့သည် ရုပ်ပွားတော်၏ ဦးခေါင်းတော် ပေါ်နေသည်ကို ဖူးတွေ့ကြရ၏။ ရုပ်ပွားတော်ကို ဆယ်ယူပြီး "ပေါ်တော်မူဘုရား" ဘွဲ့အမည်ခေါ်တွင်ကာ ကိုးကွယ်တော်မူ၏။

တစ်နေ့သောအခါ ဇလွန်မြို့ပိုင်မင်းသည် ဟင်္သာတသို့ လာရောက်လေသောအခါ မြို့သူမြို့သားတို့ ဖူးမြော်နေကြသော ပေါ်တော်မူဘုရားကို သွားရောက်ဖူးမြော်ရာ မာရ်အောင်မြင်ဘုရားမှန်းသိလေသည်။ မြို့ပိုင်မင်း ဇလွန်သို့ ပြန်ရောက်သောအခါ ဖြစ်ကြောင်းကုန်စင်ကို ဆရာတော် ဦးအရိန္ဒမကို လျှောက်ထားလေသည်။ ဆရာတော် သွားရောက်ကြည့်ရှုရာ မာရ်အောင်မြင်ဘုရားမှန်း သိလေ၏။ ဆရာတော်သည် ဇလွန်ကို ပြန်လည်ပင့်ဆောင်ရန် အရေးပိုင်မင်းကို ပြော၏။ ထို့နောက် ဆရာတော်သည် ပေါ်တော်မူဘုရားမှာ မာရ်အောင်မြင်ဘုရား သာဖြစ်ကြောင်းကို သက်သေပြလေ၏။ သို့သော် ဟင်္သာတမြို့သူမြို့သားတို့သည် လက်မခံကြချေ။ ဤသို့ဖြင့် မြို့နှစ်မြို့ကြား အငြင်းအခုံဖြစ်ကြ၏။ ထိုပြဿနာကို ဖြေရှင်းရန် ရုပ်ပွားတော်ကို ဖောင်ပေါ်တင်ကာ နှစ်ဖက် အပြိုင်ဆွဲကြလေသည်။ နှစ်ဖက်လှေသားတို့သည် မိမိတို့မြို့ဘက်ကို အပြိုင်ဆွဲကြရာ ဇလွန်ဘက်သို့ပါလေ၏။ ရေစုန်ရေဆန်ပြောင်း၍ ဆွဲစေသော်လည်း ဇလွန်ကပင် နိုင်၏။ ထိုအခါမှ ဟင်္သာတသည် လက်လျော့ခဲ့သည်။ ၁၂၁၉ တွင် ဇလွန်သို့ ပင့်ဆောင်တော်မူခဲ့သည်။

မာရ်အောင်မြင်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တပေါင်းလဆန်း (၉)ရက်မှ လပြည့်အထိ ခုနှစ်ရက်တိုင်တိုင် ကျင်းပလေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. (အောက်တိုဘာလ၊ ၂၀၁၅) မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီးသမိုင်း ရုပ်ပြစာအုပ်, ပထမအကြိမ်, အမှတ်-၁၂၉၉၉၊ အောင်သုခ(၂၇)လမ်း၊ (၆) အရှေ့ရပ်ကွက်၊ သာကေတမြို့၊ ရန်ကုန်မြို့: မြင်းမိုရ်မေမေစာပေ။