မာတိကာသို့ ခုန်သွားရန်

ဖေ၊ ဆရာ၊ အချုပ်တန်း

ဝီကီပီးဒီးယား မှ
အချုပ်တန်းဆရာဖေ(၁၂ဝဝ-၁၂၅၆) ပန်းချီ-ဦးရဲသောင်း သရုပ်ဖော် ရေးဆွဲသည်။


သည်ခေတ်တွင် သည်ကာလ-ချီ ငွေမျက်နှာဖွဲ့ တေးထပ်ရေးသူ အချုပ်တန်း ဆရာဖေကိုမြန်မာနှစ် ၁၂၀၀ ပြည့်နှစ် ဝါဆိုလဆန်း(၂)ရက်(ခရစ်နှစ် ၁၈၃၈ ခု ဇွန်လ ၂၃ ရက်)တွင် အင်းဝ၌ဖွားမြင်သည်။ ဖခင်မှာပုဂံမင်းလက်ထက် အသုံးစာရေး(အသုံးတော်ခံ) ရာထူး၌ ခန့်ထားခြင်းခံရသူ ဦးရောက်ဖြစ်ပြီး မိခင်မှာ မထင်ရှားသော သဘင်သည်မျိုး ဖြစ်ကြောင်း သိရသည်။၁၂၂၂-ခုနှစ်အတွင်း အမိအဖများနှင့်အတူ မန္တလေးမြို့ရိုးတောင်ဘက် ဘုရင့်မြင်းတပ်တော်ကြီးအတွက် ကုန်းနှီးများ တင်သွင်းချုပ်လုပ်ရာ အရပ်ဖြစ်သောကြောင့် အချုပ်တန်းဟု ခေါ်တွင်သောအရပ်တွင် အဖအလုပ်အကိုင်ဖြစ်သည့် ရွှေချည်ငွေချည်ထိုးလုပ်ငန်းများကို လုပ်ကိုင်စားသောက်နေထိုင်ရသည်။ ၁၂၂၆-ခုနှစ် လောက်မှစ၍ ဦးဖေသည် မက္ခရာမင်းသား အထံတော်တွင် အဆောင်ကိုင်အဖြစ်အမှုထမ်းရသည်။ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မက္ခရာမင်းသား နောက်တော်မှနေကာ အမှုတော်ကိုကြိုးစားထမ်းရွက်သည့် အလျောက် အောင်မြင်မှုရလေသည်။ နောက် ကနောင်မင်းသား၏ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော်မင်းတုန်းမင်းကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ထွက်ခွာသွားသောအခါတွင်လည်း မက္ခရာမင်းသား၏ အမိန့်တော်နှင့် ပတိမ်းစား၏ရန်ကို တွန်းလှန်ရာ၌ ပါဝင်ရလေသည်။ ၁၂၃၆-ခုနှစ်သို့ ရောက်သောအခါ အိန္ဒိယဘုရင်ခံချုပ်သည် စင်္ကာပူကျွန်းကပ္ပလီကျွန်းသို့ တိုင်းခန်းလှည့်လည်သောအခါ မြန်မာဘုရင်များနည်းတူ ထီးဖြူတော် နှစ်ချက်မိုး၍ ခမ်းနားကြီးကျယ်စွာ လှည့်လည်ရာတွင် ကပ္ပလီအကျဉ်းသားတဦးက သက်တော်စောင့်အလစ်တွင် ဘုရင်ခံချုပ်အား ဓားဖြင့်နှစ်ချက်ထိုးလေသည်။ ဤသတင်းကို ဆရာဖေကြားသောအခါ “ထီးဖြူရုံပြာသာဒ်နှင့်၊ မအပ်သည့်အရာ၊ လပ်ဆိုသည့်မိစ္ဆာ၊ ပိတ်ရှာပြီဇီဝိ(ပ) မင်းတူတု၊ ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ” စသော တေးထပ်ကို ရေးသဖြင့် အင်္ဂလိပ်တို့က ကန့်ကွက်သောကြောင့် မဟာမိတ် မပျက်စေရန်အတွက် စာဆိုရှင် ဦးဖေအား အပြစ်ပေးသော အားဖြင့် အချုပ်ချထားခြင်းခံရလေသည်။ အကြာမီပင် အချုပ်မှလွတ်လေ၏။ သီပေါမင်းလက်ထက်တွင်မူ ခေတ္တခဏမျှ မင်း၏အမှုတော်ကို ထမ်းရွက်ပြီးနောက် ရှမ်းပြည်သို့သွားရောက်ကာ သုံးဆယ်စော်ဘွားကြီး၏ အချီးမြှင့်ကိုခံရင်း အနိစ္စရောက်လေသည်။ []

အချုပ်တန်းဆရာဖေ က မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်ဖွား အင်းဝဇာတိပါ။ ဆရာဖေ ရဲ့မိခင်က သဘင်သည်မျိုးရိုး ဖြစ်ပါတယ်။ ပုဂံမင်းလက်ထက်မှာ အသုံးတော်ခံစာရေးအဖြစ် အမှုထမ်းတဲ့ ဖခင် ဦးရောက်နဲ့အတူတူ အမရပူရမြို့ကို မိသားစု လိုက်ပါခဲ့ကြတယ်။


ပုဂံမင်း နန်းကျပြီး မင်းတုန်းမင်း နန်းတက်တော့ ပုဂံမင်း လက်ထက်က အမှုထမ်းတွေ အနားယူရတဲ့အထဲမှာ ဦးရောက် လည်းပါခဲ့တယ်။ ဆရာဖေတို့မိသားစုက အချုပ်အလုပ်ပညာတတ်ကျွမ်းကြတော့ စားဝတ်နေရေး အတွက် ဆရာဖေ ငယ်စဉ်ကတည်းက မိသားစုနဲ့ ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ခဲ့ရတယ်။

မင်းတုန်းမင်းကြီးက မန္တလေးမြို့သစ်တည်တဲ့အခါ၊ အမရပူရမြို့က လိုက်ပါပြောင်းရွေ့ချင်တဲ့ မြို့သူ မြို့သားတွေကို လုပ်ငန်းချင်း တူရာ တူရာ အလိုက် အစုတွေ၊ ရပ်ကွက်တွေ၊ ဝင်းကြီးတွေမှာ နေရာချထားပေးခဲ့တယ်။ ဒီနေ့အထိပဲ မန္တလေးမြို့ရဲ့ရပ်ကွက်တွေကို တန်း၊ ဝင်း၊ ရပ်၊ စု လို့ ခေါ်ပါသေးတယ်။

စိတ္တရမဟီ လို့ ခေါ်တဲ့ မန္တလေးမြို့ ကျုံးတောင်ဘက်ထိပ်က အချုပ်တန်းကို ဆရာဖေတို့ မိသားစု ပြောင်းရွှေ့ နေထိုင်ပါတယ်။ ဆရာဖေနဲ့မိသားစုက ဘဝရပ်တည်ရေးအတွက် အပ်ချုပ်အလုပ်တွေကို လုပ်ကိုင်စားကြ ရသူတွေမို့၊ အချုပ်တန်းမှာ နေရာရပါတယ်။ အချုပ်တန်း ဆိုတာ အပ်ချုပ်သည်တွေနေတဲ့ ရပ်ကွက်ပါ။ အပ်ချုပ်တန်းလို့လည်း ခေါ်ပါတယ်။ မြင်းကုန်းနှီးတန်း လို့လည်း ခေါ်ပါတယ်။

ဝါသနာပါတဲ့ စာပေကိုလည်း တဖက်က ရေးနေတော့၊ ဆရာဖေ ရဲ့စာတွေကို လူကြိုက်များလာတယ်။ အချုပ်တန်းရပ် ကိုအစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ ဒီနောက်တော့ အချုပ်တန်းဆရာဖေ လို့ နာမည်ကျော်ခဲ့တယ်။ ဆရာဖေ ရဲ့စာတွေက လေးချိုးနဲ့ တေးထပ်တွေပဲ များတယ်။ ဇာတ်စာတွေရေးတာမှာ ပြောင်မြောက်လေတော့ ဇာတ်ပညာရှင် အသိုင်းအဝိုင်းမှာ ကျော်ကြားခဲ့ပြီး အသက် ၂ဝ အရွယ်ကတည်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာ နာမည်တပ်ပြီး အခေါ်ခံခဲ့ရသူပါပဲ။

ဇာတ်စာတွေအရေးများပြီး ဘုရင်ကလည်း သိပ်ပြီး မမြှောက်စားလို့ ဆရာဖေ ရဲ့ စာတွေက ခေတ်ပြိုင်စာဆို စလေဦးပုည ရဲ့ စာတွေလောက် လူသိမများခဲ့ပါ။ ဆရာဖေ က စာဆိုပြိုင်ဖက် စလေဦးပုညထက် အသက် ၁ဝ နှစ် ငယ်ပါတယ်။ စလေဦးပုညကို မင်းတုန်းမင်းကြီးကပဲ ဆရာဦးပုည လို့ ခေါ်လေ့ရှိပါသတဲ့။ နောက်တော့မှသာ စလေဆရာ ဦးပုည လို့ ခေါ်လာကြတယ်လို့ မှတ်သားဖူးပါတယ်။

‘ဘယ်နဲ့ရေးတဲ့ မောင်ပုတ်စည်၊ ဆန်တပြည် တေးတပုဒ်’ လို့စာဆိုရှိပြီး၊ ငယ်နာမည် မောင်ပုတ်စည် လို့ခေါ်တဲ့ စလေဆရာဦးပုည ကတော့ ဘုရင့်မြှောက်စားခံရသူပီပီ အဆင်ပြေခဲ့တယ်။ အဲဒီအချိန်မှာ ဆရာဖေကတော့ အလုပ်မျိုးစုံအောင် လုပ်ကိုင်စားခဲ့ရတယ်။

ဆရာဖေ က ရမည်းသင်း လယ်ဝန်ဟောင်း ဗိုလ်ထွန်း၊ ဗိုလ်အေး၊ အရပ်ရပ်မှာရှိတဲ့ အင်အားစုတွေနဲ့ပူးပေါင်းပြီး နယ်ချဲ့တော်လှန်ရေးတွေ လုပ်နေခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေကလည်း နယ်ချဲ့အုပ်ချုပ်သူတွေရဲ့ ချေမှုန်းတာကိုခံနေရတော့ တဖြည်းဖြည်းနဲ့ အင်အားတွေနည်းလာခဲ့ကြရတယ်။

နောက်ဆုံးမှာတော့ နယ်ချဲ့တော်လှန်ရေးကို ဦးဆောင်ဦးရွက်လုပ်နေတဲ့အထဲက ဝန်းသိုစော်ဘွားကြီးလည်း တရုတ်ပြည်နယ်စပ်ဘက်ဆီကို ပြောင်းရွှေ့သွားခဲ့တယ်။ မြင်စိုင်းမင်းသားက ကျောက်ဆည်ဘက်ကိုထွက်သွား တယ်။ ကြည့်မြင်တိုင်မင်းသားက တောင်တွင်းကြီးဘက်ကို ထွက်သွားပြန်တယ်။ စော်ဘွားနဲ့မင်းသားတွေက နောက်ပါတွေနဲ့အတူ ရှောင်တိမ်းသွားလေတော့၊ ဆရာဖေလည်း အားလျော့သွားခဲ့ရပြန်တော့တယ်။

ခင်မင်ရင်းစွဲရှိတဲ့ ရှမ်းပြည်က သုံးဆယ်စော်ဘွား ဆီကို သွားမှဖြစ်မယ်။ နည်းလမ်းရှာပြီး နယ်ချဲ့ကို ဆက်လို့ တော်လှန်ကြစို့ဆိုပြီး၊ မိတ်ဆွေရင်း ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝ နဲ့ ဆရာဖေ တို့ ၁၂၅၁ ခုနှစ်မှာ ရှမ်းပြည်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဒီလိုနဲ့ သုံးဆယ်စော်ဘွားဆီမှာ ကွန်းခိုလို့ လမ်းပန်းအဆက်အသွယ် မကောင်းလှတဲ့ ရှမ်းပြည်တဝိုက် စည်းရုံးရေးဆင်းကြရတယ်။ တနေ့မှာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည် ပြန်လည်ထူထောင်ဖို့ မျော်မှန်း ကိုးစားနေခဲ့ကြတယ်။ အရေးတော်ပုံကလည်း၊ အောင်ပန်းဆင်ဖို့ရာ မျော်မှန်းထားတာနဲ့ အလှမ်းဝေးသထက် ဝေးနေခဲ့ပြန်တယ်။

ဆရာဖေ ရှမ်းပြည်ရောက်တာ ငါးနှစ်လောက် အကြာမှာတော့ ၁၂၅၆ သင်္ကြန်ကျခါနီးခဲ့ပြန်တယ်။ အအေးမိလို့ တော်တော်ပဲ နေမကောင်းဖြစ်ရာကစပြီး၊ ဒီအခါမှာတော့ ဆရာဖေ အတွက်၊ အပြီးတိုင် ခေါင်းချဖို့ရာ အချိန်ရောက်ခဲ့ပြီ။ သူချစ်တဲ့၊ သူ မျော်တိုင်းဝေးခဲ့ရတဲ့၊ သူ့ရင်ထဲက ရတနာပုံရွှေမြို့နဲ့ ရွှေပြည်တော် မြန်မာပြည်ကြီးကို အပြီးတိုင် ခွဲခွာခဲ့ရလေတော့တယ်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  2. MoeMaKa Burmese News & Media[လင့်ခ်သေ]
  1. အချုပ်တန်းဆရာဖေ (ဦးချမ်းမြ)၊ ၁၉၇၇၊ ၉
  2. မြန်မာစာပေသမိုင်း (ဦးဘေမောင်တင်)၊ မြန်မာ ၁၃ဝဝ ပြည့်နှစ်
  3. နယ်လှည့်ရာဇဝင် (ဒေါက်တာ သန်းထွန်း)၊ ပ၊ ဒု၊ တ၊ ဖေဖော်ဝါရီ ၂ဝဝ၄
  4. ညောင်ရမ်းအလွန် (ဒေါက်တာထင်အောင်)၊ အောင်သန်း (မန္တလေး) မြန်မာပြန်သည်၊ အောက်တိုဘာ ၁၉၇၃
  5. မန္တလေး (ရတနာပုံ ဘိုးမှတ်စု)၊ မေလ၊ ၂ဝဝ၉
  6. အနှစ် ၁ဝဝ ပြည့် မန္တလေး (ရွှေကိုင်းသား)၊ ဒု အကြိမ်၊ ဧပြီလ ၂ဝဝ၇
  7. ကုန်းဘောင်ရှာပုံတော် (ညိုမြ)၊ ၁၉၆၇
  8. ကုန်းဘောင်ကိုဆန်၍ (ဒေါက်တာ မတင်ဝင်း၊ ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁