ရှစ်မျက်နှာစေတီတော်
ရှစ်မျက်နှာစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့ မြို့လယ်ရှိ (၄)ရပ်ကွက်၌ တည်ရှိပြီး သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သော စေတီပေါင်း ရှစ်သောင်းလေးထောင် အနွယ်ဝင် စေတီတော်ဖြစ်သည်။ သီရိဓမ္မာသောကမင်းကြီးသည် စေတီတော်ကို မြန်မာပြည် အထက်ပိုင်း၊ ချင်းတွင်းမြစ်ညှာ ကမ်းနဖူး၌ တည်ထားခဲ့သည်။ နှစ်ကာလ ကြာမြင့်သည်နှင့်အမျှ မြစ်ရေတိုက်စားခြင်းကြောင့် ယိုယွင်းပျက်စီးခဲ့သည်။ ဌာပနာတိုက်အတွင်းမှ ရှစ်မြှောက်လက်ျာရစ်ခွေ အဆင့်ဆင့် ကျောက်ခွေ ဓာတ်တော်ကြုတ်ကြီး ပေါ်ထွက်လာခဲ့သည်။ ၁၂၃၀-ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း (၉)ရက်နေ့တွင် ဆရာတော် ဝဏ္ဏအဘိဓဇသဒ္ဓမ္မလင်္ကာရာဇဂုရုသည် ဓာတ်တော်ကြုတ်ကို ရွှေအဆင်း ဓာတ်တော် ၄၅-ဆူ၊ ချရားစေ့ အရောင် ဓာတ်တော် ၂၉-ဆူ၊ ပုလဲရောင်ဓာတ်တော် ၆၂-ဆူတို့နှင့် အတူ သုံးခွမြို့၌ ဌာပနာ၍ တည်ထားခဲ့သည်။
စေတီတော် တည်ထားသည့်ကမ်းပြိုသဖြင့် ၁၂၄၇-ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည် တည်ထားခဲ့သည်။ စေတီတော်ကို ပြန်လည်ပြုပြင်ကြစဉ် ယခုစေတီတော် တည်ရာအရပ်တွင် ဒရယ်တစ်ကောင် ဝပ်နေသည်ကို တွေ့ရှိရသဖြင့် မင်္ဂလာယူကာ ယခုစေတီတော် တည်ရာနေရာသို့ တတိယအကြိမ် ရွှေ့ပြောင်းတည်ထားကြသည်။ မူလလက်ျာရစ်ခွေ ရှစ်မြှောင့်ရှိ ဓာတ်တော်ကြုတ်ကို ဝန်းရံလျက် မန္တလေးမြို့မှ ပင့်ဆောင်လာသော ငွေပြားဆင်းတုတော် ၁၂၆-ဆူ၊ ကြေးဆင်းတုတော် ၁၆၉-ဆူ၊ ရွှေဆင်းတုတော် ၂၁၉-ဆူ၊ ငွေပြားခတ် ဆင်းတုတော် ၃၄၇-ဆူ၊ ဆင်စွယ်ဆင်းတုတော် ၅-ဆူ၊ သတ္တဌာန ဘုရားပေါင်း ၇-ဆူ၊ ဖန်ဆင်းတုတော် ၁၈-ဆူ၊ နှစ်ကျိပ်ရှစ်ဆူ ၂၈-ဆူ၊ ကျောက်ဆင်းတုတော် ၄၅-ဆူ၊ စေတီပေါင်း ၂၇-ဆူ၊ ရွှေအဆင်းရှိဓာတ်တော် ၄၅၈-ဆူ၊ ချရားစေ့ အဆင်းရှိ ဓာတ်တော် ၄၂၉၃၆-ဆူ၊ ပုလဲရောင်အဆင်း ဓာတ်တော် ၅၈၂၁၆-ဆူ နှင့် ရဟန္တာရုပ်တု ရှစ်ဆယ်တို့ကို ဌာပနာ၍ ဉာဏ်တော် ၅၈-တောင်အထိ တိုးမြှင့်တည်ထားခဲ့သည်။
မူလကျောက်ကြုတ်အတိုင်း ရှစ်မြှောက်ပြုလုပ်တည်ထားခဲ့ခြင်းကြောင့် ရှစ်မျက်နှာစေတီဟု ဘွဲ့အမည်တွင်ခဲ့သည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။
ဤ မြန်မာနိုင်ငံရှိ အဆောက်အဦများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |