ကော့ဂွန်းဂူ
ကရင်ပြည်နယ်ရှိ ကော့ဂွန်းဂူ (မွန်: ထီုကအ်ဂေါန်) သည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ကျောက်လိုဏ်ဂူများစွာရှိသည့်အနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ ကရင်ပြည်နယ်ဝန်းကျင်ရှိ သဘာဝထုံးကျောက်လိုဏ်ဂူများအတွင်း၌ ဗုဒ္ဓဘာသာဆိုင်ရာကိုးကွယ်မှု အမွေအနှစ်များစွာရှိသော်လည်း ဤကော့ဂွန်းဂူသည် အထင်ရှားဆုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိနေမှုအများဆုံးဖြစ်ပေသည်။
တည်နေရာ
[ပြင်ဆင်ရန်]ကော့ဂွန်းဂူသည် မော်လမြိုင်မြို့မှ အထက် ၂၈မိုင်၊ ကရင်ပြည်နယ်ဘားအံမြို့နယ် ကော့ဂွန်းရွာရှိ ကော့ဂွန်းထုံးကျောက်တောင်တွင် တည်ရှိသည်။ ကော့ဂွန်းတောင်သည် တောင်တန်းများနှင့် တစ်ဆက်တည်းရှိသော တောင်မဟုတ်ဘဲ ထီးထီးတည်ရှိနေသော တောင်ဖြစ်သည်။
ကော့ဂွန်းတောင်သည် အရှေ့မြောက်မှ အနောက်တောင်သို့ တောင်စဉ်ငါးလုံးဖြင့် သွယ်တန်းလျက်ရှိသည်။ ကျောက်တောင်၏ အမြင့်ဆုံးနေရာ၌ အမြင့်ပေ ၁,ဝဝဝ ခန့်ရှိပြီး အလျားပေ ၆,ဝဝဝခန့်ရှည်လျားသည်။ ကော့ဂွန်းတောင်တွင် ကော့ဂွန်းဂူ၊ ကျွဲဂူနှင့် ကျားဂူဟူ၍ရှိသော်လည်း ကော့ဂွန်းဂူသာလျှင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် တည်ရှိသည်။ ကော့ဂွန်းဂူသည် အလျားပေ ၁၃၀၊ အနံပေ ၇၀ နှင့် အမြင့် ၂၅ ပေရှိသည်။ တစ်ဖက်ပိတ်လိုဏ်ဂူဖြစ်ပြီး ဂူ၏အတွင်းပိုင်း အဆုံးနား တစ်ဖက်တစ်ချက်စီတွင် ဂူပေါက်ငယ်တစ်ခုစီရှိသည်။ ကော့ဂွန်းဂူအဝင်ဝသည် ကျောက်ကမ်းပါးယံ အမိုးအောက်တွင်တည်ရှိသဖြင့် မိုးဒဏ်မှလွတ်ကင်းမှုရှိသည်။ ဂူအဝသည် အရှေ့ဘက်သို့မျက်နှာမူထားခြင်းကြောင့် နေရောင်ခြည်ကောင်းစွာရရှိသဖြင့် ဂူအတွင်းတွင် စိုထိုင်းမှုနည်းပါးကာခြောက်သွေ့မှုရှိသည်။
ရှေးဟောင်းလက်ရာများ
[ပြင်ဆင်ရန်]ဆင်းတုတော်များ
[ပြင်ဆင်ရန်]ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမှာ စနစ်တကျ၊ ပုံစံကျနစွာ တည်ရှိနေခြင်းမဟုတ်ဘဲ ကျောက်တောင်နံရံ၏ အနေအထားနှင့် အလှူရှင်၏သဒ္ဓါစိတ်တို့အပေါ်မူတည်ပြီး တည်ရှိနေသည်။ ကျောက်တောင်နံရံများ၊ ဂူနံရံနှင့် အမိုးပိုင်းတို့တွင် ဗုဒ္ဓဆင်းတုတော်များကို မွမ်းမံတန်ဆာဆင်ယင်ကာကပ်လှူထားသည်။ ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးအစားခွဲခြားကြည့်လျှင် ဗုဒ္ဓဆင်းတုတော်များ၊ ကျောက်ရုပ်ကြွများ၊ ကျောက်စာနှင့် မင်စာများဟူ၍ တွေ့ရှိရသည်။ ကော့ဂွန်းဂူရှိ ဗုဒ္ဓဆင်းတုတော်များကို ထိုင်တော်မူဟန်၊ ရပ်တော်မူဟန်၊ လျောင်းတော်မူဟန်နှင့် အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များဟူ၍ ထပ်မံခွဲခြားနိုင်သည်။ ဗုဒ္ဓဆင်းတုတော်များကို ပုံစံအမျိုးမျိုးဖြင့် တန်ဆာဆင်ကာ တံကဲကျောင်းဆောင်အတွင်း၌ စံပယ်နေဟန် ပုံဖော်ထားသည်။ ထိုင်တော်မူနှင့် ရပ်တော်မူဆင်းတုတော်များကို တစ်ဆူတည်းသာမကဘဲ နှစ်ဆူတွဲ၊ သုံးဆူတွဲ၊ လေးဆူတွဲ၊ ဆယ်ဆူတွဲ ပုံစံများဖြင့် ပုံဖော်ထားသည်။ ဆင်းတုတော်များ၏ ပုံသဏ္ဌာန်ကိုလည်းသင်္ကန်းရုံထားသော ဆင်းတုတော်နှင့် မကိုဋ်တန်ဆာဆင်ယင်ထားသော ဆင်းတုတော်ဟူ၍ တွေ့ရှိရသည်။ ကော့ဂွန်းဂူ၌ အများဆုံးတွေ့ရှိရသည်မှာ အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များ ဖြစ်သည်။ ၎င်းတို့ကို ကျောက်တောင်နံရံများ၊ ဂူနံရံနှင့် ဂူအမိုးပိုင်းတို့၌ ကပ်လှူပူဇော်ထားသည်။
ဗုဒ္ဓဆင်းတုတော်များကို လေ့လာရာတွင် ထိုင်းနိုင်ငံ၌ အေဒီ ၁၂၄၅ မှ ၁၄၃၈ ခုနှစ်အတွင်း ထွန်းကားခဲ့သော သောက္ကတဲ (ဆူခိုထိုင်း) ခေတ်လက်ရာများနှင့် ဆင်တူသည်။ သောက္ကတဲခေတ် အနုပညာသည်လည်း ခမာနှင့် သီဟိုဠ် (သီရိလင်္ကာ)ယဉ်ကျေးမှုတို့နှင့် ရောယှက်နေသည်။ ဗုဒ္ဓဆင်းတုတော်များတွင် တွေ့ရှိရသော မီးလျှံပုံဥဏှိဿ အမှတ်လက္ခဏာ၏မူရင်းမှာ သီဟိုဠ်မှ ဆင်းသက်လာခြင်းဖြစ်သည်။
သီဟိုဠ်၌ အေဒီ (၅) ရာစုလက်ရာ ဗုဒ္ဓဆင်းတုတော်များရှိ ဦးခေါင်းထက်တွင် ဤမီးလျှံပုံဥဏှိဿကိုယနေ့တိုင်တွေ့မြင်နိုင်သည်။ ရှေးယခင်ကတည်းက မြန်မာ၊ သီဟိုဠ် (သီရိလင်္ကာ) နှင့် ထိုင်းနိုင်ငံတို့သည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုချင်းပါ ရောယှက်ခဲ့သည့်သဘောဖြစ်သည်။
ကော့ဂွန်းဂူ၌ ကျောက်ရုပ်ကြွသုံးခုကို ယှဉ်တွဲတွေ့ရှိရပြီး နှစ်ခုမှာ ဗုဒ္ဓဘာသာဆိုင်ရာဖြစ်ပြီးကျန်တစ်ခုမှာ ဟိန္ဒူအယူဝါဒဆိုင်ရာဖြစ်သည်။ ထူးခြားသည်မှာ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ကြွတစ်ခုရှိ ရုပ်တု၏ လက်ဝဲဘက် ဝတ်ရုံသင်္ကန်းအနားတွင် ရှေးမွန်စာ ၂၃ ကြောင်းကို ထွင်းထုထားသည်။ ညာဘက်ခြမ်း ဝတ်ရုံမှာကျိုးပဲ့ပျက်စီးနေပြီဖြစ်၍ စာကြောင်း ၃ ကြောင်းမျှသာ တွေ့ရပြီး ထင်ရှားမှုမရှိတော့ပေ။ ဟိန္ဒူအယူဝါဒဆိုင်ရာ ကျောက်ရုပ်ကြွတွင် ဣသွာရနတ်ရုပ်နှင့် ယင်းနတ်မှ ပေါက်ဖွားလာသော ဗြဟ္မာ၊ ဗိဿနိုးနှင့် မဟေသရ (ခေါ်) သီဝနတ်ရုပ်တို့ကို ပုံဖော်ထားသည့်အပြင် ဂနက်ရှ်ရုပ်တုကိုလည်း တွေ့ရှိရသည်။
ယခင်သုတေသနပြုချက်များအရ ဤကျောက်ရုပ်ကြွ၌ ရှေးဟောင်းမွန်ကမ္ပည်းစာဖြင့် ရေးထိုးထားသည်ဟု သိရှိရသည်။ ယင်းအချိန်က ဖတ်ရှုရရှိသည့်စာလုံးများကို ဒေါက်တာ ဘလက်ဒင်က ဖတ်ရှုထားရာတွင် ဝေါအ်ဗိသနု... ဒမော... ဝေါပ်မစတ် ဟူ၍သာ ဖတ်ရှုရပြီး အဓိပ္ပာယ်မှာ ဤဗိဿနိုး... နေသည်... ဝေါထုထွင်းသည် (ဤဗိဿနိုးနတ်ရုပ်ကို ဒုအေ်ဝါပ်မြို့၌ နေထိုင်သော ပုဂ္ဂိုလ်တစ်ဦးက ထုထွင်းသည်) ဟုဖော်ပြထားသည်။ စာအရေးအသားကို အေဒီ ၆ ရာစုအရေးအသားဟု တင်ပြထားသည်။ သို့သော် ယခုအခါ၌ယင်းစာလုံးတို့မှာ လုံးဝပျက်စီးနေပြီဖြစ်သည်။ ရုပ်ကြွများ၌တွေ့ရှိရသော အနုပညာလက်ရာဖန်တီးထားမှုတို့ကို လေ့လာကြည့်လျှင်မူ အေဒီ ၁၁ရာစု က ထုလုပ်ခဲ့ကြသည်ဟု သတ်မှတ်နိုင်သည်။
ကျောက်စာနှင့် မင်စာများ
[ပြင်ဆင်ရန်]ကော့ဂွန်းဂူတွင် သမိုင်းအထောက်အထားများကို ဖြည့်စွက်ပေးနိုင်သော ကျောက်စာနှင့် မင်စာမှတ်တမ်းများလည်းရှိသည်။ မင်စာမှတ်တမ်းများသည် အလှူပြုသူ၊ အလှူပစ္စည်းနှင့် ဆုတောင်းတို့ကို ထည့်သွင်းဖော်ပြထားသည့်အပြင် လှူဒါန်းသည့် ဆင်းတုတော်အရေအတွက်များကိုပါ ဖော်ပြထားသည်။ လှူဒါန်းသည့်သက္ကရာဇ်များကို စာသားအနေဖြင့်လည်းကောင်း၊ ဂဏန်းအနေဖြင့်လည်းကောင်း ဖော်ပြသည်။ ကော့ဂွန်းဂူ၌ တွေ့ရှိရသောကျောက်စာမှာ အခြားကျောက်စာချပ်များကဲ့သို့ ကျောက်တုံး၊ ကျောက်ပြား၌ ထွင်းထုထားခြင်းမဟုတ်ဘဲ ကျောက်ရုပ်ကြွရုပ်တု၏ဝတ်ရုံ၌ ထွင်းထုထားခြင်းပင်ဖြစ်သည်။ ဝတ်ရုံ၏အနား၌ စာကြောင်းရေ ၂၃ ကြောင်းကို ရှေးခေတ်မွန်ဘာသာဖြင့် ရေးထိုးထားသည်။
ဤကျောက်စာ၏အဓိပ္ပာယ်မှာ ဤဘုရားဆင်းတုတော်ကို မူးတး(မုတ္တမ) မိဖုရားဖြစ်သူ ကျွန်ုပ်သည် ဒုအေ်ဝါပ်မြို့၌ နေထိုင်ပြီး ဤဆင်းတုတော်ကိုထုထွင်းပြုလုပ်ခဲ့သည်။ ဒုအေ်ဝါပ် မြို့အတွင်း၌သော်လည်းကောင်း၊ မြို့နယ်ပြင်ပ၌သော်လည်းကောင်းတည်ရှိသမျှသော မြေနှင့်ကျောက်ဆင်းတုတော်တို့ကို ကျွန်ုပ်နှင့်ကျွန်ုပ်၏တပည့်များက စွမ်းရည်ရှိ၍ ထွင်းထုခဲ့သည်။ အခြားအခြားသော ဆရာများသည် ကျောက်ဘုရားများကို ထုထွင်းနိုင်ပါစေသတည်း ဟူ၍ဖြစ်သည်။ ဤကျောက်စာရှိ ရှေးမွန်အက္ခရာအရေးအသားကို လေ့လာကြည့်ပါက သထုံရွှေစာရံစေတီတော်ပရိဝုဏ်အတွင်းရှိ တရာပ်နှင့် ပဏ္ဍိတ်ခေါ် မွန်ကျောက်စာတို့၌ ပါရှိသည့်စာလုံးအချို့နှင့် တူညီပေသည်။ စာလုံးအက္ခရာပုံသဏ္ဌာန်မှာလည်း လဆန်းပုံသဏ္ဌာန်နှင့်တူ၍ ထိုင်းနိုင်ငံတွင် တွေ့ရှိရသော ပရပထုံမွန်ကျောက်စာနှင့် လော့ဗူရီမွန်ကျောက်စာများ၌ ပါရှိသော မွန်စာလုံးတို့နှင့်နီးစပ်ပေသည်။ ပြင်သစ် ပါရဂူကြီးဒေါက်တာ ဂျော့ဇေဒီက၎င်းကျောက်စာတို့ရှိ အက္ခရာအရေးအသားတို့ပေါ်မူတည်ပြီး လော့ဗူရီ မွန်ကျောက်စာကိုအေဒီ (၈) ရာစုထိုး ကျောက်စာဟူ၍လည်းကောင်း၊ ပရပထုံမွန်ကျောက်စာကို အေဒီ (၆) ရာစုထိုးကျောက်စာဟူ၍လည်းကောင်း ခန့်မှန်းပေးခဲ့သည်။
ဤကော့ဂွန်းဂူရှိ မွန်ကျောက်စာသည် ပရပထုံမွန်ကျောက်စာများကဲ့သို့ ရှေးမကျလှသော်လည်း ကျောက်စာအရေးအသားပုံစံအရ ပုဂံပြည့်ရှင် အနော်ရထာမင်းသထုံပြည်ကို သိမ်းပိုက်ခဲ့သည့် အေဒီ (၁၀၅၇) ခုနှစ်ဝန်းကျင်တွင် ရေးထိုးခဲ့သော ကျောက်စာဖြစ်ဟန်တူသည်။ကျောက်စာပါ မွန်အရေးအသားသည် ကျန်စစ်သားမင်းကြီး၏သားတော် ရာဇကုမာရ်မင်းသား ရေးထိုးခဲ့သော မြစေတီမွန်ကျောက်စာ အရေးအသားတို့နှင့်ပါ ဆင်တူသဖြင့် အေဒီ (၁၁) ရာစုက ရေးထိုးခဲ့သော ကျောက်စာဟူ၍သတ်မှတ်နိုင်ပေသည်။
သက္ကရာဇ်ပါရှိသော မင်စာများကို တင်ပြရလျှင် (၁) ၁၀၅၇ ဂိတုဖဝ်ရ၊ (၂) ဂိုန်၁၀စေဝက်တဲ၁၊ (၃)သော်ကိုပ် ပညာတိက္ခပ၊ (၄)... ရပ်သဗ္ဗညုတတဲ ၁၀၇ဖရေ၊ (၅) ဝ် ၁၁ ရာဇာဓိရာဇ် ၁၊ နိဗ္ဗာန် ၁၊ ၆ ပံင် ၁၂၀ဇိုန်ပိုန်...၊သက္ကရာဇ် (၁၀၅၇)၊ တပေါင်းလပြည့်ကျော်(၁၀) ရက်၊ တနင်္ဂေနွနေ့တွင် (အသျှင်) ပညာတိက္ခကို အမှူးပြု၍ သဗ္ဗညုတ (၁၀၇) ဆူ၊ ဖာရေဝ် (၁၁) ဆူ၊ရာဇာဓိရာဇ် (၁) ဆူ၊ နိဗ္ဗာန် (၁) ဆူ ပေါင်း (၁၂၀) ဆူ... (အမျှပေးဝေပါ၏) ဟူသောမင်စာကိုလည်းကောင်း၊ သက္ကရာဇ် (၁၁၅၇)၊ တန်ခူးလပြည့်ကျော် (၉)ရက်၊ ကြာသပတေးနေ့တွင် မိစဟ်က ဘုရား (၂၀၆) ဆူအား လှူဒါန်းပြီး အမိအဖနှင့် ဆွေမျိုး (၇) ဆက်တို့အားအမျှဝေပါသည် ဟူသော မင်စာကိုလည်းကောင်း တွေ့ရှိရသည်။ အမည်းရောင်အောက်ခံဆေးသားပေါ်၌ အဖြူရောင်မင်ဖြင့် ရေးသားထားသော စာကြောင်းရေ ၃ ကြောင်းပါမင်စာကို တွေ့ရှိရသည်။ ဤမင်စာ၌ ရေးသားဖော်ပြထားသော စာအရေးအသားမှာ အလွန်ရှေးကျလှသည်။ ဖော်ပြထားသော စာသားအဓိပ္ပာယ်ကိုယနေ့ထိတိုင်အောင် ပြည့်စုံစွာဖော်ထုတ်နိုင်ခြင်း မရှိသေးချေ။ မင်စာပါမူရင်းအရေးအသားကို ကူးယူတင်ပြရလျှင်အထက်ပါအတိုင်းတွေ့ရသည်။ ယခင်ပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ အေဒီ (၆) ရာစုတွင် ရေးထိုးခဲ့သော အိန္ဒိယတောင်ပိုင်းရှိ ပလ္လဝနှင့် ကဒမ္ဗအက္ခရာအရေးအသားနှင့်တူသည့်အပြင် ၎င်းခေတ်ထိုးကမ္ဘောဒီးယား(ခမာ) ရှေးဟောင်းအက္ခရာတို့နှင့် ဆင်တူသည်ဟု သုံးသပ်ခဲ့ကြသည်။
ကော့ဂွန်းဂူသည် ဘုရားဖူးဧည့်သည်များ၊ သုတေသီများ၊ သုတေသနဝါသနာရှင်များ၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် စိတ်ဝင်စားဖွယ်၊ အံ့အားသင့်ဖွယ်၊ လေ့လာမှတ်တမ်းပြုရန် ကောင်းသည့် ဗုဒ္ဓပြတိုက်ကြီးသဖွယ် ဖြစ်သည်။ ယခုအခါတွင် ကော့ဂွန်းဂူရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ယဉ်ကျေးမှုဝန်ကြီးဌာနက နည်းပညာများဖြင့်လည်းကောင်း၊ ဥပဒေများဖြင့်လည်းကောင်း ကာကွယ်ထိန်းသိမ်းထားသည်။ [၁]
ဓာတ်ပုံများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Wikimedia Commons ရှိ ကော့ဂွန်းဂူ နှင့်ပတ်သက်သော မီဒီယာများ